Thursday, December 31, 2009

နှစ်သစ်ကူး သန္နိဋ္ဌာန်

ဒီနေ့ တစ်နှစ်တာ မကြိုက်များ ဆိုတဲ့ ပိုစ့်ကို ပန်ဒိုရာ ဘလော့ဂ်မှာ တွေ့ခဲ့ ဖတ်ခဲ့ရပါတယ်။ ဟိုတနေ့က ကိုယ့်ရဲ့ ပိုစ့်အဟောင်းတွေ ပြန်ဖတ်ရင်းနဲ့ တချိန်က Tag ပိုစ့် တခုဖြစ်တဲ့ ကိုယ့်အကြိုက် ဆန္ဒ ခံယူချက် နဲ့ ဖြစ်တည်မှု ဆိုတဲ့ ပိုစ့်ကို ပြန်တွေ့ရင်း တွေးမိပါသေးတယ်…။ အော်… လူတွေက ကိုယ့်အကြိုက်တွေကိုချည်း ရှေ့တန်းတင် ပြောဆိုနေလိုက်ကြတာ မကြိုက်တာတွေကျတော့ ဘယ်သူမှ အရေးတယူ လုပ်ပြီး မပြောကြဘူးလို့ တွေးလိုက်မိတာပါ။ တွေးပြီးတော့လဲ မေ့မေ့ပျောက်ပျောက်ပါပဲ…။ (အခုတော့ ပန်ပန့်ကြောင့် ပြန်သတိရသွားပြီ…။ ကျေးဇူး ပန်ပန်…)

တနှစ်တာ မကြိုက်များ ဆိုတာကို ပန်ပန်က သူ့စိတ်ကူးလေးနဲ့သူ ရေးထားတာပါ… ဒါကို ကိုယ်က ကိုယ့်ကိုလဲ Tag မလုပ်ပါပဲနဲ့ သူ လာ Tag လို့ပဲ ရေးရသယောင်ယောင် (ဇွတ်အတင်း) ယူဆပြီး ကိုယ်ရေးချင်နေတဲ့ ကိုယ့်ရဲ့ မကြိုက်များ ကို ရေးလိုက်ပါတယ်…။

“ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေကို စာစီကုံးရင် ဘာလီပုံးနဲ့ တပုံး အပြည့်ပါပဲရှင်..." လို့ အစချီပြီး ရေးမယ်လို့ ပန်ပန့်ကို ပြောပြတော့ သူက “အို… မကြိုက်တာတွေကို ပြောရမယ်ဆို အိမ်က လူကြီးက စ တာပါပဲရှင်…” လို့ အစချီဖို့ အကြံကောင်း ပေးလာပါတယ်…။ ပထမတော့ စိတ်ထဲ ဟုတ်သလိုလိုရှိပေမယ့် ချက်ချင်းပဲ သတိရသွားတယ်…။ ဟာ... ဒီလိုတော့ မဖြစ်သေးဘူးလေ… မနေ့တနေ့ကပဲ စိတ်ကောင်း စေတနာကောင်းနဲ့ ဟို နှစ်ကျပ်ခွဲကြီး ရော အနီးကပ် ဆွဲရိုက်လို့ရတဲ့ မှန်ပြောင်းရော ဝယ်ထားပေးတဲ့ ဥစ္စာ… ဒီလိုကြီး အစချီလို့တော့ဖြင့် ဘယ်သင့်တော်ပါ့မလဲ လို့တွေးပြီး ဒီကိစ္စကို ရပ်တန်းက ရပ်လိုက်ပါတယ်…။

ကိုယ့်ရဲ့ မကြိုက်များ ဆိုတာ သူများတွေကို မကြိုက်တာထက် ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေကိုပဲ ဦးစားပေး ပြောပါရစေ…။ မဟုတ်ရင် ချောင်းရိုက်ချင်တဲ့သူတွေ များပြီး ၂၀၁၀ စ စချင်းမှာ ပြေးပေါက်မှားနေမှာ စိုးရပါတယ်။

ကဲ… လာပြီ… ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေ ပြောတော့မယ်နော်…။

ဒီနှစ်ထဲမှာ…

- ဘလော့ဂ်ကို အချိန်ပေးတာ သိပ်များလွန်းတယ်၊ ည ညဆို နာရီကို မကြည့်ပဲ အချိန်မရှိ အချိန်ရှိ စာရေးနေတာ၊ ဘလော့ လည်တာ၊ ဘလော့ဂ် ဖတ်တာ၊ ဝတ္ထုတွေဖတ်တာ၊ Facebook မှာ မွှေနေတာတွေ မကြိုက်ဘူး။ ဖတ်စရာရှိတဲ့ စာတွေ မဖတ်နိုင်၊ ရုပ်ရှင်တွေ ဘာတွေလဲ မကြည့်နိုင် အချိန်ရှိသ၍ ဘလော့ဂ်နေတာ… အနီးဆုံးလူက တခါတခါ ကြည့်မရလွန်းတော့ အချိန်နဲ့ပတ်သက်ရင် အပြစ်တင်တတ်တဲ့ အခါ ထုံပေပေ ဂျစ်ကပ်ကပ် လုပ်နေတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် မကြိုက်ဘူး။

- ကွန်ပျူတာနဲ့ မျက်နှာအပ်တဲ့ အချိန်တွေများနေတော့ အပြင်လောကက သူငယ်ချင်းတွေ လူသားတွေနဲ့ တော်တော်လေး အဆက်အသွယ်ပြတ်တယ်။ သူငယ်ချင်း မိတ်ဆွေတွေဆီ ဖုန်းကို မဆက်လို့ မဖြစ်တဲ့ အနေအထားကျမှ ဆက်ဖြစ်တော့တယ်။ ဒါတောင် တခါတခါ ဖုန်းပြောရင်း မျက်စေ့က မော်နီတာမှာ၊ လက်က ကီးဘုတ်မှာ…။ ရန်ကုန်က အချစ်ဆုံး သူငယ်ချင်းတယောက်ဆို သူ့ဆီ အရင်က နှစ်ပတ် တခါလောက် ဆက်နေရာက နှစ်လလောက်ကြာမှ ဖုန်းတခါ ဆက်မိလို့ ငိုတယ်…။ ကြိုက်ချင်စရာကောင်းသေးလား… ကဲ…

- ဒီလိုနဲ့ ည ည အိပ်ရေးတွေပျက်၊ အိပ်ရာထဲရောက်တော့လဲ အိပ်မပျော်… ဒီတော့ အလကားနေ အလကားပဲ ဆိုပြီး နားထဲ နားကြပ်ထည့်ပြီး သီချင်းနားထောင်တယ်…။ နိုးတဝက် အိပ်တဝက်နဲ့ပေါ့…။ ပြီးတော့ မနက် အိပ်ရာထ နောက်ကျ၊ ကော်ဖီတခွက် အမြန်မော့ပြီး မျက်နှာပြောင်နဲ့ ရုံးကို သွားရတာ မကြိုက်ဘူး။ နှုတ်ခမ်းနီတောင်မှ မီးပွိုင့်မှာ ကားရပ်ရင်း ကမန်းကတန်း ဆိုးရတာ…

- ဒီတနှစ်လုံး ဝယ်တာ ခြမ်းတာ (ဖြုန်းတီးတာ) သိပ်များနေတယ်… ရသမျှ တလ တလ အလျင်ကို မမှီချင်ဘူး။ လိုတာလဲဝယ် မလိုတာလဲဝယ် တွေ့တိုင်း မြင်တိုင်း ဝယ် ဝယ်နေတတ်တာကို မကြိုက်ဘူး။

- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အိမ်မှာတော့ စားပါရဲ့။ ဒါပေမယ့် အပြင်လဲထွက်ရော ထင်ရာမြင်ရာတွေ ကိုယ်လဲစား သူတို့ကိုလဲ ကျွေးဖြစ်နေတာကို မကြိုက်ဘူး။ ကိုယ့်ကမ္ဘာလုံးလေးဆို တော်တော်လုံးနေပြီ။ ပြီးတော့ အချိန်ရှိပါရက်၊ အခြေအနေလဲ ပေးပါရက်နဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းနေတာ (လှုပ်ရမှာ ပျင်းနေတာ) ကိုလဲ မကြိုက်ဘူး။

ဒါတွေက ကိုယ့်ရဲ့ နေ့တဒူဝ ဖြစ်နေတဲ့ အခြေအနေတွေထဲက မကြိုက်တာတွေ…။

နောက်ထပ် ကိုယ်မကြိုက်တာတွေက မရိုးသားတဲ့သူတွေ…။ စကားကို ဝေ့လည်ချောင်ပတ် ပြောတတ်တဲ့သူတွေ…။ ကိုယ့်အပြစ်လွတ်အောင် (သို့) ကိုယ့်အပြစ်ကို ဖုံးကွယ်ရာရောက်အောင် စကားတွေကို လမ်းကြောင်းလွှဲပြီး ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် သာသာထိုးထိုး ပြောတတ်တဲ့သူတွေ…။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အသားလွတ် အထင်တွေကြီး၊ ဘဝင်တွေမြင့်ပြီး အောက်ခြေလွတ်နေကြတဲ့သူတွေ…။ မရှိကို အရှိလုပ်၊ မသိတာကို အသိလုပ်ပြီး ဟန်ဆောင်နေတတ်တဲ့သူတွေ…။ အခုတလော အဲဒီလို လူမျိုးတွေကို တွေ့တွေ့နေရတယ်…။ မကြိုက်ဘူး။

ငြင်းတာ ခုန်တာ ဝါသနာမပါလို့ ငြင်းနေတာတွေတွေ့ရင် မကြိုက်တတ်လို့ ဝေးဝေးက ရှောင်တယ်။ ပြီးတော့ အခုတလော စကားနည်းနည်းပဲ ပြောချင်တယ်။ အနားမှာ အရည်မရ အဖတ်မရ စကားတွေ အလွန်များတဲ့သူတွေ၊ အကြောင်းအရာတခုခု ပြောနေရင် မပြီးတော့ပဲ လိုရင်းကို မရောက်တာမျိုးတွေကို မကြိုက်ဘူး။ နောက်တခုကတော့ အသက်အရွယ်နဲ့လဲ ဆိုင်ပါလိမ့်မယ်… စိတ်မရှည်နိုင်တာတွေ၊ သည်းမခံနိုင်တာတွေ တဖြည်းဖြည်းများလာတာ ကောင်းတဲ့ လက္ခဏာတခု မဟုတ်လို့ မကြိုက်ဘူး။

ဘာသာရေးနဲ့ ပတ်သက်လို့လဲ ငါးပါးသီလ လုံအောင်ကြိုးစားတာရယ်၊ အလှုအတန်း နဲနဲပါးပါးရယ် ကလွဲလို့ ဘာမှ အားထုတ်ကြိုးပမ်း မလုပ်ဖြစ်ဘူး။ တချို့သူငယ်ချင်းတွေ (မသီတာတို့ သင်းနွယ်ဇင်တို့လို) ရိပ်သာတို့ တရားစခန်းတို့ မသွားဖြစ်ဘူး။ ဘယ်နေ့ ဘယ်အချိန် သေမယ်ဆိုတာ မသိတဲ့အတွက် နောက်ဘဝကို ဘဝကူးကောင်းအောင် ကိုယ့်နောက်ပါနိုင်တာတွေကို လုပ်ဖို့ လိုအပ်တယ် ဆိုတာကို သိသိကြီးနဲ့ မေ့ထားသလို ဖြစ်နေတာ မကြိုက်ဘူး။

အချိန်တွေ စီမံခန့်ခွဲတာ ညံ့တော့ လုပ်စရာရှိတာတွေကို အမြဲတမ်း အချိန်ဆွဲပြီး နေ့ရွှေ့ ညရွှေ့ လုပ်နေမိတယ်။ ဘေလ်တွေ ပေးဖို့တွေဆို အမြဲရက်ကပ်မှ လုပ်ရလေ့ရှိတယ်။ ဖုန်းဘေလ်ဆို Reminder အမြဲရတယ်။ ဒီလို ရွှေ့ရင်း ရွှေ့ရင်းနဲ့ လူက တဖြည်းဖြည်း အကျင့်ပျက်ပြီး မေ့တတ်လာတယ်။ အရင်က တခါမှ မမေ့ခဲ့ဖူးတဲ့ အရာတွေမှာပါ မေ့တတ်လာတာ မင်္ဂလာတပါး မဟုတ်လို့ မကြိုက်ဘူး။

သေသေချာချာ စဉ်းစားရင် နောက်ထပ် မကြိုက်ချင်စရာတွေ အများကြီး ရှိနေအုံးမှာ… ခုတော့ ဒီလောက်ပဲ စဉ်းစားလို့ ရသေးတယ်။ ရသလောက်ပဲ ရေးပြီး ရပ်လိုက်တော့မယ် စိတ်ကူးတယ်။ (တွေ့လား… ဒါ အလွယ်တကူ ပြီး ပြီးရော လုပ်တတ်တဲ့ အကျင့်လေ…။ မကြိုက်ဘူး…)

အခုလို ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေ ပြန်သုံးသပ်ရတာ တော်တော်များများ ပေါ်လာတဲ့အတွက် အင်မတန်မှ အားရမိပါတယ်။ (ပိုစ့်လဲ ရှည်ရှည်ရတာက တကြောင်းပေါ့)။ နောင်နှစ်ခါမှာ ဒါတွေကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုပြင် တည့်မတ်သွားလို့ ရတာပေါ့ လို့ ရသေ့စိတ်ဖြေ တွေးမိပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ နှစ်သစ်ကူး သန္နိဋ္ဌာန် (New Year Resolution) လို့ ပြောလို့ ရပါတယ်။

ခုလဲ ဒီပိုစ့်ကိုရေးနေရင်း အချိန်က အတော်လေးကို လင့်နေပြီမို့ အနီးဆုံးလူက မှုန်တေတေနဲ့ ကြည့်နေပါပြီ။ ဒီနှစ် ၂၀၀၉ ကုန်ပြီး ၂၀၁၀ နှစ်သစ်ကို ပြောင်းဖို့ရာကလည်း ၂၄ နာရီ နီးပါး လိုသေးတာမို့ (နောင်နှစ်မှ စပြီး ပြုပြင်မယ်လို့လဲ တွေးထားလေတော့...) ကိုယ့်ရဲ့ အဆိုးကို မသိမသာလေး မေ့ဖျောက်ထားရင်း ပေတေပြီး ဆက်ရေးနေမိတယ်။ သို့သော်လည်း ကြည့်ရတာ သိပ်အခြေအနေ ဟန်ပုံမပေါ်တာကြေင့် သူ့ကို နောက်နှစ်ခါက စပြီး “သူငယ်ချင်းများနဲ့ Facebook လဲ လျော့ပါ့မယ်... အိမ်မြဲပါ့မယ်… သန်းခေါင်ညဥ့်နက် ဘလော့ဂ်ထွက်မလည်… အရင်တုံးက အချိုးမျိုးပြင်ကာ… လိမ်မာပါ့မယ်...” လို့ (စပ်ဖြဲဖြဲနဲ့) ဆိုပြပြီး ရေးလက်စ ပိုစ့်ကို မြန်မြန် လက်စသတ်လိုက်ပါတော့တယ်။

၂၀၁၀ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ သာယာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Tuesday, December 22, 2009

နှစ်ကျပ်ခွဲ ဇာတ်လမ်း

ဟိုတလောက သူငယ်ချင်း တီတီဆွိ က ပြား၂၀ မဆွိတီ ဆိုပြီး ပိုစ့်တခုတင်ထားခဲ့ပြီး ဒီတခါကျတော့ ကိုယ်က နှစ်ကျပ်ခွဲ ဇာတ်လမ်းဆိုလို့ ဒီသူငယ်ချင်းနှစ်ယောက် ငွေရေး ကြေးရေးတွေ အတော်ပြော... ဘာတွေများ ဖြစ်နေကြပါလိမ့်လို့ မတွေးကြနဲ့လေ.. နော်။

နှစ်ကျပ်ခွဲ ဇာတ်လမ်း ဆိုတာက ဒီလိုပါ။
ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အလွန်တရာမှ ရိုး အ တဲ့ လူတယောက်ရှိတယ်တဲ့။ သူက ရွာထဲမှာ ဟိုဟိုဒီဒီ ကြုံရာ ကျပမ်း အလုပ်လေးတွေ လုပ်ပြီး ရသမျှ ပိုက်ဆံလေးတွေကို ကြိုးစားပမ်းစား စုဆောင်းလေသတဲ့။ ဒီလိုနဲ့ တနေ့မှာတော့ သူ့လက်ထဲ ပိုက်ဆံ နှစ်ကျပ်ခွဲ ရှိလာပါလေရောတဲ့…။ ဒီအခါမှာ သူ စုဆောင်းထားတဲ့ အဲဒီ ပိုက်ဆံလေး နှစ်ကျပ်ခွဲကို ဘယ်မှာမှ ထားစရာမရှိအောင် ဖြစ်နေတယ်။ သူက အလုပ်တွေ တပင်တပန်းလုပ်ပြီး စုဆောင်းထားရလေတော့ သူ ဒီပိုက်ဆံလေးကို အလွန် တန်ဖိုးထားတာပေါ့လေ။ (ဟိုခေတ်တုန်းက နှစ်ကျပ်ခွဲက တော်တော်လဲ တန်ဖိုးရှိပေတာကိုး…။)

ပြီးတော့ သူ့စိတ်ထဲမှာ သူတယောက်ထဲမှာသာလျှင် အဲဒီလောက် များတဲ့ ပိုက်ဆံတွေ ရှိနေတယ်လို့ ထင်နေတာ။ ဒီတော့ သူက သူ့ပိုက်ဆံ နှစ်ကျပ်ခွဲကို တနေ့ တနေရာ ပြောင်းပြီး လျှို့ဝှက်စွာ သိမ်းဆည်းလိုက်၊ လူခြေတိတ်တဲ့ အချိန်မျိုးတွေမှာ ထုတ်ပြီး ရေတွက်ကြည့်လိုက်နဲ့ တနေ့တနေ့ အရူးတယောက်လိုပဲ ဖြစ်နေတာ တဲ့လေ။

ဒီလိုနဲ့ တနေ့ကျတော့ သူတို့ ရွာမှာ ဘုရားပွဲတခုကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ဖြစ်လာသတဲ့။ ဒီအခါမှာ ရွာသူ ရွာသားတွေဟာ အလှုအတန်းမှာ ပါဝင်ဖို့ အတွက် သူတို့မှာ ရှိတဲ့၊ သူတို့ စုဆောင်းထားတဲ့ ငွေကြေးတွေကို ရွာဦး ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးဆီမှာ လာပြီး လှုကြ တန်းကြတယ်။ ဒီတော့ ခုနက နှစ်ကျပ်ခွဲ ပိုင်ရှင်က သူ့တယောက်ထဲမှာသာ ဒီလောက်များတဲ့ ပိုက်ဆံတွေ ရှိနေတယ်လို့ ထင်ထားရာက အခုကျတော့ လူတိုင်းက သူတို့မှာ ရှိနေတဲ့ နှစ်ကျပ်ခွဲမကတဲ့ ပိုက်ဆံတွေကို လာလှုနေကြတာတွေ့တော့ အခုလို ရေရွတ်သတဲ့။

"အော်… လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိကြတာချည်းပါပဲလား…။

အမှန်ကတော့ ဒါဟာ ပုံပြင်လဲမဟုတ်… ဘာမဟုတ် ညာမဟုတ် စကားလေး တခွန်းအကြောင်းပါ။ ဒါပေမယ့် အဲဒီ စကားလေးဟာ ဘာလို့များ ကိုယ့်အတွက် နှစ်ကျပ်ခွဲ ဇာတ်လမ်းရယ်လို့ ဖြစ်နေတာလဲ ဆိုတာ ဆက်ပြောပြပါ့မယ်။

အခုတလော ခရစ်စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်ရာသီမှာ နေရာတိုင်းမှာ လူတွေ ပျားပန်းခတ် သွားလာ လည်ပတ် လှုပ်ရှားနေကြတာတွေ တွေ့မိကြမှာပေါ့နော်။ နေရာတွေတိုင်းမှာလဲ ပွဲတော်အတွက် ပြင်ဆင်ထားတဲ့ အလှအပတွေ၊ မီးလုံး မီးဆိုင်းတွေ၊ ရွှေရောင် ငွေရောင်တွေ တလက်လက်တောက်ပနေတဲ့ ခရစ်စမတ် သစ်ပင်တွေ အများကြီး တွေ့မိကြမယ် ထင်ပါတယ်။ အဲဒီလိုနေရာတွေမှာ လူအများစုဟာ ဒီအတိုင်း လျှောက်ကြည့်နေရုံတင်မက မီးရောင်တွေ တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေ ရိုက်နေကြတာကိုလဲ သေချာပေါက် မြင်တွေ့ကြရမှာပါ။

ပြဿနာက အဲဒီမှာ စတယ်။ လမ်းတလျှောက် ဓါတ်ပုံရိုက်နေတဲ့သူတွေ တော်တော်များများ (တော်တော်များများ) ရဲ့ လက်ထဲမှာ တွေ့ကြရမှာက ဟိုးမနှစ် တနှစ်လောက်ကလို ဒစ်ဂျစ်တယ် ကင်မရာ ခပ်သေးသေး ခပ်ပါးပါးတွေ မဟုတ်ကြတော့တာကိုပါ။ သူတို့တွေ ရိုက်နေကြတဲ့
ကင်မရာတွေက Nikon တို့ Canon တို့ က ထုတ်တဲ့ DSLR ဆိုတဲ့ Lens အကြီးကြီးတွေနဲ့ အမည်းရောင် အကြီးစား ကင်မရာတွေပါပဲ။ သုံးချောင်းထောက် စင်တွေရော… ကြီးမား ရှည်လျားလှတဲ့ Lens တွေကိုရော တလေးတလံ ထမ်းပိုးပြီး ဓါတ်ပုံရိုက်နေကြတဲ့ သူတွေကို တွေ့ရတော့ ကိုယ်လဲ အဲဒီလို ကင်မရာ အကြီးကြီး တခုလောက် လိုချင်စိတ် ဖြစ်လာမိပါတယ်။

ဒီကိစ္စ အိမ်မှာပြောပြတော့ သူက ဘာတွေကို ရိုက်မှာမို့လို့ ဒီလိုမျိုး ကင်မရာ လိုချင်ရတာလဲ လို့ မေးပါတယ်။ ကိုယ်ကလဲ (ဝယ်ပေးချင်စဖွယ် ဖြစ်အောင်) တွေ့ရာ မြင်ရာ အကုန်ရိုက်မှာပေါ့… လို့ ဖြေမိပါတယ်။ ဒါတင်မက အခုရှိနေတဲ့ ရိုးရိုးကင်မရာတွေက ညဖက်များမှာ ရိုက်ရင် ပုံကောင်းကောင်း မရကြောင်း၊ ဒီလို ကင်မရာ အကြီးကြီးတွေကမှ ပုံကောင်းကောင်းရနိုင်တာ ဖြစ်ကြောင်း၊ လူတော်တော်များများမှာ အဲလို ကင်မရာ အကြီးစားတွေ ကိုယ်စီ ရှိနေကြပြီဖြစ်ကြောင်း စတာတွေနဲ့အတူ တနေ့က ရောက်ခဲ့တဲ့ အောချတ်လမ်းမကြီးပေါ်မှာ ဓါတ်ပုံရိုက်နေကြတဲ့သူတွေကို ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။ ပြီးတော့ ဟိုတနေ့က ရောက်ခဲ့တဲ့ စာပေဟောပြောပွဲမှာလဲ နာမည်ကြီး ဘလော့ဂ်ဂါတွေဟာ အဲဒီလို ကင်မရာ အကြီးကြီးတွေ အသီးသီး ကိုင်ဆောင်ပြီး သကာလ စာရေးဆရာ ဆရာမများကို သူ့ထက်ငါ အပြိုင်အဆိုင် ဓါတ်ပုံတွေ ရိုက်နေကြကြောင်းကိုပါ ဖြည့်စွက် ပြောဆိုမိပါသေးတယ်။ အဲဒါတွေအပြင် (ဆိုင်ဆိုင် မဆိုင်ဆိုင်) ကျောင်းက အင်ဂျင်နီယာ သူငယ်ချင်းတွေ တော်တော်များများမှာ အဲလို ကင်မရာတွေ ကိုယ်စီ ကိုယ်ငှ ရှိနေကြပြီ ဖြစ်ကြောင်းကိုလည်း ပြောမိပါသေးတယ်။ ပြောလို့ မနိုင် နိုင်တာနဲ့ ကိုင်ပေါက်တဲ့ သဘောပါ။ (အင်ဂျင်နီယာ မဟုတ်သူများ စိတ်မရှိကြပါနဲ့နော်..)

အခု လက်ရှိ အနေအထားမှာ သူ နဲနဲတော့ တွေဝေစပြုနေပါပြီ။
ဒီကြားထဲ ကိုယ့်အတွက် စစ်ကူတယောက်လဲ ရှိနေပါသေးတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ ဖေဖေပါ။ သူ့ကိုလဲ ကိုယ့်အတွက် စစ်ကူအဖြစ် တတပ်တအား ပါဝင် ကူညီဖို့ ပြောထားပါတယ်။ ကိုယ် ပြောတဲ့စကားကလဲ တော်တော်လေးကို ချစ်စရာ ကူညီချင်စရာ ကောင်းပါတယ်။ အဲဒါကတော့ “သူ မဝယ်ပေးရင် ဖေဖေ ဝယ်ပေးရမှာနော်…” လို့ပါ။ မေမေကလဲ သူတတ်နိုင်သလောက် တဖက်တလမ်းကနေ ကိုယ့်ကို အားပေး ကူညီပါသေးတယ်။ တီဗွီမှာ Canon EOS ကြော်ငြာလာတိုင်း သမီးရေ… ဒီမှာ.. ဒီမှာ... လာနေပြီ... လို့ ခေါ် ခေါ်ပြီး အသိပေးခြင်း နည်းနဲ့ပါ။ အရေးထဲ သူငယ်ချင်းတယောက်က အဲဒီကင်မရာရဲ့ တန်ဖိုးက ပိုက်ဆံအိတ် တလုံးစာလောက် ရှိတယ်နော် စဉ်းစားအုံး... လို့ ပြောလာလို့ ကိုယ့်ခေါင်းထဲက သချာင်္တွက်စက်တွေ နဲနဲတော့ အလုပ်များသွားပါသေးတယ်။ ဒါပေမယ့်လဲ ပိုက်ဆံအိတ်က ဖေဖေါ်ဝါရီလ IC Show လာရင် မျှော်လင့်နိုင်သေးတာမို့ အခု ၂၀၁၀ နှစ်သစ်ကူးအတွက်တော့ ဒီ ကင်မရာကိုသာ…

နောက်ဆုံးမှာတော့ ကိုယ် အဲဒီ အကြီးစား ကင်မရာကို အလွန်လိုချင်ကြောင်း သူတို့တွေ အားလုံး အခါမလပ် သတိရနေစေဖို့ အချိန်လုံး မိုးလင်း မိုးချုပ် တတွတ်တွတ်နဲ့ သတိပေး ရေရွတ်နေမိတဲ့ စကားကတော့…

“လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိနေကြပြီနော်…” လို့ပါ.။

ခုထိတော့ မလျှော့သော ဇွဲလုံ့လနဲ့ ကြိုးစားနေဆဲပါ။
အဲ… မကြာခင် အချိန်တွေမှာ ဒီဘလော့ဂ် စာမျက်နှာပေါ်မှာ ကိုယ်တို့ စင်္ကာပူကျွန်းပိစိမှာ ရှိနေတဲ့ ရှိစုမဲ့စု တောင်ပုံတွေ၊ တိမ်ပုံတွေ၊ ကမ်းစပ်က ရေလှိုင်းပုံတွေ၊ ရှုမျှော်ခင်းပုံတွေ ဝေဝေဆာဆာ တွေ့လာရပြီ ဆိုရင်တော့ ကိုယ့်လက်ထဲ အဲဒီ နှစ်ကျပ်ခွဲကြီး ရောက်နေပြီလို့သာ မှတ်ယူကြပါတော့။

Friday, December 18, 2009

ပျင်းသောနေ့


ပျင်းစရာ အလွန်ကောင်းသောနေ့တနေ့၏ အစ ဖြစ်ပါသည်…။
အိပ်ရာမှ မထချင်အောင် ပျင်းနေမိသည်။ ခွင့်ယူပြီး ဆက် အိပ်နေရရင် ကောင်းလေမလားဟု တွေးမိသော်လည်း တနေ့တာ လုပ်ရမည့် အလုပ်များက ခေါင်းထဲကို စီကာ စဉ်ကာ ရောက်လာကြသည်…။ မတတ်သာသည့်အဆုံး ပျင်းပျင်းနှင့် အိပ်ရာမှ ထလိုက်ရသည်…။

ရာသီဥတုကလဲ ကိုယ့်ကို နဲနဲလေးမှ မျက်နှာသာမပေးပါ…။
မိုးမလင်းခင်ထဲက ရွာနေသော မိုးကလဲ ရုံးချိန်နီးလေ ပိုသည်းလေ…။
အို… ပျင်းစရာ ကောင်းပေစွ။

မိုးမှောင်မှောင်နှင့် အမြန်မောင်း လမ်းမကြီးပေါ်မှာ ကားတွေအားလုံး ဘရိတ်မီးလေးတွေ တလက်လက်နှင့် အနှေးမောင်း ပြိုင်နေကြသည်။ ကားတွေလဲ မိုးအေးသောကြောင့် ပျင်းနေကြပုံပေါက်သည်။ တလိမ့်လိမ့်နှင့် လိမ့်နေကြပုံမှာ လိပ်များအလား...။ သည်အတိုင်းဆို ရုံးကိုတော့ ရောက်တော့မှာပါပဲ…။

အချိန်လွန်မှ ရုံးကိုရောက်တော့လဲ အချင်းချင်း မိုးအေးသောကြောင့် အလုပ်လာရသည်မှာ အင်မတန်မှ ပျင်းစရာကောင်းကြောင်းတွေသာ သူ့ထက်ငါ အပြိုင်အဆိုင် ပြောဆိုနေကြသည်။ ပျင်းပျင်းနှင့် ကော်ဖီတခွက် သွားဖျော်မိသည်။ ပြီးတော့ ပျင်းပျင်းနှင့် ဂျီတော့ခ် ဝင်ကြည့်မိသည်။ တဆက်တည်းမှာ ဖေ့စ်ဘွတ် လဲ ဝင်မိပါသေးသည်။

အို… အားတက်စရာ… ကိုယ့်လို လူတွေချည်းပါပဲလား…။
သူတို့တွေ အားလုံးနီးနီး စိုစွတ်စွတ် ရာသီဥတုကြောင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းကြောင်းတွေ အသီးသီး ရေးထားကြသည်။ အိပ်ရာထဲမှာ စာအုပ်ကလေးတအုပ်နှင့် ကွေးနေရသော် ကောင်းလေစွ ဟု ရေးသားထားသူ တယောက်ကို အားပေး ထောက်ခံထားကြသူ အတော်ပင် များပြားသည်ကို တွေ့ရလေသည်။။

ဂျီတော့ခ် မှ သူငယ်ချင်း မိတ်ဆွေများနှင့် အပျင်းပြေ စကားစမြည်များ ပြောဆိုကြသည်။ တနေ့တနေ့ စက်ရုပ်တရုပ်ပမာ အလုပ်လုပ်ရသည့် ဘဝကြီးကို ပျင်းရိကြောင်းတွေသာ အပ်ကြောင်းထပ်သည်။ တချို့ကတော့ စားရမှာ ပျင်းလို့ ချက်တောင် ချက်မစားတော့ဘူး ဆိုပဲ…။ သည်နေရာမှာတော့ ကိုယ်နဲ့ နဲနဲ သဘောထားချင်း တိုက်ဆိုင်သည်။ ကိုယ်က အစာ စားရမှာ ပျင်းသူတယောက်လေ… သို့သော် ပျင်းပျင်းနဲ့ ချက်တော့ ချက်ပါသည်။ စိတ်ပါလျှင် ပိုပိုပြီး ကောင်းကောင်း မွန်မွန် ချက်တတ်ပါသည်။ (ကိုယ့်အကြောင်းသိသူတွေ ထောက်ခံမဲ ပေးကြပါ…)

သည်လိုနှင့် နေ့လည်စာ စားချိန်ရောက်လာသည်။ မိုးလေးကလဲ တစိမ့်စိမ့်…။ အပြင်ထွက်စားရမှာ ပျင်းသောကြောင့် KFC မှာစားရန် အားလုံး သဘောတူကြသည်။ မိုးအေးအေးထဲမှာ ရောက်လာရသောကြောင့် KFC တွေ အနည်းငယ် အေးနေသည်မှလွဲ၍ စားကောင်းပါသည်။ စားပြီးတော့ အသီးသီး နေရာတွင် ပြန်ထိုင်ကြပြီး ရသမျှ အချိန်လေးမှာ ဘလော့ဂ် ဖတ်သူက ဖတ်၊ ရုပ်ရှင်တို့ ယူကျူ့တို့ ကြည့်သူတွေက ကြည့်…။ သည်တွင် အံ့သြစရာကောင်းပုံက ဘယ်သူ့ ဘယ်သူ ဆီကမှ ဘလော့ဂ်ဖတ်ရတာ ပျင်းလိုက်တာ… ရုပ်ရှင်ကြည့်ရတာ ပျင်းလိုက်တာ… သီချင်းနားထောင်ရတာ ပျင်းလိုက်တာ… ဟူသော အသံမျိုး မကြားရခြင်းပင်။

အချိန်တန်တော့ ဖတ်လက်စတွေ ကြည့်လက်စတွေ နားထောင်လက်စတွေ အသာ ချပြီး အလုပ်ပြန်စဖို့ ပြင်ကြရသည်။ တခဏ အကြာမှာ စားထားသော KFC ၏ တန်ခိုးတော်ကြောင့် မျက်စေ့များ လေးစင်းလာသည် ဟူသော အသံများ ဟိုမှ သည်မှ ကြားလာရသည်။ အလုပ်ထဲမှာ အာရုံစိုက်၍ မရတော့ပြီ ဟု ဆိုကာ အသီးသီး ကော်ဖီဖျော် ထွက်ကြပြန်သည်။ ပြီးတော့ သူ့မှာ ကိုယ့်မှာ ရှိနေတတ်ကြသော စားစရာ အချို အချဉ် များ ရှာဖွေကာ လဲလှယ် စားသောက်ကြပြန်သည်။ အိပ်ချင်ပြေ အပျင်းပြေ မတ်တပ် မတ်တပ် ဟိုလျှောက် သည်လျှောက် လျှောက်နေကြသည်။ ထို့အပြင် “ပျင်းလိုက်တာနော်… ၆ နာရီရယ် မြန်မြန်ထိုးပါတော့…” ဟု ရေရွတ်နေသူရှိသလို ၆ နာရီထိုးရန် မည်၍ မည်မျှ လိုသေးသည်ကို တိုင်းတာ တွက်ချက်နေသူလဲ ရှိသည်။

ရုံးမဆင်းခင် ပျင်းပျင်းနှင့် ဂျီတော့ခ်မှာ သူငယ်ချင်းတွေနှင့် စကားပြောမိသေးသည်။ မီးစိမ်းလေး လင်းနေသော သူငယ်ချင်းတယောက်ကို “ပျင်းလိုက်တာဟာ…” ဟု ပြောလိုက်သောအခါ သူက “အင်းလေ… ငပျင်းတွေကလည်း တဖြည်းဖြည်းနဲ့ များ များလာတယ်…” ဟု ထောက်ခံလေသည်။ နောက်တယောက်ကတော့ ကိုယ့်ကို “ပျင်းတယ်… သီချင်းဆိုပြပါ…” ဟု ပြောလာသောကြောင့် အခြေအနေ အချိန်အခါ နှင့် လိုက်ဖက်ညီသော သီချင်းတပုဒ် ဆိုပြလိုက်မိသေးသည်။

Rain.. Rain… Go Away…
Come again Another Day…
All the Children Want to Play…
Rain.. Rain… Rain… Go Away…!!!

ကဲ… မကောင်းလား…။

သူငယ်ချင်းနှင့် စကားပြောနေစဉ် အပျင်းပြိုင်ကြသူများ အကြောင်း ပုံပြင်ကို သတိရနေမိသေးသည်။ သို့သော် ထိုပုံပြင်ကိုတော့ အားလုံး သိပြီးသား ဖြစ်နေသည်က တကြောင်း၊ ပြောရမှာ ပျင်းနေသည်က တကြောင်းတို့ကြောင့် မပြောဖြစ်တော့ပါ။

သည်လိုနှင့် အိမ်ပြန်ချိန်ရာက်လာသည်။ အိမ်ပြန်ရမှာ ပျင်းလိုက်တာ ဟု ပြောမည့်သူများ ရှိနေမလားဟု အသာ နားစွင့်နေမိသေးသည်။ သို့သော် မည်သူမျှ မပြောကြ။ ပျော်ပျော်ပါးပါးနှင့် အလှအပများ ပြင်ဆင်ကာ အိမ်ကိုပြန်ကြလေသည်။

အိမ်ရောက်သောအခါ ကိုယ့်ရုပ်ကိုကြည့်ကာ ဘယ်လို ကောက်ချက်ချလိုက်ကြသည် မသိ…။ “ညစာ ချက်ရမှာ ပျင်းနေလား… ပျင်းရင် အပြင်မှာ သွားစားကြမယ်လေ မိုးလဲ တိတ်သွားပြီ…” ဟု ချစ်သူများက ဆိုလာသောကြောင့် သဘောတွေ့သွားသည်မှာ ဆိုဖွယ်ရာမရှိ…။ ကိုယ့်လို ပျင်းတတ်သောသူတွေကြောင့် ဆိုင်ပြည့်နေသည်။ သည်လိုနှင့် ညစာကို အပြင်မှာ ပျင်းပျင်းနှင့် စားခဲ့သည်။

အိမ်ရောက်သောအခါ အများပြည်သူများ တီဗွီကြည့်နေကြစဉ် ကိုယ်က ရေမိုးချိုးပြီး ကော်ဖီ တခွက်ဖျော်၊ ဖတ်လက်စ စာအုပ်တအုပ် ကောက်ကိုင်ကာ ဇိမ်လုပ်ရန် စိုင်းပြင်းလေသည်။ ဘယ်လောက်မှ မကြာလိုက် ဟု ထင်ရသည်။ အချိန်ကား ၁၂ နာရီ ခွဲနေလေပြီ…။ မအိပ်ချင်သေးသော်လည်း ပျင်းပျင်းနှင့် အိပ်ရတောာ့မည်။ မနက်ဖြန်လဲ ပျင်းပျင်းနှင့်ပင် အလုပ်သွားရပေအုံးမည်။ သေချာတာတခုကတော့ ကိုယ် စိတ်မဝင်စားပဲ ပျင်းရိသော အရာများအတွက် အချိန်တွေ ကုန်နိုင်ခဲသလောက် ကိုယ် စိတ်ပါဝင်စားပြီး ပျော်မွေ့သော အရာများအတွက်မူကား အချိန်တို့သည် အလွန်တရာမှ ကုန်ဆုံးလွယ်သည်ပဲ…။

ကိုယ်သည် အစစ အရာရာတွင် သေချာချင်သူ တယောက်ဖြစ်သည်။
ထိုအခါ ကုန်လွန်သွားသော နေ့စွဲများတွင် စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ၊ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုပ်စရာရှိသည်များကို ဝတ္တရားအတိုင်း (ပျင်းပျင်းနှင့်) လုပ်ကိုင်နေကြရင်း အချိန်တွေကုန် နေကြရသည်မှာ ကိုယ်တယောက်ထဲ မဟုတ် ဆိုသည်ကို သေချာချင်သော စိတ်ဆန္ဒကြောင့် ဤပိုစ့်ကို ရေးပါသည်။ ပျင်းတတ်သောသူ အချင်းချင်း ပျင်းဖေါ်ညှိသည် ဟုလည်း ဆိုနိုင်ပါသည်။

စိတ် သဘောထားချင်း တိုက်ဆိုင်သူများ အားပေးခြင်းအမှု ပြုကြပါကုန်…။


Monday, December 14, 2009

ကိုယ်ပိုင် နေ့စွဲ

ထိုနေ့စွဲတခုကို လူတိုင်းပိုင်ဆိုင်ကြသည်။
ထိုနေ့သည် ဘဝအတွက် အမှတ်ရစရာ နေ့စွဲ တခု ဖြစ်၏။
ဘဝကို ဖြတ်သန်းသွားလာနေရစဉ် ထိုလမ်းတလျှောက်တွင် ခလုတ်ကန်သင်းများလဲ တွေ့ခဲ့ဖူးသည်။ ချောမွေ့ပြေပြစ်သော လမ်းမကျယ်များကိုလည်း တွေ့ခဲ့ရသည်။ မိုးများ သည်းထန်စွာ ရွာသွန်းသော နေ့များကိုလဲ တွေ့ကြုံခဲ့ရသလို နှင်းများဖွဲသွန်းသော နေ့များကိုလည်းတွေ့ခဲ့ ကြုံခဲ့ရသည်။ ထို့အတူ တိမ်သား မိုးသားများ ကင်းစင်ပြီး ကြည်လင်တောက်ပသော နေသာနေ့များကိုလည်း ကြုံခဲ့ရသည်ပင်…။

သည်လို အနိမ့်အမြင့် အကွေ့အဝိုက်တွေနှင့် ဖြတ်သန်းလာရာ လမ်းတလျှောက်တွင် အမှတ်ရစရာ နေ့စွဲ အများအပြားကိုလည်း ကျော်ဖြတ်ခဲ့ဖူးသည်။ ထိုနေ့စွဲများထဲတွင် တချို့ကို စွဲစွဲလမ်းလမ်း မှတ်မိနေတတ်ပြီး တချိ့ကိုမူ ဖာသိဖာသာပင် အမှတ်တမဲ့ ကျော်ဖြတ်သွားလိုက်သည်။ လူဆိုသည်မှာ ကိုယ့်အတ္တကိုသာ ရှေ့တန်း တင်တတ်ကြသူများ မဟုတ်ပါလား…။

ထိုနေ့စွဲများအကြောင်းကို စဉ်းစားလိုက်တိုင်း ဘဝကိုယ်စီအတွက် အချိန်များကို တိုင်းတာ သတ်မှတ်ပေးသော ကိုယ်ပိုင်နေ့စွဲတခုသည် ဟိုး ထိပ်ဆုံးမှ ပါဝင်နေလေသည်။ ထိုနေ့စွဲတခုတွင် ဘဝကို စတင်ခဲ့သည်။ ဘဝကို မွေးဖွားခဲ့သည်။ သည်လိုနှင့် ဘဝတခု အသက်ဝင် ရှင်သန်စေခဲ့သည်။ သို့သော် ဘဝကို နိဂုံးချုပ် အဆုံးသတ်မည့် နေ့စွဲကိုတော့ မည်သူမျှ သေချာတပ်အပ် မပြောနိုင်ချေ။

လောလောဆယ်တွင် ထိုနေ့စွဲတခုကို ကိုယ်စီကိုယ်ငှ အကြိမ်ပေါင်း အတော်များများ ဖြတ်ကျော်ခဲ့ကြဖူးပြီ…။ ထိုနေ့စွဲတခုကို ဖြတ်ကျော်ပုံခြင်း အနည်းအကျင်းသာ ကွဲပြားခြားနားနိုင်ကြသော်လည်း အမှတ်တမဲ့ ကျော်ဖြတ်ခဲ့သူတော့ဖြင့် လွန်စွာမှပင် နည်းပါးပေလိမ့်မည်။ အများစုကတော့ ထိုနေ့စွဲများကို မိဘ ဆွေမျိုးများ၊ ညီအကို မောင်နှမများ၊ သူငယ်ချင်း မိတ်ဆွေများ၊ ပြီးတော့ ချစ်သူ ခင်သူများနှင့် အတူတူ ရှိနေပြီး တပျော်တပါး ကုန်ဆုံး ကျော်လွန် ဖြတ်သန်းတတ်ကြသည်ချည်းသာ…။ ဒါတွေသာမက ထိုနေ့စွဲလေးအတွက် ရည်ရွယ်ကာ ကျေးဇူးရှင် မာတာမိခင်ကို ကျေးဇူးတင် ဂါရဝပြုတတ်ကြသလို အလှုဒါနပြုကြသူ၊ ကျောင်းကန် ဘုရားများတွင် ကောင်းမှု ကုသိုလ်ပြုကြသူများလည်း အများအပြား...။

ပြီးတော့ မိမိတို့ အမှတ်တရ အလေးထားတတ်ကြသော ထိုနေ့စွဲတခုတွင် မိမိတို့ ချစ်သူ ခင်သူတို့ကို အနီးအနားတွင် အတူတကွ ရှိစေချင်သည်မှာ ဆန္ဒတခု။ အလားတူ မိမိ၏ ချစ်သူ ခင်သူတဦး တယောက်၏ အမှတ်တရ ထိုနေ့စွဲ တွင်လည်း ထိုသူ၏ အနားတွင် ကိုယ်တိုင် ကိုယ်ကျ ရှိနေပြီး ကြည်နူးစရာ အချိန်များကို အတူတူ ကျော်လွန် ဖြတ်သန်းချင်ကြသည်မှာလည်း အမှန်ပင်…။ သို့သော် အခြေအနေ အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် တယောက်နှင့်တယောက် ဝေးကွာနေရသော အချိန်ကာလများတွင်မူ အဝေးတနေရာမှ ဆုတောင်းပေးခြင်းတခုသာ ပျြုနိုင်ခဲ့ကြသူများလည်း မနည်း…။ အမျိုးမျိုးပေါ့…။

မည်သို့ပင်ဖြစ်စေ...
ကိုယ့် ကိုယ်ပိုင်နေ့စွဲများကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ရှိရှိနှင့် အကောင်းဆုံး ကျော်လွန် ဖြတ်သန်းစေရင်း… ကုန်လွန် ဖြတ်သန်းလာခဲ့သော နေ့စွဲများကို နောက်ပြန် လှည့်ကြည့်လိုက်တိုင်း စိတ်အနှောက်အယှက် ဖြစ်စရာများ၊ နောင်တရစရာများ မတွေ့ရလေအောင် စွမ်းဆောင်ရင်း… ကိုယ်တိုင် ယုံကြည်ရာ လမ်းမများ၊ ကိုယ် အလိုရှိရာ တောင့်တရာ အောင်မြင်မှုများဆီသို့ တလှမ်းချင်း တိုးဝင် လှမ်းလျှောက်သွားနိုင်ရန် ကြိုးစားရင်း… ကိုယ့် စိတ်ကူး၊ ကိုယ့် အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်အောင် အားထုတ်ရင်း… ကိုယ့် ကိုယ်ပိုင်နေ့စွဲလေးများကို အကြိမ်ပေါင်း မြောက်များစွာ ဆက်လက် ပိုင်ဆိုင်ကြရစေဖို့ မျှော်လင့် ဆုတောင်းသွားကြရအောင်လေ…





*** ဒီဇင်ဘာလ ၁ ရက်၊ ၆ ရက်၊ ၁၂ ရက်၊ ၁၄ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၂၀ ရက်၊ ၂၅ ရက် နဲ့ ၂၈ ရက်တွေမှာ ကျရောက်သော မွေးနေ့ရှင် ချစ်သူငယ်ချင်းများ နှင့် ဘလော့ဂ်ဂါ မောင်နှမများ အားလုံးအတွက် အမှတ်တရ ရည်ရွယ် ရေးသားပါသည်။ ပျော်ရွှင် ကြည်နူးစရာကောင်းသော ကိုယ်ပိုင်နေ့စွဲလေးများ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ…။

Friday, December 11, 2009

အဖြူရောင် အိပ်မက်

ဘယ်အချိန်မှာမဆို အနက်ရောင်နှင့် အရောင်ရင့်ရင့်များကိုသာ စွဲစွဲမြဲမြဲ နှစ်နှစ်သက်သက် ဝတ်ဆင်ပြီး ဘယ်တုန်းကမှ အဖြူရောင်ကို မနှစ်သက်ခဲ့ဖူးသော သူတယောက်၏ စိတ်ထဲတွင် ထိုတနေ့ကမှ ထူးထူးခြားခြား အဖြူရောင် အင်္ကျီလေးတထည်ကို ဝတ်ဆင်လိုသော ဆန္ဒဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် သူသည် အဖြူရောင် အင်္ကျီ တထည်ကို ဝယ်ယူ၍ ရနိုင်မည့် နေရာများသို့ သွားရောက်ကာ သူအလိုရှိသော အင်္ကျီ အဖြူလေးတထည်ကို လိုက်လံရှာဖွေမိပါသည်။

*****

ပထမဆုံး သူသည် ကြီးကျယ်ခန်းနားလှသော ကုန်တိုက်ကြီး တခုကို ရောက်သွားခဲ့သည်။ ကျယ်ဝန်းလှသော အခန်းကြီးများနှင့် အထပ်ပေါင်းများစွာရှိသော ထိုကုန်တိုက်ကြီးတွင် ဈေးဝယ်သူများ၊ လှည့်ပတ် ကြည့်ရှုနေကြသူများနှင့် လွန်စွာ စည်ကားလှပါသည်။ ထိုသို့ စည်ကား များပြားလှသော လူအုပ်ကြီးထဲမှာ လိုက်ပါ စီးမျောလျှောက်လှမ်းနေရင်း အဝတ်အထည်များနှင့် အင်္ကျီများရောင်းသော နေရာသို့ ရောက်လာခဲ့ပါသည်။ စိတ်ထဲတွင် ကြိုတင် တွေးမြင်ထားသော အင်္ကျီဖြူဖြူလေးများကို သွက်သွက်လက်လက် မျက်စေ့ကစားကာ ရှာဖွေကြည့်ပါသည်။ သို့သော် အဖြူရောင်နှင့် ဆင်ဆင် တူသော ဘာအဝတ်အစားကိုမျှ မတွေ့ရချေ။ အဝတ်အထည်များ အားလုံးသည် ခရမ်းရောင်၊ အနက်ရောင် နှင့် အပြာရောင် များသာ ဖြစ်နေတော့သည်။ ဘာကြောင့်ပါလိမ့်ဟု သူ စဉ်းစားတွေးတော၍ မရနိုင်ခင်မှာပင် ဈေးဝယ်သူ လူအများအပြားတို့သည် ထို ခရမ်းရောင်၊ အနက်ရောင်နှင့် အပြာရောင် အဝတ်အထည်များကို သူ့ထက်ငါ ကြိတ်ကြိတ်တိုး ဝယ်ယူနေကြတော့သည်။ အနည်းငယ်နောက်ကျိ ညစ်ညူးသော စိတ်အစဉ်တို့ဖြင့် သူသည် ထို ကုန်တိုက်ကြီးမှ ထွက်ခွာလာခဲ့တော့သည်။

ဒုတိယ သူရောက်သွားသောနေရာသည် အရင်ကုန်တိုက်ကြီးလောက် ကြီးကျယ် ခန်းနားမှုမရှိသော်လည်း သူအလိုရှိနေသော အင်္ကျီအဖြူရောင် တထည်ကိုတော့ဖြင့် တွေ့နိုင်ပါလိမ့်မည်ဟု သူ တထစ်ချ ယုံကြည်နေမိသည်။ ထိုယုံကြည်ချက်တို့ဖြင့် အဝတ်အထည်များ ရောင်းချသောနေရာဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားမိလေသည်။ ဈေးဝယ်သူ ခပ်ကျဲကျဲသာ ရှိသော နေရာတခုဖြစ်သောကြောင့် ညီညာလှပစွာ တန်းစီ ချိတ်ဆွဲထားသော အင်္ကျီများကို သူ အဝေးကပင် လှမ်းမြင်တွေ့နေရပါသည်။ သူလိုချင်သော အရာတခုကို ရတော့မည် ဟူသော အပျော်စိတ်ဖြင့် ခြေလှမ်းများ သွက်လက်လာသည်။ သို့သော် ထိုအင်္ကျီများ အနီးသို့ရောက်သောအခါ သူ မှန်းချက်နှင့် နှမ်းထွက် လွဲသွားသည်ကို သိလိုက်ရသည်။ သူရှာဖွေနေသော အဖြူရောင်မှလွဲ၍ အရောင်စုံ စီစီရီရီ တွေ့နေရသော အင်္ကျီများကို ကြည့်ကာ ဒုတိယအကြိမ်အဖြစ် စိတ်ပျက်လက်ပျက် ထိုနေရာမှ ခွာခဲ့တောာ့သည်။

တတိယနေရာအဖြစ် မည်သည့်နေရာကို ရွေးရမည်ကို စဉ်းစားနေစဉ်မှာ အတွေးထဲတွင် တခါက သူငယ်ချင်းတယောက်နှင့်အတူတူ ညစာသွားစားဖူးသော နေရာတခုကို သွားသတိရမိသည်။ ဟုတ်ပြီ… စားသောက်ဆိုင်များနှင့် အတူ အထည်အဝတ်များ ရောင်းချသောဆိုင်များ တည်ရှိရာ ထိုနေရာမှာ အင်္ကျီအဖြူရောင်တချို့ ရှိကို ရှိရမည်။ ထိုအတွေးစိတ်ကူးတို့ကြောင့် လူလဲ ပြန်လည်ပေါ့ပါးလာသည်။ ထိုနေရာသည် အနည်းငယ် အလှမ်းဝေးနေသောကြောင့် ပင်ပန်းနေသည့်အတူတူ အငှားကားကို စီးသွားရန် ဆုံးဖြတ်လိုက်သည်။ ကားမငှားခင် အအေးတခွက်လဲ ဝယ်သောက်လိုက်သေးသည်။ သည်လိုနှင့် သူ သွားလိုသည့်နေရာကို ဆိုက်ဆိုက်မြီုက်မြိုက် ရောက်လာခဲ့သည်။

မြို့လည်ခေါင် လူရှုပ်ရှုပ်နေရာများနှင့် ဆန့်ကျင်စွာ အေးဆေး တိတ်ဆိတ်သော ထိုလမ်းကလေးတွင် ပြူတင်းပေါက် ရောင်စုံတို့ဖြင့် ရှေးဟောင်း နှစ်ထပ်တိုက် ပုပုလေးများ ညီညာစွာ စီတန်းနေသည်။ အိမ်ဆိုင်လေးများနှင့် ဆင်ဆင်တူသော ဆိုင်တန်းကလေးကို ကြည့်ရင်း သည်နေရာတွင်မတော့ အင်္ကျီဖြူကလေး တထည် ရတော့မည်ဟု ကိုယ့်ဖာသာ သေချာနေပြန်သည်။ သည်လိုနှင့် တဆိုင်ဝင် တဆိုင်ထွက် အင်္ကျီအဖြူ ရှာပုံတော်ဖွင့်ရင်း လမ်းတလျှောက် ဘယ်ဖက်ရော ညာဖက်ပါ ရှိနေသော ဆိုင်များ အားလုံးရောက်ခဲ့သော်လည်း ဘယ်ဆိုင်မှာမှ အဖြူရောင် အထည်အဝတ် မတွေ့ခဲ့ရပါ။ ယုတ်စွအဆုံး ထိုနေရာများတွင် ဆင်ယင်ထားသော ခန်းဆီး လိုက်ကာများကပင် အဖြူရောင် မဟုတ်ကြ။

ထိုအချိန်တွင် သူ၏ စိတ်အစဉ်တွင် အဖြေမထုတ်နိုင်သော ပုစ္ဆာတခုက သိသိသာသာကြီး အနှောက်အယှက်ပေးနေပြီ ဖြစ်သည်။ တနေကုန် နေရာစုံ လူအပင်ပန်းခံကာ လိုက်လံ ရှာဖွေခဲ့သော်လည်း အဖြူရောင် နှင့် ဆင်ဆင်တူသော အဝတ်အစား တခုတလေကိုမျှပင် မတွေ့ခဲ့ရချေ။ တခုခုတော့ ကြီးကြီးကျယ်ကျယ် မှားယွင်းနေသည်မှာ သေချာနေပါသည်။

ညနေစောင်း အလင်းရောင် ကုန်ခါနီး အချိန်သည် စိတ်ညစ်ညူးနေသူတယောက်ကို ပိုပို၍ စိတ်ညစ်လာစေသည်။ ခြေလှမ်းများ၏ စေညွှန်ရာကို အသိမဲ့နေသူတယောက်လို လိုက်ပါလာရင်း တနေရာအရောက်တွင် လင်းလက်နေသော မီးရောင်များကို တွေ့လိုက်သောကြောင့် သူ လမ်းလျှောက်နေရာမှ အသာရပ်ကြည့်လိုက်မိသည်။ ဘုရားပွဲလို ဆင်ဆင်တူသော ပွဲတခုဟု အကြမ်းအားဖြင့် သူနားလည်လိုက်ပါသည်။ ရုတ်တရက် ခေါင်းထဲမှာ ပေါ်လာသော အကြံအစည်တခုကြောင့် အနီးရှိ ခုံတန်းလေးတခု တခုပေါ်မှာဝင်ထိုင်ရင်း တက်ကြွ ပျော်ရွှင်နေသော လူအများကို တယောက်ချင်းစီ စေ့စေ့စပ်စပ် လိုက်ကြည့်နေမိသည်။ ထိုလူတွေထဲမှာ အဖြူရောင် အင်္ကျီဝတ်ထားသူများ တယောက်တလေ ပါလာခဲ့သည်ရှိသော် ထိုလူကို အသာ ခွင့်တောင်း၍ ခေါ်ယူပြီး ထိုအင်္ကျီမျိုး ဝယ်ယူ၍ ရနိုင်မည့်နေရာကို တီးတိုး မေးကြည့်မည်။ ထိုခဏမှာတော့ ခက်ခဲသော သချာင်္ပုစ္ဆာ၏ အဖြေမှန်ကို ရသွားသော ကျောင်းသားလေးတယောက်ပမာ သူ ပျော်ရွှင်နေပြန်သည်။ သို့သော် ကံဆိုးလှစွာပင်… ထို များပြားလှသော လူတွေကြားထဲတွင် အင်္ကျီအဖြူရောင် ဝတ်ဆင်ထားသူ တဦးတယောက်မျှ မတွေ့ရချေ…။

ထိုစဉ် မမျှော်လင့်ပဲ သူ့အနီးသို့ အဖြူရောင် အဝတ်စတခု လွင့်မျောလာသည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။ ဝမ်းသာ လှုပ်ရှားလှသော စိတ်ဖြင့် ထိုအဝတ်စကို လိုက်လံ ဖမ်းဆုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။ တခါ ကံကောင်းထောက်မစွာ လေတချက်အဝှေ့တွင် ထိုအဝတ်စလေးကို အမိအရ ဖမ်းဆုတ်မိလိုက်သော်လည်း ချက်ချင်းပင် လက်မှလွတ်ကာ လွင့်ထွက်သွားပြန်လေသည်။ သို့သော် ကြည့်နေရင်းမှာပင် အံ့သြဖွယ်ရာ… စကားပြောသံ ခပ်တိုးတိုးသည် ထိုအဝတ်ဖြူစဆီမှ ထွက်ပေါ်လာလေသည်။

“မင်းက အချိန်လုံး အဖြူရောင်ကို ညစ်ပေလွယ်သလေး၊ အနက်ရောင်ဝတ်ရင် ပိန်သလေး၊ အဖြူရောင်ဝတ်ရင် ဝ သလေး ဘာလေးနဲ့ မကောင်းထင်ပြီး အဖြူရောင်ကလွဲရင် တခြားအရောင်တွေကိုပဲ ဝတ်နေတာကိုး… မင်းအဝတ်ဘီဒိုထဲမှာ မင်းပြန်ကြည့်စမ်း… အရောင် မှောင်မှောင်တွေ အရောင် မှုန်မှုန် မှိုင်းမှိုင်းတွေ… လူကြီးတွေက နေရာတကာ အဲဒီလို အရောင်တွေကို ဝတ်တာ မနှစ်သက်ပါဘူး ပြောပြောနေလဲ မင်း ဝတ်နေတာပဲ မဟုတ်လား…။ ခုလဲ မင်းကိုယ်မင်းပြန် ကြည့်စမ်း… အပေါ် အနက် အောက် အနက်နဲ့… ဖိနပ်ကလဲ အနက်ရောင်…။ အခုမှ ဘာစိတ်ကူးပေါက်ပြီး အဖြူရောင်ကို လိုက်ရှာနေရတာတုန်း… ဒါကြောင့် အခု ဒါဏ်ပေးတဲ့ အနေနဲ့ အဖြူရောင်က မင်းကို ပုန်းပြီး သပိတ်မှောက်နေကြတာပေါ့… နောင်ကို ဘာမဆို မျှမျှတတ ဖြစ်ပစေ… ကြားလား… တခါလာလဲ ဒီ အနက်ရောင်၊ တခါလာလဲ မီးခိုးရောင်… မင်္ဂလာရှိတဲ့ ပွဲလမ်းသဘင်တွေမှာလဲ အနက်ရောင်တွေ… နေရာတကာ ဒီလို အရောင်ကိုပဲ တွင်တွင်ဝတ်ပြီး သွားနေတဲ့ မင်းရဲ့ အကျင့်ကို အခုကစပြီး ဖျောက်တော့.. ဟုတ်ပြီလား…”

စကားပြောသော အဝတ်ဖြူစလေးကို အံ့သြတကြီး ကြည့်နေရင်း သူ ဘာမှ ပြန်မပြောလိုက်နိုင်ခင်မှာပင် ထိုအဝတ်စကလေးသည် ဟိုး အမြင့်ကြီးဆီသို့ လေနှင့်အတူ ပေါ့ပါးစွာ ဝဲလွင့်သွားလေတော့သည်။ ကြည့်နေရင်း ကြည့်နေရင်းမှာပင် ထိုအဝတ်စလေးသည် ကောင်းကင်ပေါ်ရှိ တိမ်တိုက်များကြားထဲ ဝင်ရောက်ပြီး မျက်စေ့အောက်မှ လုံးလုံးလျားလျား ကွယ်ပျောက်သွားလေတော့သည်။

*****

စောစောစီးစီး မြည်လာသော ဆူဆူညံညံ တယ်လီဖုန်းသံကြောင့် အိပ်ရာမှ သူ လန့်နိုးလာခဲ့သည်။ ဖုန်းကို တော်တော်နှင့် မဖြေသောကြောင့် ကူဖြေပေးရန် အိပ်ခန်းထဲသို့ ရောက်လာသော မေမေ့ကို အိပ်မှုန်စုံမွှားဖြင့် ကြည့်ရင်း “ခုနက စကားတွေလာပြောနေတဲ့ အဝတ်ဖြူစလေးရော ဘယ်ရောက်သွားတာလဲ မေမေ… အခု ဖုန်းခေါ်နေတာကရော သူပဲလား…” ဟု ကယောင်ကတမ်း မေးလိုက်မိပါသည်။ ထိုမေးခွန်းကို နားမလည်နိုင်စွာဖြင့် အူကြောင်ကြောင် ဖြစ်နေသော မေမေ့ အကြည့်တို့ကြောင့် သူ အိပ်မက်က လန့်နိုးလာတာမှန်း ချက်ချင်းသိလိုက်ပါသည်။

နာရီကြည့်လိုက်တော့ ၉ နာရီ နီးနီးရှိနေပြီ။ ခဏနေရင်တော့ ရေမိုးချိုးပြီး ဈေးသွားမည်။ ဒီတခါတော့ဖြင့် သူ တကယ် အလိုရှိနေသော အဖြူရောင် အင်္ကျီလေးတထည်ကို အိပ်မက်ထဲမှာ နှင့်မတူ၊ နေရာတော်တော်များများမှာ လွယ်လင့်တကူ ရှာဖွေ ဝယ်ယူနိုင်လိမ့်မည် ဟု သူ တထစ်ချ ယုံကြည်နေမိပါသည်။


Wednesday, December 2, 2009

ကော်ဖီခွက်ထဲက မိုးတိမ်

ကဗျာတွေ အများကြီး ရေးချင်ပေမယ့် မရေးတတ်တဲ့ ကိုယ့်အတွက်၊ ပြီးတော့ Sweet December အတွက် လက်ဆောင်ရလာတဲ့ ကဗျာလေးတပုဒ် နဲ့ ဓါတ်ပုံလေးပါ...။



ကော်ဖီခွက်ထဲက မိုးတိမ်

ငါက… အန္တရာယ်များမှ
ကခုန်လှုပ်ရမ်း
ခရီးကြမ်းပေါ် ပျော်တဲ့သူ…

ငါက… အသွင်အမျိုးမျိုးဆောင်
တောတောင်တွေ သိမ်းပိုက်ဖူးသူ…
မြစ်ချောင်းတလျှောက် ပင်လယ်ပေါက်ထိ
ရှိသမျှအကုန် သိမ်းပိုက်ဖူးသူ…

နောက်ပြန် မကြည့်တတ်သူဆို
ဘယ်သူမှ မငြင်းကြ
ရူးသွပ်ခြင်းနဲ့ မုန်တိုင်းတွေကို
သည်းသည်းပါအောင် သတ်လုံး
ဟောဒီ မိုးတိမ်က ရှုံးပွဲမရှိ…

ကံကျချိန်
ဓါတ်ဘူး တိမ်တိမ်လေးထဲ
ရွှဲရွှဲစိုတဲ့ အခါကျ
ဝီစကီခွက်ထဲက
သတိရ စိတ်ပူမိတဲ့
အမေ့ရဲ့ စားဝတ်နေရေး
ချစ်သူရဲ့ ဆေးရေးပန်းချီ
အချိန်တန်ပြီ ပြေးဖက်လွမ်းရင်း
အော်… ကိုယ်မင်းအတွက် ဆင်တိမ်နဂါး
တိုးနယားတွေ ပြန်ဆင်ပေးရအုံးမယ်…

ချစ်သူရေ…
တို့တွေ ခရီးရှည် ဘယ်မျှ
ချီတက်ရစေအုံးတော့
မလျှော့တဲ့ အနမ်းတွေ
လေပြေနဲ့ စေမြန်း
မခမ်းတဲ့ အချစ်တွေ
ပင်လယ်လို ဝေဆင်း
ပေါင်းစပ်ခြင်းရှိလာတဲ့ အခါကျ
ဘာမှ မလပ်စေရဘူးကွယ်…

အဲဒီနေ့ဟာ
နွေ သို့မဟုတ် မိုး
တိုးဖက်ရမယ့်ဆောင်း
အကြောင်းမဟုတ်ရ
တလှပ်လှပ်ရင်
ခုံမင်ချိုမြ
ဟောဒီက မိုးတိမ်တစင်း
ချစ်ခြင်းနဲ့ မင်းအတွက်
ကိုယ်… ကော်ဖီခွက်ထဲမှာလေ
စိတ်ကြိုက်သာ ကိုယ့်ကို သောက်ပါ မေ…


အမှတ်တရ ရေးပို့လာတဲ့ ကဗျာလေးရဲ့ပိုင်ရှင်ကို ကျေးဇူး အများကြီးတင်ပါတယ်…။
နောင်ကိုလဲ မိုးတိမ်တိုက်တွေလို လှပတဲ့ ကဗျာတွေ အများကြီး ရေးနိုင်ပါစေ လို့ ဆုတောင်းပါတယ်…။




Tuesday, December 1, 2009

မေ့နိုင်စွမ်းစေ

မနက်တွေ နေ့တွေ ညတွေ
ရက်တွေ နှစ်တွေ လတွေ
အိပ်ရာထပြီး အိပ်ရာဝင်တယ်
မိုးလင်းတာနဲ့ အသစ်တွေ ဖြစ်ချင်မိတယ်
မိုးချုပ်ပြီဆို အဟောင်းတွေ သွန်ပစ်ရင်းပေါ့…

တံခါးတွေ ဖွင့်စကလို
တံခါးတွေ ပြန်ပိတ်တော့လည်း
မသိမသာ ဖြစ်စေချင်သည်
တံခါးဘောင်တွေ ပွန်းပဲ့တာ
မိုးတွင်းမို့ တံခါးတွေ ကြပ်တာ
လေတိုးလို့ တံခါးမှန်ကွဲတာ
အရာအားလုံးကို မသိချင်…

နှင်းတွေပဲရွှဲလို့
မိုးတွေပဲစိုစို
နေတွေပဲပူပူ
နေ့ရက်တိုင်း အသစ်ဖြစ်လို့
အတိတ်ကိုလည်း မသိ
အနာဂါတ်ကို မတွေး
လက်ရှိကိုလည်း မေ့နိုင်စွမ်းပါရစေ…

*** Contributed by ရွာသားလေး (ဝိုင်တီယူ)

Sweet December to all of you..!!!

Thursday, November 26, 2009

၂၀၀၉ မှတ်တမ်း

တခါတခါကျတော့လဲ ပျော်စရာ စာလေးတွေ ပေါ့ပေါ့ပါးပါး စာလေးတွေ ရေးကြည့်ချင်မိသည်။ သို့သော် အခုတလော စိတ်တွေက မပေါ့ပါးလို့လားမသိ… စာတွေကလဲ ဘယ်လိုမှ မပေါ့ပါးနိုင်ကြ။ တခါတခါဆို ကိုယ်ရေးတာတွေ ကိုယ်တိုင်တောင် ပြန်မဖတ်ကြည့်ချင်လောက်တဲ့ အထိ။ ဒီတော့ ကိုယ်ရေးထားတာတွေကို မှန်မှန် လာဖတ်ကြ၊ မှတ်ချက်ရေးသွားကြသော သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းတွေကို တကယ်ပဲ အားတွေလဲ နာရင်း ကျေးဇူးတွေလဲ သိပ်တင်မိပါသည်။

ဒီနေ့တော့ ပေါ့ပေါ့ပါးပါး တခုခုတော့ ရေးကြည့်မလေ ဆိုပြီး ရေးစရာ အကြောင်းအရာတွေကို တွေးတော ရှာဖွေနေမိသည်….။ သို့သော် ငယ်ငယ်တုံးက စကားပြောတတ်ခါစ အရွယ် ကလေးငယ်လေးတွေ ပြောသလို လိုက်ရှာ မတွေ့… လိုက်ရှာ မတွေ့… နဲ့ သာ ဖြစ်နေတော့သည်။ ဒီလိုနဲ့ ဘာအကြောင်းလေးများ ရေးရရင် ကောင်းမလဲ ဆိုပြီး မော်နီတာရှေ့မှာ မေးထောက်ပြီး စဉ်စားလိုက်တာ တညနေလုံး ကုန်သွားသော်လည်း ဘာမှရေးစရာ ရမလာချေ…။ ကိုယ့်ရဲ့ အကြောင်းတွေ ရေးရအောင်ကလဲ စိတ်ဝင်စားစရာ ဘာမှ များများစားစား မရှိလှ…။ တနေ့တနေ့ အလုပ်သွား… အလုပ်ပြန်… ချက်ပြုတ် စားသောက်... ဟိုလုပ် ဒီလုပ်နဲ့ ခေါက်ရိုးကျိုး အသားကျရင်း အချိန်တွေ ကုန်နေတာ ရက်ပေါင်း လပေါင်း နှစ်ပေါင်း တော်တော်ကြာနေခဲ့ပြီပဲ…။

သည်လိုနှင့် ဟိုတွေး ဒီတွေး တွေးရင်း ၂၀၀၉ အကြောင်းပြောဖို့ သတိရသွားသည်။ မနှစ်က ၂၀၀၈ အကြောင်းကိုတော့ ၂၀၀၈ ဒီဇင်ဘာလထဲမှာ ဒီလို ပြောဖြစ်ခဲ့သည်။
သည်နှစ် ၂၀၀၉ သည် တော်တော် အံ့သြစရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန်ကြီး ကုန်လွယ်လွန်းသည်ဟု ခံစားရသည်လေ…။ ခုပဲကြည့်… နိုဝင်ဘာ ကုန်တော့မည်။ သည်လိုနှင့် ကျန်တဲ့ ဒီဇင်ဘာတလလည်း မကြာခင် အချိန်အတွင်းမှာ ကုန်သွားချေတော့မည်။ ပြီးရင် ၂၀၁၀…။

ပြောရရင် ဒီနှစ်ထဲမှာ နေရာထိုင်ခင်း အပြောင်းအလဲတွေ ရှိခဲ့သည်…။ ဗေဒင်တွေ ဘာတွေသာ သွားမေးမိရင်တော့ သင့်တွင် နေရာထိုင်ခင်းနှင့် ပတ်သက်ပြီး ကြီးမားသော ပြောင်းလဲမှုများ ရှိနေမည်… ဘာညာ ဘာညာတွေ ဟောလွှတ်မှာ အသေအချာ။ အိမ် ပြောင်းသည်… အလုပ်လုပ်တဲ့ နေရာပြောင်းသည်… အလုပ်ပြောင်းခြင်း မဟုတ်ပဲ လက်ရှိလုပ်နေတဲ့ အလုပ်က နေရာအသစ်ကို ပြောင်းခြင်း ဖြစ်သည်။

နေစရာနေရာကလဲ ပြောင်းချိန်တန်လို့ ပြောင်းရခြင်းဟုသာ မှတ်ယူမိသည်။ နေရာဟောင်းမှာ ထုပ်ပိုး သိမ်းဆည်း၊ နေရာ အသစ်ကို ပြင်ဆင် သယ်ယူ ပို့ဆောင် နေရာချ အတော်လေး ပင်ပန်းခဲ့သည်။ နေရာအသစ်မှာ အခြေကျလို့ နဲနဲ နားမယ်ကြံကာရှိသေး ရုံးကပြောင်းရွှေ့ဖို့ ဖြစ်လာပြန်သည်။ ထုံးစံအတိုင်း ထုပ်ပိုး သိမ်းဆည်း ဒီတခါမှာတော့ မှတ်သားရသည်များက ပိုလာလေသည်။ ကိုယ့်အိမ်တုန်းကတော့ အကုန်လုံးက ကိုယ့်ပစ္စည်းတွေချည်း ဆိုတော့ လိုချင်တာ ယူလာ ကြိုက်တဲ့အချိန် ဖွင့်ရှာယုံ… မတွေ့သေးလဲ ပြဿနာ မကြီးလှ...။ ထို့ကြောင့် ဘာတွေမှ အထူးတလည် မှတ်သားစရာမလိုသော်လည်း ယခု ရုံးပြောင်းရာမှာတော့ စာရွက် စာတမ်းတွေ အရေးကြီးသော အရာတွေ… ပုံးတပုံးချင်းစီမှာ ဘာတွေပါလဲ သေသေချာချာ မှတ်ရပြန်လေသည်။ လူရော စိတ်ပါ တော်တော်လဲ မောခဲ့ရပါသည်။ အခုတော့ အိမ်ရော ရုံးရောပြောင်းပြီး အစစ အရာရာ အတန်အသင့် အခြေကျ သွားချေပြီ။


မှတ်မှတ်ရရ ပြီးခဲ့တဲ့ တပတ်က မင်းကိုနိုင် ၏ နောက်ကြည့်မှန် စာအုပ်ကို ဝယ်ပြီး ဖတ်ဖြစ်သည်…။ စာအုပ်အကြောင်းကိုတော့ အကျယ်ချဲ့ မရေးတော့ပါ…။ မကေ ရေးထားပြီး ဖြစ်သည်။ မျက်ကွယ်ထောင့်ကို ခေါင်းငဲ့ကြည့်ခြင်း မှာ ဖတ်ကြည့်နိုင်သည်။ နောက်ကြည့်မှန် ဆိုတဲ့ စကားလုံးနှင့် အဓိပ္ပါယ်ကို တွေးရင်း စိတ်ထဲမှာ လွန်စွာ သဘောကျ နှစ်သက်မိသည်။ တော်လှန်ရေး ရဲဘော် ကျောင်းသား ကိုဖေသောင်း၏ အကြောင်းကို သူငယ်ချင်း မခင်အေးက ညို့အား ပြန်ပြောသည့်အခန်းမှာ “သူလား… အေး… နောက်ကြည့်မှန် မပါတဲ့ ကားတစီးပေါ် ပါသွားတယ်…” ဟု ပြောလိုက်သောအခါ ရင်ထဲကို တခုခုနှင့် အရှိန်ပြင်းပြင်း တွန်းထည့်လိုက်သလို ခံစားရသည်။ တကယ်ကတော့ ကြီးကြီး ငယ်ငယ် အရွယ်စုံ ကားတွေတိုင်းမှာ နောက်ကြည့်မှန်တွေတော့ ပါစမြဲပင်။ ထို နောက်ကြည့်မှန်ကို တခုတ်တရ ကြည့်ဖြစ်ခြင်း၊ မကြည့်ဖြစ်ခြင်း နှင့် ကြည့်စရာ အခြေအနေ ပေးခြင်း မပေးခြင်း တို့သာ ကွာလိမ့်မည် ဟု ထင်မိသည်။

နောက် လောလောဆယ် ဖတ်လက်စ စာအုပ်တအုပ်က Cecelia Ahern ရဲ့ P.S. I Love You ဖြစ်သည်။ လောဘစိတ်တွေနှင့် ရုပ်ရှင်ရော စာအုပ်ပါ တတွဲထည်း ဝယ်ထားမိသည်။ စာအုပ်ဖတ်ပြီးမှ ရုပ်ရှင်ကြည့်မလေ ဆိုပြီး အားကြိုးမာန်တက် ဖတ်နေသည်။ ည မအိပ်ခင် အချိန်တွေမှာ ဖတ်သည် ဆိုတော့ တခါတခါ ဖတ်နေရင်းက အိပ်ပျော်သွားသည်လဲ ရှိပေါ့…။ ဒီတော့ နောက်တညမှာ ဖတ်လက်စနေရာမှ Bookmark ကို အသာဖယ်ပြီး ရောက်နေတဲ့နေရာမှ အနောက်ကို ၂ မျက်နှာလောက် ပြန်ဆုတ်ပြီး ဖတ်ရသည်။ တခါတခါ အိပ်ချင်ချင်ဖြင့် အတင်း ဖတ်နေသောကြောင့် ရှေ့က ဖတ်ထားတာတွေ မေ့ မေ့ကုန်သောကြောင့် ဖြစ်သည်။ စာအုပ်လဲ ဖတ်လို့ပြီး ရုပ်ရှင်လဲ ကြည့်ပြီးပါက ကိုယ်နှစ်သက်သော အပိုင်းလေးတွေ ပြန်ရေးကြည့်ရန် စဉ်းစားထားသည်။ တချို့ စကားပြောလေးတွေ နှင့် စာကြောင်းလေးတွေက သိပ်လှသည်…။

တခါ တီဗွီမှာ ဗုဒ္ဗဟူးနေ့တိုင်း လာနေသော Singapore Idol ကိုလဲ ကြည့်ဖြစ်အောင် ကြည့်မည်ဟု တပတ်ပြီး တပတ် အားခဲထားရင်းက ယခုဆို ၄ ယောက်သာ ကျန်တော့သည်။ တရက်မှကို သေသေချာချာ မကြည့်ဖြစ်လိုက်။ ယခုကျန်နေတဲ့ ၄ ယောက်ထဲမှာတော့ တဦးတည်းသော တရုပ်လေး (Charles "Stitch" Wong) ကို Vote လုပ်ရန် စဉ်းစားထားသည်။ အရင် Season 1 နဲ့ 2 တုံးက ကိုယ် ဒီလောက် Vote လုပ် တဲ့ကြားက ပြုတ်သွားတဲ့ တရုပ်လေးတွေအကြောင်း တွေးမိတော့ ဒီနှစ် Vote လုပ်ရမှာ အားငယ်မိသည်။ ပထမနှစ်က Sylvester နဲ့ Taufik ၊ ဒုတိယနှစ်က Jonathan Leong နဲ့ Hardy…။ ကိုယ်က မလေးထက် တရုပ်ကို အားပေးပြီး အတင်းတွေ Vote လုပ်တာပဲ...။ သို့သော်လည်း မရ…။ နောက်ဆုံးကျ မလေးကောင်လေးတွေသာ Idol တွေ ဖြစ် ဖြစ်သွားကြသည်လေ…။ တရုပ်တွေက ဘာလို့ မလေးတွေလောက် Vote မလုပ်နိုင်ကြတာလဲ ဆိုတာကို စဉ်းစားကြည့်နေမိသေး…။ ဘာပဲဖြစ်ဖြစ် ဒီနှစ်လဲ အမှတ်မရှိ တဦးတည်းသာ ကျန်ရှိနေသော တရုပ်လေး Charles ကိုသာ Vote လုပ်မည်။ နောက်တပတ်ကစလို့ တတ်နိုင်သလောက် Vote လုပ်မည်။ Message က တခါပို့ (တခါ Vote) ပြား ခြောက်ဆယ်တဲ့…။ Phone Bill လာရင်တော့ ရှုး… တိုးတိုးတိတ်တိတ်ပေါ့နော…။

ပြီးတော့ အခုတလော စာကောင်းကောင်းမရေးချင်၊ ဖတ်ပဲ ဖတ်ချင်နေသည်။ အချိန်ရှိသ၍ ဘလော့ဂ်တွေ အများကြီး လိုက်ဖတ်ဖြစ်သည်။ ခြေရာချန်ဖြစ်သော နေရာများရှိသလို မချန်ဖြစ်ခဲ့သော နေရာတွေလဲ ရှိ။ အထူးသဖြင့်တော့ ကဗျာတွေ အရေးများသော ဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်သည်။ သူတို့ သူတို့ ရေးကြသော ကဗျာတွေဖတ်ရင်း နှစ်သက် သဘောကျပြီး ဖတ်လို့အရမ်း အရသာတွေ့နေမိသည်။ ကိုယ့်စိတ်ထဲမှာလဲ အခုတလော ကဗျာတွေ ရေးချင်စိတ် ဖြစ်နေသည်။ ဘာကြောင့်မှန်းတော့ မသိ။ သို့သော် ရေးချင်တာသာသိပြီး တကယ်ချရေးကြည့်တော့ ကျွမ်းကျွမ်းကျင်ကျင် မရှိပါ။ အားငယ်လိုက်တာ…

နောက်ထပ် အားငယ်စရာ တခုကတော့ ကိုယ့်ရဲ့ Window 7 မှာ မြန်မာစာ (ဇော်ဂျီ) ဖတ်လို့သာ ရပြီး ရေးစရာ ကီးဘုတ် မပေါ်သောကြောင့် စာရိုက်လို့ မရခြင်းပင်။ ဖြစ်ချင်တော့ 32 Bit က ဘာပြဿနာမှ မရှိ တဲ့…။ ကိုယ့်ဟာက 64 Bit ဖြစ်နေတော့ မရ ရေးချ မရ…။ နားလည် တတ်ကျွမ်းသူများ၏ အဆိုအရကတော့ သည်အတွက် အချိန်နဲနဲ စောင့်ရအုံးမည် တဲ့…။

အော်… မေ့တော့မလို့…။
နောက်နှစ် ၂၀၁၀ အတွက် (စင်္ကာပူ) ပြက္ခဒိန်ကို ပိတ်ရက်တွေကြည့်ရန် ဝေမျှလိုက်သည်။ အရင်နှစ်ကလဲ ဒီလိုပဲ ၂၀၀၉ အတွက် ဝေမျှခဲ့ဖူးသည်။ ပိတ်ရက်နှင့် ဆက်နေသော ရက်တွေ ခွင့်ယူလိုက်ပါက ရက်ရှည် အနားယူခြင်း၊ ခရီးသွားခြင်းတို့ ပြုနိုင်သည်ပေါ့။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သက်ဝေတယောက် ပိတ်ရက်တွေကို မည်၍ မည်မျှ တန်ဖိုးထား မြတ်နိုးတတ်ကြောင်း အထင်အရှား တွေ့နိုင်သည်လေ…။ ဒါတင်မက အစစ အရာရာကို ကြိုတင် ပြင်ဆင်လိုစိတ်ရှိကြောင်းကိုလဲ တွေ့နိုင်ပါသေးသည်။


၂၀၀၉ မှာ ပြုခဲ့သော ကုသိုလ်တွေ ကတော့ အရင်နှစ်နဲ့ မထူးမခြား။ ကြုံရင် ကြုံသလိုတော့ တတ်အားသမျှ လှုဖြစ်သည်။ မနှစ်ကတည်းက မွေးစားထားသော နာဂစ်ကြောင့် မိဘမဲ့သွားသော ကလေးငယ်လေး သုံးယောက်ကို ဟိုတနေ့က အိပ်မက်တောင် မက်နေသေးသည်။ ကလေးလေးတွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပြီး သင့်တင့်သော ပညာလေးများ ရကြစေရန် ဆုတောင်းနေမိသည်။

၂၀၀၉ မှာ ငွေရေးကြေးရေး အကြောင်းပြောရင်တော့ ရသမျှ သုံး…။ ကုန်…။ မစုမိ…။ ဒီလိုနဲ့ လုံးချာလည်နေသည်။ စုမိတာ ဆိုလို့ မပေးမဖြစ် ပေးနေရသည့် CPF တခုသာ ရှိပေလိမ့်မည်။ အင်း… စုတော့ စုရမည်… နောက်နှစ်များမှပေါ့လေ… ဟု တေးထားလိုက်သည်။ (ဒီလိုနဲ့ နှစ်တွေ တော်တော်များနေပြီ…)

စိတ်မကောင်းစွာနှင့် စိတ်ညစ်နေမိတာ တချို့ကတော့ ကိုယ်နှင့် အလွန် ရင်းနှီး နီးကပ် ချစ်ခင်လှသော ဆွေမျိုးသားချင်းတယောက် (ဆေးဝါး ပြည့်စုံအောင် ကုသနေသည့်ကြားမှ အချိန်တိုတိုအတွင်း) မမျှော်လင့်ပဲ ကွယ်လွန်သွားခြင်း...။ အောက်တိုဘာလကုန်လောက်က ရည်ရွယ်ထားသော ခရီးကို အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်လိုက်ခြင်း...။ ဒီတနှစ် မသွားရတော့လဲ နောက်နှစ်ကျရင် သွားကြတာပေါ့ ဟု ဆိုလာသောကြောင့် စိတ်ညစ်သွားသော်လည်း စိတ်ကို လျှော့လိုက်ရသည်။ နောက်တခုကတော့ ထုံးစံအတိုင်း IC Show နဲ့ ပိုက်ဆံအိပ် တအိပ် အလဲအလှယ် လုပ်ခြင်း…။ သို့သော် နောက်လထဲမှာ ရှိနေသော ပွဲတခုကိုတော့ဖြင့် ဘာနဲ့မလဲနိုင်ပါ ဟု ဇွတ် အတင်း ဂျစ်တိုက်ထားသောကြောင့် အောင်မြင်မှုရလေသည်။ အောင်မြင်မှု ကို တိုက်ယူမှ ရသည် ဟူသော စကားမှာ တကယ်ကို မှန်ပါသည်။ (ဆက်လက်၍ တိုက်ပွဲဝင်ကြပါစို့… သူငယ်ချင်းတို့…)

ဒီ ၂၀၀၉ ထဲမှာပင် Facebook ၏ ဆွဲဆောင်မှုကြောင့် အကောင့်ဖွင့်ကာ ပုံမှန် သုံးစွဲဖြစ်ခဲ့သည်။ ရပ်နီး ရပ်ဝေး သူငယ်ချင်းများနှင့် ဆက်သွယ်ရုံသာမက အကောင်မွေးခြင်း၊ အပင်စိုက်ခြင်း၊ စားသောက် ဆိုင်ဖွင့်ခြင်း၊ ကော်ဖီဆိုင် ဖွင့်ခြင်း၊ သူငယ်ချင်းများကို ရောင်းတမ်း ဝယ်တမ်း ကစားခြင်း စသည့် ကစားနည်း အစုံကို စွဲစွဲလမ်းလမ်း ကစားခဲ့မိသည်။ အချိန်တွေ တအားကုန်ပြီး အလုပ်ပျက် အကိုင်ပျက် အစားပျက် အအိပ်ပျက် ဖြစ်လာခါမှ ကစားခြင်းအမှုကို ဇွတ်အတင်း ရပ်ပစ်လိုက်ရသည်။ သို့သော်လည်း ထို Facebook ၏ ကောင်းမှုကြောင့်ပင် နှစ်ပေါင်းများစွာ (များစွာ) အဆက်အသွယ်ပြတ်နေသော သူငယ်ချင်း အချို့နှင့် အဆက်အသွယ် ပြန်ရခဲ့သည်။ ထိုအခါမှာတော့ ကိုယ့်အတွက် အလွန့် အလွန် အဖိုးတန်သော Facebook ဖြစ်သွားသည်။ အခုတော့ မွေးနေ့တွေ၊ မင်္ဂလာ နှစ်ပတ်လည်တွေ ဆိုလဲ Facebook မှတဆင့် ဆုတောင်းလိုက်ရုံ၊ သူငယ်ချင်းတွေ တွေ့ဆုံရန် ချိန်းကြလျှင်လည်း ဒီ Facebook ကတဆင့်၊ သူငယ်ချင်း ကလေးမွေးနေ့တွေမှာ ဆိုရင်လည်း Facebook မှာတင်ထားသော ဓါတ်ပုံများမှတဆင့် ကလေးက အဖေနှင့်တူသည်၊ အမေနှင့်တူသည်၊ ချောသည် လှသည် ပြောရသည်။ ဤသို့ အသုံးတည့်လှသော Facebook ကို ယခုအချိန်မှာတော့ တော်တော်ကြီး လိမ်မာပါးနပ်စွာ (တန်ဆေး လွန်ဘေး ဟူသော စကားအတိုင်း) အသုံးချတတ်နေပြီ ဖြစ်သည်။

နောက်ဆုံးအနေနှင့် ပြောရရင် ၂၀၀၈ ဇန်နဝါရီက စပြီး အသက်သွင်းထားသော၊ ကိုယ် သံယောဇဉ် တွယ်တာရသော ဟောဒီ ဘလော့ဂ် စာမျက်နှာလေးလဲ ၂၀၁၀ ဇန်နဝါရီ ဆို နှစ် နှစ် ပြည့်တော့မည်။ ဖြတ်သန်းခဲ့သော အချိန် နှစ် နှစ်တာကာလ အတွင်း သူ့ကြောင့် စိတ်အနှောက်အယှက် တစုံတရာ မရှိခဲ့ရ။ အစစ ငြိမ်းချမ်းခဲ့ရသည်။ သည်အတွက်လဲ ကျေးဇူးတင်သင့် တင်ထိုက်သူ အားလုံးကို ကျေးဇူးတင်နေမိသည်။ ထိုဘလော့ဂ်လေးကြောင့် ချစ်ခင်စရာ သူငယ်ချင်း မိတ်ဆွေ အသစ်များ များစွာရခဲ့သည်။ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသော်လည်း အနှစ်နှစ် အလလက ခင်မင်ခဲ့သူများပမာ ရင်းနှီးခင်မင် သံယောဇဉ်တွယ်ကြသည်။ အဲ… မမြင်ဖူးကြဘူးဆိုပေမယ့် ဒီလပိုင်း အတွင်းမှာ မှတ်မှတ်ရရ ဘလော့ဂ်ဂါ သုံးယောက်နှင့် အွန်လိုင်း စာမျက်နှာများတွင်သာမက အပြင်မှာပါ မထင်မှတ်ပဲ ရင်းနှီးခင်မင်ခဲ့ရသည်။ တယောက်ကတော့ ခပ်ဆိုးဆိုး နှင့် ဂျစ်ကန်ကန် လူဆိုး၊ နောက်တယောက်က အမြဲ ပြုံးနေတတ်ပြီး စကားနည်းသော လူအေး၊ နောက်တယောက်ကတော့ ကြည့်လိုက်ရင် ခပ်တည်တည်နဲ့ ဘယ်မှာတွေ့တွေ့ တွေ့ရာနေရာမှာ ရယ်စရာများစွာ ပြောတတ်သူ ဖြစ်လေသည်။ (ဘယ်သူတွေလဲလို့ မမေးနဲ့နော်… ပြောပြဘူး…)

နောက် ထူးထူးခြားခြား သံယောဇဉ်တခုကတော့ ကိုယ် အလုပ်တွေများပြီး အွန်လိုင်းပေါ်က ပျောက်နေလျှင် စိတ်တွေတိုနေတတ်သော၊ ဟိုးအဝေးကြီးတနေရာက ကိုယ် ရင်းနှီးချစ်ခင်ရသော အစိမ်းရောင် အစက်ကလေး တစက်…။ (ကိုယ်လိုလူကို စိတ်ရှည် လက်ရှည် ချစ်ခင်တဲ့အတွက် ကျေးဇူး အကြီးကြီးတင်ပါတယ် အစက်ကလေးရေ့…. )

၂၀၀၉ အတွက် ကိုယ် မှတ်မိသမျှ အမှတ်ရစရာ မှတ်တမ်းကတော့ ဤမျှသာ…။
နောက်နှစ်ခါ ၂၀၁၀ ကိုလဲ ကိုယ့်အတွက်ရော… သူငယ်ချင်း မိတ်ဆွေများ အားလုံးအတွက်ပါ အစစ အရာရာ အေးအေးချမ်းချမ်း အဆင်ပြေပြေနှင့် ကံကောင်းခြင်းများစွာကို သယ်ဆောင်လာနိုင်သော၊ တောက်ပသော နှစ်သစ် တနှစ်အဖြစ် ကိုယ် ကြိုတင် မျှော်လင့် ဆုတောင်းနေချင်ပါသည်။


*** ဤဘလော့ဂ်လေးနှင့် ပတ်သက်ပြီး ယခင်ထဲက သိနှင့်နေပြီးသော သူငယ်ချင်း မိတ်ဆွေများ၊ ယခုမှ တိုးပွားလာသော သူငယ်ချင်း မိတ်ဆွေ အသစ်များ၊ ဘလော့ဂ် စာမျက်နှာတွေပေါ်မှာ၊ G Talk မှာ၊ C Box မှာ၊ Facebook မှာ နှင့် အပြင်လောကမှာပါ ခင်မင်ခွင့်ရသောသူများ အားလုံး အားလုံးကို သေသေချာချာ မှတ်တမ်းတင်ထားပြီး အစဉ် ရင်းနှီး ချစ်ခင်နေပါမည်။

Tuesday, November 24, 2009

နောက်ဆုံးစကား (သို့) မေမေ





အခုတလော…
စာမျက်နှာတွေပေါ်မှာလဲ ကမ္ဘာပျက်
အင်တာနက်ကြီးထဲမှာလဲ ကမ္ဘာပျက်
သတင်းတွေထဲမှာလဲ ကမ္ဘာပျက်
ရုပ်ရှင်ထဲမှာလဲ ကမ္ဘာပျက်
အဲ… ဘလော့ဂ်စာမျက်နှာတွေပေါ်မှာပါ မကျန်
ကမ္ဘာကြီး အစိတ်စိတ် အမွှာမွှာ ကွဲပြိုပျက်ခဲ့တယ်…
ပြုံးသူတွေ ပြုံးလို့ မုန်းသူတွေလဲ မုန်းခဲ့ကြတယ်…
အပြစ်မြင်တဲ့သူတွေ ရှိသလို ချစ်ခင်တဲ့သူတွေလဲ ရှိခဲ့တယ်ပေါ့…

ကမ္ဘာကြီးရေ… စိတ်တော့ မဆိုးပါနဲ့…
မင်းရဲ့ ပျက်စီးခြင်း ဂယက်ဟာ
နေရာတိုင်းမှာပျက်လို့ အားမရ
အိပ်မက်ထဲအထိပါ လိုက်ပျက်နေတော့တာ…

ကမ္ဘာပျက်တော့မယ်တဲ့….
မြင့်မားပြီး မတ်စောက်တဲ့ တောင်တန်းရှည် တခုရဲ့ ခြေရင်းမှာ
လူသားအားလုံးကို ကျောခိုင်း… တောင်တွေဖက်ကို မျက်နှာမူ
ကမ္ဘာပျက်ချိန်ကို သွေးအေးအေးနဲ့ စောင့်ဆိုင်းနေတဲ့
မိန်းမငယ်တယောက်….

ဟော… ကမ္ဘာပျက်တော့မယ်…
တောင်တွေပြိုတော့မယ်....
သူ့ရှေ့က တောင်တန်းဟာ အရှိန်နဲ့ စတင် လှုပ်ခါလာပြီ…
ကျောက်တုံး ကျောက်ခဲ အစအနတွေ တလိမ့်လိမ့် ကျလာနေပြီ…
ခပ်သေးသေး အစအနတွေကနေ တဖြည်းဖြည်းနဲ့ ကြီးမားတဲ့
ကျောက်စိုင် ကျောက်သားတွေ ပဲ့ပြိုကျလာ...
သစ်ကိုင်းတွေ ကျိုးကျ သစ်ပင်တွေ လဲပြို...
ဒီလိုအချိန်မှာ...
လှည့်ထွက်ပြေးဖို့ ဟန်မပြင် ခြေတလှမ်းမှ မရွှေ့…
ကျောက်ရုပ်တရုပ်လို မတ်မတ်ရပ်ပြီး
တောင်တန်းတွေရဲ့ တုန်ခါနှုန်းကို
မမှိတ်မသုန် စောင့်ကြည့်နေတဲ့
မိန်းမငယ် တယောက်…

တဖြည်းဖြည်းနဲ့
တောင်တန်းကြီးရဲ့ လှုပ်ခါနှုန်းဟာ ပိုပိုပြင်းထန်လာ
အဲဒီ မိန်းမငယ်လေးရဲ့ မျက်နှာ ပြုံးနေသလား…
ဝမ်းနည်း မျက်ရည်တွေများ ကျနေသလား…
သူ ကြောက်ရွံ့နေမှာလား… ဒါတွေမှမဟုတ်
သူ့ရဲ့ နောက်ဆုံးအချိန်လေးအတွင်းမှာ
ချစ်ရတဲ့သူ တယောက်ယောက်ကိုများ လွမ်းဆွတ်နေမလား ရယ်လို့
အိပ်မက်ထဲမှာ ကိုယ်တွေးနေတုန်း…. တွေးနေတုံး…
သွေးပျက် ခြောက်ခြားစရာ ပြင်းထန်တဲ့ အသံဆိုးဆိုးကြီး တခုနဲ့ အတူ
တောင်တန်းကြီး တခုလုံး သူ့အပေါ်ကို အရှိန်ပြင်းပြင်းနဲ့ လဲပြိုကျ သွားတော့တယ်…

ဒီအခါ တောင်ခြေရင်းမှာ
ခြေစုံရပ်ရင်း တချိန်လုံး နဲနဲမှ မတုန်လှုပ်တဲ့
မိန်းမငယ်လေးနှုတ်ဖျားက ရဲ့ တိုးသဲ့ ညင်သာ အသံတခုဟာ
တောင်တွေဆီကနေ ပဲ့တင်သံအဖြစ် ပြန်ရိုက်ခတ်လာရင်း
ဟို အသံဆိုးကြီးကိုတောင် လွှမ်းသွားစေခဲ့တယ်…
သူ ရေရွတ်လိုက်တာက တိုးဖွဖွလေးဖြစ်ပေမယ့်
နားထဲမှာတော့ အကြယ်ကြီး (အကြယ်ကြီး...) ကြားလိုက်ရတယ်…
သူ ရေရွတ်လိုက်တာက စကားလုံးလေး နှစ်လုံးထဲပါ…
အဲဒါကတော့… မေမေ တဲ့…။






*** ခလုပ်ထိမှ အမိတ ဆိုတဲ့ စကားရဲ့ အတိမ်အနက်ကို တွေးမိတဲ့ည၊ မေမေ့ကို ထူးထူးခြားခြား သတိရနေတဲ့ညက မက်ခဲ့တဲ့ အိပ်မက်လေး အကြောင်းပါ။ တွေးထားတုန်းကတော့ အက်ဆေးလေး ရေးမလို့ပါပဲ… ဒါပေမယ့် လက်က သူ့အလိုလို ထွက်ကျသွားခဲ့တာက အပေါ်က စာလိုလို ကဗျာလိုလို ဟိုမရောက် ဒီမရောက် စာကြောင်းတွေသာ ဖြစ်နေပါကြောင်း….

Sunday, November 22, 2009

ကော်ဖီခွက်ထဲက အနက်ရောင် ကြယ်ပွင့်တစုံ



အမှတ်တမဲ့ ဆုံခဲ့ရတဲ့ အနက်စစ်စစ် ကြယ်လေး နှစ်ပွင့်
သတိရတဲ့ အချိန်မှာ ကောင်းကင်ပေါ်မော့
ပြန်ရှာကြည့်လိုက်တော့
ညမှောင်မှောင်မှာ အနက်ရောင် ကြယ်လေးတွေ
ပျောက်ခြင်းမလှ ပျောက်ဆုံး…
အော်.. ကြယ်မစုံတဲ့ ညက မှောင်မိုက်နေတုံး…။

အိပ်မက်တွေထဲမှာတော့
အဲဒီ အနက်ရောင် ကြယ်ပွင့်လေးတစုံကို
နှင်းဆီပန်းဖြူဖြူတွေကြားထဲမှာ…
တိမ်လိပ်ဖြူဖြူတွေပေါ်မှာ…
မိုးစက်မိုးပေါက်တွေကြားထဲမှာ…
ဝါကျင့်ကျင့် မီးရောင်အောက်မှာ…
တခါတခါ ဖတ်လက်စ စာအုပ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ…
တခါတခါ နားထောင်လက်စ သီချင်းသံစဉ်တွေရဲ့ ကြားထဲမှာ…
မှုန်ရီရီ ဝေဝါးဝါး…

တချို့ညတွေ သန်းခေါင်ယံ အိပ်မက်က လန့်နိုး
အဲဒီလို အချိန်မျိုးတွေမှာ
ကောင်းကင်ပေါ် အသာမော့ကြည့်မိတော့
အနက်ရောင် ကြယ်ပွင့်လေး တစုံဟာ
သူ့ရဲ့ပိုင်ရှင် မိုးကောင်းကင်ကြီးပေါ်မှာ တောက်ပစွာ
ပြုံးလို့ ပျော်လို့တွေ့ရပြန်တယ်…

ဒီလိုနဲ့ အနက်ရောင် ကြယ်ပွင့်လေး နှစ်ပွင့်ကို
အိပ်မက်တွေထဲမှာ ရှာဖွေကြည့်လိုက် ပျောက်ဆုံးသွားလိုက်…
အတွေးတွေထဲမှာ လိုက်ဖမ်းဆုတ်ကြည့်လိုက် လွတ်ထွက်သွားလိုက်နဲ့
ဘယ်လိုမှ ရှာမရအောင် ပျောက်ဆုံးနေတဲ့
နောက်ဆုံးနေ့ရက်တွေမှာ
စိတ်အစဉ်ကို အသာလျှော့
အဆိပ်မျှင်တွေပါတဲ့ ကော်ဖီခါးတခွက်ကို ဖန်တီး
ရူးရူးမိုက်မိုက် မော့သောက်မယ်ကြံပြီးခါမှ
ရှာနေတဲ့ အနက်ရောင် မျက်ဝန်းတစုံကို
မမျှော်လင့်ပဲ ကော်ဖီခွက်ထဲမှာ ပြန်တွေ့လိုက်ရတယ်…

ကျေးဇူးတင်ပါတယ် ကော်ဖီခွက်လေးရေ လို့ ပြောလို့မှ မဆုံး
ကမ္ဘာကြီးကို တုန်လှုပ်စေတဲ့ လေပြင်းမုန်တိုင်းတွေ…
ချော်ရည်ပြည့်နဲ့ မီးတောင်ပေါက်ကွဲသံတွေ…
မြေပြင်လွှာကို အလျားလိုက် ပြတ်ရွေ့စေတဲ့ ငလျင်တွေ…
အားပြင်းလှတဲ့ သဘာဝဘေးရန်တွေကြားမှာ
စားပွဲပေါ်က ကော်ဖီခွက်လေး ထိန်းမရအောင်
ဟိုဟိုဒီဒီ ဘောင်ဘင်ခတ်ရင်း
မကြာခင်က တွေ့ခဲ့ရတဲ့ အနက်ရောင် မျက်ဝန်းတစုံ
သူ့အလိုလို ပျောက်ဆုံးသွားခဲ့ပါရောလား…။





*** ကဗျာလေးနဲ့ လိုက်တဲ့ ပုံဆွဲပေးပါလို့ ပူဆာလိုက်လို့ ချက်ချင်း ပုံဆွဲပေးခဲ့တဲ့ ညီမလေး
ပန်ဒိုရာ ကို ကျေးဇူး အများကြီး တင်ပါတယ်...။

Wednesday, November 18, 2009

ခြေရာဖျောက်


အခုချိန်မှာ
သေနတ်တလက်သာ လက်ထဲရခဲ့မယ်ဆို
ကျည်ဆံတွေ အပြည့်ဆောင်လို့
သွားလေရာ နေရာကို သယ်ပိုး…


စိတ်ထဲမှာ
အမြင်မတော် မတည့်တဲ့သူတွေ…
စကားပြောရင် အထာမကျတဲ့သူတွေ…
ပေးထားတဲ့ကတိကို ဖျက်တဲ့သူတွေ…
မလိုသောစကား အပိုဆာဒါးတွေ ထည့်
ချဲ့ကားချင်တဲ့ သူတွေ…
မလိုအပ်ပဲ ညာပြောတဲ့သူတွေ…
လူတယောက်ထဲကနေ နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲ
အဲဒီလို ကိုယ်ခွဲရုပ်ရှင် ရိုက်နေတဲ့သူတွေ…
ခုနေတမျိုး တော်ကြာတမျိုး
စကားတွေကို အချိုလောင်း
ခဏ ခဏ ပြောင်းတတ်တဲ့သူတွေ…
ဘုရားမသိတဲ့သူတွေ...
တရားမရှိတဲ့သူတွေ…

… …
… … …
… … … …
အားလုံး အားလုံးကို
လက်ညှိုးလေးတချောင်း အသာကွေး
သွေးအေးအေးနဲ့ ကိစ္စတုံးအောင်
အဆုံးသာ စီရင်ပစ်လိုက်ချင်တယ်…

ဒါပေမယ့် တကယ့် တကယ်
လက်ထဲကို သေနတ်ရောက်လာတဲ့ အခါ
သေသေချာချာ ချိန်ရွယ်ပြီး ပစ်လိုက်မိတာက
ကိုယ့်ရဲ့ နားထင်တည့်တည့်ကိုသာ ဖြစ်နေတော့တယ်…




*** ဘာကြောင့်လဲလို့ မမေးပါနဲ့… အဖြေမရှိပါဘူး…
လက်ထဲမှာ သေနတ်ရှိတဲ့သူတွေလဲ မကြောက်ကြပါနဲ့.. လာမငှားပါဘူး…
ဝယ်လို့ရတဲ့ နေရာလေးသာ သိရင် လက်တို့လိုက်ကြပါ…

Monday, November 16, 2009

သံလွင် အိပ်မက် အတွဲ (၃) အမှတ် (၄)

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) ထွက်ပါပြီ။
ဒီတပါတ် ထွက်တဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းမှာတော့ အပြောင်းအလဲ နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အဓိကထားပြီး ဖတ်ကြရမှာ ဖြစ်ပါတယ်။
အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုတိုလေး တပုဒ် ပါပါတယ်…။
ဝတ္ထုလေးရဲ့ နာမည်က “ ပြောင်းလဲနေသော ” တဲ့။
ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။


* * * * *


ပြောင်းလဲနေသော





အရာရာတိုင်းသည် စက္ကန့်တိုင်း မိနစ်တိုင်းမှာ လှလှ ပပ ပြောင်းလဲ နေကြသည်။ သက်ရှိတွေ သာမက သက်မဲ့အရာတွေသည်လည်း အချိန်နှင့်အမျှ ပြောင်းလဲတတ်ကြသည်။ ရာသီဥတုတွေ ပြောင်းလဲတတ်သလို ရေမြေတောတောင် သဘာဝတွေကလည်း ပြောင်းလဲတတ်သည်။ အချိန်အခါတွေ ပြောင်းလည်းတတ်သလို အခြေအနေတွေသည်လည်း ပြောင်းလဲတတ်သည်။ စကားလုံးတွေက ပြောင်းလဲတတ်သလို အပြုံးတွေကလည်း ပြောင်းလဲတတ်သည်။ သစ်ရွက်လေးတွေ၊ လိပ်ပြာလေးတွေက အရောင်ပြောင်းတတ်သလို ပန်းပွင့်လေးတွေကလည်း အရောင်ပြောင်းတတ်သည်။ ပြီးတော့ လူတစ်ဦး တစ်ယောက်၏ စိတ်နေစိတ်ထား၊ အမူအကျင့်၊ ဓလေ့စရိုက်၊ အပြောအဆို၊ အယူအဆ၊ စွဲလမ်းသော အရာ၊ အလေးအနက်ထားသော၊ တန်ဖိုးထားသော အရာတွေ သည်လည်း တချိန်နှင့်တချိန် မည်သည့်နည်းနှင့်မျှ မတူညီနိုင်ကြ။ အချိန်နှင့်အမျှ ပြောင်းလဲနေတတ်ကြသည်မှာ ဓမ္မတာပင်…။

ထိုကဲ့သို့သော ပြောင်းလဲခြင်း သဘောတရားကို မည်သူမျှ လွန်ဆန်နိုင်ခြင်း မရှိသလို မည်သူကမျှလည်း တားဆီး၍ မရနိုင်။ ပြောင်းလဲသွားသော အရာတွေကို အရင်အတိုင်း အကောင်းပကတိ ပြန်ဖြစ်ရန်လဲ အတော်လေးကို မလွယ်ကူ။ ဤသို့ မလွယ်ကူမှန်း သိသိကြီးနှင့်ပင် ကိုယ့်မျက်စေ့ရှေ့မှောက်မှာ လှလှပပလေး ပြောင်းလဲသွားသော အရာတစ်ခုကို ဟိုးအရင် မပြောင်းလဲခင် အချိန်တုန်းကလို အကောင်းအတိုင်း ပြန်ဖြစ်လာစေရန် ကိုယ် ရူးသွပ်စွာ ကြိုးစားနေခဲ့မိပါသည်။

* * * * *

သူ့ကို စတင်ရင်းနှီးခဲ့သည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်သည်။ ကျောင်းမှာ မေဂျာတူ အတန်းတူ ပြီးတော့ ခုံနံပါတ်ချင်းကပ်ရက်.. သည်လိုနှင့် သူ့ကို စတင် ရင်းနှီးခင်မင်ခဲ့ရသည်။ ပင်ကိုယ် အလှတွေနှင့် အပြစ်ဆိုစရာမရှိအောင် လှပြီးသားဖြစ်သော်လည်း ခေတ်မှီ သေသပ်လှပသော ဝတ်စားဆင်ယင်မှုနှင့် ပြင်ဆင်ခြယ်သကာ အစဉ်အမြဲ လှနေတတ်သူ၊ ရယ်စရာ ဟာသများကို ရှာရှာဖွေဖွေ ပြောတတ်ကာ အစဉ်အမြဲ ကြည်လင်စွာ ရယ်မောနေတတ်သူ၊ သူငယ်ချင်းများကို လူမျိုး ဘာသာမရွေး တရင်းတနှီး ယုံယုံကြည်ကြည် ခင်မင်ကာ စေတနာအပြည့် ထားတတ်သူ၊ သင်ခန်းစာများကို သိပ်အားမစိုက်ရပဲ လွယ်လင့်တကူ နားလည်တတ်ကျွမ်းနိုင်သူ၊ အရာရာကို အကောင်းဖက်မှ တွေးမြင်တတ်ကာ လူတိုင်းကို ရရာနေရာမှ အတတ်နိုင်ဆုံး ကူညီတတ်သူ၊ သူသည် အလွန် လန်းဆန်း တက်ကြွသော၊ လှပပြည့်စုံ၍ အပြစ်ကင်းစင်သော ချစ်စဖွယ် မိန်းကလေးတစ်ယောက် ဖြစ်ပါသည်။

သူနှင့် ရင်းနှီးခင်မင်ခဲ့ရသော အချိန် ကာလ တလျှောက်တွင် သူနှင့် ပတ်သက်၍ စိတ်တိုင်းမကျစရာများ၊ စိတ်ညစ်ညူးစရာများ၊ အလိုမကျစရာများ ဘာမျှ မတွေ့ကြုံခဲ့ရပါ။ အလွန်တရာမှ ချစ်ခင် နှစ်လိုဖွယ်ကောင်းလှသော သူငယ်ချင်းတစ်ယောက် ဖြစ်ပါသည်။ သည်လိုနှင့် သူသည် ကိုယ့် အရင်းနှီးဆုံး စိတ်အချရဆုံး တိုင်ပင်ဖေါ် တိုင်ပင်ဖက် တိုးတိုးဖေါ် သူငယ်ချင်း ညီအမတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါသည်။ ကျောင်းဖွင့်ရက်တွေမှာ သာမက ကျောင်းပိတ်ရက်တွေမှာပါ သူနှင့် အဆက်အသွယ် မပျက်၊ အသွားအလာ မပျက် အချိန်တိုင်းမှာ တတွဲတွဲနှင့် နေဖြစ်ခဲ့ရင်း ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်း စာရင်းထဲမှာ သူသည် ထိပ်ဆုံးနေရာမှာ ရောက်နေခဲ့တော့သည်။

သည်လိုနှင့် တနေ့မှာတော့ ထူးထူးဆန်းဆန်း... ပြောစရာရှိသည် ဟုဆိုကာ သူ ကိုယ့်အိမ်ကို ရောက်လာပါသည်။ တွေ့တွေ့ချင်းမှာပင် ကိုယ့်အိပ်ခန်းထဲသို့ ဝင်လာကာ တံခါးသော့ကို နှိပ်လိုက်ပြီး “နင် ဘယ်သူ့ကိုမှ မပြောပြရဘူးနော်.. ငါ့ကို ဂတိပေးပါ.. ” အစချီသော စကားလုံးများနှင့် စတင်လာပါသည်။ သူပြောနေသော စကားလုံးတွေ အများကြီးထဲမှာ ကိုယ့် နားထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲလိုက်သလို ကျယ်ကျယ်လောင်လောင်ကြီး ကြားလိုက်ရသည်ကတော့ သူ့တွင် ပြင်းထန် ကြီးမားသော ရောဂါတစ်ခု ရှိနေပြီ ဖြစ်နေသောကြောင့် များမကြာမီ အချိန်အတွင်းမှာ အသက်ဆုံးရှုံးသွားနိုင်သည် တဲ့...။ ဘုရားရေ... ကိုယ့်ခေါင်းထဲတွင် မိုက်ကနဲဖြစ်ကာ အမြင်အာရုံများလည်း ဝေဝေဝါးဝါး ဖြစ်သွားသည်။ သူ့ကိုကြည့်လိုက်တော့ ရောဂါရှိနေသူမှာ သူမဟုတ်သလို… ဘာဆို ဘာမှ မဖြစ်လေဟန်နှင့် တည်တည်ငြိမ်ငြိမ်...

----------
--------------------
------------------------------

အပြည့်အစုံကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်…။

*** အလုပ်တွေများပြီး အားလပ်ချိန်တွေ နည်းနေတဲ့ကြားက ဝတ္ထုတိုလေးအတွက် သရုပ်ဖေါ်ပန်းချီလေး ဆွဲပေးတဲ့ ညီမငယ် ပန်ဒိုရာ ကို များစွာ ကျေးဇူးတင် ချစ်ခင်လျက်…။

Thursday, November 12, 2009

Love each other...


Hours Fly…
Flowers Die…
New days & new ways passed by…
But Love just keeps on growing...
Cause I bring out the best in YOU and you the best in ME
It takes two of us to make the perfect "WE"...

Love each other, more than ever.




** ခိုင်မြဲသောကြိုး


Monday, November 9, 2009

ကုန်ဆုံးသွားသော နေ့ရက်များအကြောင်း

ဒီတပါတ် သူ ခရီးသွားနေသည်။ သူ သွားသွားချင်း ပထမတရက် နှစ်ရက်မှာ လူက ဘယ်လိုမှ နေလို့ မကောင်း။ စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်ဖြစ်နေတာကြောင့်လဲ ပါမည်ထင်သည်။ သူမရှိတော့ အလိုလို ပျင်းနေပြီး ဟိုဟို ဒီဒီ ဘယ်မှလဲ မသွားချင်၊ အားနည်းနေသလိုလို အိပ်ရေးပဲ မဝသလိုလို နေပဲ မကောင်းချင်သလိုလို ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိ... လူက နုံးနေသည်။ လွမ်းသလားလို့ မေးလာရင်တော့လဲ အရမ်းလွမ်းတယ်လို့ ပြောရမှာပါပဲ…။ တခါတလေလေး ခဏတဖြုတ်လေး ခွဲရတာများ အဖြစ်သည်းမနေနဲ့လို့ ပြောလာလျှင်လည်း ခံရရုံ။ အတူတူရှိနေချိန်များမှာ ကိုယ့်ကို အရာရာကို ထိန်းကျောင်း တည့်မတ်ပေးနိုင်သော၊ အချိန်နှင့်အမျှ လိုအပ်သမျှ ဂရုစိုက်တတ်သော၊ သူ့တာဝန်၊ မိသားစု တာဝန်တွေကိုသာမက တွေသာမက ကိုယ့်တာဝန်တွေကိုပါ အစဉ်အမြဲ မငြီးမငြူ ကူညီဆောင်ရွက်ပေးတတ်သော သူ့ကြောင့် အရာများစွာသည် အဆင်ပြေပြေ အေးအေးချမ်းချမ်း…။ ကိုယ်က သူ့အနောက်ကနေ အချောင်လေးခိုကာ သက်တောင့်သက်သာ နေ နေရုံ၊ သည်တော့ သူမရှိသည့်အချိန်တွေမှာ သူ့ကို လွမ်းသည်ပေါ့…။ ဘာလုပ်လို့ လုပ်ရမှန်းမသိ… လူက အူကြောင်ကြောင် ယောင်လည်လည်…။ အိပ်ရာထဲခွေပြီး သူ့ဆီက ဖုန်းကို မျှော်လိုက် Message တွေ မျှော်လိုက်နှင့် အချိန်တွေကလဲ ကုန်နိုင်ခဲဘိခြင်း။

ကော်ဖီ ပေါင်မုန့်နှင့် ပန်းသီး လိမ်မော်သီးများဖြင့် စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်ကို ဖြတ်ကျော်လာပြီးသောအခါ လူက မခံနိုင်တော့…။ တခုခုတော့ စားမှဖြစ်ချေမည်။ ထို့ကြောင့် မနက်စောစော ထမင်းတအိုးတည်ကာ ကြက်ဥကြော်ပြီး ဘုရားလဲ ဆွမ်းတော်ကပ်၊ ကိုယ်လဲ အဲဒါပဲ အလွယ်တကူ စားလိုက်သည်။ ဖရီဇာထဲမှာ ငါးတွေ ပုဇွန်တွေ တွေ့သော်လည်း စောစောစီးစီး မကြော်ချင် မချက်ချင်တော့။ အစာနဲနဲဝင်သွား၍လားမသိ၊ လူက နဲနဲလန်းဆန်းလာသည်။ သည်လိုနှင့် ရုံးမှာ တနေ့ ကုန်သွားသည်။ ညကျတော့ အိမ်မှာ စာဖတ်လိုက် မျက်စေ့တွေညောင်းလာရင် ခဏနားလိုက်၊ တီဗီရှေ့ရောက်လိုက်၊ ကွန်ပျူတာရှေ့ထိုင်လိုက် ဘလော့ဂ်တွေ ဖတ်လိုက်၊ Facebook ကို သွားလည်လိုက်၊ ဟိုရေး ဒီရေး ရေးလိုက်နှင့် တည ကုန်သွားပြန်သည်။ ဒီနေ့တော့ အရင်နေ့တွေကလို ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ သူ့ကို လွမ်းနေသော စိတ်တွေ အနည်းငယ် ရော့သွားသလိုလို…။

ညဖက် သူဖုန်းခေါ်တော့ အရင်ရက်တွေကလောက် အခြေအနေ မဆိုးတော့… စကား ကောင်းကောင်းပြောလို့ရလာသည်။ လိုချင်တာတွေ မှာအုံးလေ... ဟု ပြောလာသောကြောင့် အင်း... အီးမေးလ် ပို့လိုက်မည်... ဟု ပြန်ပြောလိုက်သည်။ တယောက်တည်း ပျင်းမနေနဲ့... အစားလဲ မှန်မှန်စားအုံးနော် ဟူသော သူ့အပြောကို ဟုတ်ကဲ့ပါ… စားနေပါတယ် ဟု သွက်သွက်လက်လက် ပြန်ပြောလိုက်နိုင်သည်။ အမှန်တကယ်လဲ စားတာပဲကို... နော့လေ... ခါတိုင်း အကြောင်းပြချက် အမျိုးမျိုးနှင့် ရှောင်နေသော ကြက်ဥတောင် စားလိုက်သေး…။ အမှန်ကတော့ ပျင်းလို့ လွယ်တာ လုပ်စားတာ ဖြစ်ကြောင်း သူ မသိရှာ…။

နောက်တနေ့…
တနေ့တာ သုံးဆောင်ထားသော ကော်ဖီ ၄ ခွက်၏ ကောင်းမှုကြောင့် ထိုညက အိပ်မရ…။ ဖတ်စရာစာအုပ်တွေ ရှာပြီး အိပ်ရာပေါ်တင်ထားလိုက်သည်။ စိတ်ထဲပေါ်လာသလို ဟိုတစ ဒီတစ ဟိုတအုပ် ဒီတအုပ် ယူဖတ်မည်။ အိပ်မရတဲ့ အတူတူ ပဉ္စမမြောက် ကော်ဖီခွက်ကို ဖန်တီးပြီး စာအုပ်တွေဖတ်သည်။ စာဖတ်လို့ အရမ်းကောင်းသည်။ နာရီကြည့်လိုက်တော့ ည ၁၂ နာရီကျော်ကျော်…။ သူသာရှိနေရင် အတင်းအိပ်ခိုင်းနေလောက်ပြီ။ ကောင်းကောင်းပြောလို့ မရလျှင် မီးပိတ်တော့မည်… ဘာညာ ဘာညာနှင့် ဆူပူတတ်သော အချိန်…။ အခုတော့ ဆူပူမည့်သူ မရှိ…။ သည်လိုနှင့် မနက် ၄ နာရီကျော်ကျော်အထိ စာဖတ်နေလိုက်သည်။ လုပ်ချင်တာကို အတားအဆီးမရှိ လုပ်ရသောကြောင့်လား မသိ၊ လူက အိပ်ရေးမဝသော်လည်း ကြည်လင်နေသည်။ လူများ တယ်ခက်သနော်…။ မနက် ရှစ်နာရီ ရုံးသွား၊ ရုံးမှာလဲ ကော်ဖီတွေသောက်… အလုပ်လုပ်… လုပ်ဖေါ်ကိုင်ဖက်များနှင့် စကားပြော… တရက်ကုန်သွားပြန်သည်။

အိမ်ရောက်တော့ အသင့်ရှိနေသော ကြက်ဥကိုပင် ဟင်းအဖြစ် ဖန်တီးပြီး ညစာစားလိုက်သည်။ အရွက်စိမ်းတချို့ကို တွေ့သော်လည်း အပျင်းစိတ်က စိုးမိုးသည်။ အိပ်ရာပေါ်မှ ဖတ်လက်စ စာအုပ်များကလဲ ကိုယ့်ကို မျက်စပစ်နေလေသည်။ လောဘစိတ်ကြောင့် စင်ပေါ်မှ စာအုပ်တချို့ကိုပါ ထပ်ယူပြီး အိပ်ရာပေါ်ကို ပုံထားလိုက်မိရာ အိပ်ရာပေါ်တွင် စာအုပ်စင် တည်ထားသလို ဖြစ်နေသည်။ အိပ်စရာ တနေရာစာ ကွက်ကွက်လေးသာ ကျန်နေတော့သည်။ ထမင်းစားပြီး တီဗွီရှေ့ ခဏထိုင်မိသော်လည်း ဘာမှကြည့်စရာမရှိ…။ သူငယ်ချင်းတယောက်နှင့် ခဏ ဖုန်းပြော ပြီးတော့ ဘလော့ဂ်လည်ထွက်။ ပြီး ရေမိုးချိုးပြီး စာအုပ်တွေ စဖတ်တော့သည်။ ဇိမ်ကျလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ ကော်ဖီတွေ အများကြီးသောက်လို့ ဆူမယ့်သူမရှိ၊ ညမိုးချုပ်ထိ စာဖတ်နေလို့ ဆူမယ့်သူမရှိ၊ အိပ်ရာပေါ်မှာ ရှုပ်ဖွထားလို့ ဆူမယ့်သူမရှိ၊ ထမင်းကောင်းကောင်းမစားလို့ ဆူမယ့်သူမရှိ၊ သူငယ်ချင်းတွေနှင့် ဖုန်းအကြာကြီးပြောနေလို့ ဆူမယ့်သူ မရှိ…။ တယောက်တည်း အကြိုက်တွေ့နေသည်။

ညက အရှိန်တွေကြောင့် မနက်စောစော သူ့ဆီက ဖုန်းလာတော့ ဖုန်းမြည်နေတာ အကြာကြီး... လူက တော်တော်နဲ့ မနိုး…။ သူက ကိုယ့်ကို သိပ်သိသည်လေ…။ ချက်ချင်း မေးလာသည်…။ ညက ဘယ်အချိန်အိပ်သလဲ တဲ့…။ အင်း… အဲ… နဲ့ တော်တော်နဲ့ အဖြေမပေးသော ကိုယ့်ကို သိပ်တော့မဆူ၊ ညနက်နက်အထိ မနေဖို့နှင့် ထမင်းကောင်းကောင်းစားဖို့သာ ပြောသည်။ ကိုယ်ကလဲ ဟုတ်ကဲ့ပါ ခြင်း ထပ်နေအောင် ပြောလိုက်သည်။ ယုံပုံတော့မရ... မမြင်ရသောကြောင့် ပြောမရ၍ သည်းခံခြင်းမျိုးဖြင့် သည်းခံလိုက်ပုံရသည်။

ရုံးမှာလဲ အလုပ်က ခပ်ပါးပါး…။ သူငယ်ချင်းတယောက်က သူကြည့်ပြီးသော ကိုရီးယားကားလေး သိပ်ကောင်းကြောင်း ပြောလာသည်။ မင်းသားကလဲ အတော်ချော အတော်လှ ဆိုပဲ…။ အချိန်ရရင် ကြည့်ပါလား တဲ့။ အိုကေ… လုပ်လိုက်လေ ကြာသလားလို့…။ သိပ်မကြည့်ချင်ရှာပုံက ညနေရုံးအဆင်းမှာ သူငယ်ချင်းအိမ်ကို အခွေလိုက်ယူမိသည့်အထိ။ ထိုနေ့ညစာကတော့ သူငယ်ချင်းနဲ့အတူ အပြင်မှာ စားလိုက်သောကြောင့် နဲနဲစိုပြေသည်ဟု ပြောလို့ရပေသည်။ အိမ်ရောက်တာနှင့် ရေချိုး၊ အစဉ်အလာမပျက် ကော်ဖီတခွက်ဖျော် ပြီးတာနဲ့ ကိုရီးယားကားကို စကြည့်တော့သည်။ စုစုပေါင်း ဇာတ်လမ်းတွဲ နှစ်ဆယ် တဲ့…။ ဘုရားရေ… သွား မစမိလျှင် ကောင်းမည် ထင်သည်။ အို.. ဘာပဲဖြစ်ဖြစ် သူငယ်ချင်းက ဒီလောက်တောင် ပြောနေမှဟာ နဲနဲတော့ ကြည့်ကြည့်လိုက်မည်။ ကိုယ် မကြိုက်ရင် အချိန်မရွေးရပ်လို့ရတာပဲ…။ သို့သော် တိုတိုပြောရလျှင်တော့ ထိုညက ၄နာရီခွဲသွားသည်။ ကိုရီးယားကားကြည့်ရင်း အရာရာကို မေ့သွားသည်။ တကယ်ပါ မင်းသားက သူငယ်ချင်းပြောတာထက်တောင် ပိုချောသေး…။

ကြည့်လိုက်မိသော ထို ကိုရီးယားကားကြောင့် နောက်တနေ့ရုံးမှာ ဘာမှလုပ်လို့ စိတ်မပါတော့…။ စားလဲ ဒီစိတ် သွားလဲ ဒီစိတ်ဆိုတာ တော်တော်မှန်နိုင်သည်။ ထိုနေ့က သူ ဖုန်းဆက်တော့ ဘာတွေလုပ်နေလဲ... အဆင်ပြေရဲ့လား... ပျင်းနေသလား... မေးလာသဖြင့် အချိန်တွေ မြန်မြန်ကုန်အောင် ကိုရီးယားကား ကြည့်နေသည် ဟု ပြောလိုက်သည်။ ညဖက် ဘယ်အချိန်တွေ အထိ ကြည့်နေသလဲဟု သူကမမေးသလို ကိုယ်ကလဲ မပြော…။ (ဒါ ပြောစရာလား…)။ ကိုယ် ကိုးရီးယားကားတွေ တခါမှ မကြည့်ဖူးမှန်း သိနေသောကြောင့် ကြာရှည်ကြာမြင့် စွဲစွဲလမ်းလမ်းတွေ ကြည့်နေလိမ့်မည်ဟု သူနဲနဲမှ မျှော်လင့်မထားသည်မှာ အထင်အရှား…။ ရှိစေတော့…။ ရှိစေတော့...။

ညနေမှာ အိမ်ကို မြန်မြန်ပြန်ရောက်ချင်ဇောက လူကို ကြီးစိုးနေသည်။ ညစာအတွက် ခေါက်ဆွဲပြုတ် စားလိုက်မည်။ အဲဒါက အချိန်ကုန်သက်သာသည်လေ… တဖက်က ခေါက်ဆွဲပြုတ်ထားရင်း ကိုယ်က ရေကို ခပ်မြန်မြန် ချိုးလိုက်သည်။ ကော်ဖီလဲ ဖျော်ထားလိုက်သေးသည်။ အားလုံး တပြိုက်နက်ပြီးသွားတော့ တီဗွီရှေ့ကို စားစရာများ ယူချလာပြီး ဧည့်ခန်းကို ထမင်းစားခန်းအဖြစ်သို့ အသွင်ကူးပြောင်းလိုက်သည်။ သူတွေ့ရင် ဆူမှာမလွဲ…။ ထိုညကလဲ ၄ နာရီကျော်သွားသည်။ အပိုင်း နှစ်ဆယ်မှာ ဆယ်ပိုင်းတိတိ ပြီးသွားလေပြီ။ အောင်မြင်မှု…။

နောက်တညမှာလဲ ထိုနည်းလည်းကောင်း… ပြီးတော့ နောက်ထပ် တည… စုစုပေါင်း လေးညတိတိနှင့် ဇာတ်လမ်းတွဲ နှစ်ဆယ်ကို အပြတ်ဖြတ်နိုင်သော ကိုယ့်ကို သူငယ်ချင်းက လူထူး လူဆန်းသဖွယ် ကြည့်သောအခါ ကိုယ် ပြုံးနေမိသည်။

စာရင်းချုပ်လိုက်တော့ သူမရှိသော နေ့ရက်များအတွင်း ပထမ နှစ်ရက်က သူ့ကို လွမ်းသည်။ နောက်နှစ်ရက်က စာအုပ်တွေ မိုးလင်းလုနီးနီး ဖတ်သည်။ နောက် လေးရက်က ကိုရီးယားကားကို အပိုင်ပေးလိုက်သည်။ သောက်မိသည့် ကော်ဖီခွက်တွေက မရေမတွက်နိုင်၊ ရေခဲသတ္တာထဲမှာ အသားဗူးတွေကတော့ဖြင့် အရာမယွင်း၊ အရွက်စိမ်းတွေက နွမ်းလုလု၊ ပန်းသီးက ကုန်နေပြီး ကြက်ဥကတော့ သုံးလုံးပဲကျန်တော့သည်၊ လျှော်ပြီးသားအဝတ်တွေ အခြောက်ခံစက်ထဲမှ ထုပ်လာသော အနေအထားအတိုင်း တပုံ၊ မီးပူလဲ မတိုက်ရသေး၊ အိပ်ရာပေါ်မှာကျတော့ ပြန့်ကျဲနေသော စာအုပ်တွေ တောင်ပုံ ယာပုံနှင့် အတူ သီချင်းစီဒီတွေ၊ ဗွီစီဒီတွေ၊ စာတိုက်ပုံးထဲမှ ထုပ်လာသော မဖေါက်ရသေးသော စာတွေ၊ မပေးဖြစ်သေးသော ဘေလ်တွေ၊ တယ်လီဖုန်း၊ ပိုက်ဆံအိပ်၊ အိမ်သော့၊ ကားသော့၊ အခန်းသော့တွေ... ပြီးတော့ စာရွက်ဖြူ အလွတ်တွေနှင့် ဘောပင်တွေ၊ နှိုးစက်နာရီ နှင့် လက်ပတ်နာရီ၊ ကွန်ပျူတာရှေ့မှာကျတော့ ရေဗူးနှင့် သောက်လက်စ ရေခွက်၊ သကြားလုံး ချောကလက် ဘီစကစ် စသည့် မုန့်မျိုးစုံဗူးတွေအပြင် ဖေါက်လက်စ Panadol တကဒ်လဲ ရှိနေသေးသည်။ မီးဖိုထဲမှာတော့ ဘာမှ မရှုပ်ပွလှ… မရှုပ်ဆို ဘာမှမှ သိပ်ချက်မစားဖြစ်တာလေ...။ ဧည့်ခန်းထဲမှာတော့ ဧည့်ခန်းကို ထမင်းစားခန်းအဖြစ်သို့ အသွင်ပြောင်းထားသည့်အတွက် စားပွဲသေးသေးနှစ်လုံးနှင့် ကော်ဖီခွက် တခွက်၊ တစ်ရှုးလိပ် တခု၊ သတင်းစာခေါက်တွေ၊ ပေါက်ပေါက်ရှာရှာ ခေါင်းအုံးတလုံးတောင် အဆစ်ပါနေသေး…။

သေချာတာ တခုကတော့ သည်ည ကိုယ် အိပ်ရမည်မထင်…။
ဖတ်ချင်နေသေးသော ဖတ်လက်စ စာအုပ်တွေ နှင့် တချို့အပိုင်းတွေ (မင်းသား.. မင်းသား…) ပြန်ကြည့်ချင်နေသေးသော ကိုရီးယားကားကို အသာ ဘေးဖယ်ထား… ရှင်းစရာ ရှိတာတွေ အကုန်လုံးကို ဒီတညနှင့်အပြီး ရှင်းနိုင် လင်းနိုင်ပါမှ အဆင်ပြေလိမ့်မည်။ မနက်ဖြန် မနက်ဆို သူ ပြန်ရောက်လာတော့မည်လေ…။



မှတ်ချက် ။ ။

ရေးထားတာတွေ အားလုံး ရာနှုန်းပြည့် အမှန်တွေချည်း မဟုတ်ပါ…။
အဟုတ်ကြီးမှတ်ပြီး ဟာ… သက်ဝေ တော်တော်ဆိုးပါလား ဆိုပြီး အပြစ်တွေ ဝိုင်းပြော မသွားကြပါနဲ့နော် …။ အဲဒါတွေ သူ ဖတ်ပြီးရင် အားတက်ပြီး ကိုယ့်ကို ဆူစရာ အကွက်တွေ ပိုရသွားလိမ့်မယ်…။ အခုလဲ အိမ်ရှင်းနေရတာ မောနေတာပါပဲ...။ ကျေးဇူးပြု၍ ကြင်နာကြပါ…။


Saturday, November 7, 2009

မိုက်ဖေါ် မိုက်ဖက် တယောက်တိုးခြင်း

ဒီရက်တွေ အလုပ်များနေလို့ စာအသစ် မရေးနိုင်ခင်မှာ သူငယ်ချင်းတယောက်ရဲ့ ဘလော့ဂ် အသစ်လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။

သူနဲ့ ကိုယ်နဲ့က ဟိုး ငယ်ငယ်လေး မူလတန်းကျောင်းသူဘဝထဲက သူငယ်ချင်းပါ။ ငယ်ငယ်ကထဲက သူ့ရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ လက်ရေးလေးနဲ့ စာတွေ ကဗျာတွေ ရေးခဲ့တာကို အခုထိ မှတ်မှတ်ရရရှိနေပါတယ်…။ သူနဲ့ ပတ်သက်ပြီး အမှတ်အရဆုံး အရာတခုကတော့ အော်တိုစာအုပ်တွေပါ။ ကျောင်းတွေ ပိတ်ခါနီးဆိုရင် သူငယ်ချင်းတွေ တယောက်နဲ့တယောက် အော်တိုစာအုပ် အပြန်အလှန် လဲလှယ် ရေးသားတဲ့အခါမှာ သူက သူ့ကိုယ်ပိုင် ကဗျာတို လှလှလေးတွေကို ရေးပေးလေ့ ရှိပါတယ်…။ ဒီလိုနဲ့ မူလတန်း အလယ်တန်း အထက်တန်းကျောင်း သက်တမ်းတလျှောက်၊ တက္ကသိုလ်ကျောင်း သက်တမ်းတလျှောက် အတန်းတွေကွဲ၊ လမ်းတွေကွဲပြီး အမြဲမခွဲ တတွဲတွဲနေလို့ရတဲ့ အချိန်တွေ နည်းသွားပေမယ့် တွေ့လိုက်တဲ့ အချိန်တိုင်းမှာ လှိုက်လှဲ နွေးထွေးမြဲ…။ တွေ့လိုက်ရတဲ့ အချိန်တိုင်းမှာ ရိုးသား ပွင့်လင်းပြီး ရင်းနှီး ချစ်ခင်စရာကောင်းလှတဲ့ ကျောင်းသူဘဝတုန်းက သူ့ပင်ကိုယ် ဟန်ပန်တွေကို ခုချိန်အထိ ရှာတွေ့မြဲ…။ အချိန်တိုင်းမှာ ချစ်စရာ ကောင်းမြဲ…။ ဒါတွေကတော့ သူ့ရဲ့ အကြောင်း တစေ့တစောင်းလေးပါ…။

ဒီလိုနဲ့ သိပ်မကြာသေးတဲ့တရက်မှာ သူ့လိုပဲ မူလတန်းထဲက ချစ်ခင်ခဲ့ရတဲ့ ခိုင် ဆိုတဲ့ သူငယ်ချင်းကို ကိုယ့်ဘလော့ဂ်လေးကြောင်း ပြောပြမိတယ်…။ ဘယ်သူမှမပြောနဲ့နော် လို့လဲ (ထုံးစံအတိုင်း) ပိတ်လိုက်ပါသေးတယ်…။ သူကလဲ တကယ် စိတ်ချရပါတယ်…။ လေး ငါးရက် ကြာတဲ့ အထိ ဘယ်သူ့ကိုမှ မပြောပြပါဘူး။ အဲ… ဒါပေမယ့် ခြောက်ရက်မြောက်နေ့မှာတော့ သူနဲ့ တအိမ်ထဲ အတူတူနေတဲ့ သူငယ်ချင်းကို “ကိုယ် မနေနိုင်ဘူးကွယ်… ဖွင့်ပြောလိုက်တော့မယ်…” လို့ ဆိုလာပါတယ်…။
ဟင်… တကယ်ကြီး သွားပြောတော့မှာလား ဆိုတော့… အင်း.. တဲ့…။
ဘုရားရေ… မပြောလို့ မဖြစ်ဘူးလားဆိုတော့… ဟင့်အင်း… ပြောချင်နေတယ် တဲ့…။

ဒီလိုဆိုတော့လဲ အိုကေပေါ့… ပြောလိုက်ပါ လို့ ခွင့်ပြုလိုက်ရပါတယ်…။
ဒီလိုနဲ့… ဒီလိုနဲ့….

တိုတိုပြောရရင် အခု
ချစ်ကြည်အေး ရယ်လို့ ဖြစ်လာမယ့် သူငယ်ချင်းက ကိုယ့်ဘလော့ဂ်အကြောင်းကို သိသွားပြီးနောက်မှာ သူ့ရဲ့ နဂိုမူလ ဗီဇလေးတွေ၊ ဝါသနာလေးတွေ ပြန်လည်ရှင်သန်လာပြီး သူလဲ ဘလော့ဂ် ရေးလိုပါတယ်လို့ ဆိုလာတယ်။ ဒီတော့ ကိုယ်ကလဲ ကိုယ့်လို မိုက်ဖေါ် မိုက်ဖက် တယောက်တော့ တိုးပဟ ဆိုပြီး ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ သူ့အတွက် ဘလော့ဂ်လေးတခု အစပြုပေးခဲ့ပါတယ်။ အရင်ကတော့ သူ့ဟာသူ Facebook မှာ Pet Society တို့၊ Farm Villie တို့၊ Café World တို့နဲ့ ပျော်နေရာက အခုတော့ အဲဒါတွေကို လုံးလုံးလျားလျား ပစ်ပယ်ပြီး ကိုယ်တို့ရဲ့ ဘလော့ဂ်စဖီးယားထဲကို ရောက်လာတဲ့ သူငယ်ချင်း ချစ်ကြည်အေး ကို အသိအမှတ်ပြုပြီး လှိုက်လှဲ ချစ်ခင်စွာ ကြိုဆိုကြပါနော်…။

ပြီးတော့ သူ့ရဲ့
နိဒါန်း စကား ထဲက အတိုင်းပါပဲ… သူ့ထက် အရင် ဘလော့ဂ်နေကြသူများ အားလုံး သူ့ရဲ့ စာလေးတွေ ကဗျာလေးတွေကို သွားဖတ်ပြီး ဝေဖန်ကြပါ၊ လိုအပ်တာတွေများ ရှိခဲ့ရင်လဲ မှတ်ချက်များရေးပြီး အကြံပြုကြပါလို့ ချစ်ခင်စွာ တိုက်တွန်းလိုက်ပါရစေ…။



** မိုက်ဖေါ် မိုက်ဖက် ဟူသော စကားလုံးကို နှစ်သက်လှသောကြောင့် ပုံရိပ် (စိတ်ကူးပုံရိပ်) ဆီမှ ကူးယူသုံးစွဲပါသည်။ ကျေးဇူးပါ ပုံရိပ်ရေ...

Sunday, November 1, 2009

သံယောဇဉ်

ချစ်တဲ့ သူငယ်ချင်း တန်ခူး ရဲ့ Tag ပါ…။
အခုတလော ဆိုညည်းနေမိသော သီချင်းများ တဲ့…။

သီချင်းတွေနဲ့ ပတ်သက်လို့ပြောရရင် အရှည်ကြီးပေါ့။
ကိုယ်က သီချင်းတွေကို ချစ်တယ်…။
အမြဲတမ်းလဲ သီချင်းနဲ့ လူနဲ့ မပြတ်အောင် နားထောင်နေတတ်တယ်။
တခါတခါမှာတော့ နဲနဲပါးပါး လိုက် ဆိုညည်းမိတယ်။
ဒါပေမယ့် နဲတယ်…။ လိုက်ဆိုရတာထက် နားထောင်ရတာကို ပိုကြိုက်တယ်။

ဒီတော့ တန်ခူးရဲ့ ခေါင်းစဉ်ကို နဲနဲပြင်လိုက်တယ်…။
အခုတလော နားထောင်နေမိသော သီချင်းများ လို့…။
သီချင်းများ လို့ ဆိုပေမယ့် ကိုယ် အခုတလော အဆက်မပြတ် နားထောင်နေမိတဲ့ သီချင်းကတော့ တပုဒ်ထဲပါ။

ဒါပေမယ့် တခုတော့ရှိတယ်…။
ကိုယ့်ရဲ့ လတ်တလောမှာ ခံစားနားထောင်နေမိတဲ့ သီချင်းကို ချပြလိုက်ရင် အဲဒီကနေ တဆင့် ကိုယ့်ရဲ့ ရင်ထဲက လတ်တလော အခြေအနေကို ထင်ထင်ရှားရှား လှမ်းတွေ့မြင်နိုင်စေတာမို့ ဖြစ်နိုင်ရင် ဒီပိုစ့်ကို ကိုယ် မရေးချင်ရိုး အမှန်ပါ…။ (အဟိ… ကြီးကြီးကျယ်ကျယ်တွေ လုပ်ချလိုက်ပြန်ပြီ…)
ဒါပေမယ့် သူငယ်ချင်းကို ချစ်ခင်တဲ့စိတ်ကလေး တခုတည်းနဲ့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် ဆိုပြီး ရေးလိုက်ပါတယ်...။

အဲဒီ သီချင်းကတော့ ကိုလေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော်ထဲက သီချင်း တစ်ပုဒ်ပါ။
တော်တော်များများလဲ သိပြီးသား ဖြစ်ကြမှာပါ။
သီချင်းနာမည်က သံယောဇဉ် တဲ့…။
နားထောင်ကြည့်နော်…။




သံယောဇဉ်

မတွေးချင်လည်း ပြန်တွေးနေမိ… မေးရင်လည်း ပြန်သတိရပြီ…
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်...
မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ… မှားနေလဲ ငါ ဆက်သွားမိ…
ဒုက္ခများကုန်ပြီ…
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်… ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့…
သံယောဇဉ်…

သံယောဇဉ်… သံယောဇဉ်… ငါလေ အပျက် အပျက်နဲ့ သွေးထွက်ခဲ့တယ်…
သံယောဇဉ်… သံယောဇဉ်… လူကို အရူးတပိုင်း ဖြစ်စေတယ်…
သံယောဇဉ်… သံယောဇဉ်… နေမြင့်လို့ အရူးရင့်ခဲ့တယ်… ဒီသံယောဇဉ်…
ဒီသံယောဇဉ်… ဒီသံယောဇဉ်… ဒီသံယောဇဉ်…
အိုး… ဒီသံယောဇဉ်…

မကြားချင်လဲ ငါ ကြားယောင်မိ… မသွားချင်လဲ ငါ ပြန်သွားမိ…
အစိုးမရတဲ့ စိတ်ကြောင့် ငါ… ခက်ပြီ…
မမွှေးသင့်ပဲ ငါ မွှေးတဲ့မီး… မတိုးချင်ပဲ ငါ ဆက်တိုးမိ…
ငါ့ဘဝ ကျွမ်းလောင်ပြီ… အိုး…
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်… ဖြတ်တောက်တိုင်းလဲ ဖြတ်ဖို့ခက်တဲ့…
အိုး… သံယောဇဉ်…

သံယောဇဉ်… ငါလေ အပျက် အပျက်နဲ့ သွေးထွက်ခဲ့တယ်…
သံယောဇဉ်… သံယောဇဉ်… လူကို အရူးတပိုင်း ဖြစ်စေတယ်…
သံယောဇဉ်… သံယောဇဉ်… နေမြင့်လို့ အရူးရင့်ခဲ့တယ်… ဒီသံယောဇဉ်…
ဒီသံယောဇဉ်… ဒီသံယောဇဉ်… ဒီသံယောဇဉ်… ဒီသံယောဇဉ်…
အိုး… ဒီသံယောဇဉ်…

ဒီသီချင်းနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ ရင်ထဲက သံယောဇဉ် ဆိုတာ ဘာကို ဆိုလိုတာလဲ… ဘယ်သူ့ကိုများ ရည်ရွယ်ထားလေသလဲ… ဆိုတာ သိချင်ကြမယ်လို့ ထင်ပါတယ်…။ ကိုယ်ကလဲ မမေးခင်က ပြောချင်နေသူပါ...။ အဟဲ…

အမှန်ကတော့ ဒီသီချင်းထဲက ကိုယ်ရည်ရွယ်ထားတဲ့ သံယောဇဉ် ဆိုတာ ကိုယ့်ရဲ့ ချစ်ရတဲ့ ဒီ ဘလော့ဂ်လေး ပါပဲ…။

ရုန်း ထွက် ရင်း နဲ့ ဆက် ဆက် နစ် … ဖြတ် တောက် တိုင်း လဲ ဖြတ် ဖို့ ခက် တဲ့ …
သံ ယော ဇဉ် … သံ ယော ဇဉ် … သံ ယော ဇဉ် …


ကဲ… ဘယ်လောက် မှန်လိုက်သလဲနော်…။

တန်ခူးရေ... ရေးလိုက်ပြီ... အိုကေ...။
အားလုံးပဲ သီချင်းနားထောင်ရင်း ပျော်ရွှင်စရာ တနင်္ဂနွေနေ့ ဖြစ်ကြပါစေ...။

Thursday, October 29, 2009

အတူတူဆိုရင်…

အမှန်ဆိုလျှင် ကိုယ့်ဘဝထဲကို ကိုယ့်အတွေးတွေထဲကို သူမ ဝင်ရောက်လာတာ သိပ်မကြာလှသေး။ အချိန်ကာလတွေကို သေသေချာချာ လက်ရေချိုး ရေတွက်ကြည့်မိတော့ ဒီနှစ် ကိုယ့်မွေးနေ့ ပတ်ဝန်းကျင်က စပြီး သူမနှင့် ရင်းနှီးခင်မင်ခဲ့ရတာ ဖြစ်သည်။ ကိုယ်ပိုင် ဘဝတခုကို ကိုယ်တယောက်တည်း တည်ဆောက်နေစဉ် မမျှော်လင့်သော အချိန်တခုတွင် သူမနှင့် မျှော်လင့်မထားသော ဆုံဆည်းခြင်းမျိုးဖြင့် တွေ့ကြုံ ဆုံဆည်းခဲ့ရသည်။ တောင်တန်းတွေကြားမှာ၊ တိမ်လိပ်တွေအောက်မှာ၊ နှင်းမုန်တိုင်းတွေ ကြားထဲမှာ၊ ကြမ်းတမ်းသော မိုးစက် မိုးပေါက်တွေအောက်မှာ၊ အစာရှာထွက်ရင်း လူကိုတွေ့လျှင် လာ လာပုတ်တတ်သော ဝက်ဝံစုံတွဲတွေ ရှိရာ နေရာဒေသတချို့ဆီသို့ တကိုယ်တည်း ခရီးသွားနေရင်း သူမသည် ကိုယ့်နံဘေးမှာ ရှိနေတတ်သော ခရီးဖေါ်တယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ကိုယ့်ရဲ့ ဘဝ တစိတ်တဒေသ အကြောင်းနှင့် ကိုယ့်ရဲ့ အလုပ်အကိုင် အကြောင်းတွေ သူမကို ပြောပြမိသည်။ သူမ၏ ဘဝအကြောင်းကိုလည်း တစေ့တစောင်း သိခွင့်ရခဲ့သည်။ သည်လိုစကားတွေပြောရင်း၊ တယောက်အကြောင်း တယောက် ပြောပြကြရင်း ကိုယ်တို့ နှစ်ယောက် ရင်းနှီးခဲ့ရသည်။

သူမ၏ ဘဝကတော့ သာမန် မိန်းကလေးတယောက်၏ ရိုးစင်း ရှင်းလင်းသော ဘဝတခုသာ။ သို့သော်လည်း ကိုယ့်မှာ ရှိမနေသော ကန့်သတ်ချက်မျိုးတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော တာဝန်ဝတ္တရားတွေ သူမဆီမှာ ရှိနေသည်။ ကိုယ့်မှာ ရှိမနေသော ထောက်ထား ငဲ့ညှာစရာတွေ သူမဆီမှာ ရှိနေသည်။ ထို့အပြင် ရိုက်ချိုး ဖျက်ဆီး၍မရနိုင်သော နံရံတံတိုင်း တခုလဲ သူမနှင့်အတူ အခိုင်အမာ ရှိနေလေသည်။ သည်အကြောင်းကို တွေးမိကြတိုင်း၊ ပြောမိကြတိုင်း ကိုယ်တို့နှစ်ယောက်လုံး ဝမ်းနည်းကြေကွဲကြရသည်။ ထိုအကြောင်းတွေကို အတတ်နိုင်ဆုံး မေ့ဖျောက်ထားဖို့ နှစ်ဦးသား (တိုင်ပင်စရာမလိုပါပဲ) ကြိုးစားမိကြသည်။ တခါတရံ အမှန်တရားကို မဖြစ်မနေ လက်ခံကြရမည့် အချိန်မျိုးမှာတော့ ထိုမေ့ထားသော အကြောင်းအရာများကို စကားဝိုင်းအတွင်းသို့ အတင်း ဆွဲခေါ် သယ်ဆောင်လာဖြစ်ကြသည်ပေါ့။ ထိုအကြောင်းတွေ ပြောမိလျှင် ပြောနေရင်းနှင့်ပင် တခါတခါ ငြိမ်သက်နေမိကြသည်။ သူမကတော့ သက်ပြင်းတွေကို မကြာခဏ ချတတ်သည်။ ထိုသို့သော အခြေအနေတွေကြားမှပင် တစထက်တစ တိုးပွားလာသော သံယောဇဉ်ကြိုးတွေက ကိုယ့်တို့ နှစ်ယောက်စလုံးကို အထပ်ထပ် ရစ်နှောင်နေကြသည်။

အဝေးကြီးမှာ နေကြရသော်လည်း နှစ်ဦးသား အစဉ်နီးနီးလေးရှိနေသလို ခံစားကြရအောင် အချိန်များစွာမှာ ကိုယ်တို့နှစ်ဦးက နီးကပ်နိုင်ခဲ့ကြသည်လေ။ ပျော်ရွှင်စရာအချိန်များကို အတူတူ မျှဝေခံစား၊ ဝမ်းနည်းစရာ အကြောင်းများကို အတူတူ ဝမ်းနည်း၊ တယောက်၏ ပြဿနာတွေကို တယောက်က နားထောင်၊ ဖြေရှင်းလို့ ရနိုင်မည့် နည်းလမ်းများကို ရှာဖွေပေးကြ၊ အချင်းချင်းလဲ ဖေးမ ကူညီစောင့်ရှောက်ရင်း၊ အဖေါ်ပြုရင်း တယောက်ကို တယောက် ကောင်းတူ ဆိုးဖက် ရဲဖေါ် ရဲဖက်တွေပမာ တွယ်တာလာကြသည်။ ထိုအရာတွေကို ကိုယ်က အချစ် ဟု ပြောပြခဲ့သော်လည်း သူမက သံယောဇဉ် ဟူသော စကားလုံးကိုသာ ပိုမိုနှစ်သက်သည်ဟု ဆိုစမြဲ။ ကိုယ့်ကို ချစ်လား လို့ မေးမိလျှင် သူမက ဘယ်တော့မှ အဖြေ ပေးလေ့မရှိ…။ သိရက်သားနဲ့ မမေးပါနဲ့ကွာ ဟု ပြန်ပြောတတ်သော သူမကို ချစ်ခင် ကြင်နာစိတ်ဖြင့် အစဉ် နားလည်ပေးခဲ့ရသည်ပဲ…။

အချစ်ဆိုသည်မှာ ပူလောင်သည် မှန်သော်လည်း၊ ရယူပိုင်ဆိုင်လိုစိတ်တို့နှင့် ယှဉ်သော အချစ်မျိုး ကိုယ့်ဆီမှာ ရှိမနေသော်လည်း အမှန်အတိုင်းဆိုရလျှင် သူမနှင့် အတူတူရှိချင်မိသည်။ သူမနှင့် အတူရှိနိုင်မည့် အချိန်ကလ တခုကိုလည်း တောင့်တ မျှော်လင့်နေမိသည်။ သူမ ကရော… တခါတခါ စိတ်လိုလက်ရ ရှိနေချိန်များတွင်တော့ စာတိုစာရှည်တွေ ရေးလေ့ရှိသည်။ သူမ၏ မာဆတ်ဆတ် စကားသံတွေထဲမှာ ရှာမတွေ့ရတတ်သော အရာတချို့ကို စာတွေထဲမှာ တွေ့ရတတ်သည်။ ထိုစာများမှတဆင့် သူမ၏ ရင်ထဲကို အတားအဆီးမရှိ မြင်ရလေ့ရှိသည်။ ထိုစာများကို ဖတ်ရလေတိုင်း စာလုံးဝိုင်းဝိုင်းလေးများနှင့်အတူ လိုက်ပါခံစားမိပြီး ဝမ်းသာ ဝမ်းနည်း ခံစားချက်မျိုးကို တပြိုင်နက် ခံစားရတတ်သည်။

ကိုယ်တို့နှစ်ယောက်သည် အသက်အရွယ်နှင့်လိုက်ကာ အမျိုးမျိုး ပြောင်းလဲနေကြသော တာဝန်များ ဝတ္တရားများ၊ စာနာ ထောက်ထား ငဲ့ကွက်စရာများစွာတို့ကို ဖယ်ခွာ ချန်ထားခဲ့နိုင်သော၊ ကိုယ့်ဘဝကို ကိုယ် ရာနှုန်းပြည့် ပိုင်ဆိုင်နိုင်သော အချိန်တချိန်ကို အတူတူ တောင့်တ မျှော်လင့်မိကြသည်။ နှစ်ဦးသား အတူတူ ရှိနေနိုင်မည့် အချိန်တွေအကြောင်းကို မကြာခဏ တွေးတော စဉ်းစားကြည့်ကြသည်။ တယောက်ကို တယောက် အချိန်ပြည့် အဖေါ်ပြုနိုင်ကြမည့် ကာလများကို ပိုင်ဆိုင်ခွင့်ရခဲ့လျှင်တော့ဖြင့် လူနေသိပ်မထူထပ်လှသော၊ လှပ၍ တိတ်ဆိတ်ငြိမ်းချမ်းသော တောင်ပေါ်မြို့လေးတခုမှာ ဘဝနှစ်ခုကို တခုတည်း ပေါင်းစည်းနိုင်ရန် အရင်ဆုံးကြိုးစားကြမည်။ နှစ်ယောက်ဟာ တယောက်ထည်း ဖြစ်သွားကြမည့် အချိန်ကာလတခုဆီသို့ပေါ့…။ ထိုအခါ…

အတူတူဆိုရင်…
တယောက်ကို တယောက် အတတ်နိုင်ဆုံး ချစ်ခင်ကြင်နာကြမည်။ တယောက်ကို တယောက် အတတ်နိုင်ဆုံး နားလည်မှုတွေထားပြီး စိတ်ရှည်သည်းခံကြမည်။ မကြည်မလင် အမြင်မတော်သည်များကို ချစ်ခင်သော စိတ်ကလေးဖြင့် ဖြည့်ယူကာ ကြည်လင်စေကြမည်။

နံနက်စောစော နေထွက်ချိန်များတွင် ဟိုး အရှေ့ဖက်အရပ်မှ တောက်ပသော နေလုံးကြီးကို ငေးမောကြည့်ကာ အတူတူ နိုးထကြမည်။ ပြီးတော့ အပြာရောင် တိမ်လိပ်တွေ သိပ်လှတဲ့ နေ့တွေမှာ ကြည်လင်သော စိတ်နှလုံးတို့ဖြင့် ကောင်းကင်ပေါ်က တိမ်တွေကို အတူတူ မော့ကြည့်ကြမည်။ ကိုယ်ရော သူမပါ တိမ်တွေကို သိပ်ချစ်ကြသူတွေ မဟုတ်လား…။

ပြီးလျှင်တော့ ကိုယ်တို့နှစ်ယောက်ရဲ့ တနေ့တာ အချိန်တွေကို စားစရာတွေ အတူ ပြင်ဆင် ချက်ပြုတ်ရင်း၊ စာတွေ အတူတူဖတ်ရင်း၊ ကဗျာတွေ အတူတူစပ်ရင်း၊ သီချင်းသံတွေကြားမှာ စီးမျောရင်း ကုန်ဆုံးစေကြမည်ပေါ့…။ စာတွေဖတ်လို့ ညည်းငွေ့လာကြသည့် တချို့သော အချိန်မျိုးတွေမှာတော့ ချစ်စရာ ခွေးပုပုလေးတကောင်နှင့် ဘောလုံးလေး တလုံးနှင့် အတူတူ ဆော့ကစားကြအုံးမည်လေ…။

ညနေခင်း နေဝင်ချိန်များမှာတော့ ကမ်းစပ်တနေရာဆီကို လမ်းလျှောက်ထွက်ရင်း စကားတွေ အများကြီးပြောကြအုံးမည်။ တယောက်လက်ကို တယောက်က ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားကြရင်းပေါ့…။ ထိုအခါ ဓါတ်ပုံရိုက်တာ ဝါသနာပါသော ကိုယ်က သူမကို နောက်ခံရှုခင်း လှလှတွေနှင့် သဘာဝကျသော ဓါတ်ပုံလှလှတွေလဲ ရိုက်ပေးမိမည် ထင်သည်။

ညအိပ်ရာဝင်ချိန်များမှာတော့ အခန်းမီးကို မှိန်မှိန်လေးထားပြီး ကြယ်တွေဆီကို အတူတူ ကြည့်ကြမည်…။ ကြယ်ကြွေချိန်တွေ ကြုံခဲ့လျှင်တော့ နောင်ဘဝဆက်တိုင်း အတူတူ ရှိနေနိုင်ပါရစေ ဟူသော မရိုးနိုင်သည့် ဆုတခုကို စိတ်တူ ကိုယ်တူ တောင်းဖြစ်ကြမည် ထင်သည်…။ လသာသော ညတွေမှာတော့ ကိုယ်တို့နှစ်ယောက်လုံး လှပသော လရောင်၏ ဖျားယောင်း ဖမ်းစားမှုတွေကို ကျေကျေနပ်နပ်ကြီး လက်ခံကြမည်ပေါ့လေ…။ အတွေး စိတ်ကူးတွေထဲမှာတော့ အနှိုင်းအဆမဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ကောင်းလှသည်…။

လက်ရှိအနေအထားမှာ ကိုယ်တိုင်က လူ့ဘဝ၏ တဆစ်ချိုးဟု ဆိုလျှင် ရနိုင်သော အသက်အရွယ် အပိုင်းအခြားတခုကို ရောက်မှန်းမသိ ရောက်ရှိနေခဲ့ပြီ။ ကိုယ်တို့နှစ်ယောက်၏ လုပ်ရပ်များကို မှန်သည် မှားသည် ကဲ့ရဲ့ ကန့်ကွက် အပြစ်တင် စကားတင်း ဆိုစရာများ မရှိနိုင်တော့မည့် အချိန်ကာလ တခုကို ရောက်ရှိရန် ကိုယ်တို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြရပေဦးမည်။ ကိုယ့်သက်တမ်း မည်ရွေ့ မည်မျှ ကျန်ရှိနေသေးသည်ကို ကိုယ်တိုင်လဲ မသိနိုင်…။ သူမ၏ သက်တမ်းကိုလဲ ကိုယ် မမှန်းဆနိုင်..။ သို့သော်လည်း ကိုယ်တို့နှစ်ယောက်၏ သက်တမ်းတွေကို အတတ်နိုင်ဆုံး အရှည်ကြာဆုံး ဆွဲဆန့်နိုင်ရန်၊ ကိုယ်တို့နှစ်ယောက်အတွက် အချိန်တွေ များများ ကျန်ရှိနေရန်၊ ကျန်းမာစွာ ရှင်သန်နေထိုင်ရန် အတွက် ကိုယ် သူ့ကို အထပ်ထပ် သတိပေးနေမိသည်။ သို့မှသာ တချိန်ချိန်မှာ ကိုယ်တို့နှစ်ယောက် ဖန်တီးချင်သော ဘဝလေးတခုဆီသို့ အတူတူ လှမ်း၍ မျှော်လင့်နိုင်မည် မဟုတ်ပါလား…။



(သူငယ်ချင်းတယောက်က အခုတလော သူ့ရင်ထဲမှာ ရှိနေတဲ့ ခံစားချက် တချို့နဲ့ အတွေးတချို့ ကို ပြောပြလာပါတယ်။ ပြီးတော့ သူပြောပြတာတွေကို ပိုစ့်လေးတခုအဖြစ် ဖန်တီးပါလား လို့လဲ ပြောလာသေးတယ်။ ဒါကြောင့်မို့ သူ့အတွေးတွေကို သူနဲ့အတူတူ လက်လှမ်းမှီသလောက် လိုက်ပါတွေးတော၊ သူနဲ့ အတူတူ ခံစားပြီး ပုံဖေါ်လိုက်တဲ့အခါ ဒီစာစုလေးကို ရလာပါတယ်။ ရေးပြီးတော့ သူ့ကို အရင်ပြပြီးမှ သူ့ရဲ့ခွင့်ပြုချက်နဲ့ ဒီပိုစ့်လေးကို တင်လိုက်ပါတယ်… လာဖတ်ကြတဲ့ သူငယ်ချင်းတွေကို သူက ကြိုတင်ပြီး ကျေးဇူးတင်နေပါတယ် တဲ့… ပြီးတော့ သူ့တို့နှစ်ယောက်ရဲ့ ဆန္ဒတွေ လက်တွေ့မှာ တကယ် ဖြစ်လာပါစေလို့ ဝိုင်းကူပြီး ဆုတောင်းပေးဖို့လဲ ပြောသွားပါသေးတယ်…။)

အတူတူဆိုရင်

Monday, October 26, 2009

ကမ္ဘာပျက်ချိန်ကို စောင့်ဆိုင်းခြင်း

ချစ်ညီမငယ် ပန်ဒိုရာ ဆီက Tag ပါ…
ကမ္ဘာပျက်ခါနီး တစ်လလောက်အလို တဲ့…။ ပိုးဟပ်လို အကောင်ပိစိကိုတောင် သေမတတ် ကြောက်ရွံ့တတ်တဲ့ ကိုယ့်ကို ကမ္ဘာကြီးနဲ့ ချီပြီး ကမ္ဘာပျက်ခါနီး တလအလိုမှာ ဘယ်လိုနေမလဲ ဘယ်လိုခံစားရမလဲ ဆိုတဲ့ အတွေးတွေ တွေးခိုင်းတာ… ပန်ပန်နော်… တော်တော်ဆိုး…။

အမှန်ပြောရရင် ကိုယ်က အင်းဆက်တွေကို ကြောက်တာပါ။ သေးသေးမွှားမွှား ပိုးကောင်တွေ ဖြစ်တဲ့ ပုရစ်တို့၊ ပုရွက်ဆိတ်တို့၊ အိမ်မြှောင်တို့၊ ပင့်ကူတို့ ၊ ပိုးဟပ်တို့ကိုသာ အသေကြောက်တတ်တာ… မကြောက်ချင်တဲ့ ကိစ္စမျိုးကျတော့ နဲနဲမှ မကြောက်တတ်အောင် သတ္တိတွေက သူ့အလိုလို ကောင်းနေကြပြန်ရော…

ကဲ… ဘာပဲဖြစ်ဖြစ် အခုတော့ ကမ္ဘာကြီး ပျက်တော့မယ်တဲ့… တလပဲ လိုတော့တယ်တဲ့… ဘယ်လိုနေမလဲ စဉ်းစားကြည့်ရအောင်…


(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...

အမှန်အတိုင်းက တယောက်တည်းပဲ ရှိနေချင်တယ်။ ကိုယ်ချစ်တဲ့သူတွေကို၊ အထူးသဖြင့်တော့ အလွန်ကြောက်တတ်တဲ့ ကိုယ့်ရဲ့မေမေကို အခါများစွာကလိုပဲ “အို… မေမေကလဲ… မကြောက်ပါနဲ့… ဘာမှမဖြစ်ပါဘူး…” လို့ ကြံဖန် ဟန်ဆောင်ပြီး နှစ်သိမ့်မနေချင်သလို ကိုယ့်ကို အဲဒီလို လာနှစ်သိမ့်နေမယ့်သူတွေနဲ့လဲ ရှိမနေချင်ဘူး။ ပြောနေကြတဲ့ အတိုင်းဆို ကမ္ဘာကြီးက တကယ်ပျက်တော့မှာလေ…

(၂) ဘာတွေ ခံစားနေရမလဲ...

ရင်ထဲမှာတော့ အတော်ကို စူးစူးဝါးဝါး ကြောက်ရွံ့တုန်လှုပ်နေမှာပါ။ ဒါပေမယ့် အပြင်ပန်းမှာတော့ ကိုယ့်ကို အစဉ် အားကိုးနေတတ်တဲ့ သူတွေ ရှေ့မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးလို့ ရယ်လို့ ဘာမှ မဖြစ်ချင်ယောင်လေး ဆောင်နေမှာပေါ့။ ဟန်ဆောင်ရတယ် ဆိုတော့ တကယ် ပင်ပန်းနေမှာပါလေ…

(၃) ဘာတွေ ပြင်ဆင်ထားမလဲ…

တရားသဘောအရဆို မသေခင်မှာ ကောင်းမှု ကုသိုလ်တွေ ဘာတွေ လုပ်ရင်တော့ နောက်ဘဝအတွက် ဘဝကူး ကောင်းမှာပေါ့… ဒါပေမယ့် ခက်တာက ဒီလောက် ကျဉ်းထဲ ကြပ်ထဲ ရောက်နေတဲ့ အချိန်ကြီးမှာ ကိုယ်ဆိုတဲ့ ကိုယ်က စိတ်ပေါက်ပေါက်နဲ့ “အားလုံး သေသွား… အေးတာပဲဟာ…” လို့ တွေးချင် တွေးနေမိမှာ… ဒီတော့ ဒီအချိန် တလလေးအတွင်းမှာတော့ ပြင်ဆင်မှုဆိုတာ လုပ်ဖြစ်မယ် မထင်…။ တကယ်လို့များ ကိုယ်ရဲ့ ချစ်သူ ခင်သူတွေ မသေပဲ အသက်ရှင်ကျန်ရစ်မယ် ဆိုရင်တော့ သူတို့ အတွက် ဘာတွေများ ပြင်ဆင်ထားခဲ့ပေးရမလဲ စဉ်းစားမိမယ် ထင်ရဲ့…

(၄) ၀မ်းနည်းမိမှာက…

ပြောရမယ်ဆို ကမ္ဘာပျက်မယ့် ၂၀၁၂ မှာ ကိုယ့်အသက်က သိပ်အကြီးကြီး မဟုတ်သေးဘူး၊ နေမယ်ဆိုရင် အသက်ရှင် နေထိုင်လို့ ကောင်းကောင်းရသေးတဲ့ အရွယ်၊ လောကကြီးမှာ ရတောင့်ရခဲ လူ့ဘဝတခု ဒီလောက် အချိန်စောစောနဲ့ အဆုံးသတ် နိဂုံးချုပ် သွားမယ် ဆိုတော့ နဲနဲတော့ နှမြောတသ ဝမ်းနည်းနေမိမယ် ထင်ရဲ့။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တတ်ပြီး အတ္တတွေလဲ သိပ်ကြီးတတ်တဲ့ သတ္တဝါမျိုးတွေပဲ မဟုတ်လား…

(၅) ကြောက်လန့်မိတာက...

ကိုယ် ဘယ်လိုနည်းနဲ့ အသက်ဇီဝိန် ချုပ်ငြိမ်းသွားမှာလဲ ကြိုမသိနိုင်တာကို ကြောက်တယ်…။ ဝုန်းဒိုင်းဆို တခုခုကြီး ကိုယ့်ပေါ် ပိကျလာပြီး သေရမှာလား… တဟုန်းဟုန်းနဲ့ တောက်လောင်နေတဲ့ မီးတောက် ပူပူတွေကြားထဲမှာ သေရမှာလား… ဆူနာမီလို ရေတွေ လှိုင်းတွေကြားထဲ ရေမွန်းပြီး သေရမှာလား… Titanic ထဲကလို ရေတွေ တဖြည်းဖြည်းခဲပြီး သေသွားရမှာလား… ဘယ်လိုပဲသေသေ သေရမယ်ဆိုရင်လဲ အချိန်တိုတိုအတွင်းမှာ တခါတည်းသာ သေသွားလိုက်ချင်တယ်။ ကယ်ရာ ကူရာမယ့် မသေမရှင်နဲ့ ဝေဒနာကြီး ခံစားနေရမှာကိုတော့ အရမ်းကြောက်တယ်…

(၆) ဆောင်ထားချင်တာ...

ဘာမှမရှိပါဘူး… သေသွားတဲ့နောက် ဘာမှမှ ယူသွားလို့ မရတာလေ…။

(၇) ဘာတွေ ရေးမိမလဲ…

ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားဆောက်တည်ရင်း တနေ့တာ တွေ့ကြုံ ဖြစ်ပျက်ခဲ့သမျှ၊ တနေ့တာ မြင်တွေ့ခဲ့သမျှတွေကို မှတ်တမ်းတခုလို ဒိုင်ယာရီလိုများ ရေးနေမိမလားမသိဘူး… သိပ်တော့ မသေချာပါဘူး။ အဲဒီလို အချိန်ကြီးမှာ အေးရာ အေးကြောင်း စာထိုင်ရေးနေနိုင်ဖို့ ဆိုတာ တကယ်တော့ ဘယ်လွယ်ပါ့မလဲ…

(ဂ) တွေးမိတွေးရာ အတွေး…


နီးလာပြီ… တရက်ထက် တရက် ပိုပိုနီးလာပြီ… သေရတော့မယ်တဲ့… သေရတော့မယ်တဲ့… လူတွေတင် သေမှာလား… ကောင်းကင်မှာ ပျံဝဲနေကြတဲ့ အတောင်ပံပါတဲ့ သတ္တဝါလေးတွေရော သေနိုင်လား… လေထဲမှာ နေနေတာပဲ… သူတို့က မလွတ်နိုင်ဘူးလား… ကိုယ်ချစ်တဲ့ တိမ်တွေထဲမှာ သွားပုန်းနေရင် လွတ်နိုင်မလား… ဟာ… တိမ်တွေထဲမှာ အစာရေစာ မရှိပဲ ဘယ်နှစ်ရက် နေနိုင်မှာလဲ… သွားပြီ… ကယောင်ခြောက်ခြားတွေ ဖြစ်ကုန်ပြီ… အား….

(၉) ဂုဏ်ယူချင်တာက…

၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ သိသိကြီးနဲ့ တုန်လှုပ်ခြင်း နဲနဲပါးပါးနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေရတဲ့ ကိုယ်တို့ လူသားတွေရဲ့ စောင့်ဆိုင်းနိုင်မှု အစွမ်းက တကယ့်ကို ဂုဏ်ယူစရာပါ။ (နှစ်ပေါင်း နှစ်ဆယ်ကျော် ဇွဲနပဲနဲ့ စောင့်နေခဲ့ကြရတဲ့ ကိုယ်တို့ လူမျိုးတွေအတွက်ကတော့ ဒီ အချိန် တလလောက်က ဘာများကြာတာလိုက်လို့.. နော့လေ… အေးဆေးပဲ…)

(၁၀) ရှာကြံဖြေသိမ့်မိတာက…

အသက်ရှင်နေထိုင်ခဲ့ရတဲ့ အချိန်တွေမှာ ကိုယ့်အတွက်ကြောင့် သူများတွေ စိတ်မညစ်ခဲ့ရဘူး၊ သူများတွေကို စိတ်ဆင်းရဲအောင် ကိုယ် မလုပ်ခဲ့ဖူးဘူး၊ မိဘ ညီအကို မောင်နှမ၊ ကိုယ့်ချစ်သူ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း နဲ့ ကိုယ့်အပေါင်းအသင်းတွေ အတွက် ကိုယ် တတ်စွမ်းသလောက်တော့ ကြိုးစားခဲ့ပြီးပြီပဲ…။ ကျေနပ်ရမှာပေါ့…

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…

ငါသည် မုချသေရမည်။

* * * * *


ဒါတွေကတော့ ကမ္ဘာပျက်ခါနီး တလလောက်အလိုမှာ ဖြစ်နိုင်ချေရှိတာတွေကို တွေးကြည့်ထားတာပါ။ အမှန်ကတော့ အဲဒီလိုအချိန်မှာ အခုရေးထားသလို တွေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ သေပြေး ရှင်ပြေး၊ ကျီးလန့် စာစား၊ ခြောက်ခြား ထိတ်လန့် တုန်လှုပ်မှုပေါင်း များစွာနဲ့ အတူ သေရမယ့်နေ့ကို လက်ရေချိုးပြီး စောင့်ဆိုင်းနေရသူတွေရဲ့ ခံစားချက်မျိုးကို ထပ်တူရဖို့ ကိုယ် မတတ်နိုင်တာကြောင့် တွေးလို့ရသလောက်ပဲ ရေးလိုက်ပါတယ်…။

ကိုအောင်သာငယ် ကလဲ Tag ပါတယ်... တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့... တဲ့... ခေါင်းစဉ်က နဲနဲကွဲနေပေမယ့် အကြောင်းအရာတွေကာ အားလုံး အတူတူပဲမို့ ကိုအောင်သာငယ် Tag တာလဲ တခါတည်း ရေးပြီးသား ဖြစ်သွားပါတယ်။

ဆက်ပြီး အစဉ်အလာမပျက် ဆက် Tag ချင်သူများကတော့ ချစ်သူငယ်ချင်းများ ဖြစ်ကြတဲ့ တန်ခူး တီတီဆွိမသီတာ သိင်္ဂီ စုချစ်သူ နဲ့ သင်းနွယ်ဇင် တို့ကိုပါ။ ညီမလေး စူး (မိုမိဂျိ) ကတော့ အဆစ်ပေါ့…။ တွေးပေး ရေးပေးကြပါအုံး…။



Friday, October 23, 2009

လက်ရေး

လူတွေရဲ့ လက်မှတ်တွေနဲ့ လက်ရေးတွေအကြောင်းကို ကိုယ်စိတ်ဝင်စားခဲ့တာ အခုမှမဟုတ်၊ ဟိုးငယ်ငယ်လေးထဲကပါ။ အခုမှ အကြောင်းတိုက်ဆိုင်လို့ ရေးဖြစ်တာ။ အရင် ပိုစ့်မှာ လက်ရေးနဲ့ရေးတဲ့ စာလေးတွေအကြောင်းကို တင်ခဲ့တယ်…။ ဒါပေမယ့် ကိုယ်က စာကို စိတ်ရှည်လက်ရှည် မရေး၊ အကျိုးအကြောင်းကို စုံစုံလင်လင် သေသေချာချာ မရေးလေတော့ ဖတ်ရတဲ့သူတွေ နားလည်မှု လွဲချော်ကုန်ကြပြီ ထင်တယ်…။ ပိုစ့်ခေါင်းစဉ်ကို အသစ် လို့ နာမည်ပေးမိတာကလဲ ကိုယ့်ရဲ့ အမှားပါ။ (တကယ်တော့ အသစ်မှ မဟုတ်တာ…)

အကြောင်းက ဒီလိုပါ။ ဟိုတနေ့က မြန်မာစာ လက်ကွက် မရိုက်တတ်တဲ့ သူငယ်ချင်းတယောက်ဆီက E mail တစောင် ရပါတယ်။ အခါများစွာမှာတော့ သူက အင်္ဂလိပ်လိုသာ ရေးနေကျပါ။ ဒါပေမယ့် ဒီတခါတော့ သူပြောချင်တာလေးတွေကို အင်္ဂလိပ်လိုရေးရတာ အားမရလို့ ဆိုပြီး (မြန်မာလက်ကွက်ကလဲ မရိုက်တတ်လေတော့) မြန်မာလို လက်ရေးနဲ့ ရေးထားတဲ့ စာလေး၊ ဓါတ်ပုံရိုက်ပြီး Email ကနေ Attach File နဲ့ ရောက်လာပါတယ်။ စာရွက်ကို စားပွဲပေါ်တင်ပြီး ဓါတ်ပုံရိုက်ထားတာကြောင့် နဲနဲမှောင်နေတာကို Photoshop နဲ့ အရောင်ပြင်ပြီး ဖတ်ပါတယ်။ အဲဒီစာလေးကို ကိုယ်ဖတ်ရတော့ စာထဲက အကြောင်းအရာတွေဟာ သူရေးလာတဲ့ လက်ရေးစာလုံးလေးတွေရဲ့ နွေးထွေးမှုကြောင့် ဖတ်လို့ပိုကောင်းတယ်၊ ရင်ထဲကို ပိုရောက်လာတယ်လို့ ခံစားလိုက်ရလို့ အဲဒီပိုစ့်ကို တင်လိုက်မိတာ…။

ကိုယ် ရည်ရွယ်ချင်တာက အခုလို အချိန်ကြီးမှာ မြန်မာစာလုံးတွေကို အင်တာနက် စာမျက်နှာတွေပေါ်မှာ တွင်တွင်ကျယ်ကျယ် အသုံးချနေကြတော့ လက်ရေးလေးတွေရဲ့ အရေးပါမှု၊ လက်ရေးလေးတွေရဲ့ ဆွဲဆောင်နိုင်မှု၊ လက်ရေးလေးတွေရဲ့ အခန်းကဏ္ဍက တော်တော်ကြီးကို တိမ်မြုပ် ပျောက်ကွယ်နေတာလေ….။ လူတဦးချင်းစီရဲ့ စိတ်နေစိတ်ထား အမူအကျင့်တွေကို တစိတ်တပိုင်း ဖေါ်ပြနေတဲ့ သူတို့ရဲ့ လက်ရေးလေးတွေ၊ လက်မှတ်ကလေးတွေကို အခုအချိန်မှာ တွေ့ရမြင်ရဖို့ အခွင့်အရေး တော်တော် နည်းပါးနေပြီ မဟုတ်လား။

အစစအရာရာ ကွန်ပျူတာကို အသုံးပြုပြီး ရေးသားနေကြတဲ့ ခေတ်ကြီး၊ အဝေးက မိဘတွေဆီ စာရေးလဲ ဒီကွန်ပျူတာထဲက စာလုံးတွေနဲ့၊ သူငယ်ချင်းတွေဆီ စာရေးလဲ ဒီကွန်ပျူတာထဲက သူတို့ သတ်မှတ် ဖန်တီးပေးထားတဲ့ ပုံသေ စာလုံးတွေနဲ့၊ ရုံးမှာ အလုပ်လုပ်ရင်း တယောက်နဲ့တယောက် အပြန်အလှန် စာရေးကြ စာပို့ကြရင်လဲ (ဘယ်လောက်ပဲ အရေးကြီးကြီး၊ ဘယ်လောက်ပဲ လျှို့ဝှက်ဖို့ လိုလို) ဒီကွန်ပျူတာထဲက စာလုံးတွေနဲ့၊ ရုံးမှာ ခွင့်တိုင်ချင်လဲ ကွန်ပျူတာထဲက Form မှာ ကိုယ့်နာမည် စာလုံးတွေ ဖြည့်စွက်ရိုက်ထည့်လိုက်ရုံ...၊ ပြီးတော့ ကိုယ်ရေးပြီးတဲ့ စာတွေရဲ့ အောက်မှာ ထိုးရတဲ့ ကိုယ့်ရဲ့ လက်မှတ်ကလဲ ပုံသေ… Thanks & Best regards… အစချီတဲ့ Format အသေနဲ့…။ နောက်ဆုံး သူငယ်ချင်းတွေ တယောက်နဲ့ တယောက် တွေ့ဖို့ အချိန်းအချက်လုပ်ကြတဲ့အခါ၊ ဒီညနေ အိမ်ပြန်နောက်ကျမယ်လို့ သူ့ကို အသိပေးတဲ့ အခါမှာတောင် ဖုန်းနဲ့ Text Message ပို့ပြီး ပြောနေကြတဲ့ ခေတ်ကြီး…။ ကဲ… ဘယ်မှာလဲ ကိုယ့်ရဲ့ လက်ရေး နဲ့ ကိုယ့်ရဲ့ လက်မှတ်တွေရဲ့ အသုံးကျပုံ…။

ပြီးတော့ အခုခေတ် ကလေးငယ်တွေ လက်ရေးကို ဂရုမစိုက်ကြတော့ဘူး၊ လက်ရေးတွေ မလှကြတော့ဘူး။ ပြီးတော့ ကိုယ်သိသလောက် ပြောပြရရင် ကျောင်းတွေမှာလဲ လေးကြောင်းမျဉ်းနဲ့ လက်ရေးလှ ရေးရတာတို့ ဘာတို့တွေ သိပ်မတွေ့ရတော့ဘူး။ ကိုယ်တို့ ငယ်ငယ်ကဆို မြန်မာစာရော အင်္ဂလိပ်စာမှာပါ အဆွဲအငင်တွေ အသတ်တွေ မှန်ဖို့၊ လက်ရေးလှဖို့ မိဘတွေ ဆရာ ဆရာမတွေက ဂရုစိုက်လိုက်ကြတာ၊ ကြပ်မတ် ကွပ်ကဲလိုက်ကြတာ…။ အခုကျတော့ ကလေး လူကြီး အားလုံး သင်ခန်းစာတွေ သင်ရင်လဲ ကွန်ပျူတာနဲ့၊ စာမေးပွဲဖြေလဲ ကွန်ပျူတာနဲ့၊ အိမ်စာ Assignment တင်လဲ ကွန်ပျူတာနဲ့၊ အရာရာတိုင်း ကွန်ပျူတာ နဲ့သာ လုပ်ဆောင်ကြတော့မှာမို့ လက်ရေးဆိုတာကို အားလုံးက နဲနဲမှ သတိမထားမိတော့သလောက် ဖြစ်နေကြတယ်။ ကဲ… ဘယ်မှာလဲ ကိုယ့်ရဲ့ လက်ရေး နဲ့ ကိုယ့်ရဲ့ လက်မှတ်တွေရဲ့ တန်ဖိုး…။

ကိုယ်တို့ငယ်ငယ်က သီချင်းခွေတွေ ထွက်တဲ့အခါ အခွေကာဗာတွေမှာ သီချင်းနာမည်တွေကို လက်ရေးနဲ့ ရေးပေးတဲ့ခေတ် ရှိခဲ့ဘူးတယ်…။ ပြီးတော့ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို လက်ရွေးစင် ရွေးကူးလို့လဲ ရသေးတယ်။ အဲဒီအခါ ဘားလမ်းက ယင်းမာတို့ ၊ စပါယ်ဦး ကိုသန်းလွင်တို့၊ ဂျူပီတာတို့ အစရှိတဲ့ တေးသံသွင်းဆိုင်တွေမှာ သီချင်းခွေတွေ သွားဝယ်တဲ့အခါ၊ သီချင်းတွေ ရွေးကူးတဲ့အခါ အခွေကာဗာမှာ သီချင်းနာမည် ရေးပေးတဲ့သူတွေကို သိပ်သဘောကျ နှစ်သက်စရာကောင်းတဲ့ သူတို့ရဲ့ လက်ရေးတွေနဲ့အတူ ကိုယ်သတိထားဘူးတယ်...။ (သူတို့ကိုကြည့်ရတာ အေးချမ်းလွန်းလို့ ကိုယ်တိုင်တောင် အဲဒီအလုပ်မျိုး လုပ်ချင်တဲ့စိတ် ပေါက်လာမိတဲ့အထိပါပဲ။) ဘယ်တော့မှ အဆင်သင့်ရေးပြီးသား ကာဗာတွေနဲ့ အခွေတွေကို မဝယ်ပဲ ဆိုင်ရောက်မှ သူတို့လက်ရေးနဲ့ ထိုင်ရေးပေးတဲ့ ကာဗာနဲ့ အခွေတွေကိုသာ ဝယ်လေ့ရှိတဲ့ ကိုယ့်ကို သူတို့ကလဲ မှတ်မိနေခဲ့တယ်…။ ဆိုင်ကို ရောက်တာနဲ့ ကိုယ်ဝယ်ထားတဲ့ အခွေတွေမှာ ကာဗာရေးကြပေးဖို့ အဆင်သင့်…။ တချို့လက်ရေးတွေက ပန်းချီဆန်ဆန် အနုပညာဆန်ဆန် လက်ရေးစာလုံးလေးတွေနဲ့၊ တချို့ကျပြန်တော့ လက်ဝဲစာလုံးလေးတွေနဲ့၊ တချို့ကျတော့ ခပ်ရိုးရိုးရှင်းရှင်း အဆွဲအငင်တွေနဲ့ ဒါပေမယ့် အားလုံးသော လက်ရေးလေးတွေက သူ့ဟာနဲ့သူ ဆွဲဆောင်မှု ရှိနေကြတာ ကိုယ် အခုထက်ထိ မှတ်မိနေတယ်…။

အထက်တန်းကျောင်းတုန်းကဆို ပုံနှိပ်စာလုံးလေးတွေလို ညီညာစီတန်းနေတဲ့ လက်ရေးပိုင်ရှင် အတန်းဖေါ် စာပြိုင်ဖက် သူငယ်ချင်းတယောက် ရှိခဲ့တယ်။ သူက လိမ်လဲ လိမ်မာပြီး စာလဲ သိပ်တော်ပါတယ်။ အဲဒီအခါမှာ စာမေးပွဲဖြေတိုင်း သူ့လက်ရေးမြင်ရင် ဆရာ ဆရာမတွေ အားလုံးက သူ့လက်ရေးနဲ့ သူနဲ့ကို အတူတူတွဲလျက် မှတ်မိနေကြပြီး အလိုလိုနေရင်း အမှတ်အပြည့်ပေးဖို့ စေတနာတွေ ဖြစ်လာစေတဲ့အထိ သူ့ရဲ့ လက်ရေးက အရှိန်အဝါကြီးလွန်းခဲ့တယ်…။ အရင် ကိုယ်ရနေကျ ပထမနေရာလေးလဲ သူ့ကို လွှဲပေးလိုက်ရတာ အကြိမ်ပေါင်းမနည်း…။

ကိုယ့်ရဲ့ သူငယ်ချင်းတယောက်ဆို Impressive ဖြစ်စရာကောင်းတဲ့ သူ့ လက်ရေးနဲ့ ရေးထားတဲ့ Cover Letter ကြောင့် လူကြီးက နှစ်သက် သဘောကျလို့ ချက်ချင်းပဲ အလွယ်တကူ အလုပ်ခန့်လိုက်တာမျိုးလဲ ရှိခဲ့တယ်။

အဲဒါတွေကတော့ ကိုယ်မှတ်မိနေတဲ့ လက်ရေးတွေရဲ့ အကြောင်း တစေ့တစောင်းပါ။

မှတ်မှတ်ရရ လက်ရေးတွေနဲ့ လက်မှတ်တွေအကြောင်း ရေးထားတာ စာတအုပ်မှာ အခုလို ဖတ်ခဲ့ဖူးတယ်။ (ကူးရေးထားလို့ မှတ်မိနေတာပါ)

Handwriting is a very personal and individual trademark of personality. As no two people have exactly the same handwriting, signatures have for hundreds of years been regarded as legally binding on documents of all types. A person's handwriting is his own private trademark or seal which cannot be reproduced by any other individual.

ပြင်သစ်လူမျိုး Psychologist Pierre Janet (1859-1947) ကတော့ လက်ရေးတွေကို သုတေသန လုပ်တဲ့အလုပ်ဟာ အနာဂတ်အတွက် သိပ္ပံ ပညာ (Science of the Future) လို့ ပြောခဲ့တယ်။ ပြီးတော့ လက်ရေးတွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောထားခဲ့ပါသေးတယ်။

“An act which leaves a printout. It is the film record of the writer's sensibilities."

သိပ်သေချာတာပေါ့…။ လက်ရေးတွေဟာ ရေးတဲ့သူရဲ့ sensibility ကို ဖေါ်ပြနေတယ် ဆိုတာ…။ လက်ရေး သိပ်လှတာ မလှတာထက် လက်ရေးတွေဟာ သူများနဲ့မတူ၊ ဘယ်သူနဲ့မှလဲ မတူ၊ ကိုယ်တဦးတည်းသာ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် အမှတ်အသားတခုသာ ဖြစ်တယ်။ ပြီးတော့ လက်ရေးတွေတိုင်းရဲ့ နောက်ကွယ်မှာ ဆွဲဆောင်မှု တခုခု ဒါမှမဟုတ် စွမ်းအား၊ အရှိန်အဝါ တခုခု ရှိနေကြတယ် ဆိုတာ ကိုယ် သေသေချာချာ ယုံကြည်တယ်။ အဲဒါတွေကြောင့်ရယ်၊ ပြီးတော့ ပျောက်ဆုံးလုနီးပါးဖြစ်နေတဲ့ လက်ရေးတွေရဲ့ အခန်းကဏ္ဍအကြောင်းရယ်ကို စိတ်ထဲမှာ တွေးနေမိရင်း ဒီပိုစ့်ကို စိတ်ဝင်တစား ကိုယ်ရေးပါတယ်…။

ဒီပိုစ့်ကို ရေးဖြစ်စေတဲ့ နောက်ထပ် တွန်းအားတခုကတော့ အရင်ပိုစ့်မှာ လက်ရေးအကြောင်းကို စိတ်ရှည်လက်ရှည် ဆွေးနွေးသွားတဲ့
မငယ်နိုင် ပါ။ မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်။ Comment မှာ ကိုယ့်ကို လက်ရေးလှတယ်လို့ ပြောကြတဲ့သူများကိုလဲ ကျေးဇူးတင်ပါတယ်။ လက်ရေးလှတဲ့ မငယ်နိုင်ရဲ့ လက်ရေးနဲ့ ကိုယ်နဲ့ လက်ရေးတူတယ် ဆိုတဲ့ အပြုံးပန်း ရဲ့ လက်ရေးကိုလဲ အဆင်ပြေရင် မြင်ချင်ပါတယ်။ ပြီးတော့ အရင်ပိုစ့်မှာ မတူညီတဲ့ ရှုထောင့်ကနေ Comment ရေးသွားကြသူများကိုလဲ ကျေးဇူးပါ။ အခုပိုစ့်ကို ဖတ်လိုက်ရင်တော့ ကိုယ်ဘာကို ဆိုလိုချင်တယ် ဆိုတာ သိနိုင်ပါလိမ့်မယ်။

See you guys..!!
Happy Friday & Enjoy your weekend…!!!