သက်ဝေရဲ့ တံခါး နဲ့  ပတ်သက်တဲ့ ပိုစ့်တွေတိုင်းမှာ အမြဲတမ်း လာဖတ်ပြီး စိတ်ဝင်စားစွာ Comment တွေ ရေးခဲ့ကြတဲ့ သူငယ်ချင်းများကို ကျေးဇူး အထူးပါ။ အဲဒီ Comment တွေထဲက မုတ်သုန်လေ ရဲ့  Comment ရှည်ကြီးနဲ့  တကွ လက်ဆောင်ပေးခဲ့တဲ့ ကဗျာလေးကို ပိုစ့်တစ်ခု အဖြစ် ပြန်တင်ပေးလိုက်ပါတယ်။
မုတ်သုန်ရဲ့  Comment..
စာကအဆုံးသတ်သွားပြီလား... ဆက်ရှိနေသေးလား... ဆက်ရေးဖို့ကျန်နေသေးလား...
အဲဒါကိုသိချင်ပါတယ်အစ်မ။
ပြီးသွားပြီဆိုရင်တော့ သုံးခုလုံးပေါင်းပြီး တစ်ပုဒ်အနေနဲ့ပြန်တင်ပေးပါလား...
မချစ်တာ၊ မချစ်နိုင်တာ အဲတာတွေက အပြစ်မှ မဟုတ်တာပဲလေ။
အချစ်ဆိုတာမျိုးက ငါပေးတယ် နင်လည်း ငါ့ပြန်ပေးလို့ပြောလို့မရသလို ကလေးတွေရန်ဖြစ်လို့ငါကျွေးထားတဲ့မုန့် တွေ ပြန်ပေးလို့ ပြောလို့ရနိုင်တာလည်းမဟုတ်ဘူး။
ချစ်တာတွေအတွက် ချစ်တဲ့သူရော၊ ပြန်မချစ်နိုင်လို့ မချစ်ခဲ့လေတဲ့ အချစ်ခံရသူရော၊ ဘယ်သူမှာမှ အပြစ်မရှိပါဘူး..။
နောက်ဆုံး မတွေ့ကြရတော့လို့အမှတ်ရစရာတွေ ပြန်လွမ်းဆွတ်မိတယ်ဆိုရုံနဲ့ပဲ အချစ်ဟာ လိုချင်တက်မက်မှု၊ ဖြည့်ဆည်းလိုက်မှုတွေထက် ပိုသော သံယောဇဉ်တစ်ခု အသွင်ပြောင်းသွားတာ ဘယ်လောက်လှလဲအစ်မ။
ဇာတ်လမ်းထဲက မိန်းကလေးအနေနဲ့လည်း အပြစ်တင်နေစရာ မလိုသလို ဇာတ်လမ်းထဲက ကောင်လေးအနေနဲ့ကလည်း အပြစ်တင်နေစရာ မလိုပါဘူး။
အဲဒါက အပြစ်ကင်းတဲ့ချစ်ခြင်းလေ...။ ဘယ်သူ့မှာမှအပြစ်မရှိပါဘူး။
လှတဲ့ချစ်ခြင်းကို ပိုလှသွားအောင် အရောင်တင်ပေးလိုက်တာကိုက အရမ်းကို လှသွားပါတယ်။ ကောင်လေးနေရာကလို့ဆိုနိုင်မလား...
ကျွန်တော် ကဗျာတစ်ပုဒ် ရေးခဲ့ဖူးတယ်။
အစ်မအတွက် လက်ဆောင်ပေးလိုက်ပါတယ်...။
ရောက်မလာတော့မယ့် ချစ်ခြင်းကို စောင့်နေတဲ့ ချစ်ခြင်း
(၁)
မသေဆုံးတဲ့ ပင်လယ်မှာ
အဆုံးမသတ်တဲ့ လှိုင်းတွေရှိသလို
မသေဆုံးသေးတဲ့ လူတွေမှာလည်း
အဆုံးမရှိတဲ့ အချစ်တွေရှိနေမယ်။
(၂)
ဖြူစင်တဲ့ ချစ်ခြင်းတရား
ရှင်းသန့်တဲ့ ချစ်ခြင်းတရား
လှပတဲ့ ချစ်ခြင်းတရား
ရိုးသားတဲ့ ချစ်ခြင်းတရား
ချစ်ခြင်းတရားတွေ အဖြေရှာ
အားလုံး သေဆုံးသွားတောင်
ရှင်သန်နေဦးမယ့် ချစ်ခြင်းတရား
အမြဲလှပ နေမှာလား။
(၃)
ချစ်ခြင်းတရားကို ပိုင်ဆိုင်သူများနဲ့
ချစ်ခြင်းတရားကို မွတ်သိပ်သူတို့ရဲ့
နေသားအကျ မရှိခဲ့ခြင်းများ
အလွမ်းရောင် ထင်ဟပ်
ပြည့်စုံခဲ့ပါသလား... ချစ်ခြင်း။
(၄)
ရင့်နေတဲ့ အလွမ်းတွေနဲ့
မဆုံးနိုင်သော အချစ်တွေနောက်က
မရပ်တန့်သော အတွေးစက်ဝန်းများ
အဆွေးရောင်တို့လွန်ခဲ့ပြီ။
(၅)
တစ်ရံတခါ
မလှပခဲ့ရတဲ့ ချစ်ခြင်းတရား
ဘယ်လိုကြုံတွေ့ကြပါစေ
ဖြစ်သူတွေသာ ဟောင်းခဲ့ရပေါ့။
အလွမ်းတွေနောက်ပြန်လှည့်
ချစ်ခြင်းပြန်လာမယ်။
(၆)
မွတ်သိပ်ဆန္ဒတွေ
မွန်းကျပ် စိတ်အနေတွေနဲ့
လွဲချော် ဆုံမှတ်တို့အတွက်
မဆုံးသေးတဲ့ ချစ်ခြင်းတရား
တစ်နေ့ ပြန်လာခဲ့မယ်တဲ့....။
ရောက်မလာသေးတဲ့ အချစ်အတွက်
မျှော်စောင့်နေရင်း
ခါးသီးနေ့ရက်တွေဆန်တက်
အပြန်ခရီးအလှည့်မှာ
ကမ်းလင့်နေမယ့် အချစ်များ
တလက်လက်တောက်ပလို့။ ။
မုတ်သုန်လေ [25-Oct-2007]
စာကြွင်း ။ ။ မုတ်သုန်ရေးထားခဲ့တဲ့ Comment ကို သေသေချာချာဖတ်ပြီး.. စဉ်းစားနေတုန်းဘဲ..။
တံခါး ၃ ပုဒ်ကို ကျစ်ကျစ်လစ်လစ် ပေါင်းစည်းဖို့  ကိုလဲ ကြိုးစားကြည့်ပါအုံးမယ်။
စိတ်ထဲမှာတော့ နောက်ထပ် တံခါးတွေအကြောင်းလဲ ဆက်ရေးချင်နေသေးတယ်လေ..။
တကယ်တော့ စိတ်ဆိုတာ တံခါးရွက်တွေနဲ့  ပိတ်ဆီး ကာရံလို့ မရတဲ့ အရာတစ်ခု ဖြစ်တာမို့  စိတ်ထဲမှာ အတွေးစိတ်ကူးတွေ ရှိလာတဲ့ အချိန်တိုင်းမှာ တံခါးတွေ ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ.. ရေးမိနေအုံးမယ် လို့ ထင်ပါတယ်။
ဒီအတိုင်းပါဘဲ… အချစ်ဆိုတာလဲ ဘယ်လိုမှ တားဆီးပိတ်ပင်ထားလို့  မရတဲ့ သဘာဝ ရှိတာမို့  နှလုံးသား တံခါးတွေ ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ.. ပွင့်ပွင့်လင်းလင်း ချစ်ဖို့  အခွင့်အရေးရှိသူတွေက လူသိရှင်ကြား ချစ်ကြပြီး.. ဒီအခွင့်အရေးနဲ့  ဝေးဝေးရောက်နေတဲ့ သူတွေကတော့ ရင်ထဲကနေဘဲ သိုသို သိပ်သိပ် ချစ်ကြရတယ်ပေါ့..။
အဲဒါတွေကို တွေးတောခံစားကြည့်ရင်း အဲဒီ တံခါးတွေ အကြောင်းကို ရေးဖြစ်နေတာပါ..။