Sunday, October 31, 2010

သိစေချင်ပါသည်


ဒီတပါတ် သူ ခရီးသွားနေသည်။ အနားမှာ အတူတူရှိနေစဉ်က ဟိုလိုလှည့် ရစ်လိုက် ဒီလိုလှည့် ဂျစ်လိုက်၊ ဟိုဟာ ဝယ်ခိုင်းလိုက် ဒီဟာ ဝယ်ခိုင်းလိုက်၊ ငြင်းလိုက် ခုန်လိုက် ရန်လုပ်လိုက်နှင့် တနေ့တမျိုး မရိုးရအောင် ပြဿနာရှာနေရသောကြောင့် ပျင်းစရာ အချိန်မရှိခဲ့…။ အခုတော့ အတော်လေးကို ပျင်းစရာကောင်းနေသည်။ တကယ်တော့ ရုံးမှ ခွင့်ယူပြီး သူနှင့်အတူ လိုက်သွားချင်သည်မှာ တပိုင်းမက သေနေသည်။ သို့သော်လည်း အကြောင်းကြောင်းတွေကြောင့် လိုက်မသွားဖြစ်ခဲ့..။

အရင်နှစ်ကလဲ ဒီလိုအချိန်ပဲပေါ့…။ သူ ခရီးသွားနေသော ရက်တွေမှာ မအိပ်မနေ အသက်ရှည် စိတ်တိုင်းကျ ဆိုးသွမ်း သောင်းကျန်းနေခဲ့တာ…။ ပြီးတော့ ကိုယ့်ဟာကိုယ် သောင်းကျန်းတာတွေကို တိတ်တိတ်ဆိတ်ဆိတ်မနေပဲ
ပိုစ့်တခု ရေးပြီး တင်ခဲ့မိသေးသည်။ ထိုအခါ ကိုယ့်ရဲ့ အအိပ်မမှန် အစားမမှန် နေချင်သလိုနေ လုပ်ချင်ရာတွေလုပ်နေသော ဆိုးသွမ်းမှုတွေကို သူ သိသွားသည်။

ထို့ကြောင့် ဒီတခါ သွားခါနီးမှာ ကိုယ့်ကို နေကောင်းအောင်နေရန် နှင့် ညဖက်တွေမှာ ကားကို ဖြေးဖြေးမောင်းရန်မှ အစချီကာ အစားအသောက်ကို အချိန်မှန်မှန် စားရန်၊ ကော်ဖီတွေ အများကြီး မသောက်ရန်၊ ညဖက်တွေ အချိန်မှန်မှန် အိပ်ရန်၊ ညလုံးပေါက် စာအုပ်တွေ ဖတ်နေတာမျိုး၊ မော်နီတာနှင့် မျက်နှာအပ်ကာ ညလုံးပေါက် ဘလော့ဂ်နေတာမျိုး မလုပ်ရန်တွေကို သေသေချာချာ သတိပေး မှာကြားသွားသည်။ ကိုယ်ကလဲ သူမှာသမျှ ဆောင်ရန် ရှောင်ရန်တွေကို သေသေချာချာနားထောင်ပြီး မျက်နှာသေလေးနှင့် စိတ်ချပါ ဟု အခွန်း တသိန်းပြော၍ ခေါင်းကို အခါ တသိန်း ညိတ်လိုက်သည်။ ပြောသည့်အတိုင်း တကယ်လဲ လိမ်လိမ်မာမာ နေနေပါသည်။ အရင်တခါကလို ထင်ရာမြင်ရာတွေ မလုပ်တော့ပါ။ (နဲနဲပါးပါးလုပ်လဲ ပိုစ့်အဖြစ် မမြင်စေရပါ။ ဒီတခါတော့ နပ်သွားပြီ…)

ထို့ကြောင့် ဒီရက်တွေမှာ သူမှာသွားသလို ညတွေကို ကြိုးစားပြီး စောစောအိပ်သည်။ (မှတ်ချက် - အချိန် မမေးရ) မနက်ကို စောစောထသည်။ သို့သော် မနက်အိပ်ရာနိုးတိုင်း ရနေကျ ကော်ဖီနံ့ မွှေးမွှေးလေး မရသောအခါ အတော် စိတ်လေသွားသည်။ ကိုယ့်ဟာကိုယ် ဖျော်သောက်ရသော ကော်ဖီ၏ အရသာသည် ဘာလိုနေမှန်းမသိအောင် ပေါ့ပျက်ပျက်နှင့်… တခုခုလိုနေသည်မှာ သိပ်ကို သေချာပါသည်။

ပြီးတော့ ပုံမှန်နေ့စွဲတွေအတိုင်း ရုံးကို အချိန်မှန်မှန် သွားသည်၊ အချိန်မှန်မှန် ပြန်သည်။ ပြန်ရောက်လာလျှင် မေမေချက်ထားသော ထမင်း ဟင်းကို စားသည်။ အညောင်း အညာပြေ လမ်းလျှောက်သည်။ သူမှာသွားသလို သစ်ပင်လေးတွေကို ရေလောင်းသည်။ ငါးလေးတွေကို အစာကျွေးသည်။ အော… တညနေကတော့ ဘာကြောင့်မှန်းမသိ၊ ကန်ထဲမှ ငါးတွေ ပျော်ရွှင်မြူးတူးစွာ လူးလာခေါက်ပြန်နှင့် အလွန်တရာ ကဲကဲလှုပ်နေကြသောကြောင့် ကြမ်းပြင်ပေါ်ကို ရေတွေ စင်ထွက်လာသည်။ ရေတွေကို အဝတ်နှင့် လိုက်သုတ်ရသောကြောင့် မောပြီး စိတ်တိုကာ သူတို့ကို ညစာမကျွေးပဲ အပြစ်ပေးရန် ဆုံးဖြတ်လိုက်သည်။ (သို့သော် ခဏကြာတော့ ထိုအကြောင်းကို ဖေဖေသိသွားပြီး သမီးက အတော်ဆိုးပါလားဟု ဆူကာ ငါးတွေကို အစာ သွားကျွေးလိုက်သည်…) ရေတွေ သုတ်ရသောကြောင့် မောပြီး တိုနေသောစိတ်တွေသည် အဆူခံရသောအခါ ပို၍ ပို၍ တိုသွားပြီး “အဆိုးကောင်တွေ… နေနှင့်ဦး… နောက်နေ့ကျမှ ငါးကြော်နှပ် လုပ်စားပစ်မည်…” ဟု စိတ်ထဲမှနေ၍ အသံတိတ် ကြိမ်းဝါးလိုက်သေးသည်။ ကိုယ့်စိတ်ကူးကို သူသိလျှင်တော့ အတော်ကြေကွဲသွားနိုင်သည်။

ရုံးပိတ်ရက်တွေမှာတော့ ဈေးဝယ်သည်။ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်သည်။ ပြီးတော့ ပျင်းပျင်းနှင့်ပင် အိမ်ရှင်းသည်။ အခန်းထဲမှာ ပွနေသော စာအုပ်တွေ အခွေတွေကို ရှင်းသည်။ အဝတ်ဘီဒိုကို ရှင်းသည်။ မီးပူတိုက်သည်။ မလိုတာတွေ လွှတ်ပစ်သည်။ စာဖတ်သည်။ သီချင်းနားထောင်သည်။ ချက်ရမှာ ပျင်းသော တချို့ရက်တွေမှာ မေမေတို့ကိုခေါ်ပြီး ညနေစာကို အပြင်မှာ သွားစားကြသည်။ နောက်ပြီးတော့ ဝယ်သမျှ စားသမျှတွေကို သူ့ကို ပြန် Claim လုပ်ရန် Bill တွေ၊ Receipt တွေကိုလည်း တစုတစည်းထဲ သိမ်းထားပါသေးသည်။

လုပ်စရာရှိတာတွေ အားလုံးပြီးမှ အချိန်နဲနဲအားသွားသောအခါမှ ဘလော့ဂ်တွေကို ခဏတဖြုတ် သွားရောက် လည်ပတ်ပါသည်။ မျက်နှာစာအုပ်မှာလဲ ခဏတဖြုတ် မွှေပါသည်။ ကိုရီးယားကားတော့ မကြည့်ပါ။ စာရေးချင်စိတ်ရှိသောအချိန်မှာ စိတ်ကူးထဲ ပေါ်လာသမျှကို ချရေးဖြစ်ပါသည်။ သို့သော် သူပြန်မလာမချင်း ရေးပြီးသား စာအသစ်တွေကို တလစပ် မတင်ဖြစ်အောင် သတိထားပါမည်။ မဟုတ်ရင် ညမအိပ်ပဲ စာရေးနေသလားဟု အမေးခံရဖွယ် ရှိသည်လေ…။

အိုကေ… သူမှာကြားသွားသမျှကို အတတ်နိုင်ဆုံး လိုက်နာကျင့်ကြံနေထိုင်ပြီးသောအခါ ကိုယ် မှာရန် အလှည့်ရောက်ပြီ…။ လိုချင်သည်များကို အင်တာနက်မှာ ရှာဖွေပြီး Screen Shot ရိုက်ကာ သူ့ကို အီးမေးလ် ပို့ရန် ပြင်ဆင်သည်။ သူတော့ ညတွေတိုင်းမှာ ခေါင်းကို ဆင်နင်းသည်ဟူသော အိပ်မက်မျိုးတွေ မက်နေလောက်ပြီ။ အီးမေးလ်ကို အချိန်မီ မစစ်ဖြစ်မှာစိုးသောကြောင့် ထိုမှာတမ်းကို မျက်နှာစာအုပ်မှတဆင့် ထပ်ပို့လိုက်သည့်အပြင် Check your mail please... ဟူသော Message ကိုလည်း ပို့လိုက်ပါသေးသည်…။

တချိန်တည်းမှာပင် ရုပ်ဝတ္ထုဆန်ဆန် တိုးတက်လာသော ခေတ်မီနည်းပညာ ဆက်သွယ်ရေး ကွန်ယက်များကြောင့် လူသားဆန်သော နွေးထွေးမှုများ သူ့အလိုလို လျော့နည်း ပါးလျားသွားကြသည်ကို သတိထားလိုက်မိသည်။ သူကလည်း ကိုယ့်ဆီ ဖုန်းမခေါ်လာ၊ သူ အားလား မအားလား မသိတော့ ကိုယ်ကလဲ စပြီး မခေါ်ဖြစ်၊ ပြောစရာရှိလျှင် Message ပို့ကြသည်။ အိမ်မှာ အဝတ်လျှော်စက် ပျက်သွားတာကို မျက်နှာစာအုပ်မှ တဆင့် လှမ်း၍ အသိပေးလိုက်သည်။ သူ့ရဲ့ တနေ့တာ လှုပ်ရှားသွားလာမှုတွေကိုလဲ မျက်နှာစာအုပ်ပေါ်သို့ တက်လာသော ဓါတ်ပုံများမှတဆင့် ကြည့်မြင် သိရှိရသည်။ Like တွေ လုပ်ပြီး Comment တွေ ဘာတွေလည်း ရေးရသေးသည်ပေါ့…။

မျက်နှာစာအုပ် မတွင်ကျယ်သေးခင်ကဆိုလျှင်တော့ စာတွေ၊ ဓါတ်ပုံတွေကို အီးမေးလ်နှင့်သာ ပို့ရပေလိမ့်မည်။ ထို့ထက်စောသော ဟိုးခပ်ဝေးဝေး အချိန်တွေတုန်းကဆိုလျှင်တော့ စာတိုက်မှလာသော စာကို မျှော်ရပြီး ဓါတ်ပုံတွေကိုတော့ သူ ပြန်လာမှသာ ဖလင်လိပ်ကို ကူးဆေးပြီး ကြည့်ရမည်ပေါ့…။ တဆင့်ခံ တယ်လီဖုန်းကိုသာ အားကိုးရသော အချိန်တွေတုန်းကတော့ ပြောချင်တာလေး ၅ မိနစ်လောက် ပြောရဖို့အရေး Overseas Exchange က မမတို့ရဲ့ ဖုန်းပြန်ခေါ်အလာကို စောင့်ရသည်မှာ တနာရီလဲ မက၊ နှစ်နာရီလဲ မက၊ ပြောရတော့လဲ မကြားတကြား အားမလို အားမရ အပြေးအလွှား ၅ မိနစ်...။ အခုတော့ စက္ကန့် မိနစ် မဆိုင်း တယောက်ကို တယောက် ဆက်သွယ် ပြောဆို၍ ရနိုင်သည်။ တယောက်အသံကို တယောက်က အလွယ်တကူ ကြားနိုင်သည်… သို့သော်ငြားလည်း ဖုန်းဆက်ဖို့၊ အသံကြားရဖို့ မကြိုးစားကြတော့ပဲ ပြောစရာ မှာစရာရှိသည်များ၊ သိစေ မြင်စေချင်သည်များကို မျက်နှာစာအုပ်ပေါ်တွင် ဓါတ်ပုံများ စာလုံးများဖြင့် ချပြလာကြသည်…။ အနည်းငယ်တော့ အေးစက်စက်နိုင်သည်ဟု ခံစားရသည်။

ဘာတွေပဲပြောပြော ဒီရက်တွေမှာတော့ အတော် ပျင်းခြောက်ခြောက်နိုင်လှသည်။ စားချိန် အိပ်ချိန်တွေမှာ ကြားနေကျ ဆူသံ ပူသံတွေ မကြားရသောအခါ၊ အသားလွတ် ဂျစ်တိုက်ပြီး ရစ်စရာလူမရှိသောအခါများတွင် သူ့ကို တကယ်လွမ်းပါသည်။ ကော်ဖီသောက်လို့ မကောင်းသောအခါတွေမှာလဲ သူ့ကို လွမ်းပါသည်။ အခု ဒီပိုစ့်ကိုရေးနေရင်းလဲ သူ့ကို လွမ်းနေပါသည်။ အလုပ်တဖက်နှင့် မအားသော်လည်း ရသမျှ အချိန်လေးမှာ သတိတရနှင့် ကိုယ့်ဘလော့ဂ်ကို ဝင်လာပြီး ဒီပိုစ့်ကို ဖတ်မိသောအခါ အနည်းဆုံး စိတ်ထဲကပဲ ဖြစ်ဖြစ် ပြုံးမိသွားလျှင် (သို့မဟုတ်) တယ်လီဖုန်းခေါ်ချင်စိတ်ကလေး ပေါ်လာခဲ့လျှင် ကိုယ် ရေးရကျိုးနပ်ပြီပေါ့…။ ထိုမှတဖန် သူ့ပြောစကားတွေ မြေဝယ်မကျ နားထောင်ကာ လိမ်လိမ်မာမာနေ နေသည်ကို အသိအမှတ်ပြုပြီး မှာလိုက်သည်များကို တခုမကျန် စိတ်ရှည်လက်ရှည် ရှာဖွေ ဝယ်ယူလာမည်ဆိုလျှင်တော့ သည်လိုပိုစ့်မျိုးကို သူ ခရီးသွားနေသော ရက်များတလျှောက်မှာ နေ့စဉ် နေ့တိုင်းပင် ရေးလိုက်ချင်ပါသေးသည်။




Thursday, October 28, 2010

ချက်ခြင်း၏ အနုပညာ

အခုတလော အလုပ်နဲနဲများတာနဲ့ ပျင်းတာနဲ့ ရောပြီး ဘာမှ မရေးဖြစ်ဖူး။ ရေးထားတာတွေကလဲ ဟိုတစ ဒီတစနဲ့ အတိုအထွာတွေ…

အဲဒီလို အပျင်းရောဂါရနေတုန်းမှာ သူငယ်တန်းထဲက အတူတူ ကျောင်းနေဖက် သူငယ်ချင်းတယောက်က ကမ္ဘောဒီးယားကနေ ဒီကို အလည်ရောက်လာပါတယ်။ သူ့ကို ရုံးပိတ်ရက်မှာ တခုခု လိုက်ကျွေးမယ် ဘာစားမလဲလို့ မေးလိုက်တော့ သူက လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ကိုယ်ချက်ကျွေးခဲ့ဖူးတဲ့ ဒန်ပေါက်ကို သတိတရနဲ့ အပြင်မှာ မစားချင်ဘူး ကိုယ်ချက်တဲ့ ဒန်ပေါက်ပဲ စားချင်တယ် လို့ ဆိုလာပါတယ်။ ပြီးတော့ ချက်တဲ့နည်းလေးလဲ အဆင်ပြေရင် ရေးပေးပါလားလို့ ပြောလာပါတယ်…။

ဒီလိုနဲ့ တခုသော စနေနေ့မနက်ခင်းလေးမှာ ဒန်ပေါက်ထမင်း ချက်ဖြစ်ပြီး တခုသော ကြာသာပတေးနေ့ ညနေခင်းလေးမှာ ချက်တဲ့နည်းကို အခုလို ချရေးဖြစ်ပါတယ်။ "ချက်ခြင်းရဲ့ အနုပညာ" နဲ့ ချက်တာမို့ ဘယ်ဟာတွေ ဘယ်လို အချိုးအစားနဲ့ ထည့်ချက်တယ်ဆိုတာ အသေးစိတ် မမှတ်မိပါဘူး…။ စိတ်မှန်းနဲ့ ရမ်းသမ်းချက်တာမို့ "ရမ်းသမ်း cook" လို့ အမည်ပေးရင်လဲ ရပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ ပစ္စည်းနှစ်မျိုးရဲ့ ခန့်မှန်းခြေ အချိုးအစားနဲ့ အတူ ကျန်တဲ့ ပါဝင်တဲ့ ပစ္စည်းတွေကိုတော့ ပြောပြပါ့မယ်။ ကိုယ်တတ်တဲ့နည်းနဲ့ ကိုယ်ချက်တာဆိုတော့ ထမင်း သတ်သတ် ဟင်းသတ်သတ် ချက်တာပါ။ ထမင်းနဲ့ အသား ရောပြီး တခါထဲ နှပ်တဲ့နည်းကို သူများပြောတာ ကြားဖူးပေမယ့် တခါမှ စမ်းမကြည့်ရသေးပါဘူး။

အဓိကကျကျ ပါဝင်တဲ့ ပစ္စည်းတွေက

- ဒန်ပေါက်ချက်တဲ့ Basmati ဆန် ၁ ကီလို (ပုံမှန်အတိုင်းဆို လူ ဆယ့်နှစ်ယောက်စာလောက် စားလို့ရပါတယ်)

- ကြက် သုံးကောင် - ကျောရိုးတွေ ခြေထောက် ခေါင်းတွေဖယ်ပြီ အတုံးကြီးကြီး တုံး၊ ဆား၊ အချိုမှုန့်၊ ငန်ပြာရည် နဲ့ နယ်ထားပါတယ်

- ဒန်ပေါက်ထမင်း နဲ့ ကြက်သားဟင်းအတွက် မဆလာ (သစ်ဂျပိုး၊ နာနတ်ပွင့်၊ ဖာလာစေ့၊ ဇာထိပ်ဖိုသီး၊ ကရဝေး စတာတွေကို ရောကြိတ်ရင် ရတယ်။ အလွယ်ဆိုရင်တော့ ဒီကဆိုင်တွေမှာ ဝယ်လို့ရတဲ့ Brayani Masala ကို ထည့်ပါတယ်)

- ပူဒီနံရွက် (Mint Leave) - ပါးပါးလှီးထားတယ်

- Yellow Rice ဖြစ်အောင် အရောင်ဆိုးဖို့ ဆိုးဆေး နဲနဲကို အရည်ဖျော်ထားတယ် (ဆိုင်တွေမှာ Yellow Rice အတွက် Coloring Powder လို့ မေးရင် ရတယ်)

- Ghee ဆီသတ် (ရိုးရိုးဆီကို ကျက်အောင်ချက်ပြီး Gee ထောပတ်ကို ထည့်ပြီး ချက်ထားတယ်)

- ကြက်သွန်နီတွေကို ဆီချက်များများ ချက်ထားတယ်…

ကျန်တာတွေကတော့ စပျစ်သီးခြောက်၊ ပဲအစိမ်းလုံးလေးတွေ နဲ့ သီဟိုဠ်စေ့

ပြီးတော့ အခြေခံဟင်းချက်ပစ္စည်းတွေ ဖြစ်တဲ့ ဆီ၊ ဆား၊ အချိုမှုန့်၊ သကြား၊ ငန်ပြာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငြုတ်သီးအရောင်တင်မှုန့်၊ အချဉ်အတွက် သံပုရာသီး၊ သခွားသီး၊ ငြုတ်သီးစိမ်း...

အားလုံးစုံတော့ အခုလို စချက်တယ်…။
ထမင်းချက်မယ့် ဒန်အိုးထဲမှာ ကရဝေးရွက် (Bay Leave) နဲ့ သစ်ဂျပိုးခေါက် (Cinnamon) ကို တခါထဲ ထည့်ပြီး ရေဆူအောင်တည်ထားတယ်။ ဆန်ကို ရေဆေးထားပြီး အိုးထဲကရေ ဆူလာမှ ထည့်လိုက်တယ်။ ဒန်ပေါက်ချက်တဲ့ Basmati ဆန်က အချက်ခံတယ်… အတော်လေး ကြာကြာချက်လဲ ပျော့မသွားဘူး ဆန်အချောင်းလဲ ရှည်ပြီး လှလဲ လှတယ်။ ထမင်းအိုး အတော်လေး ဆူပြီး ထမင်းစေ့ကို ကိုင်ကြည့်၊ ပြန်နှပ်လို့ ရလောက်တဲ့ အနေအထားမှာ အိုးထဲက ထမင်းမဖြစ် တဖြစ်တွေကို ဇကာထဲ လောင်းချပြီး ရေစစ်ပါတယ်။ ဒီမှာလေ… ရေစစ်ထားတဲ့ ထမင်းတွေ… ကြည့်ပါအုံး... မလှဘူးလား…


ချက်ခြင်းရဲ့ အနုပညာက ဒီနေရာမှာ စပါပြီ…။
ထမင်းနှပ်မယ့် ဒန်အိုးထဲကို Ghee ဆီသတ် ထားတဲ့ ဆီကို မျက်နှာပြင် နှံ့အောင် ထည့်တယ်။ ပြီးရင် ရေစစ်ထားတဲ့ ထမင်းကို ပထမ တလွှာအနေနဲ့ ဖြန့်ထည့်တယ်။ ထမင်းကို အရောင်ဆိုးတဲ့အရည် နဲနဲဖြန်းတယ်။ ပြီးတော့မှ လှီးထားတဲ့ ပူဒီနံ၊ မဆလာ၊ စပျစ်သီးခြောက်၊ ပဲအစိမ်းလုံးလေးတွေ နဲ့ သီဟိုဠ်စေ့တွေကို ထည့်တယ်။ ကြက်သွန်နီ ဆီချက်ဖတ်တွေ ထည့်တယ်။ ဆား အချိုမှုန့် နဲနဲစီ ထည့်တယ်…။ ဒီပုံထဲကလိုပေါ့…


ပြီးရင် နောက်တလွှာအတွက် ထမင်းထည့်… Ghee ဆီဆမ်း… ကျန်တာတွေကို သူ့အစီအစဉ်အတိုင်းထည့်… ပြီးရင် နောက် တလွှာကို ထမင်းက စပြီး ခုနက အစီအစဉ်အတိုင်းထည့်… ဒီလိုနဲ့ ထမင်းတွေ တထပ်ပြီး တထပ် ထည့်ရင်း ကုန်သွားပြီဆို A4 စက္ကူ သုံးလေးရွက်လောက်ကို ရေဆွတ်ပြီး ထမင်းတွေပေါ်ကနေ လုံအောင်အုပ်၊ အိုးကို အဖုံးပိတ်လို့ မီးအေးအေးနဲ့ နှပ်ပါတယ်…။ အမှန်ကတော့ ထမင်းကို ထမင်းရည် ငှဲ့ချက်ပြီး ပြန်နှပ်တာမျိုးနဲ့ အတူတူပါပဲ…။

ကိုယ့်အမျိုးသားကတော့ ထမင်းတွေ အလွှာ အလွှာထည့်တာ အနုပညာ မဟုတ်၊ နှပ်ထားပြီး နပ်သွားတဲ့ ထမင်းကို မွှေတာကမှ အနုပညာလို့ ငြင်းပါတယ်…။ အမွှေ မတတ်ရင် ထမင်းတွေ ကျိုးကြေကုန်သတဲ့… ဒါကြောင့် မွှေတဲ့နေရာမှာ ပညာပါဖို့ လိုတယ် ဆိုပဲ…။ အိုကေလေ… မွှေတာက သူ့အလုပ်ပေါ့… ကိုယ့်လက်ကလဲ အဲလောက် မမွှေနိုင်တာနဲ့ အတော်ပါပဲ…။ မွှေပြီးတဲ့အခါမှာ ဒီလို ဒန်ပေါက်ထမင်း ရလာပါတယ်…။


ကြက်သားဟင်းကတော့ ဘာမှ ထူးထူးထွေထွေ မဟုတ်ပါဘူး။ ကြက်သွန်နီတွေနဲ့ ကြက်သွန်ဖြူတွေကို စက်နဲ့ ကြိတ်ပြီး Pressure Cooker ထဲမှာ ဆီသတ်ပါတယ်။ သကြားလေး နဲနဲထည့်ပါတယ်။ ကြက်သွန်တော်တော်နွမ်းတော့ ငြုတ်သီး အရောင်တင်မှုန့် အသင့်အတင့် ထည့်တယ်။ ပြီးရင် နယ်ထားတဲ့ ကြက်သား ထည့်၊ ဒန်ပေါက်ထဲထည့်တဲ့ မဆလာထည့်… ပြီးရင် အဖုံးအုပ်ပြီး ၁၂ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ ချက်တယ်…။ အခုလို ကြက်သားဟင်းရတယ်။


ခုနက ဖယ်ထားတဲ့ ကြက်ရိုးကို ပြုတ်ပြီး အရည်ကို ချဉ်ပေါင်ရွက်နဲ့ ဟင်းချိုချက်၊ ချခါနီးမှာ ငြုတ်သီးစိမ်း ကြက်သွန်ဖြူ ဒါးပြားရိုက်ပြီး အုပ်… ချဉ်ပေါင် ဟင်းချိုရတယ်…။

ကြက်သွန်နီနဲ့ သခွားသီးကို ပါးပါးလှီးပြီး သကြား၊ ဆား၊ ငြုတ်သီးစိမ်း၊ သံပုရာသီးတို့နဲ့ ရောနယ်ပြီး အချဉ်လုပ်တယ်။

ဘာလချောင်ကြော် ကတော့ တခါတခါမှာ ကိုယ့်ဟာကိုယ် ကြော်တယ်။ တခါတခါမှာ Ready Made အထုပ်တွေ ဖေါက်ပါတယ်။ Ready Made တွေထဲမှာတော့ Feel က ရောင်းတဲ့ ဘာလချောင်ကြော်က အစပ်ပေါ့ပေါ့ အငန်ပေါ့ပေါ့နဲ့ တော်တော်လေး အဆင်ပြေပါတယ်။ အဲဒါတွေတော့ ဓါတ်ပုံမရိုက်ဖြစ်လို့ ပြစရာ မရှိဘူး…။ ဆောရီးပါ။

ဒီလိုဆိုရင် ဒန်ပေါက်ထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင် ဟင်းချို၊ ဘာလချောင်ကြော်၊ ကြက်သွန်ချဉ်တွေနဲ့ စုံစုံလင်လင် ထမင်းပွဲပြင်လို့ ရပြီပေါ့…။

ပြီးရင်တော့ NTUC မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဒိန်ချဉ်ဘူးတွေကို သကြားနဲ့ ရောမွှေ… ရေခဲထည့်ပြီး အအီပြေ သောက်ဖို့ တခါထဲ ပြင်ထားလို့လဲ ရပါသေးတယ်…။ ဒန်ပေါက်နဲ့ ဒိန်ချဉ်နဲ့ လိုက်တယ် ပြောကြတယ်…။

အပေါ်မှာပြောခဲ့တဲ့ ဒန်ပေါက်ချက်စရာ ပစ္စည်းတွေ အားလုံးကို Mustafa လို ဆိုင်ကြီးမှာ တစုတစည်းထဲ ဝယ်လို့ရသလို ကိုယ်တို့ အနီးအနားက Neighborhood အိန္ဒိယ ဆိုင်လေးတွေမှာလဲ ဝယ်လို့ရပါတယ်။ ကိုယ်ကတော့ သွားရလာရ သက်သာတဲ့ အိမ်နားက အိန္ဒိယ အရောင်းဆိုင်က ဝယ်လေ့ရှိပါတယ်။

စကားစပ်လို့ ပြောပြရရင် အဲဒီပစ္စည်းတွေ ကိုယ်သွားဝယ်တိုင်း အိန္ဒိယနွယ်ဖွား ဈေးရောင်းသူတွေက ကိုယ့်ကို တအံ့တသြ ကြည့်ကြပါတယ်။ မသိရင် တရုပ်လို့ အမြဲတမ်း အထင်ခံရတဲ့ ကိုယ့်ရုပ်ရည်နဲ့ ဝယ်တဲ့ပစ္စည်းတွေနဲ့ မလိုက်ဖက်ဖူးလေ…။ တခါ… နှစ်ခါ… သုံးခါလောက်အထိ သူတို့က မမေးသေးပါဘူး…။ ဒါပေမယ့် လေးခါမြောက်လောက်မှာ စိတ်မရှိပါနဲ့… အစချီတဲ့ စကားနဲ့ ကိုယ့်ကို ဒါတွေဝယ်ပြီး Nasi Brayani ကို ဘယ်သူက ချက်မှာလဲ လို့ ဖွင့်ဟ မေးမြန်းလာပါတော့တယ်…။

ကိုယ်ကလဲ ကိုယ်တိုင် ချက်မှာ ဖြစ်တဲ့အကြောင်း ရယ်ကျဲကျဲနဲ့ ပြောပြတော့ သူတို့တတွေ တယောက်မျက်နှာကို တယောက်ကြည်ပြီး ကိုယ်နားမလည်တဲ့ ဘာသာစကားတွေနဲ့ အဘား အဘား ပြောနေ ဆိုနေကြတာ တွေ့ရပါတယ်…။ သူတို့တွေရဲ့ တိုင်းရင်းသား ရိုးရာ အစားအစာနဲ့ သူတို့ရဲ့ ဈေးကွက်ကို ဒီတရုပ်မတော့ ဖျက်လို ဖျက်ဆီး လုပ်နေပြီ လို့များ ပြောနေကြလေသလား… ဒါမှမဟုတ် သူတို့ဘာတွေများ ဝေဖန် ပြောဆိုနေကြတာလဲ... သိနိုင်ပါဘူးလေ…။

ဘာပဲဖြစ်ဖြစ်ပါ… မကြားချင်လဲ နားပိတ်ထားလိုက်... ငါကတော့ ဒါကို ဆက်ပြောမှာပဲ… ဆိုတဲ့ စိုင်းစိုင်းသီချင်းလို… မကြည့်ချင်လဲ မျက်စိမှိတ်ထားလိုက်... ကိုယ်ကတော့ ဒါကို ဆက်ချက်မှာပဲ… လို့ ကြွေးကြော်ရင်း အခါအခွင့်သင့်လို့ ဒန်ပေါက်ချက်ဖို့ အကြောင်းဖန် လာလေတိုင်း လိုသမျှပစ္စည်းတွေ သူတို့ဆိုင်က သွားဝယ်ပြီး အပေါ်က နည်းအတိုင်း ချက်ဖြစ်နေမှာပါပဲ…။ သူငယ်ချင်း မိတ်ဆွေတွေလဲ အချိန်ရရင် ချက်စားကြည့်ကြပါ လို့ တိုက်တွန်းလိုက်ပါတယ်။


ကော်မန့်ထဲမှာ Ghee ထောပတ်အကြောင်း မေးလာတာမို့ ဓါတ်ပုံလေး ထပ်ဖြည့်လိုက်ပါတယ်။ အိမ်မှာ ဝယ်ပြီးသား ကုန်နေလို့ အင်တာနက်က ရှာပြီး တင်လိုက်တယ်။ NTUC, Giant, Cold Storage နဲ့ Neighborhood ကုန်စုံဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရနိုင်ပါတယ်...း))



မှတ်ချက် ။ ။ မျက်နှာစာအုပ်မှာ အပေါင်းအသင်းတွေကို ပုံနဲ့ပြပြီး မစားရ ဝခမန်း လုပ်တာ အားမရသေးလို့ အခု ဒီဘလော့ဂ်ပေါ်ကို ဆွဲထုတ်လာတယ်လို့ မထင်ကြပါနဲ့နော်…။ ဒါ မျှဝေတာ လို့ ခေါ်ပါတယ်…။

Tuesday, October 19, 2010

Fashion Show

အခုတလော ပေါ့ပေါ့ပါးပါးတွေ ရေးလို့ မထွက်တာမို့ တွေးမိသမျှတွေ ရေးပြီး စာဖတ်သူတွေကို နှိပ်စက်တာ များသွားပြီ…။ ဒါကြောင့် ဒီနေ့တော့ စာဖတ်သူများ စိတ်အာရုံရော စက္ခုအာရုံပါ ကြည်လင်စေခြင်းအလို့ငှာ ပြီးခဲ့တဲ့ စနေနေ့က Metro Orchard မှာ လုပ်တဲ့ Model Show သွားတုန်းက ရိုက်လာတဲ့ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။ Custo Barcelona နဲ့ RafflesPrivato ဆိုတဲ့ Fashion Company နှစ်ခုရဲ့ Winter & Summer Collection 2010 အတွက် ကျင်းပတဲ့ Show ဖြစ်ပါတယ်...။

ပိန်ရုံသာမက ပါးလှပ်နေတဲ့ လှလှပပ မော်ဒယ်လေးတွေကို ကြည့်ပြီး…ဟင်း… လို့ သက်ပြင်း အနည်းငယ် ချလိုက်မိသေးတယ်ဆိုတာ ဝန်ခံပါတယ်…။ ဒါပေမယ့် ဓါတ်ပုံ ကောင်းကောင်းရချင်စိတ်က လူကိုကြီးစိုးနေတာမို့ သူတို့ရဲ့ အလှအပတွေကို သေသေချာချာ မခံစားနိုင်ခဲ့ပါဘူး။ ပြီးတော့အဲဒီလို Show မှာ ဓါတ်ပုံရိုက်ရတာ အတော်လေး ခက်ခဲ ပင်ပန်းပါလားဆိုတာ အဲဒီနေ့ကမှ သိပါတယ်။

မြူးမြူးကြွကြွ စည်းချက်နဲ့အညီ အဆက်မပြတ် လျှောက်လှမ်းနေကြတဲ့၊ တစက္ကန့် နှစ်စက္ကန့်လောက်ပဲ ငြိမ်တဲ့ မော်ဒယ် ကိုကို မမ တွေရဲ့ ခြေလှမ်းတွေကို အမှီလိုက်ရိုက်ရတာလေ…။ အဲဒီညက အိမ်ပြန်ရောက်တော့ တဆစ်ဆစ်ကိုက်ပြီး ယောင်ချင်ချင်ဖြစ်လာတဲ့ ညာဖက် လက်ကောက်ဝတ်ကို ဆေးလိမ်းရပါတယ်။ ဒါတောင် ၁၈-၅၅ ရယ် ၅၅-၂၀၀ ရယ် နဲ့ပဲ ရိုက်ခဲ့တာ…။ ကိုယ့်အနားမှာ ရိုက်နေကြတဲ့ Pro တွေ လက်ထဲက Lens တွေဟာ တခု တခုကို တပေ မက ရှည်လျားပါတယ်။ ပြီးတော့ External Flash တွေကလဲ ပါသေးတယ်ဆိုတော့ ကိုင်ရတာ အတော် လေးမှာ သေချာတယ်။ သူတို့တွေလဲ မော်ဒယ် တခေါက်လျှောက်လို့ ပြီးသွားတိုင်း သူတို့ရဲ့ ညာဖက်လက်တွေကို တခါခါ လုပ်နေကြတာ တွေ့ရတယ်…။ တော်ပြီ… တော်ပြီ… အဲဒီ Lens အရှည်ကြီးတွေ ဝယ်ဖို့ မစဉ်းစားတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်…။ (စပျစ်သီး ချဉ်တာလဲ ဖြစ်နိုင်ပါတယ်)

နောက်တခုက မိန်းကလေးတယောက်အနေနဲ့ ဒီလိုပွဲတွေမှာ ယောင်္ကျားလေး Photographer တွေနဲ့ ယှဉ်ပြီး ဓါတ်ပုံရိုက်ရတာ အမှန်အတိုင်းပြောရရင် သိပ်မချောင်လှဘူး…။ အားလုံးက သူ့ထက်ငါ ဓါတ်ပုံကောင်းကောင်းတွေ ရရှိရေးကိုသာ ဦးတည် ရှေးရှုနေကြတဲ့ အတွက် တယောက်ကို တယောက် သိပ်မညှာတာလှဘူး…။ မိန်းကလေးသော ဘာသော လဲ ကြည့်မနေဘူး။ Lady’s first ဆိုတာလဲ မရှိကြဘူး။ တိုးမှာပဲ… တိုးမှာပဲ… ငါ့ကို လာမတားနဲ့… ဆိုတဲ့သူမျိုးတွေ များတယ်…။ (ကြားရင်တော့ လာသတ်ကြတော့မှာပဲ…)

ဒီလို Show ရိုက်တဲ့ အတွေ့အကြုံမရှိသေးတော့ မော်ဒယ်တွေကို ခေါင်းကနေ ခြေထောက် တကိုယ်လုံးပါအောင် ချိန်ပြီး ရိုက်မိတယ်။ ကိုယ့်ဟာကိုယ်တော့ တယ်ဟုတ်တဲ့ ငါပါလား ဆိုပြီး ကျေနပ်နေတာပေါ့လေ…။ အိမ်ရောက်တော့ ကွန်ပျူတာထဲ ပုံတွေချကြည့်တော့မှ ပြဿနာကို သိတယ်။ ပုံတွေထဲမှာ မော်ဒယ်တွေ ခေါင်းအစ ခြေအဆုံး တကိုယ်လုံးတော့ ပါပါရဲ့… ဒါပေမယ့် မော်ဒယ်တွေနဲ့အတူ သူတို့ အနောက်က ပွဲကြည့်ပရိတ်သတ်တွေရဲ့ မျက်နှာတွေလဲ အထင်းသား ပါနေတာ တွေ့လိုက်ရတယ်။ အမှန်က နားလည်တတ်ကျွမ်းတဲ့ ဓါတ်ပုံဆရာတွေဟာ သူတို့ရဲ့ဓါတ်ပုံတွေမှာ ဒီလို ပွဲကြည့်သူတွေ မပါအောင် ရိုက်ကြရတယ်။ Focus ကို သေသေချာချာ ဖြတ်ရတယ်။ ကိုယ်က သိမှ မသိတာ… ရိုက် ရိုက်ဆို အားလုံး ရိုက်ပစ်လိုက်တာပေါ့…။ မှတ်ကရော…

နောက်ဆုံးအနေနဲ့ နိဂုံးချုပ်လိုက်တော့ ပုံတထောင် သက်ဝေရဲ့ ထုံးစံအတိုင်း ကောင်းနိုးရာရာတွေကို ရွေးထုတ်ပြီး မသင့်တော်တာတွေကို ဖြတ်လိုက် တောက်လိုက်တဲ့အခါမှာ ပုံကောင်းနဲနဲပဲ ကျန်ပါတယ်။ အဲဒီ ကျန်သမျှထဲကမှ အဆင်ပြေမယ်ထင်တာလေးတွေ တင်လိုက်ပါတယ်… ရှုစား အားပေးတော်မူကြပါရှင်…

ကြည့်ရတာ မကြာခင်မှာ ဆံပင် အကြေကောက်တွေ ပြန်ခေတ်စားလာတော့မယ်ထင်တယ်…။ သူတို့ထဲက အများစုက အကြေကောက်တွေ ကောက်လို့...







Model Girl တွေတင်မက Boy တွေကိုလဲ အမိအရ ရိုက်ခဲ့သေးတယ်…။ တယောက်ဆို သေသေချာချာတောင် ပြုံးပြသွားသေးတယ်။ ဒီမှာကြည့်...




သူဝတ်ထားတဲ့ အနွေးထည်က မိုက်တယ်… အရေးထဲမှာ မိန်းကလေးအဝတ်တွေ ကြိုက်ရမယ့်အစား ယောင်္ကျားလေး အဝတ်ကို ကြိုက်နေမိတယ်… ဒုက္ခ… ဒုက္ခ…



သူလေးကတော့ အမိုက်စားလေး… ရှေ့တည့်တည့်မှာ လာရပ်လို့ အမိအရ ရိုက်လိုက်တာ…




ကိုယ့်အကြိုက် လက်ကောက်တွေ…



မော်ဒယ်တွေထဲမှာ အာရှသူဆိုလို့ သူတယောက်ပဲ တွေ့မိတယ်... ချစ်စရာလေးနော်...




မော်ဒယ်တွေရဲ့ ခြေထောက်ရှည်ရှည်လေးတွေမပါလို့ စိတ်မကောင်းဖြစ်နေကြသူများအတွက် ရှားရှားပါးပါး ရထားတဲ့ ပုံ နှစ်ပုံ…




အဲဒီစနေနေ့က အတော်ပင်ပန်းသွားတာမို့ နောက်တနေ့ Iluma မှာလုပ်တဲ့ Thai Fashion Show ကို မသွားနိုင်တော့ပါဘူး။ ဒါကြောင့် ယိုးဒယားသူ လှလှလေးတွေပုံ မရတော့ဘူးပေါ့…။ မျက်စေ့မနောက်ကြဘူး ဆိုရင်တော့ နောက်ကို အခုလို Show တွေ ရိုက်ဖြစ်ရင် ဓါတ်ပုံတွေ တင်ပါအုံးမယ်…။ လာကြည့်ကြတာ ကျေးဇူးနော်…း))



Saturday, October 16, 2010

သူမ၏ ပန်းချီဆရာ


ခပ်ဟောင်းဟောင်း သစ်သားတံခါးချပ်တခု၏ ရှေ့တွင်ရပ်ရင်း တံခါးကို ခပ်ဖွဖွ ခေါက်လိုက်မိသည်။ ထုံးစံအတိုင်း အထဲမှ အသံ တစုံတရာ မကြားရ… ဝင်ခဲ့ပါ ဟုလည်း အသံမပြု…။ သည်လိုနှင့် စေ့ထားသောတံခါးကို အသာတွန်းဖွင့်လိုက်သည်။ ဆီမရှိသော ပတ္တာများကြောင့် တံခါးသည် ကျွီ… ဟူသာ အသံနှင့်အတူ ခပ်ဖြေးဖြေး ပွင့်ဟ သွားသည်။ ဘယ်တုန်းကမှ နွေးထွေးဖွယ်ရာစွာ ဆီးကြိုမှု မရှိသော ပန်းချီဆရာသည် ထိုတံခါးသံကြောင့် စိုးစဉ်းမျှ မလှုပ်ရှား… အနည်းငယ်မျှ အနှောက်အယှက်မဖြစ်… ဘာဆို ဘာမှ မထူးခြားသလို… သူ့အခန်းထဲ မည်သူတဦးတယောက်မှ ရောက်မလာသလို… ဆွဲလက်စ ကင်းဗတ်စ်ကို မျက်နှာမူကာ သက်တောင့်သက်သာ အနေအထားဖြင့် ထိုင်နေခဲ့သည်။

ဆွဲလက်စ ပန်းချီကားကို ဘာရယ်ဟု သဲသဲကွဲကွဲ မမြင်လိုက်ရခင်မှာပင် ပန်းချီဆရာသည် အနီရောင် အပြားကြီးကြီး စုတ်တံ၏ အကူအညီဖြင့် ထိုပန်းချီကားချပ်ပေါ်တွင် ကန့်လန့်ဖြတ်မျဉ်း နှစ်ကြောင်းကို ခပ်ကြမ်းကြမ်း ဆွဲချလိုက်သည်။ ပြီးတော့ ပါးစပ်ကလဲ တစုံတခုကို ခပ်တိုးတိုး ရေရွတ်လိုက်သလိုပင်… ဆဲရေးတိုင်းထွာခြင်းတော့ မဟုတ်တန်ရာ… ဖြစ်ခြင်းဖြစ် ငြီးငြူသံ တခု သို့မဟုတ် စိတ်အလိုမကျစွာ မြည်တွန် တောက်တီးလိုက်သံ တခုမျှသာ ဖြစ်ပါလိမ့်မည်…။

ပန်းချီဆရာ၏ အခန်းသည် အခါများစွာကလိုပင်… ခြောက်သွေ့နေသည်…။ တိတ်ဆိတ်နေသည်…။ နေရောင်မဝင်အောင် တံခါးတွေကို အလုံပိတ်ထားသောကြောင့် အသက်ရှုလိုက်တိုင်း မွန်းကြပ်ကြပ်နှင့် ဖုန်နံ့တမျိုးကို ရနေသေးသည်…။ လှောင်ပိတ်ပိတ် အခိုးအငွေ့တမျိုးနှင့် အုံ့မှိုင်းမှိုင်းလဲ ဖြစ်နေသေးသလို…။

ကျောခိုင်းထားသော ပန်းချီဆရာ၏ ဘေးဘီဝဲယာကို မျက်စေ့ကစားလိုက်မိသည်…။ အိပ်ခန်းလဲဟုတ် ပန်းချီခန်းလဲဟုတ်သော ထိုအခန်းငယ်ထဲတွင် ကုတင်တလုံး၊ ပန်းချီဆွဲသော သုံးချောင်းထောက်စင် တခုနှင့် သစ်သား ကုလားထိုင်နှစ်ခုမှလွဲ၍ အခြားပရိဘောဂများ ရှိမနေပါ။ ထိုကုလားထိုင်နှစ်ခုအနက် တခုမှာ သူ ထိုင်နေပြီး နောက်တခုကို ပစ္စည်းတင်စရာ စားပွဲသဖွယ် အသုံးပြုထားသည်…။

ပန်းဖျီဆရာ ထိုင်နေသော ကုလားထိုင်နှင့် လက်တကမ်းအကွာတွင်ရှိသော နောက် ကုလားထိုင်တခုပေါ်တွင် ကော်ဖီမှုန့် အစအနများ ပေနေသေးသော ဇွန်းတချောင်းနှင့် သောက်လက်စ ကော်ဖီ မတ်ခွက်တခုကို တွေ့ရသည်။ သည်ပန်းချီဆရာက အခါးကြိုက်သည်…။ သို့သော် သူကြိုက်သော အခါးတွေက အညိုရင့်ရောင် ကော်ဖီခါးခါးနှင့် အနက်ရောင် ချောကလက် ခါးခါးတွေသာ… သည့်ထက်ပိုသော အခါးတွေကို သူ စားသုံးလေ့မရှိ။ သူ့ဆီမှာ စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် စသည့် သောက်လက်စ ဆေးလိပ်တိုတွေ၊ ဆေးလိပ်ပြာ အစအနတွေ ရှိမနေ။ သို့သော် ဖတ်လက်စ စာအုပ်များနှင့် သတင်းစာများကတော့ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

အခန်းထောင့်မှာ အရောင်မှိန်ပြီး အပေါ်ယံ မျက်နှာပြင်အလွှာ ကွာစပြုနေသော ဂစ်တာတလုံး ထောင်ထားသည်။ ကြိုးမျှင် ခြောက်ချောင်းအနက်မှ နံပါတ် နှစ်ကြိုးမှာ ပြတ်တောက်နေသည်ကို တွေ့ရသည်။ ပန်းချီဆရာသည် စိတ်လိုလက်ရရှိချိန်များတွင် သံစဉ်များကိုလည်း စိတ်ဝင်တစား တီးခတ် ရှာဖွေတတ်သူ တယောက်ဖြစ်ခဲ့ဖူးသည်။ သို့သော် သည်ဂစ်တာကို သူ လက်နှင့် မထိတွေ့သည်မှာ အချိန်အတော် ကြာပြီဖြစ်ကြောင်း အနေအထားက ကောင်းကောင်း သက်သေပြနေသည်…။ သူ သီဆိုလေ့ရှိသော သီချင်းသံစဉ်တွေသည်လည်း သူ၏ ဂစ်တာလိုပင် ဟောင်းနွမ်း သွေ့ခြောက်ကာ ကြိုးပြတ်နေခဲ့လေပြီ…။ ပြတ်တောက်နေသော ထိုဂစ်တာကြိုးကို ပြန်ဆက်ပေးရန် ကြိုးစားခဲ့ဖူးချိန်များကို အမှတ်ရနေသေးသည်… သို့သော် မအောင်မြင်… သူမ လက်လျော့ခဲ့ရသည်…။

ဖြူညစ်ညစ် ကင်းဗတ်စ် နှင့် သုံးချောင်းထောက်စင်၏ ဘေးပတ်ပတ်လည်မှာ အရောင်စုံ ဆေးဗူးများ… ဆေးရောင်စုံတွေ ပေကျံနေသော ဆေးစပ်သည့် ဗန်းကလေးများ တွေ့ရသည်။ ရေဆေးတွေ ဆီဆေးတွေ ဖြစ်ပါလိမ့်မည်… သိပ်တော့ မခွဲခြားတတ်… ။ ပြီးတော့ အတို အရှည် အတိုင်းအတာ အစုံ အရွယ်စုံ စုတ်တံတွေ…။ စုတ်တံတွေကို နှစ်၍ ဆေးကြောသော ရေပုံးကလေးတွေ… ဖွင့်လက်စ ဆေးဗူးများနှင့် တွေ့သမျှ စုတ်တံတော်တော်များများ၏ ထိပ်မှာ အစိမ်းရောင်နှင့် အနီရောင် ဆေးများသာ… သည်ရက်ပိုင်းအတွင်းမှာ ပန်းချီဆရာသည် သူ၏ ပန်းချီကား အတော်များများကို အစိမ်းရောင်နှင့် အနီရောင်များကို အသုံးပြု၍ ရေးဆွဲချယ်မှုန်းခဲ့ဟန်တူပါသည်။

နီကျင်ကျင် မီးသီးတလုံးက မျက်နှာကြက်မှာ ခိုတွယ်နေကာ နံရံ၏ အပေါ်ပိုင်း တရုပ်ကပ်မှန်များမှတဆင့် လေဝင်လာတိုင်း လှုပ်ခါနေသည်…။ တခါတရံတွင် ပန်းချီဆရာသည် သည်မီးသီး၏ လှုပ်ရှားမှု ရွေ့လျားမှုကို လိုက်၍ ပန်းချီကားများကို အသက်ဝင်စေတတ်သည်။ သူ၏ ပန်းချီကားများသည် လေငြိမ်သော အချိန်တွင် ငြိမ်သက်သော စုတ်ချက်များနှင့် ပုံဖေါ်ထားသလို လေပြင်းပြင်း တိုက်နေချိန်များမှာတော့ ထိုလေပြင်းနှင့်အတူ ကြမ်းတမ်းသော စုတ်ချက်တွေဖြင့် ပုံဖေါ်လေ့ရှိသည်ဟု တချိန်က ပြောပြခဲ့ဖူးသည်…။ ကြာတော့ ကြာခဲ့ပါပြီလေ…

အခုဆို ပန်းချီဆရာ၏ ခပ်သွက်သွက် ကွဲရှရှ စကားသံများ၊ နံနက်ခင်း နှုတ်ဆက် စကားသံများ၊ ကြည်ရွှင်ရယ်မောသံများကို မကြားရတော့သည်မှာ အတော်ကြာနေခဲ့ပြီ…။ အနှောက်အယှက်ပြုရန်လည်း မကြိုးစားချင်ပါ။ သူ့ အတွေး သူ့ အာရုံထဲမှာ သူ ပျော်သလိုသာ နေပါစေ…။ ပြည့်စုံသော ချစ်ခြင်းတခု ဖြစ်တည်ရန်မှာ အလိုက်တသိနှင့် နားလည်ပေးနိုင်မှုက အလွန် အဓိကကျ သည် မဟုတ်လား…။

ဘာပဲဖြစ်ဖြစ် သည်အချိန်မှာ သူမကို ကျောခိုင်းထားသော ပန်းချီဆရာကို အရင်က တွေ့မြင်ခဲ့ဖူးသော စွဲမက်ဖွယ်ရာ သူ၏ ပန်းချီကားများ၊၊ အရင်က ကြားခဲ့ဖူးသော သူ၏ သီချင်းသံ တိုးဖွဖွများ၊ အရင်က မြတ်နိုးခဲ့ဖူးသော သူ၏ စကားသံ အက်ကွဲကွဲများနှင့်အတူ သူမ သိပ်ချစ်ပါသည်…။ သူ့ထံမှ စကားပြန်လည် ပြောဆိုလာချိန်ကို စောင့်ဆိုင်းနေရသော အချိန်တွေသည် ဘဝ တသက်စာမက ကြာမြင့်ကောင်း ကြာမြင့်နိုင်မည်ဖြစ်သော်လည်း သူမ စိတ်ရှည် လက်ရှည် စောင့်ဆိုင်းနေဦးမည် ဖြစ်သည်…။ သည်အခန်းလေးကိုလည်း သူ ဖိတ်ခေါ်သည် ဖြစ်စေ၊ မဖိတ်ခေါ်သည်ဖြစ်စေ အစဉ်အလာမပျက် အရောက်လာနေမိဦးမည် ဖြစ်သည်…။ နောက်ဆုံး ထိုအခန်းလေးကို သော့ခတ်၍ အလုံပိတ်လိုက်စေဦးတော့ မြင်ရသမျှ တံခါးရွက်များကို ဝမ်းနည်းစွာ လာရောက် ငေးမောနေဦးမည်သာ…။

အကယ်၍များ…
အကယ်၍များ သူမကို ချစ်ခင်ကြင်နာသော စိတ်ကလေး အနည်းငယ် ဝင်လာကာ ကျောခိုင်းထားရာမှ လှည့်ကြည့်ပြီး သူမ အလာကို အပြုံးတစဖြင့် ကြိုဆိုခဲ့မည် ဆိုလျှင်… အခါများစွာမှာ အဓိပ္ပါယ်ဖေါ်ရန် ခက်ခဲလှသော ပန်းချီဆရာ၏ မျက်ဝန်း အကြည့်တွေကို ကောင်းကောင်း အဓိပ္ပါယ်ဖေါ် ဘာသာပြန်နိုင်ခဲ့မည်ဆိုလျှင်… သူ၏ ဆွဲလက်စ ကင်းဗတ်စ် ပေါ်တွင် ကောင်းကင်ပြာပြာ တိမ်လိပ်ဖြူဖြူ မြက်ခင်းစိမ်းစိမ်းတွေနှင့် ငှက်ငယ်လေးများ ပျံဝဲနေကြသော ကြည်နူးစရာ ပန်းချီကားတချပ် တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ် အသက်ဝင်လာမည် ဆိုလျှင်… သူမ အတိအကျ နားမလည်သော်လည်း အရောင် နွေးနွေးတွေဖြင့် ကြည်လင်လှပသော အနာဂတ်ကို ကိုယ်စားပြု ဖေါ်ကျူးသည့် ပန်းချီကား တချပ်ကို စတင် ရေးဆွဲနေပြီဆိုလျှင်… သို့တည်းမဟုတ် ပန်းချီဆရာ၏ ဆွဲလက်စ ကင်းဗတ်စ်ပေါ်တွင် ခဲခြစ်ရာပေးထားသော သူမ၏ မျက်နှာ တစွန်းတစကို မြင်လိုက်ရပြီ ဆိုလျှင်…

သည်သို့ဆိုလျှင်တော့… သူမ ဘာကိုမှ ဂရုမစိုက်ချင်… အချိန်တွေလည်း ကြာရှည် ဆွဲမနေချင်တော့ပါ…။ ပန်းချီဆရာက စတင်၍ မေးလာသည်ဖြစ်စေ၊ မမေးလာသည် ဖြစ်စေ… သူ သိချင်သည် ဖြစ်စေ၊ မသိချင်သည် ဖြစ်စေ… သူ့အနားကို ညင်သာစွာ တိုးကပ်ကာ ရှင့်ကို ကျွန်မ သိပ်ချစ်တယ်… ဟု ခပ်တိုးတိုး ပြောလိုက်မိတော့မှာ သေချာပါသည်...။



Thursday, October 14, 2010

မိုးရွာချိန် အတွေး


ညက လျှပ်စီးတွေ တဝင်းဝင်းနှင့် အလွန်ပြင်းထန်သော အသံများဖြင့် မိုးတွေ ခြိမ်းနေခဲ့သည်။ ထို့ကြောင့် အိပ်ရာမှ လန့်နိုးလာသည်။ မိုးရွာတော့မှာလား.. မနက် အိပ်ရာနိုးလျှင် မိုးတွေ ရွာနေမည်လား… မိုးရွာလျှင်တော့ ထိုမိုးစက်တွေထဲမှ အတွေးတစုံတရာ ရတန်ကောင်းရဲ့ဟု မျှော်လင့်မိသည်။ မျှော်လင့်ထားသည့်အတိုင်း သည်မနက် အိပ်ရာနိုးတော့ မိုးရွာနေသည်။ ရွာသည်မှာမှ သည်းသည်းမဲမဲနှင့် အညှိုးတကြီး…။ မိုးရွာသော မနက်တွေတိုင်းမှာ ပျင်းရိ လေးကန်သော စိတ်တွေနှင့် ရုံးမသွားချင် အိမ်မှာပဲ စာတအုပ် ကော်ဖီတခွက်နှင့် အိပ်လှိမ့်နေချင်သော စိတ်အစဉ်ကို သည်မနက် ရွာသောမိုးက ပြောင်းလဲပေးလိုက်သည်…။ မိုးရွာတာကို အိမ်ထဲကနေ မခံစား.. အပြင်ကနေ ခံစားကြည့်မည်..။ ပြီးလျှင်တော့ မိုးရွာချိန်အတွေး ဟူသော ပိုစ့်လေးတခု ရေးနိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်နှင့် အတူ…

အိမ်မှအထွက်… လူသွားစင်္ကြန် အမိုးစွန်းလေးမှ ခြေလှမ်း ငါးလှမ်းခန့် ဝေးသော ကားဆီသို့ မိုးစက်တွေကြားမှပင် ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ မိုးရေစက်များ ကိုယ်ပေါ်သို့ အပြေးအလွှား ခုန်ဆင်းလာကြသည်။ ထီး ဆောင်လေ့ မရှိသော၊ ထီး ဆောင်းလေ့ မရှိသော ကိုယ့်အတွက် ရေစက်ရေပေါက်တွေနှင့်အတူ စိမ့်ကနဲ အေးသွားသော အရသာတခု… သည်အချိန်မှာပဲ… ဘာတွေးလို့ တွေးရမှန်းမသိ ဗလာသက်သက်ဖြစ်နေသော စိတ်အစဉ်ကို မိုးစက်တွေက သူတို့ဆီ မရောက် ရောက်အောင် ဆွဲယူ ခေါ်ငင်သွားကြတော့သည်။

ကားအရှေ့မှန်၏ ရေသုတ်တံသည် မှန်ပေါ်သို့ ကျလာသော အရှိန်ပြင်းပြင်း မိုးရေစက်တွေကို အလျဉ်မှီအောင် မနည်း ကြိုးစားပမ်းစား ဖယ်ရှားနေရသည်..။ မိုးရေစက်တွေကြောင့် အရှေ့က မြင်ကွင်းသည် အချိန်တိုင်း ကြည်လင်မနေ… ဝေဝါးတလှည့် ကြည်လင်တလှည့်… အရှေ့မှန်ကို ထွင်းဖေါက်၍ မြင်နေရသော မိုးရွာသောနေ့၏ မြင်ကွင်းကို သတိထားကြည့်ရင်း အတွေးတချို့ တွေးမိစပြုလာသည်…။

မြင်နေရသမျှ မြင်ကွင်းထဲမှာ ပထမဆုံး သတိပြုမိသည်က အရှေ့ကားဆီမှ ဘရိတ်မီး နီနီရဲရဲ… မိုးတွေရွာနေချိန်ဆိုလျှင် အမြန်မောင်းလမ်းမတွေပေါ်မှာ ကားတွေအားလုံး ဖြေးဖြေးသက်သာ မောင်းနှင်ကြပြီး တချိန်လုံး ဘရိတ်အုပ်တတ်ကြသည်။ Following Distance ကို များများခွာ ထားကြသည်။ ထိုအခါ ကားကို ကိုယ်စိတ်ထင်သလို မောင်း၍ မရ…။ အရှေ့က ကားကို မျက်ခြေမပြတ် ကြည့်ပြီး အရှေ့ကနေ ဘရိတ်မီး တခါလင်းလာတိုင်း ကိုယ်လဲ အလိုလို အရှိန်သတ်ကာ ဘရိတ်ကို အချိန်မီ လိုက်နင်းရသည်…။ မဟုတ်ရင် ဝင်တိုက်မိတော့မည်။ ဒုက္ခများတော့မည်…။

အလားတူပင်… ကိုယ်စီဘဝတွေမှာလည်း ခြေလှမ်းတွေကို အစဉ်သဖြင့် ကိုယ်လိုချင်သလို ကိုယ်သွားချင်သလို အရှိန်တွေနှင့် ရွေ့လျားသွားလာ၍ မရ… အချိန်တခုမှာ ရှေ့က ဘရိတ်မီးနှင့်တူသော အချက်ပြမီးတခု လင်းလာသော် သွားလက်စ အရှိန်တွေကို ကိုယ့်အသိနှင့် ကိုယ် အသာထိန်းကာ လိုအပ်ပါက ရပ်တန့်ပစ်ရသေးသည်၊ ရပ်တန့်ရန်လိုအပ်သော အချိန်မှာ မရပ်လိုက်ပါက (သို့မဟုတ်) ရပ်တန့်ရန် မပြင်ဆင်၊ မကြိုးစားပါက ကို့ရို့ကားရားဖြစ်မည်မှာ သေချာသလောက်ပင်…။ ဒါကိုမှ ဖြစ်ချင်ရာဖြစ် ဝင်တိုက်မည် ဆိုလျှင်တော့ ခေါင်းတော်တော်မာဖို့ လိုအပ်လိမ့်မည်… လုံလောက်သော ဆင်ခြေတခုရော လိုအပ်အုံးမည်လား…။

ကိုယ်တိုင်ကရော… ဘယ်လိုအချိန်တွေမှာ ဘယ်လို အရှိန်တွေနှင့် ရွေ့လျားခဲ့သည်လဲ… ဘယ်လိုအချိန်မှာ ဘယ်လိုတွေ သတိထား ရပ်တန့်ခဲ့သည်လဲ… ပြန်တွေးကြည့်လိုက်လျှင်တော့ တချို့အရာတွေကို စိတ်ရော ကိုယ်ပါ ကျေကျေနပ်နပ် ဖြတ်သန်းခဲ့သော်လည်း တချို့အရာတွေမှာ ဆန္ဒတွေ၊ လိုအပ်ချက်တွေ၊ စိတ်တိုင်းမကျခြင်းတွေ၊ တာဝန်မကျေနိုင်မှုတွေ အများကြီးနှင့်…။ အတွေးထဲမှာ ရှိနေတာတခုကို ပြောပြရလျှင် ဆုတောင်းတွေများစွာထဲမှာ “စိတ်သွားတိုင်း ကိုယ်ပါလို့ လိုရာဆန္ဒ ပြည့်ပါစေ…”ဟူသော ဆုတောင်းကို အလွန်နှစ်သက်မိသည်…။ ဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါ အနေအထားတွေကြောင့် တချို့နေရာတွေမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာတွေ များစွာ ရှိခဲ့သည်…။ မည်သည့်နည်းနှင့် ဖန်တီး၍ မရ… ဖြေရှင်း၍ မရ… ပြုပြင်၍ မရ… အားလုံးကို ဖြစ်လာသလို အလိုက်သင့် အလျားသင့် လက်ခံနိုင်အောင် ကြိုးစားရသည်။ သည်းခံရသည်…။

လက်ရှိအချိန်မှာလဲ ရပ်နေ၍မရ… ကိုယ်ရော စိတ်ပါ အချိန်တိုင်း ရွေ့လျားနေရသည်… ရှေ့ကို ဘယ်လို ဘယ်ပုံနှင့် ဘယ်၍ ဘယ်မျှ ခရီးဆက်ကာ ဘယ်လောက်အထိ ရွေ့လျားသွားရအုံးမည်လဲ… ကြိုတင် မှန်းဆ၍ မရနိုင်ပါ။ သို့သော် အရာရာမှာ ပြေပြေလည်လည်နှင့် အားလုံးနှင့် လိုက်လျောညီထွေဖြစ်အောင် ကိုယ့်အရှိန်ကို ထိန်းသည့်အခါ ထိန်း… လျှော့သည့်အခါ လျှော့… လိုအပ်ပါက ရပ်သင့်လျှင် ရပ်ရမည်ဟု သေသေချာချာ နားလည်လက်ခံထားသည်။ ဒါမှသာ စိတ်ချမ်းသာလိမ့်မည်…။ လောကကြီးမှာ ငွေကြေးချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့သာ အရေးအကြီးဆုံးဟု ခံယူထားသည်…။

နောက် မြင်ကွင်းထဲမှာ သတိထားမိသည်က အနီ အစိမ်း အဝါ သုံးရောင်ရှိသော ယာဉ်စည်းကမ်း အချက်ပြ မီးပွိုင့်များ…။ အနီရောင် အချက်ပြမီးကို တွေ့သော အခါ ကားတွေ အကုန်ရပ်ရသည်…။ အခြားယာဉ်ကြောတခုကို အလှည့်ပေးရသည်။ အစိမ်းရောင်မီး လင်းသောအခါမှာတော့ ကိုယ့်အလှည့် ရောက်ပြီ… သွားလို့ရပြီ…။ အဲ… အဝါရောင်မီး (အမှန်ကတော့ လိမ်မော်ရောင်ဆိုလျှင် ပိုမှန်မည်) လင်းလာသော်… အရှိန်သတ် ရပ်တန့်ရန် ပြင်ဆင်ရမည်…။ သည်နေရာမှာတော့ ကိုယ့်အသိနှင့်ကိုယ် အရှိန်သတ် ရပ်တန့်ရန်၊ ကိုယ့်အသိနှင့်ကိုယ် ချင့်ချိန်၍ ဆက်လက်ထွက်ခွာ သွားလာရန်မဟုတ်… မီးရောင်တွေ၏ စနစ်တကျ တိကျသော ကန့်သတ်ချက်များကြောင့် မလိုက်နာ၍ မရ၊ မလုပ်မဖြစ် လုပ်ကို လုပ်ရမည့် အခြေအနေတွင်ရှိနေသည်…။ မလိုက်နာလျှင် အန္တရာယ် ဖြစ်မည်… အသက်ဘေးနှင့် နီးမည်… ကံကောင်းထောက်မ၍ ထိုအရာတွေ မဖြစ်ရင်တောင် အနည်းဆုံးတော့ စည်းကမ်းဥပဒေ ချိုးဖေါက်မှုကြောင့် ထိုက်သင့်သော အပြစ်ဒါဏ်ကို ခံရပေအုံးမည်…။

အလားတူပင်… ကိုယ်စီဘဝတွေမှာလည်း မမြင်ရသော မီးပွိုင့်ပေါင်း မြောက်များစွာရှိနေသည်။ ဥပဒေ၊ စည်းကမ်း၊ ကန့်သတ်ချက်၊ ပညတ်ချက်၊ အတားအဆီး၊ အလျှော့အတင်း၊ ကောင်းမှု မကောင်းမှု… ဒါတွေ ဒါတွေသည် ဘဝ၏ မမြင်ရသော မီးပွိုင့်များသာဖြစ်သည်…။ တိုတိုပြောရလျှင်တော့ ခြေလှမ်းတွေကို ရပ်သင့်သော အချိန်မှာ ရပ်… သွားသင့်သော အချိန်မှာ သွား… ရပ်ဖို့ ပြင်ရမည့် အချိန်မှာ ပြင်… အရာရာမှာ စည်းကမ်းတကျနှင့်ပေါ့…။ သည်လိုနှင့် တဘဝ ကုန်လွန်သွားမည်သာ ဖြစ်သည်။

မိုးတွေက သည်းသည်းထန်ထန် ရွာနေဆဲ…။ မျက်စေ့ရှေ့မှာ တွေ့နေရသော ဘရိတ်မီး နီနီများ၊ နီ စိမ်း ဝါ သုံးရောင်ခြယ် မီးပွိုင့်ပေါင်းများစွာကို ကျော်ဖြတ်ရင်း၊ တွေးမိတွေးရာတွေ တွေးရင်း မိုးစက်တွေကြားမှာ ရုံးကို ရောက်လာခဲ့ပြီဖြစ်သည်။

မိုးရွာသော နေ့ပေါင်း ညပေါင်း များစွာကြုံဖူးပါသည်…။ မိုးရွာချိန်မှာလည်း အတွေးပေါင်း များစွာ တွေးဖူးပါသည်…။ အကြောင်းအရာပေါင်း များစွာကို တွေးဖူးသလို အကြောင်းအရာ တခုထဲကိုလည်း ထပ်ခါ ထပ်ခါ တွေးဖူးပါသည်။ မိုးနှင့်ပတ်သက်သော သတိရစရာ မြင်ကွင်းများကိုလည်း မျက်ဝါးထင်ထင် ပြန်လည် မြင်ယောင်နေခဲ့ဖူးပါသည်။ ထိုမျှသာမက မိုးနှင့်ပတ်သက်သော အိပ်မက်များကိုလည်း မကြာခဏ မက်ခဲ့ဖူးပါသည်။ မိုးနှင့်ပတ်သက်၍ အမှတ်ရဖွယ်ကောင်းသော အချိန်များနှင့်အတူ အမှတ်ရစရာ ရှိသူများကိုလည်း အမှတ်တရ… သတိရ လွမ်းဆွတ်စရာ ရှိသည်များကိုလည်း သတိတရ လွမ်းဆွတ်နေခဲ့ဖူးပါသည်…။

သို့သော် အခုတွေးမိသော အတွေးမျိုးကိုမူ သည်တခါ ပထမဆုံးအကြိမ်အဖြစ် တွေးမိခြင်းသာ ဖြစ်သည်…။ မိုးရွာချိန် အတွေးကို တွေးဖြစ်စေရန် အစပျိုးပေးခဲ့သော မိတ်ဆွေတဦးနှင့်အတူ... မိုးရွာချိန် အတွေးကို ရေးဖြစ်ရန် တိုက်တွန်းခဲ့သူများကို ကျေးဇူးတင်ပါသည်…။ နောင်ကိုလည်း တွေးမိသမျှ ရေးပြပါအုံးမည်…။




မှတ်ချက် ။ ။ အလုပ်တွေများပြီး စာမရေးနိုင်ဖြစ်နေသော ညီမ ပန်ပန် ၏ မိုးရွာချိန် အတွေး နှင့်အတူ မိုးစက် မိုးပွင့် ကလေးများလို အေးချမ်း၍ ချစ်စရာကောင်းသော ညီမ ဇွန်မိုးစက် နှင့် ညီမ မိုးငွေ့ တို့၏ မိုးရွာချိန် အတွေးကိုလည်း သိချင်ပါသည်...။ ပြီးတော့ သူငယ်ချင်း ချစ်ကြည်… ရေးလက်စ အဖေ့အကြောင်း ရေးလို့ပြီးသွားလျှင် မိုးရွာတဲ့နေ့ တနေ့မှာ စိတ်ထဲ တွေးမိသမျှကို ရေးပြစေချင်ပါသည်။

Saturday, October 9, 2010

စိမ်းလန်းခြင်း


ဒီဓါတ်ပုံလေးကို ချစ်ခင်ရတဲ့ ကိုကြီးကျောက် အတွက် ရည်ရွယ်ပါတယ်...
ခြောက်သွေ့မှုတွေကြားထဲက စိုပြေစိမ်းလန်းခြင်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါစေ...
ကိုယ်ရော စိတ်ပါ အေးချမ်းပါစေ...




Tuesday, October 5, 2010

မိုးရွာချိန် အတွေး

မိုးတွေက သည်းသည်းထန်ထန် ရွာနေကြသည်။ မိုးကို မမုန်းသော်လည်း တခါတခါ မိုးရွာလျှင် အလွန် စိတ်ညစ်မိသည်။ တခါတခါမှာတော့ မိုးရွာနေချိန်မှာ မိုးစက်များကို ငေးကြည့်ရင်း စိတ်အစဉ်သည် ဟိုဟို ဒီဒီ လွင့်ပါးနေတတ်သည်။ တခါတခါမှာတော့လည်း မိုးရေစက်များကို ကြည့်ရင်း ငယ်ငယ်က မိုးရေထဲမှာ လမ်းလျှောက်ခဲ့ဖူးသော အချိန်များကို သတိတရရှိမိသည်။ သည်လိုနှင့် လွန်ခဲ့သော ရက်အနည်းငယ်က မိုးတွေ ရွာနေသောနေ့တနေ့တွင် မိတ်ဆွေတယောက်နှင့် စကားပြောဖြစ်သည်။ ဘာရယ်မဟုတ် မိုးရွာနေချိန်မှာ မိုးနှင့်ပတ်သက်သည်များကို စိတ်ထဲ ပေါ်လာသမျှ တယောက်တလှည့် ပြောဖြစ်ကြရင်း သူက သူ့စိတ်ကူး အတွေးတချို့ကို အခုလို ပုံဖေါ်ပေးခဲ့သည်။

မိုးရွာချိန် အတွေး

မိုးတွေက တဖွဲဖွဲရွာစပြုပြီ။
ရေကူးကန်ထဲကို ရေတွေ ဝင်နေတာ အဟောသိကံဖြစ်နေသလိုလို။

အနွေးထည်မပါတာမို့ အေးစပြုလာတာကို မသိသလို သိသလို။ လက်မောင်းတွေ အေးနေတာကို လက်ဖဝါးတွေနဲ့မထိမချင်း မသိမိ။ လက်ဖဝါးတွေက နွေးနေဆဲမို့ မသိလိုက် မသိဖာသာ။ လက်ဖဝါးတွေရဲ့ နွေးထွေးမှုနဲ့ လက်မောင်းတွေရဲ့ အေးစက်မှုတို့ အချင်းချင်း သတိပြုမိချိန်မှာ အခန်းထဲကို ပြန်ဝင်မှ ဖြစ်ပေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

မိုးရွာချိန် အလုပ်ချင်ဆုံး အလုပ်တစ်ခုရှိသည်။ ပက်လက်ကုလားထိုင်တစ်လုံးကို ဝရန်တာမှာချပြီး မိုးစက်တွေကိုကြည့်ရင်း ဆေးလိပ်သောက်ချင်နေသည်။ ခံတွင်းက စပ်ဖြင်းဖြင်းဖြစ်လာပြီဆိုတော့ သေချာသည်… ဆေးလိပ်တလိပ်သောက်မှ ဖြစ်ပေတော့မည်။

ဆေးလိပ်… အင်း ဆေးလိပ်မသောက်ဖို့ လူတိုင်းက ပြောကြသည်။ မကောင်းဘူးတဲ့… လေ။ သို့သော် မည်းနေပြီဖြစ်သော ဒီနှုတ်ခမ်းတွေရယ် လက်ညိုးနဲ့လက်ခလည်ကြားက အသားမာဘုလေးတွေရယ်က စိမ်းကားဖို့ ဆိုတဲ့ အရေးကို ဘယ်လိုမှ လက်မခံနိုင်ကြ။

ရှစ်တန်းလောက်က စ သောက်ခဲ့သည် ထင်ပါသည်။ ဆောင်းမနက်ခင်း သူငယ်ချင်းတွေနှင့် ကျောင်းသွားခြင်းက အစပြုခဲ့သည်။ ပုဆိုးတွေခြုံထားရင်းကမှ နွေးထွေးတဲ့ နောက်ထပ် အရသာတစ်ခုကို သင်ကြားတတ်မြောက်ခဲ့ခြင်း။ တယောက် တလက်သောက်ခြင်းဖြင့် သူငယ်ချင်းတွေကြား ချစ်ခင်မှုတွေ ခိုင်မာစေမည်လို့ ယူဆတာလည်း တကြောင်း။ အခုပြန်တွေးကြည့်တော့ ဘယ်လောက် ရူးသွပ်ခဲ့လဲလို့လေ။ ဖြစ်နိုင်တာ တခုက အခုခေတ်လို ရောဂါပိုးမွှားတွေ သိပ်မထွန်းကားတာကြောင့်များလားလို့လဲ ခပ်ကြောင်ကြောင် တွေးမိသေး။ သက်ရှိနှုတ်ခမ်းတစ်စုံကို တယောက်တည်း ပိုင်ဆိုင်လိုသူရဲ့ အတ္တက သက်မဲ့ဆေးလိပ်တခုကို သူငယ်ချင်းတွေနဲ့ တယောက်တလှည့် သောက်ခဲ့ဖူးတာကို မေ့လျော့နေခဲ့မိတာပါလား။ ဟာ.. နားကွာ..

နှစ်ပေါင်း ဆယ်စုနှစ်တခု မကွဲမကွာ ရင်းနှီးခဲ့တဲ့ အရာကို စွန့်လွှတ်ဖို့ ပြောလျှင် အမြဲတမ်း ရယ်မောချင်စိတ် ဖြစ်လာစမြဲ။ အဲ့ဒီဆယ်စုနှစ်အတွင်းမှာ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားသော်ငြား ဆေးလိပ်နဲ့တော့ တရက်မှ အဆက်အသွယ်မပြတ်ခဲ့။ ဆေးပေါ့လိပ် အရသာ… ဆေးပြင်းလိပ် အရသာ… ငါးသုံးလုံး၊ လန်ဒန်ကနေ အခုခေတ် ရူဘီအထိ သူ့ဖက်က သစ္စာမဖောက်ခဲ့။ ရွှေပတ်မှ ရွှေပတ် စွဲစွဲလမ်းလမ်း သောက်ခဲ့ဖူးတာလဲ ရှိရဲ့။ ဖင်ဆီခံနားမှာ ပလတ်စတစ်ကိုမခွာပဲ သောက်ပြန်တော့ ဒါ ရူးသွပ်ခြင်းတမျိုးလို့ ဆိုကြပြန်သည်။ ဆေးလိပ်ခေါင်းကို တတောက်တောက်ခေါက်ပြီး ဖင်ဆီခံကို လက်သည်းနဲ့ခြစ်ပြီးမှ သောက်တာလည်း ရှိပြန်သေးသည်။

ဆေးလိပ်သောက်ရင် အမောမခံနိုင်ဘူးဟုလည်း ဆိုကြသေးသည်… သိပ်မောနေရင် ဆေးလိပ်သောက်လိုက်မှ အမောပြေသလို ခံစားရတာ စိတ္တဇတခု ဖြစ်နိုင်သည်။

ဆေးလိပ်မသောက်ရသောအချိန်မှာ အရှေ့က ဆေးလိပ်သောက်ပြနေသောသူလောက် မုန်းဖို့ကောင်းတာမရှိ။ နှုတ်ခမ်းများ၏ တပ်မက်မှုက စိတ်ထဲကလောက် ဘယ်လိုမှ မပြင်းပြနိုင်တာ ခံစားရမှ သိပါလိမ့်မည်။ စိတ်ထဲက အာသာရမ္မက်သည် တကယ်တော့ ကြောက်မက်ဖို့ကောင်းပါသည်။

ချစ်ခင်ရင်းနှီးမှုကို အခြေပြုထားသော ထိုရမ္မက်က ဆယ်စုနှစ်တခုစာ မကတော့သော လောင်ကျွမ်းမှုများဖြင့် သက်သေပြနေပါသည်။ ဆေးလိပ်မီးပေါက်နေသော လုံချည်များစွာတို့ တန်းတွင်ရှိနေခြင်းက အဓိက တရားခံကို ညွှန်းဆိုကြသည်။ သို့သော် တရားခံနှင့် ခွဲခွာခြင်းဆိုသော အမှုကိစ္စကို ဘယ်သောအခါမျှ မရောက်ရှိ။

ဆေးလိပ်များပြတ်လပ်သွားသည် ဟု ဈေးကွက်ထဲတွင် မကြားမိသေး။ အကယ်၍ ဆေးလိပ်များ ပြတ်လပ်သွားခြင်းကို သူတို့ဖက်မှ သစ္စာဖောက်မှုဟု ခေါင်းစဉ်တပ်မိကောင်း တပ်မိမည်။ သို့သော် ခေါင်းစဉ်ချရေးဖို့ပင် အခွင့်အရေးမရခဲ့။

လက်ကိုခါလိုက်တော့မှ နီးစပ်ရာဆွဲပြီး သောက်မယ်လို့ မီးညှိထားတဲ့ စီးကရက်ပြာ အတောင့်လိုက် ပြုတ်ကျသွားသည်။

လေက အပင့်မှာ ပြာတို့လွင့်နေကြသည်။
ထို့အတူ ညှိထားသောမီးက ဖင်ဆီခံနားအထိ တရဲရဲ ဝင့်ကြွားနေဆဲ…
မိုးက အေးအေး ဆေးလိပ်မီးငွေ့ဖြင့် နွေးနေသည် ဟု နှစ်သိမ့်လိုက်သည်။ ထိုနေ့က ဆေးလိပ်မသောက်မိပဲ ဆေးလိပ်ငွေ့တွေပဲ ရှူလိုက်ရသည်ဟု ထင်သည်။

ပြီးတော့ မိုးတိတ်သွားပြန်သည်။
အင်း… နောက်တခေါက် မိုးရွာတာကို စောင့်ဦးမှပါလေ……….


Sunday, October 3, 2010

မြင်တွေ့သမျှ ပြောပြပါမည် (၁)

ပြီးခဲ့သော တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံ ဒုတိယအကြိမ် စာပေဟောပြောပွဲကြီး စည်ကား သိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင်စွာ ပြီးဆုံးသွားချေပြီ…။ သည်နှစ် လာရောက်ဟောပြောကြသူများမှာ ဆရာ လယ်တွင်းသား စောချစ်၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် ဆရာ အော်ပီကျယ် တို့ဖြစ်ကြသည်။ ထိုစာပေဟောပြောပွဲကို သွားဖြစ်သူ များလည်းရှိ၊ မသွားဖြစ်သူများလဲ ရှိကြလိမ့်မည်။ ကိုယ်တိုင်ကတော့ ကိစ္စတခုရှိနေ၍ အဆုံးအထိ မနေနိုင်ခဲ့။ ပထမပိုင်းမှာ ဟောပြောခဲ့သော ဆရာ လယ်တွင်းသား စောချစ်နှင့် ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) တို့၏ ဟောပြောချက်များအပြီး ညစာစားရန် ခေတ္တအနားပေးသော အချိန်မှာ ပြန်ခဲ့ရသည်။

ဆရာများ၏ ဟောပြောချက်များနှင့် အခန်းအနားတခုလုံး၏ အကြောင်းစုံကို အင်တာနက် စာမျက်နှာ အတော်များများမှာ စာများ၊ ဓါတ်ပုံများ၊ အသံဖိုင်လ်များနှင့် ဝေဝေဆာဆာ ဖတ်ကြ မြင်ကြ တွေ့ကြ ကြားကြ ရပြီး ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အထက်ပါ အကြောင်းအရာများကို မရေးပြတော့ပါ။ ထိုနေ့က မျက်စေ့ထဲ မြင်ခဲ့ တွေ့ခဲ့သည်များထဲမှ တချို့ကိုသာ ကိုယ် မြင်သလို ရေးပြချင်ပါသည်။

ခန်းမနေရာကို မြေပုံထဲမှာ အသေအချာ ရှာကြည့်ထားပြီးသော်လည်း တရုတ်တန်း၏ တလမ်းမောင်း ယာဉ်စည်းကမ်းကြောင့် အတော်လေး ရွာလည်ပြီး နေ့လည် ၂ နာရီထိုးခါနီးမှ ရောက်သွားခဲ့သည်။ ကားရပ်စရာ တနေရာကို ခက်ခက်ခဲခဲရှာပြီး ခန်းမရှေ့ကို အရောက်… တွေ့လိုက်ရသည်က ခန်းမထဲဝင်ရန် တခဲနက် တန်းစီနေကြသော ရောင်စုံ လူအုပ်ကြီး… ဘုရားရေ… ၂ နာရီထိုးတောင် ပေးမဝင်သေးတာ ဘာကြောင့်ပါလိမ့်ဟု တွေးနေစဉ်မှာပင် ထိုလူအုပ်ကြီး ဖြည်းဖြည်းချင်း ရွေ့လျားသွားတာ တွေ့လိုက်ရသည်။ အထဲ ဝင်လို့ရပြီ…

ခန်းမထဲမဝင်ခင် အချိန်လေးမှာ စာအုပ်ဝယ်ရန် စာအုပ်ရောင်းသောနေရာကို လိုက်ရှာမိသည်..။ ဟော… တွေ့ပါပြီ… နောက် လူတန်းရှည် တတန်း… ရောက်သွားသောအချိန် နောက်ကျနေ၍လားတော့ မသိ၊ ဒီနှစ်အဖို့ ဝယ်စရာ စာအုပ် နည်းသည်။ သို့သော်လည်း အမှတ်တရအနေဖြင့် ဆရာတယောက်စီ၏ စာအုပ် တအုပ်စီကို ဝယ်လိုက်သည်။ ဆရာများ အမှတ်တရ လက်မှတ်ရေးထိုးသော နေရာကိုကြည့်လိုက်မိတော့ ဘုရား တသိန်း တ ကာ အသာ ပြန်လှည့်ထွက်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာကို ကင်မရာအလုံးပေါင်း များစွာဖြင့် ချိန်ရွယ်ထားကြခြင်းကြောင့်ပင်…။ ကိုယ်တိုင်က ကင်မရာတလုံးဖြင့် နေရာတကာ လူတကာကို အလိုက်ကန်းဆိုးမသိစွာ ချိန်ရွယ် ရိုက်နှက်ခဲ့လေသော်လည်း ကိုယ့်ကို လာချိန်နေတာကိုတော့ဖြင့် မခံချင်ပြန်… ။ ဝဋ်ဆိုသည်မှာ နောင်ဘဝကို မကူး… ချက်ချင်း လည်တတ်သည်ပဲ…။ သည်လိုနှင့် ဆရာတွေရဲ့ လက်မှတ်တွေ မရခဲ့...

ပြီးတော့ အဝင်ဝမှာ ပေးနေသော ရေသန့်ဗူး တဗူးနှင့် Goodie Bag တခုကိုယူကာ အခန်းထဲ ဝင်ခဲ့သည်။ ရုတ်တရက် နေရာအတွက် အခက်ကြုံ… ခဏနေတော့မှ အဆင်ပြေ…။ သည်လိုနှင့် ပွဲစလေသည်။ ခုနက ရလာခဲ့သော Goodie Bag ထဲကြည့်လိုက်တော့ ကြော်ငြာစာရွက်များ၊ ကော်ဖီမစ် တထုပ်၊ Feed Back Form နှင့် ဘောပင်တချောင်း ကို တွေ့ရသည်။ အော်… လက်စသတ်တော့ Goodie Bag ဆိုသည်မှာ ဒါမျိုးပါလား ဟု နားလည် သဘောပေါက်ရသည်။

မိတ်ဆွေ သူငယ်ချင်း ဘလော့ဂ်ဂါ အပေါင်းအသင်း ရောင်းရင်းများကို တွေ့ချင် မြင်ချင်သော်လည်း ကိုယ်တိုင်က နောက်ကျ၊ နေရာရတော့ ရှေ့နားက၊ ပြီးတော့ အဝေးမှုန်… သည်လိုနှင့် အနီးအနားက သူငယ်ချင်း တယောက်စ၊ နှစ်ယောက်စမှ လွဲ၍ ဘယ်သူ့ကိုမှ မတွေ့လိုက်ရ။ မီးတွေမှိန်ကာ အခန်းအနားစတင်သည်။ ရှေ့ပြေး မိတ်ဆက်တွေကို အချိန်ပေးတာ များသည်ဟု မြင်မိသည်။ နေ့လည် နှစ်နာရီမှ ဆယ်နာရီ ဟူသော ပွဲချိန်ကို အနည်းငယ် ထပ်ချုံ့လို့ ရသေးသည်ဟုလည်း တွေးမိသည်… ရှိပါစေတော့…။

ဆရာ လယ်တွင်းသား စောချစ်၏ ချစ်စဖွယ် အေးချမ်းသော အပြုံးမျက်နှာနှင့် “လွမ်းလိုက်တာ…” ဟူသော လေယူ လေသိမ်းလေးကို နားထဲ စွဲနေသည်။ ဆရာက မီးထိုးထားသောကြောင့် ပရိတ်သတ်က သူ့ကို မြင်နေရပြီး မီးမှောင်ထဲမှ ပရိတ်သတ်ကို သူက မမြင်ရသည်မှာ မတရားပါ ဟု ဆိုလေသောကြောင့် ခန်းမထဲမှာ ရုတ်ချည်း မီးတွေ ပြန်လင်းလာသည်။ သတ္တိခဲ ကိုယ်က တယောက်တည်းဆိုလျှင် အမှောင်ကို အသေအကြေ ကြောက်တတ်သော်လည်း အခုလို လူတအုပ်ကြီးနဲ့ကတော့ မကြောက်ရေးချ မကြောက်… မှောင်မှောင်လေးမှာ နေရင်း နားထောင်ရတာ ပိုကောင်းသည်ဟုတောင် ခံစားရသည်။ အခုတော့ လင်းလင်း ရှင်းရှင်းကြီး…။

လူ ၁၂၀၀ ဆံ့ ခန်းမထဲမှာ ပရိတ်သတ်က ပြည့်ရုံမက လျှံနေသည်။ စီတန်းချထားသော ကုလားထိုင်များမှာ ရှေ့နောက် အနည်းငယ် ကျဉ်းသည်။ ထိုအခါ အဝင်အထွက် အတော်ခက်လှသည်။ ကိုယ့်အရပ်နှင့်တောင် ခြေညောင်း လက်ဆန့် လုပ်၍ မရ… ကိုယ့်ထက် အရပ်ရှည်သူများ ရှေ့ခုံ၏ ကျောမှီနှင့် ဒူးတိုက် ဆွေးနွေးခဲ့ကြရသည် ဟူ၏။ ပြီးတော့ ခုံတန်းတွေကို နေရာလပ်မရှိ ဆက်တိုက် ချထားသည်… ထိုအခါ အရေးဆို ဟိုးရှေ့ဆုံးတန်းနှင့် စင်မြင့်အကြား လွတ်နေသော နေရာမှသာ ဖြတ်သန်း သွားလာရချေ၏။ အတော်လေး အဆင်မပြေ…။ ထို့ကြောင့် နောင်နှစ်ခါကျရင် စာပေဟောပြောပွဲကို Esplanade က Theatre တခုခုမှာ ကျင်းပဖို့ ပွဲစီစဉ်သူများကို အကြံပေးရန် တေးထားလိုက်သည်…။ (သဘောတူလျှင် လက်ခုပ်တီးပါ…)

ဆရာ လယ်တွင်းသား စောချစ် ဟောပြော၍ အပြီး ဆရာ မောင်စိန်ဝင်း အလှည့် မရောက်သေးခင်မှာ ရှေ့ပြေး မိတ်ဆက်သူများ ရောက်လာကြပြန်သည်။ ထိုအချိန်တွင် ပရိသတ်ကြီးများ အတော်လေး ယောက်ယက်ခတ်စွာဖြင့် အခန်းငယ်တခုကို ဦးတည်ကြသည်။ ဖြစ်ချင်တော့ ထိုအခန်းငယ်သည် ပရိတ်သတ်များနှင့် မျက်နှာချင်းဆိုင်၊ စင်မြင့်၏ ညာဖက် ထောင့်တွင် တည်ရှိလေသည်။ ထိုအခါ စင်မြင့်ကို မျက်နှာမူနေသော ဘယ်ဖက်ပိုင်းနှင့် အလယ်ပိုင်းအရပ်မှ အရောင်စုံ အသွေးစုံ၊ အရွယ်စုံ ဆိုဒ်စုံ ပရိတ်သတ်အပေါင်းတို့သည် အပေါ်မှာ ပြောခဲ့သလို ခန်းမအတွင်း တခုတည်းသော လမ်းလိုဖြစ်နေသည့် ခန်းမ၏ ရှေ့ဆုံးတန်းနှင့် စင်မြင့်အကြား လွတ်နေသော နေရာကွက်လပ်မှ ဖြတ်သန်းကာ ထိုအခန်းဆီသို့ သွားလာရလေ၏။ ခန်းမတခုလုံး၏ မျက်စေ့ရှေ့၊ လူကြီးများ၏ မျက်စေ့ရှေ့မှနေ၍ တဦးချင်း တယောက်ချင်း သော်လည်းကောင်း၊ နှစ်ဦးသား ပူးတွဲ၍သော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း အလျှို အလျှို ထိုနေရာကို သွားနေကြသည့်မြင်ကွင်းမှာ ကြည့်ရတာ တဆိတ်တော့ သိပ်အဆင်မပြေလှ။ သွားကြသူများကို အဆင်မပြေဟု ပြောခြင်းမဟုတ်… နေရာထိုင်ခင်း၏ အားနည်းချက်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြောပြခြင်းမျှသာ ဖြစ်သည်။

ထို့နောက် ရုပ်ရည် အမူအရာ အသံသာမက ဟန်ပန်ပါ မိုက်လှသော ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၏ အလှည့် ရောက်လာသည်။ အရင်ကထက်စာလျှင် အနည်းငယ် ပိုပိန်သွားသော်လည်း နီညိုရောင် ရင့်ရင့် ယောလုံချည် နှင့် နံ့သာရောင် တိုက်ပုံနှင့် ဆရာက လိုက်ဖက်စွာ ကြည့်ကောင်းနေဆဲပါ…။ ကိုယ်တို့ရဲ့ စီနီယာ ကျောင်းတော်သားကြီးဟူသော အသိကလဲ စိတ်ကို အလွန်အမင်း မျက်နှာလိုက်တတ်သေးသည်ပဲ...။ သုတ ဆိုတာ ဒီထဲကို တိုက်ရိုက်ပို့ပေးတာ ဟုဆိုကာ နားထင်ကို လက်နှင့် ထောက်ပြသောဟန်၊ ရသ ဆိုတာ ဒီထဲကို အရင်ဝင်တာ ဟုဆိုကာ ရင်ဘတ်၏ လက်ဝဲဖက်နေရာကို ညွှန်ပြသော ဆရာ့ဟန်ကို အလွန် သဘောကျမိသည်။ ကဗျာရွတ်ပြသော ဆရာ့အသံကတော့ တကယ့်ကို ရှယ်ပါပဲ…

ပွဲချိန်အတွင်း ကင်မရာကြီးများဖြင့် ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ကြသည်ကို တွေ့ရသည်။ ဤမြင်ကွင်းမျိုးကို မနှစ်က စာပေဟောပြောပွဲမှာ တွေ့ခဲ့ရပြီး ကင်မရာလိုချင်သော ရောဂါ ရခဲ့ပုံနှင့် ရေးခဲ့ဖူးသော နှစ်ကျပ်ခွဲဇာတ်လမ်းပိုစ့်ကို သတိရသွားသောကြောင့် ပြုံးမိသေးသည်။ သို့သော် ထိုနေ့ကတော့ အိမ်မှ အလောသုံးဆယ်နှင့် ထွက်လာခဲ့ရာ ကင်မရာယူလာရန် မေ့သွားသည်။ ထို့ကြောင့် ဘာပုံမှ မရိုက်ခဲ့ရ…။

မျက်နှာစာအုပ်ထဲမှာ၊ ဘလော့ဂ် တချို့မှာ ဘယ်သူတွေက ဘယ်သူတွေကို တွေ့ခဲ့သည်… ဘယ်သူတွေက ဘယ်သူတွေကို လာရောက်နှုတ်ဆက်သည်... ဘယ်သူကတော့ဖြင့် တွေ့ရက်နှင့် လှမ်းမခေါ်… ဘယ်သူကတော့ဖြင့် အင်္ကျီဘာအရောင်နှင့်… စသည်ဖြင့် ရေးသားထားသည်ကို ဖတ်ရင်း ကိုယ်ကတော့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရခြင်းအပေါ် မချင့်မရဲ…။

ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ဟောပြောချက်များအပြီးမှာ ထမင်းစားချိန် ၄၅ မိနစ် ပေးသည်။ ကိုယ်နှင့် ကိုယ့်အမျိုးသားကတော့ အိမ်ပြန်ရန် ခြေလှမ်းပြင်ရသည်။ သည်လိုနှင့် ခန်းမထဲက အထွက်မှာ ဒန်ပေါက်ထမင်းဗူးများ ဝေငှသည်။ အအေးကတော့ လက်မှတ်ပြမှ ယူလို့ရမည်ဟု ပြောသည်။ သည်တခါကျွေးသော ညနေစာကိုတော့ များစွာ စိတ်တိုင်းကျကြသည်ဟုလည်း သတင်းကြားရသည်။ တချို့တွေကတော့ ဒီတဗူးနှင့် မဝနိုင်ပါဟု ရင်းနှီးပွင့်လင်းစွာ ပြောဆိုကာ တယောက်လျှင် နှစ်ဗူးကျစီ ယူသွားသူများလည်း ရှိသေးသည်ဟု တဆင့်စကားဖြင့် ကြားသိရသည်။ စားနိုင် သောက်နိုင် ရှိကြသည်မှာ ဝမ်းမြောက်ဖွယ်ရာ…

ကိုယ်တိုင်ကတော့ လက်ထဲရောက်လာသော ဒန်ပေါက်တဗူးကို ကိုင်ကာ မပြန်ခင် ခန်းမအပြင်ဘက်မှာ ဟိုဟိုဒီဒီ လိုက်ပြီး မျက်စေ့ကစားရင်း ဘယ်သူ့များ တွေ့ရအုံးမလဲ ရှာမိသေးသည်။ ဒန်ပေါက်ဗူးများ အအေးဗူးများ ကိုယ်စီ ကိုင်ဆောင်ကာ ဟိုနေရာတစု သည်နေရာတစု စုဝေးစားသောက်ရန် ပြင်ဆင်နေကြသူများကို တွေ့ရသည်။ သို့သော် ကိုယ်နှင့် သိသူ ဘယ်သူ့မှ မတွေ့ရ…။ သည်လိုနှင့် မပြတ်ချင်သော သံယောဇဉ်ကို ဇွတ်အတင်းဖြတ်ကာ ထိုနေရာမှ မခွာချင့် ခွာချင်နှင့် ခွာခဲ့ရသောကြောင့် ကိုယ် မြင်သမျှ စာပေဟောပြောပွဲ မြင်ကွင်းများလဲ ဤနေရာတွင် တဝက်တပျက်နှင့် အဆုံးသတ်သွားလေတော့သတည်း…။



စာကြွင်း ။ ။ အများ သူငါတွေ ရေးကြသလို စာပေဟောပြောပွဲအကြောင်းကို ဆရာသမားတွေရဲ့ ဟောပြောချက်တွေကို ကိုးကားပြီး လေးလေးစားစား မရေးပဲ ထင်ရာတွေ လျှောက်ရေးတယ်လို့ အပြစ်မမြင်ကြပါနဲ့…။ ကိုယ်လဲ သူများတွေလို ရေးချင်စိတ်ပေါ်လာလို့ ကိုယ်မြင်တာတွေကို မြင်သလို ရေးပြတာပါလေ… လာမဆူရဘူးနော်… ဒါပဲ…။