Friday, July 15, 2016

ကို ကို နဲ့ ကျွ န် မ ရဲ့ ညေ န

ဒီစာကို ကိုကိုဖတ်ရတဲ့အချိန်ဟာ အနည်းငယ် အေးစက်စက်နိုင်ပြီး နေရောင် စောစော ပျောက်သွားတတ်တဲ့ ဆောင်းညနေခင်း မှောင်ရီပျိုးစအချိန်လေး ဖြစ်ကောင်းဖြစ်နိုင်သလို ကိုကို့အိမ် ဧည့်ခန်းထဲက မဟော်ဂနီရောင် တိုင်ကပ်နာရီကြီးဆီက မနက်ဆယ်နာရီ အတွက် သံစုံတီးလုံးမြည်နေချိန်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မက မှန်ရှေ့မှာထိုင်ရင်း ကိုကိုချစ်တဲ့ ညိုဖျော့ဖျော့ဆံပင်ရှည်တွေကို ရှင်းလင်း ဖြီးသင်ပြီးစအချိန် ဖြစ်နေနိုင်သလို တဆစ်ဆစ် ကိုက်ခဲ နာကျင်နေတဲ့ ခေါင်းကိုက်ဝေဒနာကနေ သက်သာလို သက်သာငြား ရေနွေးပူပူရောထားတဲ့ ပျားရည်ထဲကို အဝါရောင်သံပုရာတစ်လုံး ညှစ်ထည့်နေတဲ့ အချိန်လည်း ဖြစ်ချင် ဖြစ်နေနိုင်တာပေါ့။ မနက်စောစော ကော်ဖီချိန် ကိုကို ဖတ်လက်စ စာတစ်အုပ်ရဲ့ စာမျက်နှာတွေမှာ ကျွန်မကို သတိရစရာ စာကြောင်းရေ အနည်းငယ် သို့မဟုတ် တစွန်းတစ ပါဝင်နိုင်ဖို့ သိပ်မသေချာလှပေမဲ့ ကျွန်မ စာအုပ်စင်ထဲက စာအုပ်အတော်များများရဲ့ စာမျက်နှာတိုင်းမှာတော့ ကိုကို ရှိနေခဲ့ပါတယ်။ ကိုကို့အိပ်ယာဘေးက စားပွဲတင်နာရီဟာ တစ်တောက် တစ်တောက်နဲ့ ကုန်လွန်သွားတဲ့ အချိန်တွေအကြောင်း ပြောပြနေခဲ့ပေမဲ့ ကျွန်မ ခေါင်းအုံးဘေးက လက်ကိုင်ဖုန်းကလေးကတော့ ခေါ်သူ မရှိ၊ အေးစက် တိတ်ဆိတ်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲပါ။

အိပ်ခန်းထောင့်က စားပွဲအပုလေးပေါ်မှာ တင်ထားတဲ့ ဖယောင်းတိုင်တစ်ချောင်း တငွေ့ငွေ့နဲ့ ညင်ညင်သာသာ လောင်မြိုက်ပြီး အရည်ပျော်ကျနေချိန်မှာ ထွက်လာတဲ့ ဖယောင်းအညှော်နံ့နဲ့ လာဗင်းဒါးပန်းနံ့ ရောနေတဲ့ အနံ့ဆန်းဟာ ကိုကိုနဲ့ကျွန်မရဲ့ တစ်ခုတည်းသော ညနေခင်းဆီကို မသိမသာရော သိသိသာသာပါ ခေါ်ဆောင်သွားခဲ့တယ်။ အဲဒီညနေတုန်းကလည်း အခုလိုပဲ အဖြူရောင် ဖယောင်းတိုင်တွေ တစ်တိုင်ပြီးတစ်တိုင် လောင်ကျွမ်းပြီး အရည်ပျော်သွားခဲ့တာ ကိုကို မှတ်မိတယ် မဟုတ်လား။ ကိုကို ထပ်ထပ် ဖြည့်ပေးခဲ့တဲ့ ဝိုင်အနီတွေကတော့ ကိုကို့ ဆေးလိပ်မီးခိုးငွေ့တွေကြားထဲမှာ တစ်ခွက်ပြီးတစ်ခွက် ဝေဝါးကုန်ကြတယ်လေ။ အဲဒီဝိုင်အနီတွေ ဖြည့်ထားတဲ့ ရှည်မျောမျော ဝိုင်ခွက်နှစ်ခွက် နှုတ်ခမ်းချင်း တေ့ခတ်ပြီး နှုတ်ဆက် ဖြစ်ခဲ့လား၊ နှုတ်မဆက်ဖြစ်ခဲ့ဘူးလားဆိုတာ သေသေချာချာ မမှတ်မိတော့ပေမဲ့ ကိုကို ကျွန်မကိုတွေ့တွေ့ချင်း နှုတ်ဆက်ခဲ့ပုံလေးကတော့ ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်၊ တသက်စာ အမှတ်တရပါ ကိုကို။ ရီဝေ ရှတ ဝိုင်အရသာနဲ့အတူ ကြည်သာချိုမြ အပြုံးတွေနဲ ပြည့်နှက်နေခဲ့တဲ့ အဲဒီညနေခင်းဟာ ရင်ခုန် ယစ်မူးစရာ… ဘယ်တော့မှ မမေ့နိုင်စရာ။ အဲဒီညနေကို “ကိုကိုနဲ့ ကျွန်မရဲ့ ညနေ” လို့ အမည်တပ်ပြီး စာတစ်ပုဒ် ရေးမယ် ဆိုတဲ့အကြောင်း ကိုကို့ကို ကျွန်မ ပြောဖြစ်ခဲ့ရဲ့လား။

ခေတ်မီဆက်သွယ်ရေးနည်းပညာတွေကြောင့် စာလုံးတွေ စကားသံတွေနဲ့ အများကြီး ရင်းနှီးခဲ့ဖူးပေမဲ့ အတူတူ မျက်နှာချင်းဆိုင် တွေ့ရတဲ့အခါမှာတော့ ပြောစရာစကားတွေဟာ ဟိုးကောင်းကင်ပြာပြာကြီးပေါ်မှာ လွင့်မျော ရွေ့လျားနေတဲ့ တိမ်လိပ်ဖြူဖြူတွေလိုပဲ ဖမ်းဆုပ်ရ ခက်ခဲနေပြန်တယ်။ ထိုင်နေရာကနေ လှမ်းမြင်နေရတဲ့ ဘာမှ မထူးဆန်းတဲ့ မြင်ကွင်းကို ကြံရွယ်ရာမဲ့ ငေးမောရင်း အဲဒီညနေခင်းမှာ အချိန်တွေဟာ ကုန်မှန်းမသိ ကုန်သွားခဲ့တာ။ အလင်းရောင် နည်းပါးသွားတဲ့ ညနေခင်းတွေတိုင်းကို အိမ်ပြန်ချိန်ရယ်လို့ ဘယ်သူကများ သတ်မှတ်ထားခဲ့တာပါလိမ့်။ တွေးနေရင်းမှာပဲ လမ်းမီးတိုင်တွေအားလုံး တပြိုင်နက်ထဲ လင်းလာကြတယ်။ အဲဒီတော့ ကျွန်မတို့ အိမ်ပြန်ကြရတယ်။ ပြန်ခါနီးနှုတ်ဆက်ကြတဲ့ အချိန်လေးမှာတော့ ဘယ်သူမှ မျက်ရည်မဝဲခဲ့တာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ရတောင့်ရခဲ ရှားပါးတဲ့ တွေ့ဆုံခွင့်လေးကို ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလို မက်မော တန်ဖိုးထားရင်း တစ်ယောက်ကို တစ်ယောက် ကျေနပ်ကြရပေမပေါ့။ ပတ်ဝန်းကျင်က လူတွေ အများကြီးရှေ့မှာ ကိုကို့လက်ကို တင်းတင်းဆုတ်ကိုင်ထားရင်း တစ်ခုခု ပြောချင် မှာချင်ပေမဲ့ ကိုယ်တိုင် ဘာပြောချင်မှန်း၊ ဘာမှာချင်မှန်းတွေးလို့ မရခဲ့ဘူး။ အဲဒီ့အခိုက်အတံ့လေးကို ခက်ခက်ခဲခဲ လွန်မြောက်အပြီးမှာတော့ ကိုကို့လက်မောင်းကို လက်သီးနဲ့ မနာအောင် ဖွဖွထိုးရင်း နေကောင်းအောင်နေကွ လို့ အပြုံးမပျက် အရယ်စွက်လို့ ပြောဖြစ်ခဲ့တာ ကိုကို မှတ်မိမယ် ထင်ပါရဲ့။ ဒါဟာ အဓိကအရေးအကြီးဆုံး မှာတမ်းပဲ… နေကောင်းနေမှ ကျန်းမာနေမှသာ ကျွန်မတို့ လျှောက်ချင်တဲ့လမ်းတွေ ဆက်လျှောက်နိုင်မှာ မဟုတ်လား။

ကိုကို့ကို သတိရလို့ အမှတ်တရစိုက်ထားခဲ့ဖူးတဲ့ စပယ်ပန်းပင်လေးမှာ အဖူးတွေ ဝေနေပြီဆိုတဲ့အကြောင်း၊ အပြန်လမ်းမှာ ဒီနေ့အတွက် အမှတ်တရအဖြစ် နှင်းဆီအနီလေး တစ်အိုး ဝယ်ဖြစ်လိမ့်မယ် ဆိုတဲ့အကြောင်း၊ တိမ်ကင်းစင်တဲ့ညတွေမှာ နက်ပြာရောင်ကောင်းကင်ပေါ်က ကြယ်ပွင့်လေးကို တွေ့တိုင်း ကိုကို့ကို လွမ်းဆွတ် သတိရနေမှာ ဖြစ်တဲ့အကြောင်း၊ အမှတ်တရ လက်ဆောင်အဖြစ် ကိုကိုယူလာပေးခဲ့တဲ့ စာအုပ်ကလေးသုံးအုပ်အတွက် ကျေးဇူးတင်တဲ့ အကြောင်း… အဲဒီလို ရောက်တတ်ရာရာတွေ ပြောရင်း လမ်းခွဲခဲ့ကြတဲ့နောက် ကျွန်မရဲ့ အပြန်လမ်းတလျောက်လုံး စပါယ်ပန်းနံ့တွေ လှိုင်လှိုင်ဝေနေခဲ့တယ် ကိုကို။ အိမ်ပြန်ရောက်တော့ အမှတ်မထင် လှမ်းဖွင့်လိုက်မိတဲ့ ရေဒီယိုလိုင်းတစ်ခုမှာ လာနေတဲ့ သီချင်းက ကိုကိုတခါက ခပ်တိုးတိုး ညည်းပြခဲ့ဖူးတဲ့၊ အဆိုတော် ဟဲလေး ဆိုထားတဲ့ သီချင်းတစ်ပုဒ်… သီချင်းနာမည်က ခိုနားရာ တဲ့။

… အို အချစ်လေးရာ နင်နဲ့ငါ မိုင်တွေအများကြီး ဝေးတဲ့အခါ
ရင်ထဲမှာ ဥာဏ်ထဲမှာ အချိန်မှန်သတိရနေပါ…
ကိုယ့်အနားကို လာဖို့ရာ ဘယ်အချိန်အတိအကျ မသိလို့ပါ…
ခိုနားရာ ဟိုအဝေးက စိတ်ချင်း ဆက်ပေးပါ… …

ချစ်စရာ သီချင်းလေးကို စိတ်ထဲကနေ ခပ်တိုးတိုး လိုက်ဆိုနေရင်း ခုလောက်ဆို ကိုကို ကျွန်မကိုလွမ်းနေရောပေါ့ လို့ တွေးမိတယ်။ ညက မှောင်မိုက်ပြီး တိတ်ဆိတ်နေတယ် ကိုကို။ ပြတင်းပေါက်ကနေ မော့ကြည့်တော့ ပိန်းပိတ်အောင် မှောင်နေတဲ့ ကောင်းကင်ကြီးက ကျွန်မကို ကြင်နာဟန် အပြည့်နဲ့ ငုံ့ကြည့်နေခဲ့တယ်။ ကြယ်ပွင့်လေး တစ်ပွင့်တစ်လေများ တွေ့လိမ့်နိုးနဲ့ လိုက်ရှာကြည့်ပေမဲ့ အဲ့ဒီညက ကြယ်လေးတွေ မရှိကြဘူး။ ကိုကို့ရဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာထဲမှာ ကျွန်မ အကြိမ်ကြိမ် ကြွေကျခဲ့ဖူးသလို ကြယ်ကလေးတွေလည်း သူတို့ ချစ်တဲ့သူတွေနား ကြွေကျကုန်ကြပြီထင်ပါရဲ့။

* * * * * *

ဒီစာကိုရေးပြီး ရက်ပေါင်းများစွာ ကျွန်မ ဆက်မရေးနိုင်ပဲ တပိုင်းတစနဲ့ ရပ်ထားမိတယ်။ မနက်ကတော့ ကိုကို့ကို သတိရလွမ်းဆွတ်တဲ့စိတ်တွေနဲ့အတူ ရေးလက်စ စာကလေးကို ပြန်ဖတ်ဖြစ်တယ်။ မျှော်လင့်မထားတဲ့ ကြည်နူးဆွတ်ပျံ့မှုတချို့ကို ရလိုက်တဲ့အချိန်မှာ ကျွန်မ စာကို စိတ်လိုလက်ရ ဆက်ရေးနေမိတယ်။

ကိုကို့ကို ပြောပြရအုံးမယ်။ မမျှော်လင့်ပဲ ကျွန်မ အရင်တပတ်က ခရီးတိုလေးတစ်ခု သွားဖြစ်ခဲ့တယ်။ အဲဒီခရီးက အပြန်မှာ ကိုကို့အတွက် အမှတ်တရ လက်ဆောင် ပါလာခဲ့တယ်။ အဲဒါကတော့ ပုံသဏ္ဍာန်ရော အရွယ်အစားပါ တထပ်တည်း တူညီတဲ့ ကြည့်မှန်ကလေး နှစ်ချပ်ပါ။ အဲဒီ မှန်ကလေးတွေ ရောင်းတဲ့ဆိုင်မှာပြထားတဲ့ အကြီး အသေး၊ အ၀ိုင်း လေးထောင့်၊ ဘဲဥပုံ အစရှိတဲ့ မှန်ချပ်လေးတွေဟာ ထောင်ထားလို့ရတဲ့ ထောက် အမျိုးမျိုး၊ လက်ကိုင်ဒီဇိုင်း အမျိုးမျိုး၊ အရောင်စုံ ပုံသဏ္ဍာန်စုံ ဘောင်ကလေးတွေနဲ့ တချို့ဆို ကနုတ်ပန်းနွယ်လေးတွေ စီခြယ်လို့ အင်မတန်ကို ချစ်စရာကောင်းလှတယ်။ ကနုတ်ပန်းနွယ်ဆိုလို့ ကိုကို့ရဲ့ တချိန်က နွယ့်ကို တခါတလေ သတိရနေတုန်းပဲလားလို့ စိတ်ထဲကနေ ရန်လှမ်းတွေ့မိသေးတယ်။ ကျွန်မ အတော်လေး မိန်းမဆန်လာပြီနော် ကိုကို။ ကိုယ့်အတွေးနဲ့ကိုယ် သဘောကျလို့ ပြုံးရသေးတယ်။

အဲဒီဆိုင်မှာ မှန်ကလေးတစ်ခုချင်းစီကို ကျွန်မ အသေအချာ ကြည့်ပြီး အင်မတန် ကြည်လင်တဲ့၊ မှန်အ၀ိုင်းလေး နှစ်ချပ်ကို ရွေးချယ် ဝယ်ယူဖြစ်ခဲ့တယ်။ ကိုကိုနဲ့ ကျွန်မ နောက်တကြိမ် တွေ့ဖြစ်တဲ့အခါကျရင် အဲဒီ မှန်ကလေးကို အမှတ်တရ ပေးပါ့မယ်။ ကြည့်မှန်ချပ်တွေတိုင်းမှာ ပြင်းထန်တဲ့ အစွမ်းသတ္တိတွေကိုယ်စီ ရှိကြတယ် ကိုကို။ ပြီးတော့ သူတို့တွေကို မှန်မှန်ကန်ကန် နေရာချထားတတ်ဖို့လည်း လိုအပ်တယ်။ အဲဒီလို ထားတဲ့နေရာပေါ် မူတည်လို့ တန်ပြန်တတ်တဲ့ စွမ်းအားမျိုးတွေလည်း ရှိနေသေးတယ်။ အဲဒီ မှန်ချပ်လေးကို ကိုကို့ စာကြည့်စားပွဲပေါ်က ကျွန်မရဲ့ ဓါတ်ပုံဘေးမှာ ထောင်ထားလိုက်နော် ကိုကို။ ပြီးတော့ အဲဒီမှန်ကလေးကို နေ့စဉ် မပျက်မကွက် ကြည့်ရမယ်နော်။ ကိုကိုသိလား… လူတစ်ယောက်ဟာ အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်တော့ မှန်ကြည့်ဖို့ လိုအပ်တယ်။ ကိုကို့စိတ်အတွေး ခံစားချက်၊ အကောင်း အဆိုးနဲ့ အနိမ့်အမြင့် အတက်အကျ၊ စိတ်အလိုကျခြင်း မကျခြင်း၊ စိတ်တိုခြင်း စိတ်ကြည်လင်ခြင်း စတာတွေကို အဲ့ဒီကြည့်မှန်ကလေးမှာ ပေါ်လာမဲ့ ကိုကို့မျက်နှာက အရှိကို အရှိအတိုင်း မကွယ်မဝှက်တမ်း ဖေါ်ပြပါလိမ့်မယ်။ နောက်ပြီး ကိုကို့အနားမှာ ကျွန်မ ရှိမနေနိုင်တဲ့အချိန်၊ ကိုကို ကျွန်မကို သတိရတဲ့အချိန်၊ အိပ်ရာက နိုးနိုးချင်း ဒါမှမဟုတ် ည အိပ်ရာဝင်ခါနီး... အဲဒီလို အချိန်မျိုးတွေမှာ မှန်ကလေးကို ကြည့်ဖြစ်အောင် ကြည့်ပါ။ ပြီးရင် ကျွန်မအကြောင်းကို နည်းနည်းလေးဖြစ်ဖြစ် တွေးပါ။ အနည်းဆုံးတော့ စိတ်ကြည်နူးချမ်းမြေ့မှု တစုံတရာကို ကိုကို ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုကို… ကျွန်မနဲ့ဝေးနေတဲ့အချိန်တွေမှာ သီချင်းနားထောင်ပါ။ စာဖတ်ပါ။ ရုပ်ရှင်ကြည့်ပါ။ လေချွန်ပါ။ ၀ိုင်အနီ သောက်ပါ။ သဘာဝကို ငေးမောပါ။ ဝမ်းသာပျော်ရွှင်စရာတွေကို ချစ်သူ ခင်သူတွေနဲ့ မျှဝေခံစားပါ။ စိတ်ထိခိုက် နာကျင်စရာတွေကို တွေ့ခဲ့ရင်တော့ စာရွက်လွတ်တစ်ရွက်ပေါ်မှာ တန်းစီပြီး ချရေးလိုက်ပါ။ ပြီးတော့ အဲဒီစာရွက်ကို မီးနဲ့ရှို့ပစ်လိုက်ပါ။ ကျွန်မကို သတိရလာတဲ့အချိန်မျိုးမှာ ဟိုးအဝေးကြီးမှာ မှုန်ပြပြ မြင်နေရတဲ့ တောင်တန်းတွေကို လှမ်းကြည့်ပါ၊ တဖက်တချက်မှာ သစ်ပင်စိမ်းစိမ်းတွေနဲ့ ကာရံထားတဲ့ လမ်းကွေးလေးမှာ လမ်းလျှောက်ပါ။ နေသာတဲ့နေ့တွေမှာ ကောင်းကင်ပေါ်မှာ ရွေ့လျားနေတဲ့ တိမ်လိပ်တွေကို လှမ်းကြည့်ပါ။ သူတို့က ကိုကို့ကို ကျွန်မအနား ရောက်လာအောင် တနည်းနည်းနဲ့ လမ်းပြခေါ်ငင်သွားပါလိမ့်မယ်။ ဒီကြားထဲမှာတော့ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် သတိရ လွမ်းဆွတ်ရင်း၊ အိပ်မက်တွေမက်ရင်း၊ ဘယ်တုန်းကမှ ပုံမှန်မဟုတ်ခဲ့တာတွေကို ပုံမှန်ဖြစ်အောင် ကြိုးစားနေထိုင်ရင်း၊ သိပ်များများစားစား မကျန်တော့တဲ့ ဘဝရဲ့ ကန့်သတ်ရက်စွဲတွေထဲမှာ နောက်ထပ်တစ်ကြိမ်တွေ့ခွင့်ရဖို့ မျှော်လင့် စောင့်ဆိုင်းရင်း အရင်လိုပဲ လမ်းဆက်လျှောက်ကြတာပေါ့ နော် ကိုကို။

သက်ဝေ
(၈ မေ ၂၀၁၅)

~ ၂၀၁၆ ဇူလိုင်လထုတ် Look Magazine တွင် ဖေါ်ပြပြီးဖြစ်သည်။

1 comment:

  1. ဒီလို ဆွတ်ပျံ့ကြည်နူးစရာကောင်းတဲ့ အက်ဆေးလေးမဖတ်ရတာကြာပြီ...း)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...