Friday, June 22, 2012

ယု




(၁)
အကယ်၍များ ကျွန်မ သူမနှင့် တွေ့ဖြစ်မည် ဆိုလျှင် သူမကို ပုခုံးမှ ဆွဲကိုင် လှုပ်ရမ်းပြီး မေးခွန်းတခုကို မေးလိုက်ချင်ပါသည်… သူမ ပြန်ဖြေလာမည့် အဖြေကို ကြိုတင် တွက်ဆကာ သိနှင့်နေပြီးသား ဖြစ်သော်လည်း ထိုအဖြေသည် သူမ ရင်ထဲက လာသော အဖြေစစ်စစ် ဟုတ် မဟုတ်… ဤအဖြေအတွက် သူမ၏ ဆန္ဒ တကယ် ပါ မပါ… ကျွန်မ သူမ၏ မျက်နှာကို စေ့စေ့ကြည့်ကာ အကဲဖြတ်ချင်ပါသေးသည်…။

(၂)
သူမကို သူငယ်ချင်းများက ယု ဟု ခေါ်ကြသည်။ သူမ နာမည် အရှည်ကို ကျွန်မ မသိပါ။ တတန်းထဲသား မေဂျာတူ သူငယ်ချင်းများဖြစ်သော်လည်း အုပ်စုချင်း မတူသောကြောင့် ယု နှင့် ကျွန်မ မရင်းနှီးပါ။ ယုသည် အသားဖြူဖြူ ပိန်ပိန်ပါးပါး အရပ် မနိမ့်မမြင့်၊ ကျောလယ် မရောက်တရောက် ဆံပင် နက်နက်ကလေးများ၊ ရိုးသား ရှင်းလင်းသော ဝတ်စားဆင်ယင်မှုနှင့် ကြည်လင်သော မျက်နှာလေးက မြင်သူတိုင်းကို အထူးတလည် စွဲမက်ဖွယ် ဖြစ်မနေသော်လည်း အတန်းသား အတော်များများကမူ ယု ကို စွဲလန်း နှစ်သက်နေကြသည်ဟု ကျွန်မ သတင်းကြားပါသည်။ ညညဆို ယု နေသော အဆောင်အောက်မှာ ကြားရတတ်သော “ရိုးရိုးလေးသာ ဝတ်ခဲ့ပါကွယ် အေးမြလို့…” ဟူသော တေးသံများသည် ယုအတွက် သီးသန့် ဖြစ်သည်တဲ့…။

(၃)
ထိုသတင်းကို သယ်ဆောင်လာသူက ကျွန်မနှင့် ကျူရှင်အတူတူ တက်နေသော သူငယ်ချင်းတယောက် ဖြစ်ပါသည်။ သူ့အပြောအရ ယု သည် အခြား မေဂျာမှ ကျောင်းသားတယောက်နှင့် တတွဲတွဲ ရှိနေသည် တဲ့…။ မကြာခင် ချစ်သူများ ဖြစ်သွားကြတော့မည်ဟုလည်း ခန့်မှန်းနေကြသေးသည်…။ ကျွန်မတို့ အုပ်စုထဲမှ ယောက်ျားလေးသူငယ်ချင်း တယောက်က ယုကို ချစ်ခင် စွဲလန်းနေရာ ယု ချစ်သူ ရသွားပြီ ဆိုသောကြောင့် သူ အသည်းကွဲနေရပါပြီ တဲ့…။ ကျူရှင်ချိန်တချိန်လုံး “ဟိုတခါက ချစ်ခဲ့လေသမျှ ပြန်မြင်ယောင် အောက်မေ့ဆဲပါ ယုရေ… ညင်သာစွာ ကျောခိုင်းရက်သူ ယုရေ... အရင်လို ပြန် ယုယပါရစေ ယုရေ...” ဟု အကြိမ်ဖန်များစွာ ဆိုညည်းနေလေတော့သည်။

(၄)
ထိုနေ့ မနက်က မနက်စာစားရန် ကန်တင်းကိုအသွားမှာ ယုတို့ နှစ်ယောက်အတွဲကို ကျွန်မကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ခဲ့ရသည်။ အမျိုးသားကလည်း ယုလိုပင် အသားဖြူဖြူ အရပ်မြင့်မြင့်.. ယုနှင့် လိုက်ဖက်စွာ တင့်တယ်လှသည်…။ ပြုံးပျော်နေသော ယုကိုတွေ့တော့ အချစ်ဆိုတာ လူတယောက်ကို အလိုလိုနေရင်း ကြည်လင် ရွှင်လန်းနိုင်စေသည်ပဲ ဟု ကျွန်မ တွေးမိပါသည်။ အပြင်အဆင် အခြယ်အသ ကင်းကင်း၊ မိန်းကလေးဆန်ဆန် နူးညံ့ပျော့ပျောင်းခြင်း အလျင်းမရှိပဲ ဖြစ်သလို နေတတ်သူတယောက်က အချစ် ဟူသော စကားလုံးအပေါ် မလိုအပ်ပဲနှင့် စဉ်းစားခန်းဝင်မိသောကြောင့် ကိုယ့်ကိုကိုယ် အနည်းငယ် လိပ်ပြာမလုံဖြစ်သွားပါသည်။ သို့သော်လည်း စာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာ ဝမ်းကွဲ ညီအကို မောင်နှမများနှင့်အတူ ဘုရားစုံ သွားဖူးကြမည်ဟူသော အတွေးနောက်မှာ ထိုအကြောင်းတွေ ကျွန်မခေါင်းထဲမှ အားလုံး လွင့်ပျောက်သွားပါတော့သည်…။

(၅)
ကျောင်းပြန်အဖွင့်မှာ ပန်းပွား လွယ်အိတ် အနီရဲရဲလေးနှင့် ကျောင်းလာသော ယုကို တွေ့ရပါသည်။ လိုအပ်သည်ထက်ပို၍ ပိန်သွယ်သွားသော ယုသည် နေကောင်းပြီးကာစ လူမမာလေးတဦးသဖွယ်… ကျွန်မ စိတ်ထင်လို့လားမသိ… ယု မျက်နှာလေးကလည်း အနည်းငယ် ညှိုးနေသလိုပင်။ သို့သော်လည်း ယု တွဲနေကျ သူငယ်ချင်းများကလည်း ထုံးစံအတိုင်း ယု နံဘေးမှာ… အချင်းချင်း ပျော်ပျော်ပါးပါး စကားတွေ ဖေါင်ဖေါင်ကြဲ ပြောဆိုနေကြခြင်းကြောင့် အရာရာသည် ပုံမှန်သာ ဖြစ်လိမ့်မည်ဟု ကျွန်မ ယူဆခဲ့ပါသည်။ သို့သော်…

(၆)
ကျူရှင်ကိုရောက်မှ သတင်းစုံတော့သည်။ ယု တို့ ချစ်သူနှစ်ယောက် အဆင်မပြေတော့ပါ တဲ့…။ ဘာကြောင့်များပါလိမ့်… လွတ်လပ်သော လူငယ် လူရွယ်နှစ်ယောက်၏ ဖြူစင်သော ချစ်ခြင်းတွေကို မည်သည့်အရာများက ဝေးကွာစေသည်လဲ… ထိုကာယကံရှင်နှစ်ယောက်ကရော သည်လို ဝေးကွာခြင်းတွေကို မည်သို့သော အင်အားတွေနှင့် ဆက်လက်ရှင်သန်နေကြသည်လဲ… ကိုယ်နှင့်မဆိုင်သော်လည်း ကျွန်မ သိချင်မိသည်။

(၇)
အကြောင်းရင်းကို သိလိုက်ရသောအခါ ကျွန်မ များစွာ အံ့သြရတော့သည်။ ယု ထိုအမျိုးသားကို ဖြတ်တောက် ရှောင်ဖယ်လိုက်ရခြင်း အကြောင်းရင်းမှာ အတူသွား အတူလာ အတန်းဖေါ်သူငယ်ချင်းများက မနှစ်မြို့သောကြောင့် ဆိုပါလား…။ ကျွန်မ ဘုရားရေ… ဟု အကြိမ်ကြိမ် တ ကာ ယု ဆိုသော မိန်းကလေးကို ပထမဆုံးအကြိမ်အဖြစ် နားမလည်နိုင်အောင်ဖြစ်မိသည်။ ကျွန်မ သိရသလောက်တော့ ယုသည် ထိုအမျိုးသားလေးအပေါ်တွင် ချစ်ခင် တွယ်တာနေပေပြီ…။ ကျွန်မကိုယ်တိုင်လည်း ယုတို့မျက်နှာပေါ်မှ ချစ်အရိပ်တွေကို မြင်ခဲ့ရဖူးသည် မဟုတ်ပါလား…။ သို့သော် သူငယ်ချင်းများက အကြောင်းအမျိုးမျိုးဖြင့် ယုကို ထိုသူနှင့် မဆက်သွယ်ရန် တားမြစ်ကြသည် တဲ့…။ ထိုသူ့အကြောင်း မကောင်းသတင်းများကို ယု ကို ပြောဆိုကြသည်တဲ့..။ သည်လို အတူတူ တွဲသွား တွဲလာနေနေလျှင် အများအမြင် မတင့်တယ်သောကြောင့် မနေသင့်ဟု ပြောကြသည် တဲ့…။ သူငယ်ချင်းများ၏ သြဇာ လွှမ်းမိုးမှုကို ယု က မတွန်းလှန်နိုင်တော့ပြီလား..။ သူများအကြောင်းတွေကို စိတ်မဝင်စားတတ်၊ သူတပါးကို အပြစ်မမြင်တတ်သော ကျွန်မစိတ်ထဲ ယုနှင့် ယု သူငယ်ချင်းများအကြောင်း ကြားရသည်မှာ အတော်လေး စိတ်ကသိကအောက် ဖြစ်ရတော့သည်။

(၈)
ယုရယ်… လောကမှာ ကိုယ့်ကို တကယ်ချစ်တဲ့သူ ကိုယ်ကလည်း တကယ်ချစ်ရသူရဲ့ လက်ကို ရဲရဲတင်းတင်း ဆုပ်ကိုင်ဖို့ ဘာတွေများ တွန့်ဆုတ် တွေဝေနေရတာလဲ… ဘာကြောင့်များ သူများတွေရဲ့ စီမံ ဆုံးဖြတ်မှုအောက်မှာ နာခံ နစ်မျောသွားရတာလဲ… ဘဝမှာ သူငယ်ချင်းတွေက ချစ်သူထက် ပိုပြီး အရေးပါတယ်လို့ ခံယူတယ်ပေါ့… ဒီအတွက် တဖက်သားကို နာကျင်စေဖို့ ပြီးတော့ ယု ကိုယ် ယုလည်း နာကျင်စေဖို့ သည်လမ်းကို ဆုံးဖြတ် ရွေးချယ်သည်ပေါ့… ကျွန်မ တကယ်ကို နားမလည်နိုင်ပါ…။

(၉)
စိန်ကဲ ရွှေကဲ ထက် လူကဲခတ်ရတာ ပို ခက်သည် တဲ့…။
အကယ်၍များ ကျွန်မ ယုနှင့် ရင်းနှီးသော သူငယ်ချင်းဖြစ်ခွင့်ရမည်ဆိုလျှင်၊ ယုနှင့် နှစ်ယောက်တည်း မျက်နှာချင်းဆိုင် အေးအေးဆေးဆေး တွေ့ဖြစ်မည်ဆိုလျှင် ယုကို ပုခုံးမှ ဆွဲကိုင် လှုပ်ရမ်းပြီး ယုရဲ့ မျက်လုံးတွေထဲကို အတင်း တိုးဝင်ကြည့်ရင်း ကျွန်မ သိလိုသော မေးခွန်းတခုကို မေးလိုက်ချင်ပါသည်…။ ယု ပြန်ဖြေလာမည့် အဖြေကို ကြိုတင် တွက်ဆထားပြီးဖြစ်သော်လည်း ထိုအဖြေသည် ယု ရင်ထဲမှာ တကယ်ရှိနေသော အဖြေစစ်စစ် ဟုတ် မဟုတ်၊ ဤအဖြေအတွက် ယု၏ ဆန္ဒ တကယ် ပါ မပါ ဆိုသည်ကို ယု မျက်ဝန်းနက်နက်တွေထဲမှာ၊ ယု နှုတ်ခမ်းဖျားက အပြုံးအရယ်တွေထဲမှာ၊ သာယာချိုရှသော စကားသံတွေထဲမှာ တွေ့အောင် ရှာရင်း ကျွန်မ အထင် မှန် မမှန် တယောက်ယောက်ကို စိန်ခေါ်ကာ လောင်းကြေးထပ် ကြည့်လိုက်ချင်ပါသည်…။

သေချာသည်ကတော့ သည်ပွဲမှာ ဘယ်လိုနည်းနှင့်မျှ ကျွန်မ မရှုံးနိမ့်နိုင်ပါချေ။



Friday, June 8, 2012

ကျွန်မချစ်သော ပန်းအိုးကလေးများ…

သစ်ပင် ပန်းပင်များကို ကျွန်မ မချစ်တတ်… ထို့အတူ ပန်းပွင့် လှလှများကို တမက်တမော ချစ်ခင်တတ်သော မိန်းကလေးများထဲတွင်လည်း ကျွန်မ မပါပါ။ သစ်ပင်ကို သစ်ပင်လိုသာ မြင်ပြီး အရွယ်စုံ အရောင်စုံ အဆင်းရော အချင်းပါ လှပ မွှေးပျံ့သော ပန်းပွင့်များကိုလည်း သာမန်ထက် မပိုသော အမြင်မျိုးဖြင့်သာ မြင်လေ့ရှိသည်။ ပြောရလျှင် သစ်ရွက် စိမ်းစိမ်းတွေကို ပန်းပွင့်ရောင်စုံများထက်ပင် ပိုသဘောကျတတ်သေးသူ…။ သို့သော် အိမ်ရှင်မ ပီပီ အိမ်က ဘုရားပန်းအိုးမှာတော့ ပန်းတွေ ဝေနေအောင် အမြဲ မပြတ်ထိုးတတ်ပြီး ဧည့်ခန်းနှင့် ထမင်းစားခန်းမှာ အလှစိုက် ပန်းအိုးအတွက် ပန်းရောင်စုံများကို မပြတ်အောင် ဝယ်တတ်ပါသည်။ ထို့အပြင် အိပ်ခန်း၊ မီးဖိုခန်းနှင့် အိမ်ခန်းထောင့်များမှာတော့ နေ့စဉ် ရေလောင်းစရာမလိုသော အိမ်တွင်းစိုက် သစ်ပင် စိမ်းစိမ်းများနှင့် အလှဆင်ထားတတ်ပါသေးသည်။

သစ်ပင် ပန်းမာန်များကို သာမန်သာ သဘောထားတတ်သော၊ သစ်ပင်တပင်၏ အရိပ်အာဝါသကို အထူးတလည် မခံစားတတ်သော၊ ပန်းတပွင့်၏ အလှအပကို မသာယာတတ် မယစ်မူးတတ်သော၊ သင်းပျံ့ပျံ့ နှင်းဆီရနံ့ကို အများနည်းတူ ရင်မခုန်တတ်သော၊ အိမ်တွင်းစိုက် သစ်ပင်များကို ရေမှန်မှန်လောင်းရမှာ ပျင်းတတ်သော ကျွန်မက ပန်းအလှထိုးရသော ပန်းအိုးများနှင့် သစ်ပင် ပန်းပင်များ စိုက်၍ရသော ပန်းစိုက်အိုးများကိုတော့ဖြင့် ထူးထူးခြားခြား နှစ်သက်မိပါသည်။

မည်သည့်အချိန်ကာလမှ စတင်ကာ ထိုပန်းအိုးလေးများကို ချစ်ခင်နှစ်သက်မိသည်ကို သေသေချာချာ မမှတ်မိတော့ပါ။ သို့သော်လည်း ပုပု ဝဝ ပိန်ပိန် ရှည်ရှည် လေးထောင့် အဝိုင်း ကြီးကြီး ငယ်ငယ် အရွယ်စုံ အရောင်စုံ ပုံပန်းသဏ္ဍာန် ပြုလုပ်သော ပစ္စည်း အမျိုးအမည် စုံလင်လှသော ပန်းအိုးများသည် ကျွန်မ မျက်စိထဲမတော့ အစဉ် လှပပြီး ချစ်ခင်နှစ်သက်စရာ လိုချင်စရာ ကောင်းနေတတ်သည်။ ထို့ကြောင့် ပန်းအိုးများကို တွေ့တိုင်း လိုလို မလိုလို မက်မက်မောမော ဝယ်ယူတတ်ပါသည်။ သည်လိုနှင့် အိမ်မှာ ကျွန်မ ဝယ်ယူ စုဆောင်းထားသော ပန်းအိုးတွေ တဖြည်းဖြည်းနှင့် များပြားလာပါသည်။ ထိုသို့သော အရွယ်စုံ ပုံသဏ္ဍာန်စုံ ပန်းအိုးလေးများကို ကြည့်ရင်းနှင့်ပင် ကျွန်မ အလိုလို ပျော်ရွှင်မိပါသည်။ ထို့အပြင် ပန်းအိုး တလုံးချင်းစီက ကျွန်မကို မတူညီသော ခံစားမှုများကို ပေးစွမ်းနိုင်ကြသည် ဟု ဆိုလျှင် ကျွန်မ သိပ်လွန်လွန်းရာ ကျနေမလား မသိ…။

အိမ်ပြောင်းခါနီးတုန်းက ကျွန်မ ဝယ်ယူစုဆောင်းထားသော ပန်းအိုးတလုံးချင်းစီကို သတင်းစာစက္ကူထူထူဖြင့် ပတ်ကာ ကဒ်ထူပုံးထဲကို စနစ်တကျ စီစဉ် ထည့်သိုခဲ့ရသော အချိန်လေးကို သတိရမိပါသေးသည်။ အိမ်သားများက အခြားပစ္စည်းများ ထုတ်ပိုး သိမ်းဆည်းနေကြသည်ကို လျစ်လှူရှုကာ ပန်းအိုး တလုံးချင်းစီကို စိမ်ပြေနပြေကြည့်လိုက်၊ ထိုပန်းအိုး တလုံးချင်းစီအကြောင်း စဉ်းစားလိုက်နှင့် ပုံးထဲကို တယုတယ ထည့်လိုက်နှင့် ကျွန်မ အချိန်တွေ ကုန်လို့ ကုန်မှန်းမသိ…။ အခြားဘာပစ္စည်းကိုမှ ကူမသိမ်းပေးသောကြောင့် အိမ်သားများ၏ မျက်စောင်းဒါဏ် မကြားတကြား အပြစ်တင်သံများကိုလည်း မမြင်ချင်ယောင် မကြားချင်ယောင် ဆောင်ရလောက်အောင် ပန်းအိုးများက ကျွန်မစိတ်ကို လွှမ်းမိုးခဲ့ပါသည်။ ထို့အပြင် ပစ္စည်းများ ရွှေ့ပြောင်းသောနေ့တွင်လည်း မင်နီစာလုံး အကြီးကြီးဖြင့် ကွဲတတ်သည် ဟု ရေးသားထားသော ပန်းအိုးများ ထည့်ထားသော ပုံးကိုသာ ကျွန်မ မျက်စိအောက်က အပျောက်မခံပဲ ကြည့်နေခဲ့မိပါသည်။

အိမ်အသစ်မှာ ပစ္စည်းများကို ပြန်လည် နေရာချထားချိန်တွင်လည်း ကျွန်မက ပန်းအိုးလေးများကို ဟိုနေရာ ဒီနေရာ လှပစွာနေရာ ချထားသော တာဝန်ကိုသာ ယူပါသည်။ ထိုသို့ နေရာချထားအပြီးတွင် အိမ်နားရှိ ပန်းဆိုင်မှ အမျိုးအမည်စုံလင်လှသော ပန်းများကို ဝယ်ယူလာပြီး ပန်းအိုးလေးများကို အလှဆင်ပေးလိုက်သောအခါ ကျွန်မအိမ်လေးသည် အလွန် နေချင့်စဖွယ်ဖြစ်သွားတော့သည်။ ထို့အပြင် ကျွန်မ ပန်းအိုးများ၏ အလှအပကြောင့် ပန်းများ ပိုလှသွားသည်ဟုလည်း အတ္တကြီးကြီးနှင့် တွေးတောနေမိသေးသည်…။

ပန်းအိုးလေးများကို စွဲလန်းချစ်ခင်တတ်သော ကျွန်မ.. ထိုပန်းအိုးလေးများကို ကြည့်ရင်း ပန်းအိုးလေးများ၏ အမှတ်ရစရာ အကြောင်းများကို တွေးရင်း.. တခါတခါ စဉ်းစားမိသည်။ နောက်တချိန် ကျွန်မ အသက်တွေကြီးပြီး အဖွားကြီး ဖြစ်သွားချိန်မှာ ကျွန်မ၏ သားသမီး မြေးမြစ်တွေကို ဟောသည်ပန်းအိုးလေးကတော့ ဘယ်တုန်းက ဝယ်ထားတာ၊ ဘယ်နေရာကို သွားရင်း တွေ့ခဲ့တာ၊ ဘယ်သူက လက်ဆောင်ပေးထားတာ စသည်ဖြင့် အောက်မေ့တသစွာ ပြောဆိုရင်း၊ ဟိုတုန်းက ဈေးနဲ့ဆို ဘယ်လောက်တောင် ပေးရတာ၊ အဲဒီအချိန်က အဖွား တလ ရတဲ့ လခက ဘယ်လောက် စသည်ဖြင့် ခေတ်မမှီတော့သော ကုန်ဈေးနှုန်းများနှင့် နှိုင်းယှဉ် တွက်ချက်ပြရင်း သူတို့ စိတ်ဝင်စားသည် ဖြစ်စေ မဝင်စားသည်ဖြစ်စေ တတွတ်တွတ် ပြောဆိုနေမိမည်လား ဟု…။ ထိုအခါ ကျွန်မအတွေးနှင့် ကျွန်မ အလွန်အမင်း ရယ်ချင်သွားပါသည်။

အမှန်ဆိုရလျှင် ပန်းအိုးလေးများကို ချစ်ခင်စွဲလမ်းတတ်သော ကျွန်မသည် ထိုပန်းအိုးလေးများကို အဆင်သင့် ဝယ်ယူစုဆောင်းရုံသာမက အခါအခွင့်သင့်ပါက အိုးကလေးတလုံး ဖြစ်အောင် ကိုယ်တိုင် ပြုလုပ်ချင်စိတ်များ ဖြစ်ပေါ်ခဲ့ဖူးပါသည်။ Ghost ရုပ်ရှင်ကားထဲမှ ဇာတ်ဝင်ခန်းတခုဖြစ်သော ဒယ်မီမိုးနှင့် ပက်ထရစ်ဆွေဇီးတို့ အိုးလုပ်သောအခန်းကို ကျွန်မ မကြာခဏ မြင်ယောင်နေတတ်ပါသည်။ တခါက ကြုံကြိုက်သောကြောင့် မြို့နှင့် မလှမ်းမကမ်းမှ အိုးဖုတ်သောနေရာကို ကျွန်မ သွားကြည့်ဖြစ်သောအခါ အိုးတလုံးဖြစ်အောင် လုပ်ဖို့ အမှန်တကယ် မလွယ်ကူမှန်း လက်တွေ့ သိခဲ့ရပါသည်။ ထိုနေ့က အိမ်အတွက် မြေအိုး စဥ့်အိုးများကို ဝယ်ယူရာတွင် သူတို့ပြောသော ဈေးအတိုင်း လုံးဝ မဆစ်ပဲ ကျွန်မ ဝယ်ယူခဲ့ပါသည်။

ထိုမျှသာမက တခုသော ကျောင်းအားရက်တွင် ကြွေပန်းအိုး အဖြူရောင် ပြောင်တလုံးမှာ အရောင်စုံ စက္ကူများ၊ ဓါတ်ပုံ အပိုင်းအစများ၊ အမှတ်တရ စာလုံးများကို ဒီဇိုင်းဖေါ်ကာ ကြွေမှာ ကပ်သော ကော်ကောင်းကောင်းဖြင့် ကပ်ပြီး အလှဆင်ခဲ့ဖူးပါသေးသည်။ ထိုပန်းအိုးလေးကို သူငယ်ချင်းတယောက်၏ မွေးနေ့တွင် လက်ဆောင်အဖြစ် ပေးလိုက်သောအခါ အံ့သြပျော်ရွှင်သွားသော သူငယ်ချင်းကိုကြည့်ပြီး ကျွန်မပါ လိုက်ပါ ပျော်ရွှင်ခဲ့ဖူးပါသည်။

ကျွန်မ ချစ်သော ပန်းအိုးလေးများအားလုံးကို အတတ်နိုင်ဆုံး တယုတယ သတိထား၍ ကိုင်တွယ်ခဲ့သော်လည်း တခါတရံ အဆင်မသင့်ပဲ ပန်းအိုးကလေးများ ကွဲအက် ပျက်စီးသွားခဲ့ဖူးပါသည်။ ထိုအချိန်မျိုးတွင် ဆုံးရှုံးသွားသော ပန်းအိုးကလေး တလုံးအတွက် သနား ကြင်နာစိတ်မျိုးနှင့်အတူ နှမျောစိတ်ရော ဝမ်းနည်းစိတ်ပါ ပါဝင်ပေါင်းစပ်ကာ ရက်အတန်ကြာသည်အထိ စိတ်ထိခိုက် ခံစားနေရခဲ့ဖူးပါသည်…။



ထိုကဲ့သို့ ပန်းအိုးကလေးများကို ချစ်ခင်သော၊ ကိုယ်တိုင် အိုးကလေးတလုံး ဖန်တီးလိုစိတ်ရှိသော ကျွန်မ၏ ဆန္ဒများ မကြာသေးသော ရက်ပိုင်းအတွင်းက ပြည့်ဝခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် iTunes Store မှ တဆင့် Let’s create! Pottery ဟူသော Application လေးကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်ပင်…။ ထို Application လေးမှာ အိုးကလေးတွေကို မိမိစိတ်ကြိုက် အရွယ်မျိုးစုံ ပုံစံမျိုးစုံ လုပ်လို့ရသည်။ အရောင်လှလှ ခြယ်လို့ရသည်။ ပြီးတော့ ကိုယ် လိုချင်သော အဆင် ဒီဇိုင်းလေးများ ရွေးချယ်ပြီး အလှဆင်လို့ရသည်…။ အိုးကလေးတွေသာမက လက်ကိုင်ကိုင်းလေးများ တပ်ထားသော ကော်ဖီပန်းကန်လေးများကိုလည်း ပြုလုပ်လို့ရသည်။ အဖုံးလေးတွေလည်း တပ်လို့ရသေးသည်…။ ထိုနေ့မှစကာ ကျွန်မ အချိန်ရှိတိုင်း အရောင်စုံ ပုံသဏ္ဍာန်စုံ ပန်းအိုးကလေးတွေ ပြုလုပ်နေခဲ့မိတော့သည်။

ထိုပန်းအိုးကလေးများကို အပြင်မှာ တကယ် ကိုင်တွယ်အသုံးပြု၍ မရနိုင်သော်လည်း အမှတ်တရအနေဖြင့် ဓါတ်ပုံ Album လေး တခု လုပ်ထားပြီး မကြာခဏ ပြန်ကြည့်ရင်း ကျေနပ် ပျော်ရွှင်နေခဲ့ပါသည်။

ကျွန်မလိုပင် ပန်းအိုးကလေးများကို ချစ်ခင်နှစ်သက်သူများ၊ ပန်းအိုးကလေးများကို ကိုယ်တိုင် ဖန်တီးချင်သူများ ထို Application လေးကို အသုံးပြုကာ ပန်းအိုးလှလှများ ပြုလုပ်နိုင်ကြောင်း အသိပေး မျှဝေလိုစိတ်ဖြင့် သည်ပိုစ့်ကို ရေးပါသည်…။
ပျော်စရာကောင်းသော ပိတ်ရက်များ ဖြစ်ကြပါစေ...




Friday, June 1, 2012

ဘာကြောင့် စာရေးသလဲ…

ဘာကြောင့် စာရေးသလဲ ဆိုတဲ့ မေးခွန်းကို မေးလာခဲ့ရင် ဘယ်လိုအချိန်မှာမဆို ကျွန်မ ဖြေမယ့် အဖြေက တခုတည်း ပြီးတော့ ဘယ်တော့မှ မပြောင်းမလဲ တသမတ်တည်း ရှိနေပါတယ်၊ အဲဒါကတော့ ဝါသနာကြောင့် စာရေးပါတယ် ဆိုတဲ့ အဖြေပါပဲ…။ ဒီအဖြေဟာ ယေဘုယျ ကျလွန်းတဲ့ အဖြေဖြစ်သော်လည်း Universal Truth ဆိုတာလို အမြဲတမ်းအတွက် မှန်ကန်တဲ့ အဖြေတခုလည်း ဖြစ်နေပြန်သေးတယ်။ ဝါသနာပါလို့ စာရေးတယ် ဆိုတဲ့ တိုရှင်း ပြတ်သားတဲ့ အဖြေရဲ့ နောက်ကွယ်မှာ အဲဒီလို စာရေးရတာာ ဝါသနာပါဖို့၊ အခုလို စာတွေ ရေးဖြစ်ဖို့ကို ဘယ်လို အကြောင်းအရာတွေက စေ့ဆော်ပါသလဲ ဆိုရင်တော့ ဖြေစရာ အဖြေ တော်တော်များများ ရှိနေပါတယ်။

(၁)
စာရေးခြင်းရဲ့ အစဟာ စာဖတ်ခြင်း ဖြစ်တယ်။
စာဖတ်ဝါသနာကို ပျိုးထောင်ပေးခဲ့တဲ့ မိဘတွေရဲ့ သွန်သင် ဆုံးမမှုနဲ့ သူတို့ရဲ့ ကျေးဇူးတွေကြောင့် စပြီး စာဖတ်တတ်တဲ့ အရွယ်ထဲက နေ့စဉ် ဖတ်လာခဲ့တဲ့ စာအုပ်တွေဟာ စာရေးခြင်းဆိုတဲ့ ဝါသနာကို တစထက် တစ ရှင်သန် ခိုင်မာလာစေခဲ့ပါတယ်။ ငယ်ငယ်ကတော့ စာအုပ်တအုပ်ရရင် ဇာတ်လမ်းကို သိချင်ဇောနဲ့ အလောတကြီးနဲ့ အမြန်ပြီးအောင် ဖတ်ပြီး နောက်တရက် နှစ်ရက် ကြာမှ အေးအေးဆေးဆေး တခေါက် ပြန်ဖတ်တတ်တယ်။ ဇာတ်လမ်း ဇာတ်ကွက်ရဲ့ အချိုးအကွေ့လေးတွေကို စကားလုံး အဖွဲ့အနွဲ့ထက် ပိုပြီး မက်မောမိတယ်။ အခု အသက်အရွယ်မှာတော့ စာတအုပ်ကို တစိမ့်စိမ့် ခံစားရင်း ဖြေးဖြေးသာ ဖတ်ချင်မိတော့တယ်။ ဖတ်ဖြစ်တဲ့ စာအုပ်တွေတိုင်းမှာ ဖတ်နေရင်း တပိုင်းတစနဲ့ ဖြစ်စေ၊ အဆုံးထိ ဖတ်ပြီးသွားတဲ့ အချိန်မှာ ဖြစ်စေ တွေးနေမိတဲ့ အကြောင်းက ကိုယ်တိုင်သာဆို ဘယ်လိုလေး စီစဉ်လိုက်မယ် ဘယ်လိုလေး ရေးလိုက်မယ်လို့ ဆိုတဲ့ စိတ်ကူးယဉ် အတွေး တချို့ပါ…။ ဒါဟာလည်း ဖတ်ဖြစ်တဲ့စာကို မနှစ်သက်လို့ ပေါ့ပေါ့တန်တန်စိတ်မျိုးနဲ့ ပြောင်းလဲပစ်ချင်တာ မဟုတ်ပဲ ဇာတ်ကောင်တွေထဲကို ကိုယ်တိုင်ကိုယ်ကျ ရောနှော ပါဝင် စီးမျော ခံစားရင်းက ဖြစ်စေချင်တဲ့ အတွေးတချို့နဲ့ စိတ်ထဲကနေ ရေးကြည့် နေမိတဲ့ သဘောပါ…။ ဒီလိုနဲ့ အိပ်ယာဘေးက ဖတ်လက်စ စာအုပ်ပုံဟာ တဖြေးဖြေး မြင့်လာလေတယ်။

(၂)
စကားအရာမှာ မကျွမ်းကျင်တဲ့အတွက် အကြောင်းအရာတခုကို စကားနဲ့ ပြောမယ့်အစား စာနဲ့သာ ချရေးလိုက်ချင်တဲ့စိတ် ကျွန်မမှာ အမြဲတမ်း ရှိနေတတ်တယ်။ အဲဒီစိတ်ဟာလည်း စာရေးဖြစ်ဖို့ တွန်းအားပေးတဲ့ အချက်တွေထဲက တချက်ဖြစ်နေတာ တွေ့ရပါတယ်…။ စာသင်ခန်းထဲမှာ ကိုယ့်အကြောင်း ကိုယ် ပြောပြီး မိတ်ဆက်ပါလို့ ဆိုလာတဲ့အခါတိုင်း လူကြောက်တတ်တဲ့ ကျွန်မဟာ ကျွန်မနာမည် ဘယ်သူပါ ဆိုတာအပြင် ဘာစကားကိုမှ ဝေဝေဆာဆာ ဖွယ်ဖွယ်ရာရာ မပြောတတ်ခဲ့ပေမယ့် Myself ဆိုတဲ့ စာစီစာကုံးမှာ အမှတ်အများဆုံးနဲ့ ပထမဆု ရခဲ့ဖူးတယ်။ အဲဒီအခိုက်အတံ့လေးကို ပြန်တွေးမိတိုင်း ကျွန်မဟာ စာရေးခြင်းကို စကားပြောခြင်းထက် ပိုနှစ်သက်တယ်ဆိုတာ ကိုယ်တိုင် သေချာလာခဲ့တယ်။

(၃)
ကျွန်မက တွေးရတာကို ကြိုက်တယ်…။ ကြုံခဲ့ဖူးတဲ့ သက်ရှိ သက်မဲ့တွေရဲ့ အကြောင်း၊ တွေ့မြင်ရတဲ့ မြင်ကွင်းတခု၊ ဖတ်ခဲ့ဖူးတဲ့ စာတပုဒ်၊ ကြားလိုက်ရတဲ့ စကားတခွန်း (သို့) သီချင်း တပိုင်းတစ၊ ကြည့်လိုက်ရတဲ့ ရုပ်ရှင် တကွက်… စတာတွေနဲ့ ပတ်သက်ပြီး မဆုံးနိုင်တဲ့ အတွေးတွေ ကျွန်မဆီမှာ အမြရှိနေတတ်တယ်…။ စိတ်အတွေးဆိုတာ လေထက်တောင် လျှင်မြန်တတ်တဲ့ သဘာဝရှိတာမို့ ကျွန်မ နှစ်သက်သော ကျွန်မ စွဲလမ်းသော တချို့တချို့သော အတွေးတွေကို ဘယ်သောအခါမှ မပျောက်ပျက်စေလိုတဲ့ စိတ်ဆန္ဒကြောင့် စကားလုံးတွေအဖြစ် အသွင်ပြောင်းပြီး မှတ်တမ်းတင်ပါတယ်။

နောက်တခုက ကျွန်မက စိတ်ကူးယဉ်တတ်တယ်။ ကျွန်မရဲ့ ပတ်ဝန်းကျင်ကို စိတ်ကူးယဉ်ဇာတ်လမ်းထဲက ဇာတ်ကောင်တွေအဖြစ် ပြောင်းလဲပစ်လို့ မရတဲ့အခါမျိုးတွေမှာ သူတို့တတွေကို စာတပုဒ်ထဲမှာ အကွက်ကျကျ နေရာချ ထည့်သွင်းပြီး ဆေးစက်ကျရာ အရုပ်ထင်စေခဲ့တယ်။ တကိုယ်ကောင်းဆန်လိုက်တာလို့ ပြောရင်လည်း ခံရရုံပါပဲ…။ တိမ်တွေကို ကိုယ်လိုချင်တဲ့ အချိန်မှာ ကိုယ်လိုရာ ပုံသဏ္ဍါန်မျိုးနဲ့ မြင်ရစေဖို့၊ ကျယ်လွင့်လွင့် မြက်ခင်းစိမ်းတခုနဲ့ ရောင်စုံသက်တန့်ကြီးတခု မျက်စိရှေ့မှောက်ကို ရောက်လာစေဖို့ ဆိုတာတွေကို စာထဲမှာ ကျွန်မ ချက်ချင်း ဖန်တီး တည်ဆောက်ယူလို့ ရတယ်မဟုတ်လား…။

(၄)
ထွက်ပေါက်ဆိုတာ လူတိုင်းအတွက် တချိန်ချိန်မှာ တကယ်ကို လိုအပ်တယ်။ ပတ်ဝန်းကျင်ကို စိတ်နဲ့မတွေ့တာ စိတ်တိုင်းမကျတာတွေတွေ များလာတဲ့အခါ စိတ်ကို တနည်းနည်းနဲ့ ထွက်ပေါက်ပေးဖို့ ကြိုးစားမိတာ ကျွန်မတယောက်တည်း မဟုတ်ဖူးလို့ ထင်ပါတယ်။ သူများတွေ ဘယ်လိုနည်းနဲ့ စိတ်ထွက်ပေါက်ရှာကြသလဲ ဆိုတာကို ကျွန်မ စိတ်ဝင်စားပါတယ်။ ကျွန်မအတွက်ကတော့ စာရေးခြင်းဟာ အကောင်းဆုံးနဲ့ အဆင်အပြေဆုံး စိတ်ထွက်ပေါက်တခုပါပဲ…။ စိတ်ထဲမှာ ရှိသမျှ ကောင်းခြင်း ဆိုးခြင်းတွေကို စကားလုံးတွေအဖြစ် သွန်ချလိုက်တဲ့အခါ ရာခိုင်နှုန်းပြည့် မဟုတ်တောင် တော်တော်ကြီးကို ပေါ့ပါးလွတ်လပ်သွားတာ… ဒီလိုမှ မဟုတ်ရင် မလိုလားအပ်တဲ့ ကြမ်းတမ်းမှုတွေ ပူလောင်မှုတွေဟာ ကျွန်မကို ဝါးမြိုသွားကြတော့မှာလေ…။

(၅)
ရယ်စရာတော့ ကောင်းနေမလားပဲ…။ ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ အပတ်စဉ်ထုတ် Times နဲ့ Newsweek ဂျာနယ်တွေ ရှိတယ်။ စာဖတ်တာ ဝါသနာပါတယ် ဆိုပေမယ့် အဲဒီစာအုပ်တွေက မူလတန်း ကျောင်းသူ ကျွန်မအတွက်တော့ တော်တော်လေးကို ခက်နေပါသေးတယ်။ ဒီတော့ စာအုပ်ထဲက ဓါတ်ပုံတွေ၊ ကြော်ငြာတွေကိုပဲ ကျွန်မ ကြည့်ပါတယ်။ တနေ့မှာ ဓါတ်ပုံတပုံကို ကျွန်မ တွေ့တယ်။ အဲဒီဓါတ်ပုံဟာ ကျွန်မကို နေ့ပေါင်းများစွာ လပေါင်းများစွာ ဆွဲဆောင်ထားလေတယ်။ တကယ်တော့ ဓါတ်ပုံက ဖေါင်တိန်ကြော်ငြာတဲ့ ဓါတ်ပုံ ရိုးရိုးလေးပါ။ ဖေါင်တိန်ကိုင်ထားတဲ့ ညာဖက်လက်ကလေးတခု မျဉ်းကြောင်းတွေပါတဲ့ စာအုပ်တအုပ်ပေါ်မှာ စာရေးနေတဲ့ ပုံကလေး... လက်ကလေးက မိန်းကလေးလက်ဆိုတာကို ပန်းနုရောင် လက်သည်းနီလေးတွေက ဖေါ်ပြနေပါတယ်။ တကယ်လို့များ တချိန်ချိန်မှာ ကျွန်မဟာ စာတွေ ရေးတဲ့ စာရေးသူတယောက် ဖြစ်ခဲ့မယ်ဆိုရင် ဖေါင်တိန်ကောင်းကောင်း တချောင်း ဝယ်ပြီး အဲဒီလို ဓါတ်ပုံမျိုး ရိုက်ဖြစ်အောင် ရိုက်မယ်လို့လည်း စိတ်ထဲမှာ တိတ်တိတ်လေး တေးထားမိတယ်။ ခုတော့ ကျွန်မ စာတွေရေးနေဖြစ်ပါတယ် ဒါပေမယ့် ဖေါင်တိန်လည်း မဝယ်ဖြစ်သေးသလို အဲဒီဓါတ်ပုံမျိုးလည်း အခုချိန်ထိ မရိုက်ဖြစ်သေးပါဘူး။

(၆)
ရင်ခွင်မှာ... မခံစားရပဲ အကြောင်းမဲ့တော့... သီချင်းမဖြစ်ဖူး အချစ်ရယ်… တဲ့…။ မှန်တာပေါ့… ဒါကြောင့် စာဖတ်သူတွေ အနေနဲ့ ကျွန်မကိုယ်တိုင် ခံစား စီးမျောပြီး ရေးခဲ့တဲ့ ကျွန်မရဲ့ စာတွေထဲမှာ ကျွန်မကို… ပြီးတော့ ကျွန်မရဲ့ စေတနာကို ကောင်းကောင်း ရှာတွေ့နိုင်ပါတယ်။ အမြဲတမ်းမဟုတ်တဲ့ တချို့ တချို့သော အချိန်တွေမှာတော့ ကျွန်မဟာ ကိုယ်ရေးတဲ့ စာတွေထဲမှာ ကိုယ်တိုင်တောင် ပြန်ရှာလို့ မတွေ့နိုင်အောင် ပျောက်ဆုံးနေတတ်ပြန်တယ်။

(၇)
၂၀၁၁ Blog Day အမှတ်တရ ပိုစ့်မှာ ဒီလို ရေးဖြစ်ခဲ့တယ်…
တနေ့ပြီး တနေ့ အသက်တွေက ပိုကြီးလာတာ အခုဆိုရင် လူ့ဘဝသက်တမ်းရဲ့ တဝက်ကို ကျော်လွန်ခဲ့ပြီ။ အသက်တွေ ကြီးလာတာနဲ့အမျှ တာဝန်တွေ ဝတ္တရားတွေ ပိုများလာတယ်။ တာဝန်တွေ ပိုများလာတာနဲ့ အမျှ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ အဲဒီလို ကိုယ်ပိုင်အချိန်တွေ နည်းလာတာနဲ့အမျှ လူက စိတ်ဖိစီးမှုတွေ များလာတယ်။ အလိုမကျတာတွေ များလာတယ်။ စိတ်ရော လူရော ပင်ပန်းလာတယ်။ မကြည်လင်ဘူး မလန်းဆန်းဘူး။ အလိုလိုနေရင်း ဒေါသတွေ ကြီးလာတယ်။ မလိုအပ်ပဲနဲ့ စိတ်တွေ မာကျော ခက်ထန်လာတယ်။ အရာရာကို အဆိုးဖက်က မြင်တတ်လာတယ်…။ အေးအေးချမ်းချမ်း သက်တောင့်သက်သာဖြစ်ဖို့ ဘယ်လိုမှ တွေးလို့မရတော့ဘူး။ ဘယ်အရာကမှ ကိုယ့်စိတ်ကို သက်သာရာ မရစေခဲ့ဘူး။ တနေ့လုံးနေလို့ သီချင်းတစ မဆိုမိ မညည်းမိခဲ့ဘူး။ စာ ကဗျာ တကြောင်းတလေနဲ့ မပျော်မွေ့ဖြစ်ခဲ့ဘူး။

တနေ့တာ အချိန် ၂၄ နာရီမှာ အိပ်ချိန် ၈ နာရီ နှုတ်လိုက်ပြီး ကျန်တဲ့ ၁၆ နာရီ၊ အဲဒီအထဲကမှ အလုပ်ချိန် ဆယ်နာရီကို နှုတ်လိုက်ရင် ကျန်တဲ့ အချိန် ၆ နာရီမှာ ကိုယ့်အတွက် (သို့) ကိုယ့်စိတ်ကလေး သက်တောင့်သက်သာ ဖြစ်သွားစေဖို့အတွက် ဘာများ လုပ်မိပါလိမ့်၊ ကိုယ့်ဆန္ဒလေး (သို့) ကိုယ့်ဝါသနာလေး တခုခုအတွက် အချိန်ဘယ်လောက်များ ပေးမိပါလိမ့်လို့ တွေးမိလိုက်တဲ့ တနေ့မှာ ဒီဘလော့ဂ်လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။ စာတွေ ရေးဖြစ်ခဲ့ပါတယ်…။

အရိုးဆုံးဟာ အဆန်းဆုံးလို့ ဆိုကြတယ်…။
ဒီတော့ ကျွန်မ နေ့တဓူဝ တွေ့မြင် ကြားသိ ဖတ်မှတ် နေရသမျှတွေကို အတွေးထဲ ထည့်တွေးရင်း၊ စိတ်ကူးတွေ ယဉ်ရင်း အဲဒီ အတွေးတွေကိုလည်း စကားလုံးတွေ ဝါကျတွေအဖြစ် အချိန်ရှိနေသရွေ့ ရိုးရိုးသားသား ပုံဖေါ်ရင်း စာတွေ အများကြီး ဆက်ရေးဖြစ်နေအုံးမှာပါပဲ…။



မေးခွန်းမေးသူ - icn2
ဖြေဆိုသူ - သက်ဝေ