Tuesday, April 8, 2014
သီရိလင်္ကာ ခရီးစဉ် (၄)
အိပ်ရာက အစောကြီးထ၊ ရေချိုး ကော်ဖီသောက်ပြီး၊ အင်္ကျီအဖြူနဲ့ ဘောင်းဘီအဖြူဝတ်၊ လူကြီးတွေကတော့ အင်္ကျီအဖြူနဲ့ လုံချည်၊ ပုဆိုး အဖြူ၊ ပုဝါအဖြူတွေနဲ့ ဖွေးဖွေးလှုပ်နေတဲ့ အဖွဲ့… စွယ်တော်ဖူးဖို့ မနက် ငါးနာရီမှာ အဆင်သင့် ဖြစ်နေကြပါပြီ။
စွယ်တော်ကျောင်းဝင်းရှေ့ကို ရောက်တော့ မနက် ငါးနာရီခွဲကာနီးပြီ။ မီးအလင်းရောင် ၀ါကျင်ကျင်လေးအောက်မှာ တွေ့ရတဲ့ စွယ်တော်ကျောင်း။
ဘုရားမှာ ကပ်ဖို့ ကျောင်း အ၀င်ဝမှာ ရောင်းနေတဲ့ ကြာပန်းတွေ ဝယ်ကြတယ်။ “ကြာဖြူ ကြာနီ ကြာညိုနှောလို့ တို့လယ်တောမှာ ပွင့်ကြတယ်…” ဆိုတဲ့ ကဗျာလေးကို သတိတရဖြစ်ရအောင်ပဲ အရောင်စုံ ကြာပန်းတွေက သိပ်လှပါတယ်။ ပြီးတော့ ဒီမှာ တွေ့ရခဲတဲ့ အင်ကြင်းပန်းပွင့် အကြီးကြီးတွေ၊ လှလိုက်တာဆိုတာ ဘယ်လိုပြောပြရမှန်းတောင် မသိဘူး။ ဒီမှာကြည့်ပါအုံး…
ဒါကတော့ စွယ်တော်ကျောင်းထဲအဝင် လမ်းကလေးရဲ့ အမိုးခုံးလေးပါ။
စကားစပ်လို့ ပြောပြရရင် စွယ်တော်ကျောင်းဟာ ဘုရားဖူးတွေအတွက် တစ်ရက်ကို သုံးကြိမ် ဖူးခွင့်ပေးပါတယ်။ အခုလို မနက်အာရုံ တစ်ချိန်၊ နေ့လည် တစ်ချိန်နဲ့ ညနေပိုင်း တစ်ချိန်ပါ။ ပြီးတော့ အ၀င်အထွက် လုံခြုံရေးအတွက် တော်တော်လေး ကြပ်ကြပ်မတ်မတ်နဲ့ စည်းကမ်းတကျ ရှိတာကို တွေ့ရပါတယ်။ ရပ်နီးရပ်ဝေး ဘုရားဖူးတွေကလည်း နေ့စဉ် အရမ်းများတာကိုး။ သေသေချာချာ စစ်ဆေးပြီးမှ အမျိုးသားတွေက တစ်ခြမ်း၊ အမျိုးသမီးတွေက တစ်ခြမ်း သပ်သပ်စီ ဝင်ကြရပါတယ်။ စွယ်တော်ကျောင်းအကြောင်း ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ Temple of Tooth – Sri Lanka လို့ Google မှာ ရှာလို့ရပါတယ်။
စွယ်တော်ဖူးဖို့ ကိုယ့်ထက်အရင် အစောကြီး ကြိုရောက်နေနှင့်ကြတဲ့ ဘုရားဖူးတွေ။
ဆွမ်းအုပ်ပုံ စတီးလ်ခွက်ကလေးတွေ၊ ကြွေခွက်ကလေးတွေ၊ မြေခွက်ကလေးတွေနဲ့ ဆွမ်းကပ်ကြပြီး ပန်းတွေကိုတော့ အပွင့်လိုက် ခြွေပြီး ကပ်ထားတာ တွေ့ရပါတယ်။
ဒါကတော့ စွယ်တော် ကိန်းဝပ်စံပါယ်ရာ နေရာကို အပြင်ဖက်က တွေ့ရတဲ့ပုံပါ။ အထဲမှာတော့ ဓါတ်ပုံရိုက်ခွင့်မပြုပါဘူး။ ညာဖက်ခြမ်းကနေ တန်းစီပြီး ဝင်၊ ပြီးတော့ စွယ်တော်ကို ဆယ်စက္ကန့် လောက် အာရုံပြုပြီး ဖူး၊ ပြီးတာနဲ့ ဘယ်ဖက်ပေါက်ကနေ ပြန်ထွက်ပဲ။ မွေးကင်းစ ကလေးငယ်လေးတွေနဲ့ လသားအရွယ် ကလေးငယ်လေးတွေကို ချီပိုးထားတဲ့ အမျိုးသမီးတွေကိုတော့ တစ်စု စုထားပြီး သပ်သပ် ဝင်ဖူးခွင့်ပြုတာ တွေ့ရပါတယ်။ အခု ပုံမှာတွေ့ရတဲ့ လေးထောင့် အကာအရံထဲမှာထိုင်နေတဲ့ ဘုရားဖူးတွေကတော့ သူတို့ဆီက VIP တွေလို့ ယူဆရပါတယ်။ အေးအေးလူလူ ထိုင်ပြီး ဘုရားဖူးခွင့်ရကြတယ် ဆိုပါတော့။
ဒါကတော့ စွယ်တော်ကျောင်းတိုက်ထဲက တစ်နေရာပါ။ Shrine Area လို့ ရေးထားတာ တွေ့ရပါတယ်။
Shrine Area ကို တည့်တည်ရအောင် သေသေချာချာ ချိန်ရိုက်တာ စောင်းဖြစ်အောင် စောင်းသွားသေးတယ်။ (ဂါးးးးးးးးးးးးးးးးးးးးးး လို့ အော်ချင်လိုက်တာ)
ဘုရားဖူးပြီး အပြင်ရောက်တော့ မိုးလင်းစပြုနေပြီ။ ဒါကတော့ ကျောင်းဝင်းထဲက နေရာ တစ်ချို့ပါ။
အလင်းရောင်အောက်က စွယ်တော်ကျောင်း။
ဒါကတော့ ကျောင်းဝင်း တစ်နေရာပါ။
စွယ်တော်ကျောင်းက အပြန် ခဏနားပြီး တောင်ပေါ်မြို့လေးတစ်မြို့ကို ဆက်သွားဖြစ်ပါတယ်။ အဲဒါပါ ဆက်ရေးလိုက်ရင် ဓါတ်ပုံတွေ သိပ်များသွားမှာစိုးလို့ ဒီနေရာမှာပဲ ရပ်ထားလိုက်မယ်နော်။ နောက်တစ်ပိုစ့်ကို မြန်မြန် ဆက်တင်ပါ့မယ်။
- ၂၀၁၅ စက်တင်ဘာလထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်
10 comments:
  1. ပုံတွေ အရမ်းကောင်းတယ်...
    မသက်ဝေတို့ ကိုညီလင်းသစ်တို့ ချောတို့ ဓာတ်ပုံရိုက်အင်မတန် ကျွမ်းကြတယ်။ အခုလို ခရီးသွားပို့စ်တွေမှာ ဓာတ်ပုံအသက်ပဲနော်။ တောင်ပေါ်မြို့လေးသို့ အတူလိုက်ပါရန်အသင့်။... :)
    ReplyDelete
  2. သီရိလင်္ကာ ခရီးစဉ်(၄)ကို ကြည်နူးစွာနဲ့ လိုက်လည်ခွင့် ရတဲ့အတွက် ကျေးဇူးပါ မသက်ရေ...
    ညီမမြသွေးပြောသလို ဓာတ်ပုံတွေ ပို့စ်တိုင်းလှတယ် ..
    မေတ္တာဖြင့်
    တီတင့်
    ReplyDelete
  3. အစ်မသက်ဝေရေ
    အဆင်ပြေမယ်ဆိုရင် ခရီးစဉ်ကုန်ကျစရိတ်လေးနဲ့ ဆက်သွယ်လို့ရမယ့် အေးဂျင့်လေးပါ ရေပေးပါနော်။
    ReplyDelete
  4. ဘ ဝ မှာေ ရာ က် ဖူး သ င့် တဲ့ေ န ရာ တ စ် ခု ပါ ပဲ
    ကို ယ် တို င်ေ ရာ က် ဖူး ချ င်ေ အာ င် ဓါ တ် ပုံ ေ တြ က ဆြဲ ေ ဆ ာ င် ပါ တ ယ်
ေ တာ် တဲ့ ဓါ တ် ပုံ ဆ ရာ ပါ ပဲ
    ReplyDelete
  5. Dear Thet Wai,
    You said that Photography was prohibited. Do they allow visitors in to pay homage to SwelTaw in person closely ?
    ReplyDelete
  6. Thank you for the colorfull and nice post.
    ReplyDelete
  7. ပုံတွေကြည့်ရင်း တဝကြီးလိုက်လည်သွားတယ် မမသက်ရေ။
    ReplyDelete
  8. On your FB you said " ဖူးတာတောင် ပလ္လင်လေးပေါ်မှာ အုပ်ထားတဲ့ စွယ်တော်ကိုပဲ ရည်မှန်းပြီး ဖူးခဲ့ရတာ။ သူတို့ ဖွင့်တဲ့အချိန်က တနှစ်မှာ ရက် နည်းနည်းပဲ ဖွင့်တာတဲ့...။ ".
    I am very disappointed to know it.
    Your information is very useful.
    I feel sorry for those who are frustrated with this management Thank you so much Thet Wai.
    ReplyDelete
  9. အင်ကြင်းပန်းဆိုတာကို အခုမှသေချာမြင်ဖူးတယ်..အရင်က သတိမထားခဲ့မိဘူး...
    ReplyDelete
အမှတ်တရ ရေးခဲ့ပါ...