Tuesday, December 1, 2015

လြဲ ေ ခ် ာ္ ေ န ေ သ ာ အ စိ တ် အ ပို င်း များ

ဖွင့်ထားတဲ့ ပြတင်းပေါက်ကတဆင့် ၀င်လာတဲ့ နေရောင်ဟာ သူ့ကိုယ်ပေါ်ကိုရော သူ့မိန်းမ ကိုယ်ပေါ်မှာပါ ကွေ့ကာ ဝိုက်ကာနဲ့ ရစ်ဝဲလို့။ ထမင်းစားခန်းနဲ့ မီးဖိုခန်းဟာ အိမ်မှာ နေရောင်ခြည်တန်းတွေ အများဆုံး ၀င်တဲ့ နေရာ၊ ပြီးတော့ အလင်းရောင်လည်း အများဆုံး ဝင်တဲ့နေရာပဲ။ ထင်းရူးသားအစစ်နဲ့ လုပ်ထားတဲ့ ထမင်းစား စားပွဲအဝိုင်းမှာ သတင်းစာ ကိုယ်စီဖတ်ရင်း မနက်အစောစာ ပေါင်မုန့်မီးကင်နဲ့ လိမ်မော်သီး၊ ပန်းသီးနည်းနည်း စားပြီး ကော်ဖီနှပ်စက်ထဲမှာ ကျနေအောင် နှပ်ထားတဲ့ ကော်ဖီခါးခါးတခွက်စီ သောက်ကြတယ်။ ပြီးတော့ အစိမ်းရောင်ရေနွေးကြမ်း တယောက်တခွက်စီနဲ့ နေ့စဉ်သတင်းစာတွေကို ဆက်ပြီး ဖတ်ကြတယ်။ ဒါ မနက်တိုင်း လုပ်နေကျ အလုပ်ပဲ။ နွေဦးပေါက်ရဲ့ အပူငွေ့ဟာ ကိုယ်ပေါ်ကို သိသိသာသာကြီး ရောက်လာတော့ “အပူရှိန်မြင့်လာတဲ့ နေ့တနေ့ပဲဟေ့… နွေကတော့ စပြီ” လို့ သူ့မိန်းမကို လှမ်းပြောလိုက်တယ်။ မိန်းမကတော့ ဘာမှ မဖြစ်သလို၊ ဘာမှ မခံစားရသလို၊၊ ပူပြင်းတဲ့ နေရောင်ဟာ သူ့ကိုယ်ပေါ် ကျနေတာကို မသိသလိုနဲ့ မျက်လုံးတချက် စွေကြည့်ပြီး မျက်လွှာချရင်း တဖက်ကို လှည့်သွားတယ်။ မင်းဟာ တော်တော် အဆင်မပြေတဲ့ မိန်းမပဲ လို့ အမြင်ကပ်ကပ်နဲ့ စိတ်ထဲကနေ ရေရွတ်လိုက်တယ်။ မင်း ဒီနေ့ အလုပ်သွားဖို့ ရှိသလား ဆိုတဲ့ အမေးစကားကိုတော့ စိတ်ထဲကနေ မေးလို့ မဖြစ်ပေဘူး။ ဒါနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ မိန်းမကို စာကြည့်မျက်မှန်ပေါ်ကတဆင့် ကျော်ကြည့်ရင်း လှမ်းမေးလိုက်တော့ မိန်းမက အသံမထွက်ပဲ ခေါင်းကို ခပ်လေးလေး ယမ်းခါပြတယ်။ အင်မတန် အေးစက်စက်နိုင်လှတဲ့ မိန်းမ။ စကားနည်း မိန်းမ။ အသံတိတ်မိန်းမ။

မိန်းမအနားမှာ ဆက်ထိုင်မနေချင်တော့တာနဲ့ သောက်လက်စ ရေနွေးခွက်ကို ကိုင်ရင်း ဧည့်ခန်းထဲကို ၀င်လာခဲ့တယ်။ ဒီလောက်တောင် စကားမပြောချင်တဲ့ မိန်းမ… နေကွာ ဆို စိတ်ထဲကနေ ကြိမ်းမောင်းပြီး ထမင်းစားခန်းမှာ ဒီတိုင်း တယောက်တည်း ထားပစ်ခဲ့လိုက်တယ်။ ပြောသာ ပြောရတယ် မိန်းမကတော့ သူ ထ ထွက်လာတာကို ဂရုပြုမိပုံတောင် မရပါဘူး။ သတင်းစာထဲက လျှော့ဈေးနဲ့ ရောင်းမဲ့ ပစ္စည်းကြော်ငြာတွေကို သည်းကြီးမည်းကြီး ငုံ့ဖတ်နေတယ်။ ဘယ်လောက် မနှစ်မြို့စရာကောင်းသလဲ အဲဒါသာ ကြည့်တော့။

ဧည့်ခန်းထဲရောက်တော့ ဖွင့်ထားလက်စ တီဗီကို အသံနည်းနည်း မြှင့်လိုက်တယ်။ အယ်လင် ရဲ့ အလှူကြီးပေးတဲ့ အစီအစဉ်ပဲ။ ငွေရောင်ဆံပင်တိုတို၊ ရှပ်အဖြူရောင်နဲ့ အညိုရောင် ကုတ်အရှည်ကို ၀တ်ထားတဲ့ မအယ်လင်ဟာ ကြည်သာတဲ့မျက်နှာ၊ ရွှင်ပြတဲ့အသံနဲ့ စကားတွေ အားပါးတရ ပြောဆို ရယ်မောနေတာကို သေသေချာချာ စိုက်ကြည့်နေမိတယ်။ သူ စကား ပြောဆိုနေပုံဟာ တဆိတ်တော့ နှစ်လိုဖွယ် ကောင်းတယ်လို့ ထင်မိတယ်။ တီဗီအသံကို ထပ်မြှင့်လိုက်တယ်။ အသံတွေကြားရင် ထမင်းစား စားပွဲမှာ ထိုင်ကျန်နေခဲ့တဲ့ မိန်းမများ အနားကို ရောက်လာပြီး တခုခု လာပြောနိုး၊ တီဗီမှာ လာနေတဲ့ မအယ်လင်ရဲ့အသံကို နည်းနည်းပါးပါးများ တိုးစမ်းပါအုံးရှင့် မနာလိုစိတ်တချို့နဲ့ လာပြောနိုး မျှော်လင့်ရင်းနဲ့ ဆိုပါတော့။ ဒါပေမဲ့ အယ်လင်ရဲ့ အစီအစဉ်သာ ပြီးသွားတယ် မိန်းမကဖြင့် ထိုင်နေရာက လှုပ်တောင် မလှုပ်ဘူး။ သတင်းစာခေါက်တွေနဲ့ အလုပ်တွေ ရှုပ်နေတုန်းပဲ။

တီဗီကို ရီမုတ်ကွန်ထရိုးနဲ့ လှမ်းပိတ်၊ ပျင်းပျင်းရိရိနဲ့ တချက် သန်းဝေလိုက်ပြီးတော့ မှေးစင်းစပြုလာတဲ့ မျက်စိကို အသာမှိတ်ရင်း ဆိုဖာပေါ်ကို ခွေခွေခေါက်ခေါက် လှဲချလိုက်မိတယ်။ ဗိုက်ထဲ အစာတွေပြည့်နေချိန်မှာ တီဗီကြည့်ရင် အိပ်ချင်သွားတတ်တာ လူတိုင်းပါပဲလို့ ဖြည်တွေး တွေးလိုက်သေးတယ်။ ပြီးတော့ သိပ်မကြာခင်မှာ မှေးကနဲ အိပ်ပျော်သွားတယ်။ အိပ်ပျော်သွားတော့ အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ ဟိုလူနဲ့တွေ့တယ်။ ဖြစ်ချင်တော့ ပျားတအုပ်က ဟိုလူ့အနောက်က တန်းစီပြီး လိုက်နေလို့ ဟိုလူဟာ အသည်းအသန် ထွက်ပြေးနေရတယ်။ အိပ်မက်ထဲမှာတောင် သနားစရာကောင်းတဲ့ လူပဲ။ နားထဲမှာ ပျားကောင်တွေရဲ့ တဒီဒီမြည်သံတွေ ကြားပြီးတော့ အိပ်မက်ကနေ လန့်နိုးလာတယ်။ နိုးလာတော့လည်း အဲဒီ တဒီဒီမြည်သံကို ကြားနေတုန်းပဲ။ အမှန်တော့ အဲဒါ ပျားတွေ အော်သံ မဟုတ်ဘူး၊ တဖက်ခြံမှာ ခြင်ဆေးဖြန်းနေတဲ့အသံ။ နိုးလာတော့ မိန်းမကို သတိရသွားတယ်။ လှမ်းကြည့်လိုက်တော့ ထမင်းစားပွဲမှာ မတွေ့ရတော့ဘူး။

အိပ်ချင်မူးတူးနဲ့ပဲ ခုန အိပ်မက်ထဲက လူအကြောင်း စဉ်းစားတယ်။ ဒီလိုပါ… အဲဒီလူဟာ လူထူထူမှာ အင်မတန် စကားပြောချင်တဲ့သူ၊ ဘယ်ကိစ္စမဆို အာဘောင်အာရင်းသန်သန်နဲ့ စကားပြောတတ်တဲ့ လူတယောက်။ သူ့အကျင့်က လူစု လူဝေးများ တွေ့ပြီဟေ့ဆိုရင် ဘာမှန်းမသိ ညာမှန်းမသိ စကားတွေ စွတ်ပြောတတ်တဲ့ အကျင့်။ သူပြောလေ့ရှိတဲ့ အကြောင်းအရာတွေကတော့ အင်မတန်မှ စုံလင်တယ်။ ရယ်စရာ အပြောင်အပျက်တွေ၊ ဟာသလိုလို ဘာလိုလိုတွေ၊ ငိုရအခက် ရယ်ရအခက်တွေ၊ ယုံရမလို မယုံရမလိုတွေ၊ တခါတခါ တကယ့်အဖြစ်မှန်က နည်းနည်း၊ လုပ်ကြံပြီး ပြောတဲ့စကားတွေ၊ ဒဏ္ဍာရီဆန်ဆန် ပုံတိုပတ်စတွေ စသည်ဖြင့် အမျိုးစုံအောင် ပြောတတ်တယ်။ တွေ့သမျှ အချိန်တိုင်း သူ့မှာ ပြောစရာ အကြောင်းအရာ အသစ်အဆန်းတွေ တမျိုးမဟုတ် တမျိုး မရိုးနိုင်အောင် အမြဲရှိနေတတ်တယ်။ ခက်တာက သူဟာ သူပြောနေတဲ့ အကြောင်းအရာတွေကို တဖက်က နားထောင်နေသူတွေ စိတ်ဝင်စားသလား မ၀င်စားသလား ဘာမှ မလေ့လာ အကဲမခတ်ပဲ ပြောရပြီးရော တလစပ် မရပ်မနား မမောတန်း ရှေ့မကြည့် နောက်မကြည့် ပြောတတ်တာပဲ။ အဲဒီလိုလူစားပါ။

တနေ့တော့ ပင်လယ်ကမ်းစပ်မှာ အဲဒီလူအပါအ၀င် မိတ်ဆွေတစု အတူတူ လမ်းလျှောက်ထွက်ကြတယ်။ ကမ်းစပ်တလျှောက် အေးအေးလူလူ အသက်၀၀ရှူရင်း လျှောက်လာလိုက်ကြတာ ဟုတ်လို့။ အဲဒီအချိန်မှာ စကားများတဲ့ ကိုအ၀ှာက သူ့ထုံးစံအတိုင်း တစခန်းထပါလေရော။ အခါအခွင့်သင့်ပဟ ဆိုပြီး စကားတွေ ဖေါင်ဖေါင်ကြဲ ပြောလာတော့တယ်။ အဲဒီနေ့က သူ ဘာအကြောင်း ပြောခဲ့တယ်ဆိုတာ အခုထိ မှတ်မိနေတုန်းပဲ။ သူပြောတာ ဟိုးဝေးဝေးက ပင်လယ်ထဲမှာ လှမ်းမြင်နေရတဲ့ ကွန်တိန်နာတင် သင်္ဘောကြီးအကြောင်းပဲ။ သူဟာ တချိန်က အဲဒီလို သဘောင်္ာကြီးကို ဘယ်လို အရှိန်ပြင်းပြင်းနဲ့ ကွပ်ကဲ မောင်းနှင်ခဲ့လို့ မိုင်သုံးထောင်ကျော်ခရီးကို ဆယ့်ငါးမိနစ်နဲ့ တန်းတန်းမတ်မတ် ရောက်သွားတယ် ဆိုပဲ၊ ပင်လယ်ထဲမှာ အတူယှဉ်ပြီး မောင်းနှင်သွားလာနေတဲ့ သင်္ဘောကြီး သင်္ဘောငယ်တွေကို လှစ်ကနဲ လှစ်ကနဲနေအောင် ကျော်တက်ပစ်လိုက်တယ် ဆိုတာမျိုကးလည်း ပါသေးတယ်။ သူ့အပြောကို ကျန်တဲ့သူတွေက ဘယ်ယုံကြမှာတုန်း။ ဒါဟာ ယုံချင်စရာကောင်းတဲ့ ကိစ္စတခုမှ မဟုတ်တာ။ ဒါပေမဲ့ ဘေးလူတွေဟာ ယဉ်ကျေးသမှုနဲ့ ခေါင်းကို တဆတ်ဆတ် ညိတ်ကြတယ်။ လူယဉ်ကျေးတို့ရဲ့ ထုံးစံအတိုင်း လေးလေးနက်နက် အသိအမှတ်ပြု ထောက်ခံတဲ့ဟန် ပြကြတယ်။ ဒီတော့ ဟိုလူလည်း စကားဆက်ဖို့ အားတက်သွားတာပေါ့။

အားတက်သွားတာနဲ့ တပြိုင်နက် ဟိုလူဟာ သူ့စကားကို ဆက်ပြောမယ် အလုပ်… ပါးစပ်ကို ဖွင့်လိုက်တဲ့အချိန်မှာ ဘယ်နေရာ ဘယ်ဒေသကနေ ဘယ်လို ဘယ်ပုံ မျက်စိလည် လမ်းမှားပြီး ပျံသန်းလာမှန်းမသိတဲ့ ပျားတကောင်ဟာ တဒီဒီမြည်သံနဲ့အတူ ဟိုလူ့ ပါးစပ်ကနေတဆင့် လည်ချောင်းထဲကို တန်းတန်းမတ်မတ်ကြီး တိုးဝင်သွားတော့တယ်။ အဲဒီပျားဟာ လည်ချောင်းထဲအရောက်မှာ ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ အတော်လေး နေရခက်သွားပုံရတယ်။ တော်တော်နဲ့ အပြင်ကို ပြန်ထွက်မလာတာ့ဘူး။ ဟိုလူဟာ တဟမ်းဟမ်းနဲ့ အသံပြုပြီး ပျားကို လည်ချောင်းထဲကနေ အပြင်ရောက်အောင် ကြိုးစားပမ်းစား မောင်းထုတ်တယ်။ ဘယ်လိုပဲ ထုတ်ထုတ် ပျားက အပြင်ကို ပြန်ထွက်မလာဘူး။ သိပ်ကံဆိုးရှာတဲ့ ပျားပဲ လို့ ဘေးကတယောက်က ခပ်တိုးတိုး မှတ်ချက်ပြုရင်း ညည်းပြော ပြောနေသံ ကြားတယ်။ အဲဒီ ကိုရွှေပျားဟာ ထွက်ပေါက်ရှာ မရ၊ လွတ်လမ်းမမြင်နဲ့ ကြံရာမရတဲ့အဆုံး စိတ်တိုတိုနဲ့ လည်ချောင်းထဲ တွေ့တဲ့နေရာကို တုပ်လိုက်တယ် လို့ ယူဆရတယ်။ သိပ်မကြာခင်မှာ အဲဒီလူရဲ့ လည်ချောင်းကြီးတခုလုံး နီရဲပြီး အကြီးကြီး ယောင်ကိုင်းလာတယ်။ လမ်းလျှောက်ဖေါ်တွေ အားလုံး အင်တိုက်အားတိုက်နဲ့ ကူညီပြီး အနီးဆုံး ဆေးရုံကို ပို့ကြတယ်။ ဒါပေမဲ့ ဆေးရုံရောက်ပြီး နောက်တရက်အကြာမှာ အဲဒီလူ ကွယ်လွန်သွားတယ်။ အဲဒီနောက်ပိုင်း ဘယ်သူမှ ပင်လယ်ကမ်းစပ်မှာ လမ်းမလျှောက်ရဲကြတော့ဘူး။ တခါတလေ ကိစ္စရှိလို့ ဖြတ်လျှောက်ရင်တောင်မှ ပါးစပ်ကလေးတွေ ကိုယ်စီ ပိတ်လို့ တိတ်တိတ်ဆိတ်ဆိတ် လျှောက်လေ့ရှိကြတယ်။

အဲဒါအပြင် လမ်းဆက်မလျှောက်ဖြစ်ကြတဲ့အကြောင်း နောက်တကြောင်း ရှိသေးတယ်။ ပြောရရင် အဲဒီနေ့က လမ်းအတူလျှောက်ခဲ့ကြတဲ့ မိတ်ဆွေတစု အဖွဲ့ နှစ်ဖွဲ့ကွဲသွားတာဟာ လမ်းဆက်မလျှောက်ဖြစ်တဲ့ အဓိက အကြောင်းရင်းလို့ပဲ ဆိုပါတော့။ ဘာဖြစ်လို့ အဖွဲ့ နှစ်ဖွဲ့ ကွဲသွားတာလဲ ဆိုတော့ အမြင်မတူလို့ပဲ၊ အဖွဲ့ နှစ်ဖွဲ့ ဘယ်လို အမြင်မတူသလဲ ဆိုရင် တဖွဲ့က ပျားတုပ်ခံရလို့ ကွယ်လွန်သွားတဲ့ ဟိုလူ့ကို သနား ဂရုဏာသက်တဲ့ အဖွဲ့ဖြစ်ပြီး နောက်တဖွဲ့ကတော့ အပျံမတော် အတောင်ပံတခတ် ဖြစ်သွားရှာတဲ့ ပျားကလေးကို စုတ်တသတ်သတ်နဲ့ သနားကြင်နာနေကြတဲ့ အဖွဲ့ပဲ။ ဒါဟာ ရယ်စရာကိစ္စတခု မဟုတ်ပေမဲ့ ဒီအကြောင်းကို ပြန်စဉ်းစားလိုက်မိတိုင်း တယောက်တည်း အသံထွက်ပြီး အော်ရယ်မိတယ်။

ပြီးတော့ အလွန်အင်မတန် စကားနည်းလှတဲ့ မိန်းမကို အဲဒီအကြောင်း ပြောပြချင်စိတ် ပေါ်လာတယ်။ မိန်းမ စကားနည်းတာကို အားပေးချင်လို့၊ လိုလိုလားလားနဲ့ ချီးမြှောက်ချင်လို့တော့ မဟုတ်ဘူး။ ဒီမိန်းမ စကားနည်းရတာဟာ သူ့တသက်တာမှာ ပါးစပ်ထဲ ဒါမှမဟုတ် လည်ချောင်းထဲကို ပျားတကောင်၊ ဒါမှမဟုတ် တခြားအကောင်ပလောင် တခုခုများ ၀င်ဖူးသလား ဆိုတဲ့ သံသယမျိုး ရှိလာလို့ပဲ။ ဒါနဲ့ မိန်းမကို လိုက်ရှာတော့ မီးဖိုခန်းထဲမှာ ဂျုံမှုန့်တွေရယ်၊ အမှုန့်တွေ စစ်ချတဲ့ ဇကာတခုရယ်၊ ထောပတ်တွေ၊ ကြက်ဥတွေရယ်နဲ့ အလုပ်ရှုပ်နေတာ တွေ့လိုက်ရတယ်။ အနားမှာတွေ့တဲ့ ခုံပုလေးတလုံးကို အကျအနယူထိုင်ရင်း မိန်းမကို ဟိုလူ ပျားတုပ်ခံရတဲ့လူ အကြောင်း နဲ့ ကွယ်လွန်သွားတဲ့အကြောင်း စိတ်ရှည်လက်ရှည်နဲ့ စီကာပတ်ကုံး ပြောပြတယ်။ ပြောနေတဲ့ စကားသာဆုံးသွားရော မိန်းမဆီက မှတ်ချက်ပြုသံ ဒါမှမဟုတ် အံ့သြတဲ့အသံ တခွန်းတလေမှ ထွက်မလာဘူး။ တော်တော်နေနိုင်တဲ့ မိန်းမ။ ဒါနဲ့ပဲ သိချင်နေတာကို အချိန်ဆွဲမနေပဲ တဲ့တိုး မေးချလိုက်တယ်။ မင်းပါးစပ်ထဲ ဘာကောင်များ ၀င်ဖူးသလဲ လို့။

သူ့စကားဆုံးတော့ မိန်းမက ဟက်ဟက်ပက်ပက် ရယ်ရင်း ခေါင်းကို ဘယ် ညာ ခါယမ်းပြတယ်။ ပြီးတော့မှ ဘာကြောင့်မှ မဟုတ်ပါဘူး၊ ပါးစပ်ထဲလည်း ဘာအကောင်မှ မဝင်ဖူးပါဘူး၊ ကျွန်မက ဟိုးငယ်ငယ်လေးထဲက စကားနည်းတာပါ လို့ လေသံတိုးတိုးနဲ့ ပြန်ပြောတယ်။ ပြီးတော့ သူ့အလုပ် သူ ဆက်လုပ်နေတယ်။ ထင်တာ မမှားဘူးဆိုရင် သူ ထောပတ်များများပါတဲ့ ကိတ်မုန့်တလုံး ဖုတ်ဖို့ ပြင်ဆင်နေတာပဲ။ နှာခေါင်းထဲ အင်မတန်ယဉ်ပါးနေတဲ့ ဟင်းနံ့တွေ ရလို့ ထမင်းစားပွဲကို လှမ်းကြည့်လိုက်တော့ ဘယ်အချိန်ထဲက ချက်ပြုတ် ပြင်ဆင်ထားမှန်းမသိ၊ အငွေ့တထောင်းထောင်းနဲ့ အဆင်သင့်ဖြစ်နေတဲ့ နေ့လည်စာကို တွေ့ရတယ်။ တကယ်ဆို ကိုကိုရေ… ရှင့်အတွက် နေ့လည်စာ ကျွန်မ ချက်ထားပြီ။ ဒီမှာ ကြည့်ပါအုံး ရှင်ကြိုက်တတ်တဲ့ ငါးကောင်လုံး အကြွပ်ကြော်လေ၊ စပါးလင်နဲ့ လုပ်ထားတဲ့ အချဉ်ရည်တမျိုး ဆမ်းလို့... မှိုဟင်းရည်ပူပူလေးနဲ့ သိပ်လိုက်တာ… စားကြရအောင်နော်… စသည်ဖြင့် သူသာ ဖွယ်ဖွယ်ရာရာ ပြောဆိုတတ်ခဲ့ရင် ဒီထမင်းဝိုင်းဟာ ဘယ်လောက် သာယာစိုပြေပြီး ပြည့်စုံသွားမလဲ။ ခုတော့ အားလုံးဟာ အသံတိတ်။

ကြည့်နေရင်းမှာ နေရောင်ဟာ ထမင်းစားပွဲပေါ်ကို ခပ်စွေစွေစောင်းစောင်း ကျလာတယ်။ ဟင်းအနံ့တွေကြောင့် ဗိုက်ကလည်း ဆာစပြုလာတာမို့ နေရောင်ကို ကျောပေးထားတဲ့ ကုလားထိုင်မှာ တယောက်တည်း ခပ်ငူငူ ၀င်ထိုင်လိုက်တယ်။ ပြီးတော့ ရှေ့မှာ ချထားတဲ့ မှိုဟင်းရည်တဇွန်း ခပ်သောက်လိုက်ရင်း တွေးမိတယ်။ ခုချိန်မှာ ပျားတကောင်တလေဟာ မျက်စိလည် လမ်းမှားပြီးတော့ အိမ်အနောက်ဖက် မီးဖိုခန်းကနေတဆင့် သူ့မိန်းမရဲ့ လည်ချောင်းထဲ တန်းတန်းမတ်မတ် ၀င်သွားရင် ဘယ်လောက်ကောင်းမလဲလို့။ တွေးမဆုံးခင်မှာ မလုံမလဲစိတ်နဲ့ မီးဖိုခန်းထဲကို လှမ်းကြည့်လိုက်တော့ မိန်းမဟာ ကိတ်မုန့်ဗန်းကို မပြီး အာဗင်ရှိရာဆီ ယူလာနေတယ်။ ပြီးတော့ မုန့်ဗန်းကို အာဗင်ထဲထည့်ပြီး မီးခလုတ်ကို ဖွင့်ရင်း အပူချိန် အတိုးအလျှော့ ချိန်နေတာ တွေ့ရတယ်။ အနီရောင် အပူချိန်အချက်ပြ မီးလုံးဟာ မှိတ်ချည် လင်းချည်နဲ့။ မျက်နှာကို တဖက်ကို လွှဲရင်း မှိုဟင်းရည် နောက်တဇွန်းကို ခပ်သောက်ရင်း တယောက်တည်း ပြုံးလိုက်တယ်။ လျှပ်စစ်ကြိုးတွေကနေတဆင့် သွယ်တန်း စီးဆင်းလာတဲ့ မီးခလုတ်တွေဟာလည်း အဆင်မသင့်ရင် ဓါတ်လိုက်တတ်ကြတာမျိုးပဲ မဟုတ်လား။

သက်ဝေ
(၁၆ မတ် ၂၀၁၅)

- ၂၀၁၅ ဒီဇင်ဘာလထုတ် Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်


Friday, November 20, 2015

ယုံကြည်မှု၏ အခြားတဖက်

မြေနီလမ်းလေးဟာ ခြောက်ကပ် ငြိမ်သက်နေတယ်။ လေငြိမ်တဲ့နေ့မို့ သစ်ရွက်ကြွေတွေ မလွင့်ဘူး ဖုန်မထဘူး။ တလတကြိမ် အရောက်လာနေကျ ဒီလမ်းကလေးဟာ မနက်လင်းချိန်မှာဆို ဈေးဆိုင်လေးတွေနဲ့ အသက်ဝင် စည်ကားနေတတ်တယ်။ အခုတော့ အတော်စောနေသေးတာမို့ လမ်းတလျှောက် လူသွားလူလာ မရှိသေးဘူး။ ဆိုင်ခန်းတွေအားလုံးက မှောင်နေတုန်း၊ တံခါးရွက်တွေလည်း တင်းတင်းစေ့ ပိတ်ထားဆဲ။ လူတွေ အိပ်မောကျနေချိန်မို့ အသံပလံတွေ အားလုံးလည်း တိတ်ဆိတ်နေကြတယ်။ တချက်တချက် ခပ်လှမ်းလှမ်းက အဝေးပြေးလမ်းမပေါ်မှာ ဖြတ်မောင်းသွားတဲ့ ကုန်တင်ကားရဲ့ စက်သံသဲ့သဲ့ကို ကြားရတယ်။ ကားမီးတန်းဆီက အလင်းရောင် နည်းနည်းပါးပါးဟာ သစ်ပင်တွေ ခြုံတွေကြားထဲကနေတဆင့် အစက်အပြောက်အဖြစ်နဲ့ တချက်တချက် ထိုးဖေါက် ၀င်ရောက်လာတာကို မြင်ရတယ်။ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ သုံးရက်လ ခုံးမျက်စကို ကွေးကွေးလေး တွေ့ရတယ်။ ပြီးတော့ တိမ်နည်းနည်း ရှိတယ်။ မိုးရွာကောင်း ရွာနိုင်တဲ့ အနေအထားမျိုးပဲ လို့ သူ တွေးတယ်။

ဒီလိုငေးမောနေဖို့ မဖြစ်သေးဘူး… အလင်းရောင်လာတာနဲ့ အားလုံး အဆင်သင့်ဖြစ်နေအောင် လုပ်စရာရှိတာကို လုပ်ရမယ်၊ ပြင်ဆင်စရာရှိတာကို ပြင်ဆင်ရမယ်။ အတွေးနဲ့အတူ သောက်လက်စ ဆေးလိပ်ကို မြေကြီးပေါ်ထိုးခြေပြီး မီးငြိမ်းလိုက်တယ်။ ပြီးတော့ မြေနီလမ်းကလေးကို ထိုင်ငေးပြီး အတွေးနယ်ချဲ့နေရာက ထလိုက်တယ်။ သူ့အိတ်ထဲမှာ အသင့်ပါလာတဲ့ ရောင်းကုန်ပစ္စည်းတွေကို ခင်းကျင်းဖို့ ပြင်ဆင်တယ်။ ဆိုင်ခန်းနံရံမှာ သံကြိုးနဲ့တွယ်ထားတဲ့ လေးထောင့်စပ်စပ် ခေါက်စားပွဲကို သော့ဖြုတ်ယူပြီး ဖြန့်ခင်းလိုက်တယ်။ ပိုပြီး ကြည့်ကောင်းရှုကောင်းဖြစ်သွားအောင် စားပွဲပေါ်မှာ အဖြူရောင်ကနေ ၀ါကျင့်ကျင့်အရောင်ကိုပြောင်းပြီး အနားဖွာနေတဲ့ စားပွဲခင်းကို ဖြန့်ခင်းလိုက်တယ်။ စားပွဲရဲ့ အောက်ခြေဟာ မြေမာဖြစ်သော်လည်း မညီမညာဖြစ်နေတာမို့ ခဲလုံး ခပ်သေးသေးတလုံး ရှာပြီး ငြိမ်အောင် ခုလိုက်ရသေးတယ်။ စားပွဲငြိမ်သွားတာ သေချာပြီဆိုမှ ပါလာတဲ့ အ၀တ်အိတ်ထဲက ပစ္စည်းတွေကို ထုတ်တယ်။

နို့ဆီဗူးအရွယ် မရှိတရှိ၊ ပုဝိုင်းဝိုင်းပုလင်းကလေးတွေ၊ တလုံးချင်းစီကို စက္ကူဖြူနဲ့ သေသေသပ်သပ် ပတ်ပြီး ထုတ်ပိုးပြင်ဆင်ထားတဲ့ ပုလင်းကလေးတွေ၊ အဲဒါတွေကို အိတ်ထဲကနေ တယုတယ၊ ပြီးတော့ ညင်ညင်သာသာ ထုတ်ယူတယ်။ ပြီးတော့ စားပွဲပေါ်ကို တခုချင်းစီ ဖြည်းဖြည်းလေး တန်းစီပြီး ချတယ်။ အတိမ်းအစောင်း အဖြစ်မခံနိုင်ဘူး၊ နမော်နမဲ့… ဒါမှမဟုတ် အမှားအယွင်းတစ်ခုခုကြောင့် ပုလင်းကလေး တပုလင်းတလေမှ လွတ်ကျတာမျိုး၊ မတော်တဆ ပြုတ်ကျတာမျိုး၊ ကွဲကြေသွားတာမျိုး၊ ပျက်စီးတာမျိုး အဖြစ်မခံနိုင်ဘူး။ ဘာအကြောင်းကြောင့်နဲ့မှ အပွန်းအပဲ့ မခံနိုင်ဘူး။ အိတ်ထဲမှာ ပါလာတဲ့ ပုလင်းကလေးတွေအားလုံးကို ညီညီညာညာ နေရာချထားအပြီးမှာ တစ် နှစ် သုံး လေး ရေတွက်ကြည့်တယ်။ သိနေပြီးသားဖြစ်ပေမဲ့ သေချာချင်တယ်။ ဟုတ်တယ်… ဒီတခါတော့ ပုလင်းကလေး စုစုပေါင်း သုံးဆယ့်တစ်ပုလင်း ရှိတယ်။ ရက်သုံးဆယ်မှာ စက်တင်ဘာ ဧပြီ ဂျွန် နဲ့ နိုဝင်ဘာ ကျန်လများမှာ သုံးဆယ်တစ် ဖေဖေါ်ဝါရီ နှစ်ဆယ့်ရှစ် ဆိုတဲ့ ငယ်ငယ်က ရွတ်ဖူးတဲ့ စာချိုးလေးကို စိတ်ထဲကနေ ရွတ်ဆိုကြည့်တယ်။ ဒီလက အောက်တိုဘာလဆိုတော့ သုံးဆယ့်တစ်ရက် ရှိတာပေါ့… အတိအကျပဲ။ သူ ကျေနပ်သွားတယ်။

မကြာခင်မှာ ရောင်နီသမ်းစပြုလာတယ်။ ဈေးလမ်းကလေးထဲကို အလင်းရောင်တွေ ဝေ့ကာဝိုက်ကာ ဖြာကျလာတယ်။ ဆိုင်ခန်းတချို့ တံခါးရွက်တွေ ပွင့်လာတယ်။။ မီးအလင်းရောင်တွေ မြင်ရတယ်။ လူသံသူသံတွေ စပြီး ကြားလာရတယ်။ ရေဘုံဘိုင်မှာ ရေသွားခပ်ကြသူတွေဆီက ရေသံတွေ၊ လမ်းကလေးကို ရေဖြန်းလိုက်တဲ့အသံတွေ ကြားရတယ်။ အုန်းတံမြက်စည်းနဲ့ အမှိုက်လှည်းတဲ့အသံ တရှဲရှဲ ကြားရတယ်။ ဆွမ်းတော်ဗျို့ ဆိုတဲ့ အသံနဲ့အတူ ရပ်တော်မူပါဦးဘုရား ဆိုတဲ့ အသံကို ရှေ့ဆင့် နောက်ဆင့်ဆိုသလို ကြားရတယ်။ ကြေးစည်သံ ကြားရတယ်။ မုန့်ဟင်းခါးသည်ရဲ့ တွန်းလှည်းသံ တကျွီကျွီကို ကြားရတယ်။ မြင်းလှည်းဆရာဆီက မြင်းခွာသံ တခွပ်ခွပ်ကို ကြားရတယ်။ စက်ဘီး သို့မဟုတ် ဆိုက်ကား ဘဲလ်သံ ကလင်ကလင် ကြားရတယ်။ ဘယ်သူရေ ဘယ်ဝါရေ ဆိုတဲ့ အော်ခေါ်သံတွေ မသဲမကွဲ ကြားလာရတယ်။ မြေနီလမ်းကလေးဟာ ရုတ်ချည်းဆိုသလို အသက်ဝင်လှုပ်ရှားလာတယ်။ ကြည့်နေရင်းမှာပဲ မိုးစင်စင် လင်းသွားတယ်။ အသီးအရွက်တွေကို သယ်ပိုးထားတဲ့ ဘေးတွဲစက်ဘီးကလေးတစီး သူ့ဆိုင်ရှေ့က ဖြတ်သွားတယ်။ ခင်းကျင်းထားတဲ့ ဆိုင်ကလေးကို သေသေချာချာ ကြည့်သွားတယ်။ ကြည့်တာမှ ဟိုး ခပ်ဝေးဝေးရောက်တဲ့အထိ သမင်လည်ပြန် လှည့်ကြည့်တာကို မျက်လုံးထောင့်ကနေ သူ လှမ်းမြင်နေရတယ်။

တဖြည်းဖြည်းနဲ့ မနက်ခင်းနေရောင်ခြည်ဟာ ပူနွေးသည်ထက် ပူနွေးလာတယ်။ ဈေးတန်းကလေးဟာလည်း တစထက် တစ ပိုပြီး အသက်ဝင် လှုပ်ရှားလာတယ်။ ရောင်းသူ ၀ယ်သူတွေ၊ ကုန်ပစ္စည်း အတင်အချ ကားတွေ၊ စက်ဘီး၊ ဆိုက်ကား၊ မြင်းလှည်း၊ လက်တွန်းလှည်းတွေနဲ့အတူ လူတွေ လှုပ်ရှားသွားလာနေကြတာဟာ ဆေးရောင်စုံလင်တဲ့ ပန်းချီကားတချပ်လို ဖြစ်လာတယ်။ တယောက်နဲ့တယောက် နှုတ်ဆက်ကြ၊ အော်ဟစ်ပြောဆိုကြ၊ အရောင်းအဝယ်စကား ဈေးစကား ပြောဆိုကြ၊ ကုန်ပစ္စည်းချင်း ဖလှယ်ကြ၊ ဈေးခေါ်သူ ဈေးဆွယ်သူ ဈေးဆစ်သူတွေရဲ့ အသံတွေနဲ့ စီစီညံလာတယ်။ ကျီးကန်းနဲ့ စာကလေး တွေဆီက မနက်ခင်းတေးသံ ကျီကျီကျာကျာတွေ ထွက်လာတယ်။ ဆက်ရက်တွေ ဟိုဒီ ပြေးလွှား ပျံသန်းနေကြတယ်။ တိမ်လိပ်ဖြူဖြူတွေလည်း လေအဝှေ့မှာ တရွေ့ရွေ့နဲ့ အလုပ်များစပြုလာတယ်။ လေတိုက်လိုက်တိုင်း သစ်ရွက်တွေ သစ်ကိုင်းတွေ အချင်းချင်း ပွတ်တိုက်ရိုက်ခတ်သံ ချိုးချိုးချွတ်ချွတ်ကို ကြားရတယ်။ သစ်ရွက်တချို့ ကြွေကျလာတယ်။ ကြွေကျပြီးသား သစ်ရွက်ခြောက်တွေက တလူးလူး တလွန့်လွန့်နဲ့ မြေနီလမ်းလေးပေါ်မှာ သူတို့ကိုယ် သူတို့ လူးလှိမ့်ပွတ်တိုက် နေကြတယ်။ အိမ်ထောင့်ကလေးတွေမှာ၊ မြောင်းကလေးဘေးမှာ ကွယ်ကာပြီး အိပ်နေကြတဲ့ ခွေးကလေးတွေ အိပ်ရာက နိုးလာပြီး ဟိုလျှောက် ဒီလျှောက် လုပ်နေကြတာ တွေ့ရတယ်။ ခွေးဟောင်သံ ကြားတယ်။ ကလေးငိုသံ ကြားတယ်။ အစာတောင်းသလို အဆက်မပြတ် အော်နေတဲ့ ကြောင်အော်သံ တညောင်ညောင်ကိုလည်း ကြားနေရသေးတယ်။

အဲဒီမြင်ကွင်းတွေကို ငေးမောရင်း၊ ကြားရသမျှ အသံတွေကို နားဆင်ရင်း၊ ကိုယ်တိုင် ခင်းကျင်းထားတဲ့ ကိုယ့်ရဲ့ ရောင်းကုန်လေးတွေကို တယုတယ ကြည့်ရင်း ဈေးလာဝယ်သူကို မျှော်ရတယ်။ ဆိုင်ကလေးရဲ့ အရှေ့ကနေ ဖြတ်သွားဖြတ်လာ လုပ်နေကြသူတွေတိုင်းက ဆိုင်ကလေးမှာ ခင်းကျင်းထားတဲ့ ရောင်းကုန်တွေကို တချက်တော့ စောင်းငဲ့ပြီး ကြည့်သွားကြတဲ့သူတွေချည်းပဲ။ အများစုကတော့ ခရီးသွားဟန်လွှဲ တချက်လောက် ခပ်ရှမ်းရှမ်း ဝေ့ကြည့်သွားကြတယ်။ တချို့ကတော့ စိတ်ဝင်စားဟန်နဲ့ ခပ်ကြာကြာလေး စိုက်ကြည့်တယ်။ တချို့ကတော့ စူးစူးစမ်းစမ်းဟန်အပြည့်နဲ့ သေသေချာချာ ကြည့်တယ်။ တချို့ကတော့ အားမရသလိုဟန်နဲ့ အနားတိုးပြီး လာကြည့်တတ်ကြသေးတယ်။ ဒါပေမဲ့ ခုချိန်အထိတော့ ခပ်လှမ်းလှမ်းကနေ ကြည့်သွားကြသူတွေချည်းပဲ၊ တယောက်တလေကမှ အနားနားလာပြီး တေ့တေ့ဆိုင်ဆိုင် မမေးကြသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ… မကြာခင်မှာ ဝယ်သူတွေ အများကြီး ရောက်လာကြလိမ့်မယ် ဆိုတာကို သူ ကြိုသိနေတယ်။

အဲဒီအချိန်မှာပဲ လူတယောက် ဆိုင်ရှေ့ကို တန်းတန်းမတ်မတ် ရောက်လာတယ်။ ကာကီရောင် ရှပ် ခပ်နွမ်းနွမ်းနဲ့ ပလေကပ်ပုဆိုးကို ခပ်တိုတိုဝတ်ထားတဲ့လူ။ သူ့ဆီမှာ တကြိမ်တခါမှ မ၀ယ်ဖူးသေးတဲ့ လူအသစ်တယောက်ပဲ။ ဆောင်းထားတဲ့ ဦးထုတ်ကို ချွတ်၊ မျက်မှန်ကို အသာ မပြီး ပစ္စည်းတွေဆီကို ကြည့်တယ်။ ပြီးတော့ “ဒါ ဘာတွေတုန်းဗျ…” လို့ အသံသြသြနဲ့ မေးတယ်။ အဲဒီလူရဲ့ အမေးကို သူက တလေးတစားနဲ့ ပီပီသသ ပြန်ဖြေလိုက်တယ်။ ဒါပေမဲ့ သူ့အဖြေကို နည်းနည်းလေးမှ အံ့သြဟန်မပြတာမို့ ရုတ်တရက် စိတ်ထဲမှာ ထူးဆန်းသလို ခံစားလိုက်ရတယ်။

အရင့်အရင်က အတွေ့အကြုံအရ ဒီပစ္စည်းတွေအကြောင်းကို ပထမဆုံးအကြိမ် လာမေးတဲ့သူတိုင်းဟာ သူ့ဆီက အဖြေကို ကြားလိုက်ရရင် အနည်းဆုံး အံ့သြတကြီးတော့ ဖြစ်သွားတတ်ကြတဲ့ သူတွေချည်းပဲ။ တချို့ဆို အထိတ်တလန့်နဲ့ အာမေဍိတ်တွေ ဘာတွေ ပြုကြတယ်။ တချို့က ကြားလိုက်ရတဲ့ အဖြေကို မသေချာသလို မယုံကြည်သလိုနဲ့ နောက်တခေါက် ထပ်မေးကြတယ်။ တချို့ကျတော့ သူတို့များ နားကြားလွဲလေသလားဆိုတဲ့ သဘောနဲ့ နားရွက်နားမှာ လက်ကလေးတွေ အုပ်ကာလို့ ထပ်မေးကြတယ်။ တချို့ကတော့ ဘာကြောင့်ရယ် မသိ၊ အနောက်ကို ခြေလှမ်းတလှမ်း နှစ်လှမ်း ခုန်ပြီး ဆုတ်သွားတတ်ကြတယ်။ တချို့ကတော့ သူ့အဖြေစကားအဆုံးမှာ ကြောင်တောင်တောင်နိုင်ရန်ကော ဆိုတဲ့ သရော်လှောင်ပြောင်တဲ့ အကြည့်မျိုးနဲ့ စွေစောင်းစောင်း ကြည့်ပြီး လှည့်ထွက်သွားတတ်ကြတယ်။ တချို့ဆို လက်ခုပ်လက်ဝါး တီးပြီးတောင် အော်ဟစ် ရယ်မောသွားကြသေးတာ။ အဲဒီလိုမျိုးတွေ… အခု လာမေးတဲ့သူကတော့ နည်းနည်းမှ အံ့သြပုံ မပြဘူး။ အေးအေးဆေးဆေးပဲ။

ဟုတ်ပါတယ်။ သူ ယူဆောင်တင်သွင်းလာတဲ့၊ သူ ခင်းကျင်းပြသထားတဲ့ သူ့ရဲ့ ရောင်းကုန်ပစ္စည်းတွေဟာ တခုနဲ့ တခု မတူပဲ အမည်နာမ အမျိုးမျိုး ကွဲပြားခြားနားတဲ့ “ည” တွေပါ။ အဲဒီလို မတူညီတဲ့ ည တွေကို ပုလင်းဝိုင်းကလေးတွေထဲ စနစ်တကျ ထည့်သွင်း အဖုံးကို ကျနစွာ ပိတ်သိမ်း၊ လှလှပပ ထုတ်ပိုးပြင်ဆင်ပြီး ရောင်းကုန်အဖြစ် ဖန်တီးထားပါတယ်။ ဒီဆိုင်ခန်းလေးကို သူ တလတကြိမ် လာဖွင့်လေ့ရှိတယ်။ အဲဒီလို တလတကြိမ် လာဖွင့်တိုင်း သူ့ဆီမှာ ညတွေ ထည့်ထားတဲ့ ပုလင်း စုစုပေါင်း သုံးဆယ်၊ ဒါမှမဟုတ် သုံးဆယ့်တစ်ပုလင်း ပါလာလေ့ရှိတယ်။ ဖေဖေါ်ဝါရီလဆိုရင်တော့ နှစ်ဆယ့်ရှစ်ပုလင်း ပါလာခဲ့တာပေါ့။ များသောအားဖြင့်တော့ ည တွေထည့်ထားတဲ့ အဲဒီပုလင်းတွေ အားလုံးလိုလို ရောင်းရလေ့ရှိတယ်။ တခါတခါမှာ ရောင်းမကုန်တဲ့ ပုလင်းတချို့ ကျန်ရှိနေတတ်ပေမဲ့ နည်းပါတယ်။ များသောအားဖြင့်တော့ လတိုင်း တပုလင်းမကျန် အကုန် ကုန်အောင် ရောင်းရတတ်တာချည်းပါပဲ။ အဲဒီညတွေကို လစဉ်လတိုင်း မပျက်မကွက် ၀ယ်ယူအားပေးနေကျ ဖေါက်သည်တွေလည်း သူ့မှာ အတော်များများ ရှိတယ်။ တချို့ဆို နောက်လအတွက် သူတို့လိုချင်တဲ့ “ည” တွေကို ကြိုတင်ပြီး အော်ဒါ မှာထားတတ်ကြသေးတယ်။ ပြောရရင် ည တွေကလည်း အမျိုးမျိုးရှိတာကိုး။

ဆိုင်ရှေ့မှာ တဖြည်းဖြည်းနဲ့ လူစည်ကားလာတယ်။ လစဉ် ၀ယ်ယူအားပေးနေကျ ဖေါက်သည်တွေ တဖွဲဖွဲ ရောက်လာကြတယ်။ အရင်လက မှာထားတဲ့ ည ပါလာရဲ့လားလို့ မှတ်မှတ်ရရ မေးသူတွေလည်း ရှိလာတယ်။ ခုနက စက်ဘီးပေါ်ကနေ လည်ပြန်လှည့်ကြည့်သွားတဲ့ ပုဂ္ဂိုလ်လေးလည်း မောကြီးပန်းကြီးဟန်နဲ့ ချွေးသံတလုံးလုံးနဲ့ ဆိုင်ရှေ့ လူအုပ်ကြားထဲ တိုးလို့ ဝှေ့လို့ ရောက်လာတယ်။ လူစုစု စုစုမြင်ရင် စပ်စုတတ်တဲ့ အကျင့်ရှိသူ အမျိုးသမီးကြီး နှစ်ယောက်လည်း ဖြိုးဖြိုးဖျတ်ဖျတ်နဲ့ ရောက်လာတယ်။ ဘာတွေလဲဆိုပြီး လူတွေကြားထဲ အတင်းတိုးကြည့်တယ်။ တချို့က သူတို့ မရလိုက်မှာစိုးတဲ့အလား… ညတွေ ထည့်ထားတဲ့ ပုလင်းတွေကို လက်နဲ့ လှမ်းယူဖို့ ရွေးချယ်ဖို့ ကြိုးစားတယ်။ အဲဒီလူတွေကိုတော့ သူ့ပစ္စည်းတွေကို မထိ မကိုင်ပါနဲ့ ခင်ဗျာ လို့ ယဉ်ယဉ်ကျေးကျေး တောင်းပန်ပြီး တားမြစ်ရတယ်။ ဒါပေမဲ့ ပုလင်းတွေအားလုံးဟာ ဆင်တူတွေ ဖြစ်နေတာ၊ စက္ကူအဖြူရောင်နဲ့ ထုတ်ပိုးထားတဲ့ အရွယ်အစားတူ ပုံသဏ္ဍာန်တူ ပုလင်းတွေ၊ အားလုံးက ဆင်တူတွေချည်းပဲဆိုတော့ ဘယ်ဟာက ဘယ် ည လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဘယ်ပုလင်းထဲမှာ ဘယ် ည ထည့်ထားတယ် ဆိုတာလည်း ဘယ်သူမှ မခွဲနိုင်ကြဘူး။ ဒီတော့ သူ့ရဲ့ စီမံခန့်ခွဲမှုကို ၀ယ်သူအားလုံးက လေးလေးစားစား လိုက်နာကြရတယ်။

“မတိုးကြပါနဲ့ ခင်ဗျ… မတိုးကြပါနဲ့ ခင်ဗျ… မတော်တဆ ပြုတ်ကျရင် ညတွေ ကွဲကုန်မှာစိုးလို့ပါ…
မိတ်ဆွေတို့ အလိုရှိတာတွေ ရရပါစေ့မယ်”


သူ ပါးစပ်က ပြောလည်းပြော၊ လက်ကလည်း သူ့ရဲ့ ရောင်းကုန်ပစ္စည်း ပုလင်းကလေးတွေကို အထိအခိုက် အပျက်အစီး မရှိရလေအောင် ဂရုတစိုက် အကာအကွယ်ပြုရင်း ၀ယ်သူတွေကို စိတ်ရှည်လက်ရှည် ရောင်းချနေတယ်။ ည တပုလင်းရဲ့တန်ဖိုးကို ငွေ တရာလို့ သူ သတ်မှတ်ထားတယ်။

သီချင်းသံတွေနဲ့ ပျော်စရာ ည ပေးပါ…
လသာတဲ့ည ပေးပါ…
ကြယ်ပွင့်တွေ လင်းလက်နေတဲ့ ညတည ပေးပါ…
အိပ်မက်ချိုတဲ့ ညလေး တညလောက် လိုချင်လို့ပါ…
လေပြေညင်းတွေ အပြည့်ပါတဲ့ ည ရနိုင်မလားဗျို့…
ညမွှေးပန်းအနံ့နဲ့ညက အရင်လထဲက ကျွန်မ မှာထားတာနော်…
မိုးရေစက်တွေကြားမှာ လမ်းမီးတိုင်တွေ လင်းနေတဲ့ လမ်းမပေါ်က ညကို ချန်ထားပေးပါနော်…
ကိုကြီး အငဲရဲ့ အသည်းကွဲသီချင်းတွေနဲ့ မျက်ရေစက်တချို့ပါတဲ့ ည ကျွန်တော်ယူမယ်…
နံပြားထောပတ်သုတ်နဲ့ ကျဆိမ့်ပါတဲ့ ည ဒီဖက်ကို လှမ်းလိုက်ပါ…
စာကြည့်တိုက် ဒါမှ မဟုတ် စာအုပ်ဆိုင်ထဲက ည ရှိပါသလား…
ပင်လယ်ကမ်းစပ်က ည လိုချင်လို့ပါ…


အဲဒီလို ဝယ်သူတွေရဲ့ တောင်းဆိုသံတွေကြားမှာ သူဟာ ပုလင်းတလုံးချင်းကို သေသေချာချာကြည့်တယ်။ ပြီးတော့ ဒါဟာ ညမွှေးပန်းအနံ့ သင်းပျံ့နေတဲ့ ည၊ ဒါကတော့ နံပြားထောပတ်သုတ်နဲ့ ကျဆိမ့်တစ်ခွက်ရဲ့ ည၊ ဒါကတော့ သီချင်းသံတွေ စည်းချက်ညီညီ ကခုန်နေတဲ့ ည… အစရှိသဖြင့် ခွဲခြားတယ်။ အလိုရှိသူ လက်ထဲကို ဂရုတစိုက် ထည့်တယ်။ တခါတခါဆို ဇဝေဇဝါဖြစ်နေပုံနဲ့ ပုလင်းလေးတွေကို တပုလင်းကိုင်လိုက်၊ ပြန်ချထားလိုက်၊ နောက်တပုလင်းကို မြှောက်ကြည့်လိုက်နဲ့ စိမ်ပြေနပြေ ရွေးချယ်တယ်။ သူ ရွေးချယ်နေပုံဟာ နာမည်ကြီး မျက်လှည့်ဆရာတယောက်လိုပဲ သေသပ်ပိရိပြီး ပညာသားပါလွန်းလို့ ဝယ်သူတွေဟာ ငေးမောပြီး ကြည့်နေကြရတယ်။ ဒီလောက်များတဲ့ ညတွေကို ပုလင်းဆင်တူတွေထဲ ထည့်ထားတာ သူမို့ ခွဲခွဲခြားခြား မှတ်သားထားနိုင်ပါပေတယ် လို့ တယောက်က ချီးကျူးမှတ်ချက် ခပ်တိုးတိုး ပြုတယ်။ ဒီလိုနဲ့ သူ့မှာပါလာတဲ့ ညတွေဟာ အချိန် အနည်းငယ်အတွင်းမှာ အကုန်လုံး ရောင်းလို့ ကုန်သွားခဲ့တယ်။

“အဲဒီညတွေကို ယုံယုံကြည်ကြည်နဲ့ ဝယ်ယူသွားပါ၊ ပြီးရင် အိမ်ရှေ့ တံခါး ဒါမှမဟုတ် ပြတင်းပေါက် အဲဒီလို လေဝင်လေထွက်ကောင်းတဲ့ နေရာတနေရာမှာ ချထားလိုက်ပါ၊ အဲဒီလိုဆို တလအတွင်းမှာ ခင်ဗျားတို့ အလိုရှိတဲ့ညတွေဟာ ခင်ဗျားတို့ဆီကို လွယ်လင့်တကူ ရောက်လာလိမ့်မယ်၊ ဒီတော့ ခင်ဗျားတို့ အလိုရှိတဲ့ မျှော်လင့်တောင့်တနေတဲ့ ညမျိုး တည ဒါမှမဟုတ် တညထက်ပိုပြီး မလွဲမသွေ ပိုင်ဆိုင်ကြရမှာ ဖြစ်တယ်”

ညတွေ ၀ယ်သွားသူ တယောက်ချင်းစီတိုင်းကို သူက အဲဒီလို လေးလေးနက်နက် မှာကြားတတ်တယ်။ သူပြောသလို တကယ်မှန်ပုံရတယ်… ဘာဖြစ်လို့ဆို လာဝယ်တဲ့သူတွေက နောက်လတွေမှာလည်း ယုံယုံကြည်ကြည်နဲ့ အားကိုးတကြီး လာဝယ်မြဲ လာဝယ်နေကြတာကိုး။

သုံးဆယ့်တစ်ပုလင်းသော ည တွေ အကုန်ကုန်သွားတော့ ဆိုင်ကလေးရှေ့မှာ လူတော်တော် ရှင်းသွားတယ်။ နဖူးပေါ်မှာ သီးလာတဲ့ ချွေးတွေကို လက်ခုံနဲ့ ပွတ်သုတ်လိုက်တယ်။ နွေးထွေးတဲ့ နေရာင်ခြည်တန်းတွေကတော့ ဆိုင်ကလေးပေါ်မှာ ပြောက်တိပြောက်ကျားနဲ့ ကျလို့။ မိန်းကလေး ခပ်ငယ်ငယ်တယောက်က နောက်လအတွက် သူလိုချင်တဲ့ ညအမျိုးအမည်ကို စာရွက်အပိုင်းတခုမှာ ရေးနေလေရဲ့။ ရေးပြီးတော့ သူ့လက်ထဲ သေသေချာချာ လာထည့်ပြီး နောက်လမှာ သေချာပေါက် ယူလာခဲ့ပေးဖို့၊ တခြားသူကို မရောင်းလိုက်ဖို့ တဖွဖွ မှာကြာတးယ်။ နောက်အမျိုးသားတယောက်ကတော့ သူ တညမှ မရလိုက်လို့ တောက်တခေါက်ခေါက်နဲ့။ ခင်ဗျားမှာ သိမ်းထားတဲ့ အိပ်မက်ချိုတွေနဲ့ ည အပို တပုလင်းလောက်များ ရှိအုံးမလား ဈေးပိုပေးပါ့မယ် မှောင်ခိုပေါ့ဗျာ လို့ အနားကပ်ပြီး တိုးတိုးတိတ်တိတ် လာမေးနေသေးတယ်။ ည လက်ကျန် တပုလင်းမှ မရှိတော့တဲ့အကြောင်းကို ရယ်ချင်စိတ်တဝက်နဲ့ ယဉ်ယဉ်ကျေးကျေး ပြောပြပြီး ဆိုင်သိမ်းဖို့ ပြင်တယ်။ ခင်းထားတဲ့ စားပွဲခင်းကို ပြန်ခေါက်သိမ်း၊ စားပွဲကိုလည်း ခေါက်သိမ်းပြီး သူ ထားနေကျ နေရာမှာ သံကြိုးနဲ့ ပြန်ချည်တယ်။ ရောင်းရငွေ သုံးထောင့်တစ်ရာတိတိ ပါဝင်တဲ့ သစ်သားဗူးကလေးကို လွယ်အိတ်ထဲ သေသေချာချာ ထည့်ပြီး မြေနီလမ်းဈေးတန်းကလေးကနေ တရွေ့ရွေ့နဲ့ ပြန်ထွက်လာခဲ့တယ်။ နောက်တလမှ ပြန်လာခဲ့မယ် မြေနီလမ်းကလေးရေလို့ အသံတိတ်နှုတ်ဆက်လိုက်တယ်။

လူတိုင်းလူတိုင်းဟာ သူတို့ရဲ့ ကိုယ်စီဘဝတွေမှာ စိတ်ချမ်းသာမှုကို လိုလား တောင့်တတတ်ကြစမြဲမို့ ည တွေကို ဖန်တီးတိုင်းမှာ စိတ်ချမ်းသာစရာ ညမျိုးတွေကိုသာ ရွေးချယ်ပြီး သူ ဖန်တီးလေ့ရှိတယ်။ စိတ်ချမ်းသာမှုဆိုတာ ငွေကြေးနဲ့ ဝယ်ယူလို့ ရကောင်းတဲ့ အရာလားလို့ မေးခွန်းထုတ်သူ ရှိနိုင်တယ်။ စိတ်ချမ်းသာမှုကို ငွေကြေးနဲ့ ဝယ်ယူလို့ မရပါဘူး၊ ဒါပေမဲ့ တချို့အရာတွေမှာ အလကားရတာထက် ငွေကြေးအနည်းငယ်နဲ့ ဝယ်ယူရမှသာ လူတွေက အဖိုးတန်တယ်လို့ ထင်တတ်ကြတာမျိုး။ ဒါကြောင့် စိတ်ချမ်းသာစရာ ညတွေကို ဖန်တီးပြီး ငွေစ အနည်းငယ်နဲ့ ရောင်းချနေတာ ဖြစ်တယ်။ နောက်တခု အရေးကြီးတာရှိသေးတယ်… အဲဒါကတော့ ယုံကြည်မှုပဲ။ မိမိကိုယ်ကို ယုံကြည်မှု၊ တပါးသူကို ယုံကြည်မှု၊ ပတ်ဝန်းကျင်ကို ယုံကြည်မှု… အဲဒီလို ယုံကြည်မှုတွေရှိမှ ဘဝတွေဟာ နေပျော်လိမ့်မယ်။ ဒါကြောင့် သူ ဖန်တီးထားတဲ့ ညတွေကို သူကိုယ်တိုင်က ရာခိုင်နှုန်းပြည့် ယုံကြည်မှုနဲ့ ရောင်းချခဲ့သလို ဝယ်ယူသူတွေကလည်း ယုံကြည်မှုနဲ့ အလေးထား ဝယ်ယူသွားကြတာ။ သူတို့ရသွားတာ ပုလင်းလွတ်တလုံးလို့ ထင်ရပေမဲ့ အဲဒီ ပုလင်းလွတ်ထဲမှာ အပြည့်ပါသွားတာကတော့ ခိုင်မာတဲ့ ယုံကြည်မှုတွေသာ ဖြစ်တယ်။

သူ့အတွေးကို သူ ပြန်သဘောကျပြီး ကျေကျေနပ်နပ်ကြီး ပြုံးရင်း လျှောက်လာလိုက်တာ အချိန်တွေ ဘယ်လောက်ကုန်လို့ ကုန်သွားမှန်း မသိလိုက်ဘူး။ သတိရလို့ ကြည့်လိုက်တော့ ပြာလဲ့နေတဲ့ ရေပြင်ကျယ်တခုကို မျက်စိတဆုံး မြင်လိုက်ရတယ်။ နေလုံးကြီးက ရေစပ်မှာ မေးတင်လျက်သား။ မကြာခင်မှာ နေဝင်တော့မယ်၊ အမှောင်ထု ကြီးစိုးလာတော့မယ်၊ ည ရောက်တော့မယ် ဆိုတာကို သိလိုက်တယ်။ ဘယ်တော့မှ ရိုးမသွားနိုင်၊ အမြဲတမ်း အသစ်ပြန်ဖြစ်လာတတ်တဲ့ ခံစားချက်တွေနဲ့အတူ သူ့အတွက် အမည်နာမ ကင်းမဲ့နေတဲ့ ည ကို တစုံတရာ အမည်တပ်ခေါ်စရာ စကားလုံးတချို့ တွေ့လိုတွေ့ငြား လိုက်ရှာတယ်။ တည်ငြိမ်ပျံ့ပြူးတဲ့ ရေပြင်ကို ငေးစိုက်ကြည့်ရင်း… အလင်းရောင်နည်းပါးလာတဲ့ ကောင်းကင်ပေါ် မော့ကြည့်ရင်း… အိပ်တန်းတက်ဖို့ အုပ်စုဖွဲ့ပျံသန်းသွားကြတဲ့ ငှက်ငယ်တွေကို မျှော်ငေးအားကျရင်း… ဟိုး ရေထဲကို တပိုင်းတစ ငုတ်လျှိုးဝင်ရောက်နေပြီဖြစ်တဲ့ နေလုံုံးကြီးကို မသွားပါနဲ့ လို့ တွင်တွင်ရေရွတ် တားဆီးရင်း…. သူ့ညဟာ တစ တစနဲ့ အမှောင်အတိကျသွားခဲ့တယ်။

သက်ဝေ
(၁၁ သြဂုတ် ၂၀၁၅)

၂၀၁၅ ဒီဇင်ဘာလထုတ် Idea Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။


Thursday, October 8, 2015

အ နီေ ရာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၆

အပြန်လမ်းမှာ ဘာလီရဲ့ နာမည်ကျော် Temple တွေနဲ့ သူတို့ရဲ့ နာမည်ပေးပုံတွေအကြောင်း စဉ်းစားလာတယ်။ Temple in the Lake / Temple in the Sea နဲ့ အခု Temple on the Cliff… ပြီးတော့ စာနဲ့ ပြန်ရေးပြစရာ စကားလုံးတွေ စဉ်းစားလာတယ်။ နေရာဒေသ အသစ်အဆန်းတွေနဲ့ သဘာဝရဲ့ ထူးခြားဆန်းပြားမှုတွေထဲမှာ နစ်မျောပျော်ဝင်နေရာက ဒီနေ့အဖို့ မတွေ့ရသေးတဲ့ နှင်းဆီနီတွေနဲ့အတူ သူ့ကို လွမ်းဆွတ်ဖို့ သတိရလာတယ်။ Casablanca သီချင်းကို ခပ်တိုးတိုး ဆိုညည်းဖို့ သတိရလာတယ်။

ဘာလီကျွန်းရဲ့ တောင်ဖက် အစွန်းမှာ ရှိတဲ့ Temple on the Cliff ကနေ Jimbaran Bay ကို တစ်နာရီနီးပါး မောင်းရတယ်။ လမ်းမှာ GWK (Garuda Wisnu Kencana) Cultural Park ယဉ်ကျေးမှု ဥယျာဉ် ဆိုတာကို ရောက်တယ်။ အထဲမှာတော့ ရုပ်တု အကြီးစားတွေ ရှိတယ်၊ ကမ္ဘာ့အကြီးဆုံး အရုပ်တစ်ခုဖြစ်လာမဲ့ ဆောက်လက်စ ဂဠုန် ကြေးရုပ်တုကြီး ရှိတယ်။ ပြီးတော့ ရိုးရာ ယဉ်ကျေးမှုပဒေသာ ကပွဲတို့၊ တေးဂီတဖျော်ဖြေပွဲတို့ကို သူ့အချိန်နဲ့သူ စီစဉ်ထားတာရှိတယ် လို့ ကားဆရာကြီးက ပြောပြတယ်။ မိုးအုံ့လာတာက တကြောင်း အချိန်နည်းလာတာက တကြောင်း၊ ပြီးတော့ အထဲမှာ တစ်နေရာနဲ့ တစ်နေရာ လမ်းလျှောက်ရဦးမှာဆိုတော့ ကျွန်မ မ၀င်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ GWK ကို အပြင်ကနေပဲ ဓါတ်ပုံရိုက်လိုက်တယ်။
(Garuda Wisnu Kencana Cultural Park အ၀င်လမ်း)
(Garuda Wisnu Kencana Cultural Park အ၀င်ဝက ရုပ်တုတွေ)

GWK ကနေ ဆက်မောင်းလာတော့ လမ်းမှာ လူနေရပ်ကွက်လေးတွေကို ဖြတ်လာရတယ်။ တစ်ထပ်အိမ် ခပ်သေးသေးတွေ၊ မုန့်ထုပ်လေးတွေ စီရီ ချိတ်ဆွဲထားတဲ့ အိမ်ဆိုင်လေးတွေနဲ့အတူ ဓါတ်တိုင်တွေ၊ ဓါတ်ကြိုးတွေကို တွေ့ရတာ ရန်ကုန်က ဆင်ခြေဖုံးနေရာလေးတွေနဲ့ ခပ်ဆင်ဆင်။ လမ်းထောင့်တနေရာမှာ အ၀တ်ဖြူနဲ့ လူတစ်စု ပစ္စည်းပစ္စယတွေ သယ်ပိုးလို့ စီတန်းလှည့်လည်လာတာတွေ့တယ်။ မေးကြည့်တော့ အလှူလုပ်ကြဖို့ လှူဖွယ်ပစ္စည်းတွေနဲ့အတူ ဘုရားကျောင်းကို သွားနေကြသူတွေလို့ သိရတယ်။ ကျွန်မတို့ဆီက ရှင်လောင်းလှည့်သလိုမျိုး။ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတွေ မတူညီကြသော်လည်း ကောင်းမှုကုသိုလ် ပြုတတ်ကြတာခြင်း တူနေတာကို သတိထားမိပြီး စိတ်ချမ်းမြေ့ရတယ်။
(လှူဖွယ်ပစ္စည်းလေးတွေ ရွက်လို့ ဘုရားကျောင်းကို သွားနေကြသူတွေ)

လမ်းဘေးဝဲယာကို ကြည့်ရင်း အတွေးတွေက ဟိုလွင့် ဒီလွင့်နဲ့။ အဲဒီနေ့က နေမထွက်ဘူး၊ ကောင်းကင်က မီးခိုးရောင်ဖျော့ဖျော့။ မိုးရွာချင်သလို… မိုးရွာတော့မလို အုံ့ဆိုင်းနေတယ်။ တစ်ရက် နှစ်ရက်ကနေ သုံးရက် လေးရက် ဆိုတော့ ကျွန်မ အိမ်ကို သတိရစပြုလာပြီ။ ကျွန်မစာအုပ်စင်ပေါ်က စာအုပ်တွေကို လွမ်းစပြုလာပြီ။ ပြန်ရတော့မယ်ဆိုတာ သိသိကြီးနဲ့ အခုချက်ချင်းကို ပြန်ချင်သလို ဖြစ်နေပြီ။ အိမ်ဆိုတာ အဲဒါပါပဲ လို့ ကောက်ချက်ချမိတယ်။ အိမ်ပြန်ရောက်ရင် အလွမ်းတွေနဲ့ နှင်းဆီပန်းတွေအကြောင်း၊ ဘာလီအကြောင်းတွေအပြင် အိမ်နဲ့ပတ်သက်တဲ့ စာတစ်ပုဒ်တော့ ရေးဖြစ်လိမ့်မယ် ထင်ရတယ်။ အတွေးမဆုံးခင်မှာ ဘာလီရဲ့ နာမည်ကျော် Jimbaran Bay ကို ရောက်လာတယ်။

Jimbaran Bay ဆိုတာ တကယ်တော့ ကမ်းခြေတလျှောက်နဲ့အပြိုင် စားသောက်ဆိုင်တွေ တန်းစီနေတဲ့ လမ်းကလေးတစ်ခုပါ။ ကားဆရာကြီးက ပင်လယ်စာတွေရတဲ့ နာမည်ကျော်ဆိုင်တစ်ဆိုင်ကို လိုက်ပို့ပေးတယ်။ ဆိုင်လေးက လမ်းမကို မျက်နှာမူထားတယ်။ ဒါပေမဲ့ ဆိုင်ကို အထဲကို ၀င်သွားလိုက်ရင်တော့ တဖက်မှာ ကမ်းခြေကို ရောက်သွားတယ်။ မျက်နှာစာ နှစ်ဖက်ရှိတဲ့ ဆိုင်တွေပေါ့။ အဲဒီညနေက ကမ်းခြေမှာ လေ တအားပြင်းတယ်။ ပြီးတော့ မိုးရွာမဲ့ အရိပ်အရောင်လည်း တော်တော်များနေတော့ ဆိုင်ရဲ့ အပြင်ဖက် သဲပြင်ပေါ်က စားပွဲတွေမှာ ထိုင်ခွင့်မပြုဘူး။ ဆိုင်ထဲမှာပဲ ထိုင်ပါတဲ့။ မှန်းချက်နဲ့ နှမ်းထွက် လွဲရပြန်တယ်။ ကျွန်မတွေးထားတာက ကမ်းစပ် သဲပြင်ပေါ်မှာ လေတဖြူးဖြူးနဲ့ အုန်းရည်သောက်ရင်း စားရမဲ့ ပင်လယ်စာ ညစာ။ အခုတော့ ဆိုင်ထဲမှာပဲ လုံလုံခြုံခြုံစားရမဲ့ ညစာပေါ့။ နည်းနည်း ညစ်သွားတဲ့ စိတ်တွေကို ချက်ချင်း ပြန်လည်လှပ ပျော်ရွှင်သွားအောင် ဘယ်လိုအရာမျိုးက စွမ်းဆောင်နိုင်ပါသလဲ…။ ကျွန်မ ထိုင်ရမဲ့ စားပွဲကို အရောက်မှာ ကျွန်မ ချက်ချင်း ပျော်ရွှင်သွားတာ။ ကြည့်ပါဦး နှင်းဆီနီတွေ…။
(ပျော်ရွှင်မှုဆိုတာ အနီရောင်နှင်းဆီတွေကို မထင်မှတ်ပဲ တွေ့လိုက်ရတဲ့အချိန်)

စားပွဲမှာ နေရာယူလိုက်ပြီးတော့ ပင်လယ်စာတွေ မှာဖို့ ဆိုင်အပြင် တနေရာကို လာကြည့်ပါလို့ ခေါ်တယ်။ ကျွန်မ သိလိုက်တယ် သူတို့ မှန်ပုံးထဲက အကောင်အရှင်တွေကို ပြတော့မှာ။ ဒါနဲ့ လိုက်မကြည့်တော့ပဲ ပင်လယ်စာ အစုံပါတဲ့ ဟင်းပွဲတစ်ပွဲ ပေးပါလို့ပဲ အလွယ်တကူ မှာလိုက်တယ်။ ပြီးတော့ အုန်းသီးတစ်လုံး။ စားပွဲပေါ်က နှင်းဆီနီတွေက ကျွန်မစိတ်ကို အင်မတန် ပျော်ရွှင် ချမ်းမြေ့စေတာပဲ။ တခဏကြာတော့ ပုဇွန် ဂဏန်း ငါး ခရု နဲ့ လော့ဘ်စတာတွေ ပါတဲ့ ဟင်းပွဲ ရောက်လာတယ်။ ပြီးတော့ ပိုက်တစ်ချောင်းနဲ့ ဇွန်းတစ်ချောင်း စိုက်ထားတဲ့ အုန်းသီးစိမ်းတစ်လုံးလည်း ရောက်လာတယ်။ အုန်းရည်ကို တစ်ငုံသောက်ကြည့်လိုက်တော့… ချိုလိုက်တာ။
(ပုဇွန် ဂဏန်း ငါး ခရု နဲ့ လော့ဘ်စတာတွေ ပါတဲ့ နာမည်ကျော် Jimbaran Bay က ညစာ)
(အုန်းရည်ချိုချို)

ပင်လယ်စာ စားစရာတွေက အတော်လေး အရသာရှိတယ် လို့ ကောက်ချက်ချရတာ စိတ်ထဲမှာ သိပ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် မှာထားပြီးမှတော့ စားရမှာပေါ့ဆိုပြီး စားနေတယ်။ စားနေတုန်းမှာ ကျွန်မအနားမှာ ဂစ်တာသံတွေ ရုတ်တရက် ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ ဂစ်တာကိုယ်စီနဲ့ အမျိုးသား သုံးယောက်။ ကျွန်မကို ဘယ်နိုင်ငံက လာသလဲ လို့ မေးကြတယ်။ မြန်မာပြည်က လာပါတယ်လို့ ပြောလိုက်တော့ သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းကုတ်သွားကြတာကို ကျွန်မ မျက်နှာတဖက်လှည့်ပြီး ကြိတ်ရယ်မိတယ်။ ဘယ်ရမလဲ… ကျွန်မ ဘာလီကို မလာခင်ထဲက ဒီအကြောင်းတွေ သိထား ကြားထားပြီးသား။ စားနေရင်းမှာ ဂစ်တာတွေနဲ့ အနားကို ရောက်လာပြီး ဧည့်သည်တွေကို ဘယ်နိုင်ငံက လာလည်ပါသလဲ မေး... ပြီးရင် နိုင်ငံအလိုက် နာမည်ကျော် သီချင်းတွေ၊ တရုတ်သီချင်း၊ ကုလားသီချင်း၊ ဘာသီချင်း ညာသီချင်း တွေကို ဆိုပေးနေကျ ပြီးရင် အလှူခံနေကျလေ။

အဲဒါကို ကျွန်မက မြန်မာပြည်က လာပါတယ်လို့ ပြောလိုက်တော့ သူတို့ ခေါင်းကုတ်တာပေါ့။ သူတို့တွေက မြန်မာသီချင်းမှ မဆိုတတ်တာကိုး။ ကျွန်မက သူတို့ကို ပေစောင်းစောင်းနဲ့ ပြန်လှည့်ကြည့်ပြီး ငါက မြန်မာလူမျိုး… ဒီတော့ မြန်မာသီချင်းတစ်ပုဒ်လောက် ဆိုပြပါလား လို့ ထပ်ပြောလိုက်တယ်။ ကျွန်မစကားဆုံးတော့ သူတို့ထဲက ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ တစ်ယောက်က ဆောရီး လို့ တောင်းပန်တယ်။ ပြီးတော့ ကျွန်မကို ကြောက်လို့နေမယ်… အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ကပျာကယာ ကောက်တီးတော့တာပဲ။ ကျွန်မလည်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားပြီး သီချင်းဆုံးတော့ သူတို့ ဦးထုတ်လေးထဲကို အလှူငွေ ထည့်လိုက်ပါတယ်။ သူတို့ကလည်း ကျွန်မ ဆက်ရစ်မှာ ကြောက်လို့ ထင်ပါရဲ့… ကျေးဇူးတင်စကားတောင် ခပ်မြန်မြန်ပြောပြီး ကျွန်မ အနားက ပြေးကြတော့တယ်။ ဒါကြောင့် မြန်မာနိုင်ငံဆိုတာ သိသလား ဘာ ညာ နဲ့ ဆက်ရစ်စရာ အချိန်မရလိုက်ဘူး။ :D
(မြန်မာသီချင်းမရတဲ့ အဆိုတော် သုံးယောက်)

သီချင်းဆိုတာ နားထောင်ပြီးတော့ စားစရာရှိတာ ဆက်စားတယ်။ အုန်းရည်သောက်တယ်။ အပြင်ဖက် ကမ်းခြေကို လှမ်းကြည့်လိုက်တော့ အလင်းရောင် နည်းနေပြီ။ ဒါပေမဲ့ ဓါတ်ပုံရိုက်ချင်နေသေးတဲ့ စိတ်ကတော့ ရှိနေတုန်းပဲ။ ကျွန်မစိတ်ကို သိနေတဲ့အလား… ဆိုင်က ဘာလီသူလေးတစ်ယောက်က လာပြောတယ်။ လေ တအားပြင်းတယ် ပြီးတော့ ပင်လယ်လေဖြစ်နေတာမို့ ဆားဓါတ်ပါတဲ့ သဲမှုန်တွေကြောင့် ကင်မရာ ပျက်စီးနိုင်တယ် တဲ့။ ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်လို့ ပြောပြီး ဓါတ်ပုံရိုက်ဖို့ အစီအစဉ်ကို လက်လျှော့လိုက်ရတယ်။

နာရီကိုကြည့်လိုက်တော့ ည ရှစ်နာရီ ထိုးဖို့ ဆယ်မိနစ်။ စိတ်ရှည်လက်ရှည် သဘောကောင်းကောင်းနဲ့ စောင့်နေပေးတဲ့ ကားဆရာကြီးကို အားနာစိတ်နဲ့ ဘယ်မှ မ၀င်တော့ပဲ ဟိုတယ်ကို ပြန်လာခဲ့တယ်။ သူကတော့ ပြောပါတယ်။ ဘယ်သွားချင်သေးလဲ ဘာဝယ်ချင်သေးလဲ တဲ့။ တော်ပါပြီ ဘယ်မှ မသွားနိုင်တော့ပါဘူး တကယ်တော့ ကျွန်မကိုယ်တိုင်လည်း တော်တော်ပင်ပန်းနေပါပြီ။ ဟိုတယ်ကို ပြန်ရောက်၊ ကားဆရာကြီးကို ကျသင့်ငွေ ပေးရင်း စိတ်ချ လုံခြုံတဲ့ သုံးရက်တာ ခရီးစဉ်အတွက် ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ရတယ်။ မနက်ဖြန် မနက်ဆို ကျွန်မ ပြန်ရတော့မယ်။ မနက်စောစော လေယာဉ်ကွင်းဆင်းဖို့တော့ ဟိုတယ်က ကားစီစဉ်ပေးထားတယ်။

အခန်းကိုပြန်ရောက်တော့ အ၀တ်တွေ သိမ်းရတယ်၊ ၀ယ်ထားတဲ့ တိုလီမိုလီတွေ ပစ္စည်းတွေ သိမ်းရတယ်။ ကင်မရာ ဖုန်း အားသွင်းတဲ့ ကြိုးတွေကိုလည်း မမေ့မလျော့ သိမ်းရတယ်။ ပစ္စည်းတွေ သိမ်းနေရင်းက တခုခုလိုနေသလို ခံစားရတယ်။ ကျွန်မလိုနေတာ ဘာလီက ကော်ဖီခါးခါးတစ်ခွက်ပဲ လို့ သိလိုက်တဲ့အချိန်မှာ ကျွန်မ ပိုက်ဆံအိတ်သေးသေး တစ်ခုကို ယူပြီး အောက်ကို ခပ်သွက်သွက် ပြေးဆင်းလာခဲ့တယ်။ ကော်ဖီ သောက်ချင်တယ်… ကော်ဖီ သောက်ချင်တယ် လို့တောင် ပါးစပ်က ရွတ်နေမိသေးတယ်။ ကူတာလမ်းတလျှောက်ကတော့ စည်ကားနေတုန်းပဲ။ ကင်မရာပါမလာတော့ ဖုန်းနဲ့ပဲ ဓါတ်ပုံ နည်းနည်း ရိုက်ခဲ့တယ်။ သိပ်တော့ ကောင်းလှဘူး။
(ဆိုင်ကယ်တွေ တန်းစီနေတဲ့ ကူတာရဲ့ ညရှုခင်း)

စတားဘတ်ခ်ကော်ဖီဆိုင်ကို ရောက်ဖို့ တော်တော်လျှောက်ရဦးမယ်လို့ ထင်တယ်။ အချိန်ကလည်း သိပ်မနည်းတော့တာမို့ ရှေ့မှာ တွေ့နေရတဲ့ ကော်ဖီဆိုင်လေးတွေထဲက လူနည်းနည်းရှင်းတဲ့ ဆိုင်တစ်ဆိုင်ကို ရွေးလိုက်တယ်။ ကော်ဖီတစ်ခွက်မှာပြီး ဟိုကြည့်ဒီကြည့် ကြည့်လိုက်တော့ မျက်နှာကြက်က မီးဆိုင်းတွေက မြင်ကွင်းထဲကို တည့်တည့် ၀င်လာကြတယ်။
(ကော်ဖီဆိုင် မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့ မီးဆိုင်းတွေ)

အလိုရှိတဲ့အတိုင်း ကော်ဖီကို ခပ်မြန်မြန်သောက်လိုက်တယ်။ ပြီးတော့ ဟိုတယ်ကို ပြန်လာခဲ့တယ်။ ခုနက သိမ်းထားတဲ့ ပစ္စည်းတွေနဲ့ ခရီးဆောင်သေတ္တာကို တချက်ပြန်စစ်၊ ပြီးတော့ ရေချိုးလိုက်တယ်။ မနက် ထရမဲ့အချိန်ကို ဖုန်းထဲမှာ နှိုးစက်ပေးရင်း မနက်ဖြန် ကိုယ် ပြန်လာပြီ တွေ့ကြမယ်နော်လို့ စာအတိုလေး ပို့လိုက်ပြီး အိပ်ရာဝင်ခဲ့တယ်။ အိပ်မက်ထဲမှာတော့ ငွေမင်ရောင် အနားသတ်နဲ့ တိမ်လိပ်တွေကို စက္ကူဖြူတစ်ရွက်လို သဘောထားပြီး စာလုံးတွေ ပြန့်ကျဲအောင် ရေးနေမိတာ။

မနက်စောစော အိပ်ရာကနိုး၊ လုပ်စရာရှိတာ မြန်မြန်သွက်သွက်လုပ်ပြီး ဟိုတယ်က စီစဉ်ပေးထားတဲ့ ကားနဲ့ မနက်အစောကြီး လေဆိပ်ကို ရောက်လာခဲ့တယ်။ လေယာဉ်ချိန်ရောက်ဖို့ နည်းနည်းလိုနေသေးတာနဲ့ မနက်စာ စားဖြစ်တယ်။ မျှော်လင့်မထားပေမဲ့ အနီရောင်ပန်းအိုးလေးတစ်အိုးက စားပွဲပေါ်မှာ အသင့် စောင့်ကြိုနေတယ်။ လိုနေသေးတဲ့အချိန် နှစ်နာရီနီးပါးကို ကော်ဖီသောက် မုန့်စားပြီး စောင့်ရတယ်။ လေဆိပ်မှာ အင်တာနက်သုံးလို့ရတော့ အချိန်ကုန်အောင် လုပ်ဖို့ နည်းနည်းပိုလွယ်သွားတယ်။
(လှပတဲ့ မနက်ခင်းတစ်ခုကို ကော်ဖီတစ်ခွက်နဲ့ အစပြုခဲ့…)
(လှပတဲ့ မနက်ခင်းတစ်ခုကို အနီရောင် ပန်းပွင့်တွေနဲ့ အစပြုခဲ့…)

အစစ အရာရာ အဆင်ပြေ ပြည့်စုံပြီး ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုပဲလို့ တွေးရင်း အိမ်ကို ပြန်လာရတယ်။ အပြန်ခရီးတို့ရဲ့ ထုံးစံအတိုင်း နည်းနည်းတော့ လွမ်းစရာကောင်းတာပေါ့လေ။ ဒါပေမဲ့လည်း အိမ် ဆိုတဲ့ အသိရယ်၊ စောင့်ကြိုနေမှာ သေချာတဲ့ နှင်းဆီနီတွေရယ်ကြောင့် ကျွန်မ ပေါ့ပါး ပျော်ရွှင်နေခဲ့ပါတယ်။
(အပြန်ခရီး…)
(လေယာဉ်ပြတင်းပေါက်က မြင်နေရတဲ့ တိမ်လိပ်တွေကို ငေးမောရင်း…)

နေရာဒေသ အသစ်အဆန်း၊ ယဉ်ကျေးမှု အနုအလှလက်ရာတွေနဲ့ တောတောင်ရေမြေ သဘာဝရဲ့ သာယာလှပမှု၊ ထူးခြား ဆန်းပြားမှုတွေထဲမှာ သုံးရက်ကြာ နေထိုင်ခဲ့ရတာ အိပ်မက်ဆန်းတစ်ခု မက်ခွင့်ရသလိုပါပဲ။ နောက်ထပ်လည်း အခုလို လှပဆန်းပြားတဲ့ အိပ်မက်၊ နှင်းဆီအနီတွေ ဝေဆာနေတဲ့ အိပ်မက်မျိုးကို အကြိမ်ကြိမ် မက်ခွင့်ရဖို့ မျှော်လင့်ရင်း၊ လေယာဉ်ပြတင်းပေါက်က မြင်နေရတဲ့ တိမ်လိပ်တွေကို ငေးမောရင်း ကျွန်မ အိမ်ကို ပြန်လာခဲ့ပါတယ်။

သက်ဝေ
(၈ အောက်တိုဘာ ၂၀၁၅)

ကျေးဇူးတင်စကား -
အလွန်သွားချင်လှတဲ့ ဘာလီခရီးကို ဖြစ်အောင် စီစဉ်ပေးခဲ့တဲ့ ကျွန်မ အမျိုးသားကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီခရီးစဉ်အကြောင်းကို ရိုးရိုးခရီးသွားပိုစ့်တစ်ခုလို မဟုတ်ပဲ ရသ အနည်းငယ်ပါအောင် ရေးဖို့ အကြံပေး အားပေး တိုက်တွန်းခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ပိုင်းနဲ့တစ်ပိုင်း ကြားထဲမှာ အချိန်တွေ ကြာနေတာကို သည်းခံပြီး လာဖတ်ပေးကြတဲ့ စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်။

Tuesday, October 6, 2015

လ က် ထ ပ် ပြီး စ အ ချိ န် နှ င့် ေ ငြ ေ ၾက း စီ မံ ခ န့် ခွဲ မှု

တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှပြီး ဘ၀တစ်ခုအဖြစ် ပေါင်းစည်းထူထောင်ကြတဲ့အချိန်မှာ နောက်ထပ် အရေးကြီးတဲ့ ပေါင်းစည်းစရာတစ်ခု ကျန်ရှိနေပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ့်ရဲ့ လက်ရှိ လစဉ်ဝင်ငွေတွေကို အတူတကွ ပူးပေါင်းကြဖို့ပါ။ ဒီနေရာမှာ တစ်ယောက်နဲ့တစ်ယောက် ၀င်ငွေမညီမျှမှုဟာ အရေးမကြီးပါဘူး။ အရေးကြီးတာက သွေးမတော် သားမစပ် သူစိမ်းနှစ်ယောက် တစ်ဘ၀စာ လက်တွဲကြတဲ့အခါ တစ်ယောက်ကို တစ်ယောက် မေတ္တာစစ်နဲ့ ချစ်ခင်ဖို့၊ နားလည်မှုရှိဖို့သာမက ငွေကြေးသုံးစွဲမှုနဲ့ စီမံခန့်ခွဲမှုတွေမှာလည်း ပွင့်လင်းမှုရှိကြဖို့ပါ။ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားနေရတဲ့ ဇနီးမောင်နှံတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုတွေထဲမှာ ငွေကြေးကိစ္စဟာ အကြီးမားဆုံးပြဿနာတစ်ခု ဖြစ်နေတတ်ပါတယ်။ အဲဒီလိုဖြစ်ရတာတွေဟာ ငွေကြေး ဆင်းရဲတာ ချမ်းသာတာထက် တစ်ယောက်ကို တစ်ယောက် ပွင့်လင်းမြင်သာ မရှိတာ၊ စိတ်ချယုံကြည်မှု မရှိတာတွေနဲ့ သံသယတွေအပေါ်မှာ အများကြီး အခြေခံနေတာ တွေ့ရပါတယ်။ တချို့ဆို လက်မထပ်ရသေးခင် အချိန်မှာတောင် ငွေကြေးကိစ္စကြောင့် စကားပြော အဆင်မပြေတွေဖြစ်ပြီး ပြဿနာတွေ ဖြစ်တတ်ကြသေးတယ်။ ဒါကြောင့် အခုမှ လက်ထပ်ပြီး အိမ်ထောင်တစ်ခု၊ ဘ၀ခရီးလမ်းတစ်ခုကို အစပြုလျှောက်လှမ်းကြမဲ့ ဇနီးမောင်နှံတို့အတွက် ငွေကြေးသုံးစွဲမှု၊ စီမံခန့်ခွဲမှုတို့နဲ့ ပတ်သက်ပြီး သတိပြုသင့်တဲ့ အချက် အနည်းငယ်ကို ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြချင်ပါတယ်။


ပထမအချက်ကတော့ အပေါ်မှာ ပြောခဲ့သလို နှစ်ဦးစလုံးရဲ့ လစဉ်ဝင်ငွေ ဘယ်ရွေ့ ဘယ်မျှဆိုတာကို မှတ်သားပြီး အကောင့်တစ်ခုထဲမှာ အတူတကွ ပေါင်းစည်းလိုက်ဖို့ပါ။ အဲဒီလို ပေါင်းစည်းလိုက်မှသာ နှစ်ယောက်ပေါင်း တစ်လအတွက် ၀င်ငွေ၊ ထွက်ငွေနဲ့ အသုံးစရိတ်တွေကို ချင့်ချိန် ညှိနှိုင်းလို့ရမှာ ဖြစ်တယ်။ ကျွန်မတို့ဆီမှာ အဓိက ပြဿနာရှိတာကတော့ ဘဏ်တွေက ဖောဖောသီသီပေးထားတဲ့ အကြွေးဝယ်ခွင့် ကဒ်ပြားတွေပါ။ လက်မှတ်ကလေး တစ်ချက်ထိုးလိုက်ရုံ၊ ဂဏန်းလေးတွေ နှိပ်လိုက်ရုံနဲ့ အလုပ်ဖြစ်၊ သုံးစွဲရတာ အင်မတန်လွယ်ကူ သက်သာပြီး ကိုယ်ဘယ်လောက် သုံးလိုက်လို့ သုံးလိုက်မိမှန်း မသိသာစေတဲ့ အဲဒီ အကြွေးဝယ်ခွင့်ကဒ်တွေဟာ ငွေကြေးစီမံခန့်ခွဲမှုအတွက် အင်မတန် ကြီးမားတဲ့ အနှောက်အယှက်တွေ ဖြစ်တာမို့ သတိကြီးကြီးထားပြီး သုံးစွဲသင့်ပါတယ်။ ဒါကြောင့်မို့ အဲဒီကဒ်တွေကို အကုန် ထုတ်၊ အသေအချာ စီစစ်ပြီး သိပ်အသုံးမလိုလှတဲ့ ကဒ်၊ နှစ်ယောက်စလုံးမှာ တစ်ယောက် တစ်ကဒ် ဆင်တူ ဖြစ်နေတဲ့ကဒ်တွေနဲ့ နှစ်စဉ်ကြေး ပေးရတာ များနေတဲ့ ကဒ်တွေကို အရင်ဆုံး ရှင်းပစ်ဖို့ လိုပါလိမ့်မယ်။ 

ဒုတိယအဆင့်အနေနဲ့ တစ်လ တစ်လကို ပုံမှန် ပေးရမဲ့ အသက်အာမခံ၊ ဆေးကုသစရိတ် အာမခံ၊ အိမ်ဖိုး၊ ကားဖိုး… အဲဒီ ကုန်ကျစရိတ်တွေအတွက် ပိုက်ဆံ သတ်သတ် ဖယ်ထားလိုက်ပါ။ ဒီမှာတော့ အိမ်နဲ့ကားကို လစဉ် အရစ်ကျ အကြွေးဝယ်စနစ်နဲ့ ၀ယ်ထားကြရတာမို့ တစ်လကို ဘယ်လောက်ပေးရမယ်ဆိုတာ သတ်သတ်မှတ်မှတ် ရှိတယ်။ အဲဒါပြီးရင်တော့ မကုန်မဖြစ် ကုန်ရမဲ့ တစ်လစာ မီတာခ၊ ရေဖိုး မီးဖိုး၊ တယ်လီဖုန်း အင်တာနက် လစဉ်ကြေးနဲ့ ၀င်ငွေခွန်တွေအပြင် လစဉ်ပုံမှန်လှူဒါန်းနေတဲ့ နေရာတချို့နဲ့ လူမှုရေးအသင်းအဖွဲ့တွေ ရှိခဲ့ရင် အဲဒီအတွက် ကုန်ကျမဲ့ငွေကို ဖယ်ထုတ်လိုက်ပါ။ ကျွန်မတို့နှစ်ယောက်ကတော့ အဲဒါတွေအပြင် ရသမျှ လခရဲ့ နှစ်ရာခိုင်နှုန်းကို လှူဖို့ဆိုပြီး သတ်သတ် ဖယ်ထားလေ့ရှိပါတယ်။ ဘုရားစင်မှာ ဗူးကလေးတစ်ခုနဲ့ သီးသန့် ထားပါတယ်။ နှစ်ရာခိုင်နှုန်းထဲမို့ နည်းလိုက်တာလို့ မထင်လိုက်ပါနဲ့၊ လစဉ်သာ မှန်မှန် စုသွားပါ။ လှူစရာ တန်းစရာ လိုအပ်လာတဲ့အချိန်မှာ အမြဲ လုံလောက်နေတတ်ပါတယ်။ 

တတိယအဆင့်အနေနဲ့ အိမ်တွင်း အသုံးစရိတ်ကို တစ်လ ဘယ်လောက် ဆိုပြီး ခန့်မှန်း သတ်မှတ်လိုက်ပါ။ အဲဒီ အိမ်အသုံးစရိတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်လစာ အသား ငါး ဟင်းသီးဟင်းရွက်၊ သစ်သီး ကြက်ဥ ပေါင်မုန့် နွားနို့ စတဲ့ အစားအသောက်ကုန်တွေနဲ့ မီးဖိုချောင်သုံး သန့်ရှင်းရေး ပစ္စည်းတွေ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ တစ်ရှူး အစရှိတဲ့ အိမ်သုံးပစ္စည်း ၀ယ်ဖို့တွေ ပါဝင်ပါတယ်။ ကျွန်မကတော့ အဲဒါတွေကို အကြွေးဝယ်ကဒ်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး ဘယ်မှာပဲ ၀ယ်ဝယ် အဲဒီကဒ်ကိုပဲ သုံးပြီး ၀ယ်ပါတယ်။ ဒီတော့ တစ်လကို ဘယ်ဆိုင်မှာ ဘယ်နှစ်ခါ ၀ယ်တယ်၊ စုစုပေါင်း ဘယ်လောက် ကုန်တယ်ဆိုတာ စာရင်းလုပ်စရာမလိုပဲ နှစ်ယောက်စလုံး အလွယ်တကူ ပြန်ကြည့်နိုင်ပါတယ်။ ပြီးတော့ တချို့ရက်တွေမှာ ညနေစာတွေ အပြင်ထွက်စားတာ၊ ရုံးပိတ်ရက်မှာ ရုပ်ရှင်ကြည့်တာ၊ ကော်ဖီသောက်တာ အစရှိတဲ့ အပျော်အပါးကိစ္စတွေအတွက်ကို တစ်လ ဘယ်နှစ်ခါဆိုပြီး မှန်းခြေလေး သတ်မှတ်ပြီး အဲဒီအသုံးစရိတ်ထဲ ပေါင်းထည့်ထားနိုင်ရင် ပိုကောင်းတာပေါ့။

အဲဒါတွေ ပြီးရင်တော့ တစ်ယောက်ချင်းစီ တစ်လကို အသေးသုံး ဘယ်လောက်သုံးမယ် ဆိုတာကို သတ်မှတ်ပါ။ အသေးသုံးဆိုတဲ့နေရာမှာ ရုံးတက်ရတဲ့ရက်တွေမှာ နှစ်ယောက်စလုံး (ထမင်းဗူး မယူဘူးဆိုရင်) နေ့လည်စာ အပြင်မှာ စားတဲ့ စရိတ်၊ မုန့်ဖိုး၊ မိန်းကလေးဆိုရင် ဆံပင်ညှပ်တာ၊ လက်သည်းအလှပြင်တာ၊ တကိုယ်ရေ အလှကုန်ပစ္စည်းတချို့နဲ့ အ၀တ်အစားတို့ ဖိနပ်တို့ အတိုအထွာတွေ ၀ယ်တာမျိုးပေါ့။ ယောက်ျားလေးဆိုရင်တော့ သူ ကြိုက်တဲ့ အီလက်ထရွန်းနစ်ပစ္စည်းတို့ တခြား သူဝါသနာပါရာ ပစ္စည်းအတိုအထွာတွေ ၀ယ်တာမျိုးနဲ့ တချို့လတွေမှာ အ၀တ်အစား ၀ယ်တာမျိုးပေါ့။ အိမ်မှာတော့ ကျွန်မ အမျိုးသားက မော်တာတွေ၊ အင်ဂျင်ပိစိလေးတွေနဲ့ အပြင်မှာ လွှတ်လို့ရတဲ့ ရီမုတ်ကွန်ထရိုး လေယာဉ်ပျံလေးတွေ၊ အဲဒီလေယာဉ်တွေ နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ သူ့ ငါးကန်အတွက် လိုသမျှ ပစ္စည်းတွေ၊ သစ်ပင်တွေ ၀ယ်လေ့ရှိတယ်။ အ၀တ်အစားဝယ်ဖို့ကိုတော့ လေး ငါးလကြာမှ တစ်ခါ အတင်း တိုက်တိုက်တွန်းတွန်းနဲ့ ၀ယ်ခိုင်းရတတ်တယ်။ ကျွန်မလို စွတ်ကယ် စွတ်ကယ်နဲ့ တွေ့တိုင်း ၀ယ်လေ့မရှိဘူး။

အဲဒါတွေအားလုံး ဖယ်ပြီးရင်တော့ နှစ်ယောက်ပေါင်းဝင်ငွေထဲက ဘယ်လောက်ကုန်သွားပြီလဲ၊ ဘယ်လောက် ပိုသလဲ၊ ဒါမှမဟုတ် ကွက်တိပဲလား… အစရှိတာတွေကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါပြီ။ တစ်လစာ မကုန်မဖြစ် ကုန်ရမှာတွေကို မြင်ရပြီးတဲ့အတွက် ကျန်တဲ့ အသုံးစရိတ်တွေကို လိုတိုးပိုလျှော့ လုပ်လို့ ရပါပြီ။ ဘယ်လောက် သုံး၊ ဘယ်လောက် ကျန်လို့ ဘယ်လောက် စုကြမလဲ၊ တစ်လကို အနည်းဆုံး ဘယ်လောက် စုနိုင်မလဲ ဆိုတာကိုလည်း ခန့်မှန်းလို့ ရသွားပါပြီ။ အဲဒီပေါ်မှာ မူတည်ပြီး နှစ်ဖက်မိဘတွေကို တစ်နှစ် ဘယ်လောက် ကန်တော့နိုင်မယ်၊ တစ်နှစ်ကို အနီးအနား ခရီးတိုလေး ဘယ်နှစ်ခု သွားနိုင်မယ်၊ တနှစ်ကို စတော့ခ် ရှယ်ယာ ဘယ်လောက်ဖိုးလောက် ရင်းနှီးမြှုပ်နှံနိုင်မယ်၊ အသက်ကြီးလာချိန်၊ အလုပ်က အငြိမ်းစားယူချိန်မှာ သုံးစွဲဖို့ ရည်ရှည်စုဆောင်းငွေ တစ်လကို ဘယ်လောက် သတ်မှတ်ပြီး စုဆောင်းနိုင်မယ် အစရှိတာတွေကိုလည်း ခန့်မှန်းခြေ တွက်ချက်လို့ ရပါပြီ။ 

အသေးစား အိမ်ပြင်တာ၊ ထမင်းစားစားပွဲ၊ ဆိုဖာ အစရှိတဲ့ အိမ်ထောင်ပရိဘောဂ အသစ်ဝယ်တာ၊ လက်ဝတ်လက်စား နည်းနည်းပါးပါး ၀ယ်တာ၊ တီဗီ အသစ်လဲတာ၊ ကော်ဖီဖျော်စက်၊ အသီးဖျော်စက်တွေလို မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းတွေ… အဲဒါတွေကိုတော့ ကျန်ရှိနေတဲ့ ဘတ်ဂျက်ထဲကနေ ချိန်ဆပြီး အဆင်ပြေသလို ကြည့်သုံးကြတာပေါ့။ အဲဒီလို ကိုယ်လိုချင်တာလေးတွေ၊ အိမ်အတွက် တကယ်လည်း လိုအပ်မယ် ထင်တာလေးတွေကို စာရင်းမှတ်ထားပြီး တကယ် လို မလို နှစ်ခါလောက် ပြန်စဉ်းစားလိုက်ရင် ၀ယ်သင့် မ၀ယ်သင့် ချင့်ချိန်လို့ ရသွားတတ်တယ်။ စတိုးဆိုင်ကြီးတွေကို ရောက်သွားတိုင်း ကျွန်မက အိမ်အလှဆင်တဲ့ပစ္စည်း တိုတိုထွာထွာတွေ၊ ဖယောင်းတိုင်ရောင်စုံတွေ၊ ဖန်ပန်းအိုးတွေနဲ့ ပန်းကန် လှလှတွေ ၀ယ်ချင်လေ့ရှိပြီး အမျိုးသားကတော့ အမျိုးအစားကောင်းတဲ့ မီးဖိုချောင်သုံးပစ္စည်း ဒယ်အိုးတို့၊ ဒါးတို့၊ ဇွန်း ခက်ရင်းတို့၊ မီးလုံး မီးဆိုင်းလှလှတို့ အဲဒါမျိုးတွေကို ၀ယ်ချင်လေ့ရှိပါတယ်။ 

ပန်းချီကား၊ စာအုပ်စင်၊ စားပွဲနဲ့ အလှအပလေးတွေ တင်တဲ့ စင်မျိုးကိုတော့ နှစ်ယောက်စလုံး တိုင်ပင်နေစရာမလို အချိန်မဆိုင်းပဲ ၀ယ်ချင်လေ့ရှိကြတယ်။ Ikea လို အိမ်နဲ့ပတ်သက်တဲ့ အလှဆင် ပစ္စည်းတွေ၊ ပရိဘောဂတွေ ရောင်းတဲ့ ဆိုင်မျိုးရောက်ရင် တစ်ယောက်ကို တစ်ယောက်က အပြန်အလှန် ထိန်းနိုင် သိမ်းနိုင်၊ ဆွဲနိုင် တားနိုင်မှ တော်ရုံကျတယ်။ မဟုတ်လို့ကတော့ အိမ်အလှပြင်ပစ္စည်း အသစ်တွေ၊ လှတပတတွေမြင်ရင် စိတ်တူကိုယ်တူ ၀ယ်မယ်ဆိုတာချည်းပဲ။ တခါတခါကျ ကိုယ်က လိုမယ် ထင်လို့၊ ကိုယ်လိုချင်လို့ ၀ယ်လိုက်တာပေမဲ့ တကယ်တမ်းမှာ အသုံးမတည့်လို့ ချောင်ထိုးထားရတဲ့ ပစ္စည်းတွေ ရှိနေတတ်တယ်။ ဒါကြောင့် မ၀ယ်ခင် နှစ်ခါပြန် စဉ်းစားဖို့ လိုကို လိုအပ်ပါတယ်။ တချို့ပစ္စည်းတွေက အခုချက်ချင်းဝယ်ဖို့၊ အရင်စလို ၀ယ်ဖို့ မလိုအပ်သေးဘူးဆိုရင် နှစ်လည်ဈေးရောင်းပွဲတို့၊ နှစ်ကုန် ဒီဇင်ဘာ ဇန်န၀ါရီ နဲ့ တရုတ်နှစ်သစ်ကူး လျှော့ဈေးနဲ့ ရောင်းတဲ့ ကာလတွေကို စောင့်ပြီး ၀ယ်သင့်ပါတယ်။ 

ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အရေးပေါ်အသုံးစရိတ်အဖြစ် ကိုယ့်တစ်လတာ ကုန်ကျစရိတ်ရဲ့ သုံးဆကနေ ခြောက်ဆအထိ လက်ထဲမှာ အသင့်ဆောင်ထားနိုင်ရင် ကောင်းတယ်လို့ သိရတယ်။ သဘောကတော့ အပေါ်မှာတွက်ပြခဲ့တဲ့ မကုန်မဖြစ်တွေရယ်၊ အိမ်စရိတ်၊ ကိုယ့်ရဲ့ အသေးသုံးစရိတ်တွေရယ် ပေါင်းလိုက်လို့ တစ်လကို လေးထောင် ရှိတယ်ဆိုပါစို့… အဲဒါဆို ကိုယ့်လက်ထဲမှာ ပျမ်းမျှ တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ကို အရေးပေါ်အသုံးစရိတ်အဖြစ် သီးသန့်ဆောင်ထားနိုင်ဖို့ပါ။ တခါတခါမှာ ကုန်ကျစရာတွေဟာ ကိုယ်မျှော်လင့်မထားတဲ့နေရာကနေ သူ့အလိုလို ပေါ်လာတတ်ကြတယ် မဟုတ်လား။ ကျန်းမာရေး၊ လူမှုရေး၊ သာရေး နာရေး စတဲ့ အထွေထွေကိစ္စတွေ ကြုံလာရရင်၊ ရုတ်တရက် များများစားစား ကုန်ကျစရာတွေ ပေါ်လာခဲ့ရင် လစဉ်ကုန်ကျစရိတ်ကို မထိခိုက်စေပဲ အဲဒီ အရေးပေါ်အသုံးစရိတ်ထဲကနေ သုံးနိုင်တာဟာ ကောင်းတဲ့ အချက်တစ်ခုပါ။ ဒါကြောင့် အရေးပေါ်အသုံးစရိတ်ကို သီးသန့် တွက်ချက်ပြီး ဖယ်ထားသင့်ပါတယ်။ ကျွန်မတို့ကတော့ နှစ်ယောက်နာမည်နဲ့ ပူးတွဲအကောင့်တစ်ခု ဖွင့်ပြီး အရေးပေါ်အသုံးစရိတ် ထားပါတယ်။ တကယ် အရေးပေါ် မလိုအပ်မချင်း မထိရ ဆိုတဲ့ အကောင့်ပေါ့။

အခုလို နှစ်ယောက်စလုံးရဲ့ လစဉ်ဝင်ငွေတွေကို ပေါင်းစည်းပြီး တစ်လအတွက် ၀င်ငွေ၊ ထွက်ငွေနဲ့ အသုံးစရိတ်ကို ချင့်ချိန် ညှိနှိုင်းလိုက်တဲ့ အကျိုးကတော့ ကုန်ကျစရိတ် တစ်ခုခုပေါ်လာရင် သူပေး ငါပေးနဲ့ အငြင်းပွားစရာ မလိုတော့ဘူး။ ပြီးတော့ ဘယ်သူက ပိုက်ဆံကိုင်ရမယ်၊ ဘယ်သူက စီမံခန့်ခွဲရမယ် ဆိုတဲ့ ကိစ္စမျိုးတွေ၊ ဘယ်သူက ဘယ်လောက်သုံးတယ်၊ သူသုံးတာ များတယ် ကိုယ်သုံးတာ နည်းတယ် စတဲ့ ပြဿနာမျိုးတွေ မရှိတော့ဘူး။ ကုန်ကျစရိတ်တွေ အားလုံးအပေါ်မှာ နှစ်ဦးသား တန်းတူညီတူ တာဝန်ရှိပြီး အနည်းအများနဲ့ အတိုးအလျော့ကိုလည်း သတိထားနိုင်သွားပါတယ်။ တချို့အိမ်ထောင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီအိမ်ထောင်မှာ ဘယ်သူက ငွေကိုင်ရတယ် ဆိုတာမျိုး၊ ဘယ်သူက ဘယ်သူ့ဆီက လက်ဖြန့်တောင်းသုံးရတယ် ဆိုတာမျိုး၊ တစ်ယောက်ကို တစ်ယောက် မသိအောင် တိတ်တိတ် သိမ်းထားတဲ့ငွေတွေ (ဘတ်ငွေတွေ) ရှိနေတတ်တယ် ဆိုတာမျိုး… အဲလိုကိစ္စတွေ မရှိတော့ပါဘူး။

လက်ထပ်ပြီးစ ဇနီးမောင်နှံတွေဟာ တစ်နှစ်လုံးအတွက် ကိုယ့်ရဲ့ ငွေကြေးအခြေအနေကို ထင်ထင်ရှားရှား တွေ့မြင်နိုင်၊ လိုတာ ပိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆို တိုင်ပင်နိုင်ပြီး ကိုယ် အလိုရှိတဲ့ မိသားစုအစီအစဉ်ကို ဘယ်အချိန်လောက်မှာ စ နိုင်မယ်ဆိုတာကိုလည်း တွက်ချက် မှန်းဆလို့ရသွားပါပြီ။ အဲဒီလို အဆင့်တွေကို လတိုင်းပုံမှန် သတိထားပြီး စနစ်တကျ ကိုင်တွယ် သုံးစွဲမယ်ဆိုရင် လက်ထပ်ပြီးစ ဇနီးမောင်နှံတို့ကြားမှာ ငွေကြေးနဲ့ပတ်သက်ပြီး အထင်အမြင် လွဲစရာ၊ ကတောက်ကဆ ဖြစ်စရာ၊ အဆင်မပြေစရာကိစ္စမျိုးတွေ ဖြစ်မလာနိုင်တော့ပါဘူး။ အခုလို သီတင်းကျွတ်ကာလမှာ တစ်ယောက်လက်ကို တစ်ယောက် မြဲမြဲဆုပ်ကိုင်လို့ ရွှေလက်တွဲရင်း ဘ၀ခရီးကို စတင်လျှောက်လှမ်းကြမဲ့သူတိုင်း သာယာပျော်ရွှင်ပြီး အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပါတယ်။ 

သက်ဝေ
(၁၅ စက်တင်ဘာ ၂၀၁၅)

- ၂၀၁၅ အောက်တိုဘာလထုတ် Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်

Thursday, October 1, 2015

ဆို က်ေ ရာ က် ခ န်း မေ ဆာ င် အ မှ တ် သုံး

ဆိုက်ရောက် ခန်းမဆောင် အမှတ် သုံး ဟာ မီးတွေ လင်းထိန်နေအောင် ထွန်းထားတဲ့ အလှမွေး ငါးကန်အကြီးစားကြီးနဲ့ ဆင်တူတယ်။ ခန်းမတလျောက် ပတ်ပတ်လည်မှာ ကာရံထားတဲ့ မှန်ချပ်တွေဟာ နေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်ထားတာမို့ ကြည်လင်ပြီး အပြင်ကနေ အထဲကိုရော၊ အထဲကနေ အပြင်ကိုပါ ဒိုးယိုပေါက် မြင်နေရတယ်။ ခန်းမထဲမှာ တလှမ်းချင်း လျှောက်နေရင်းက အပြင်ဖက်ကို လှမ်းကြည့်မိတယ်။ ဒီနေ့ လေငြိမ်တယ်။ လမ်းမပေါ်က မီးပွင့်တွေနဲ့ သစ်ပင် သစ်ကိုင်းတွေအားလုံး ပြီးတော့ သူတို့ရဲ့ အရိပ်တွေကပါ ငြိမ်ငြိမ်သက်သက်နဲ့၊ အချိန်ကိုကြည့်လိုက်တော့ ဆယ့်လေးနာရီနဲ့ ဆယ်မိနစ်။ အတူတူပဲ။ ဒါ မနေ့က အချိန်ပဲ။

ဒီခန်းမဆောင် အမှတ် သုံးရဲ့ တနံတလျား၊ အစကနေ အဆုံး အားလုံးကို သူ အလွတ်ရနေခဲ့တယ်။ ခန်းမထဲမှာ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ အလူမီနီယံ ခုံတန်းရှည် စုစုပေါင်း ၁၂၈ ခု ရှိတာ၊ မျက်နှာကြက်က စတုရန်းကွက် စုစုပေါင်း ၈၆၄ ခု ရှိတာ၊ ထိုင်နေကျ ကော်ဖီဆိုင်မှာ မဟော်ဂနီရောင် သစ်သားစားပွဲဝိုင်း ၁၅ ခု ရှိတာ… အဲဒါတွေကို ရေတွက်ဖို့ သူ့မှာ လုံလောက်တဲ့ အချိန်ရှိနေခဲ့တယ်။ ဒါတင်မကသေးဘူး သူ နေ့စဉ် သတင်းစာ ဝယ်နေကျ စာအုပ်ဆိုင်ရှေ့က အပြာရောင်ခုံတန်းရှည်ရဲ့ လက်ကိုင်တန်းကလေးမှာ ဆေးသား အနည်းငယ် ပျက်ယွင်းစပြုနေတာ၊ ခရီးသည်တွေရဲ့ ပစ္စည်းတွေ အလေးချိန် ချိန်တဲ့ စက်ကရိယာရဲ့ လေးထောင့် စတီးလ် ဘောင်ကလေး နံဘေးမှာ အနည်းငယ် ရွဲ့စောင်းနေတဲ့ အနီရောင် မီးသတ်ဗူးတခုရှိတာ၊ ပြီးတော့ သူ စောင့်မျှော်နေတဲ့ လေယာဉ်ပျံအမှတ် ၆၀၈ ဟာ စင်္ကာပူစံတော်ချိန် ဆယ့်လေးနာရီနဲ့ မိနစ်လေးဆယ်တိတိမှာ ဆင်းသက် ရောက်ရှိပါတော့မယ်လို့ ကြေငြာတဲ့ တာဝန်ကျ အမျိုးသမီးလေးရဲ့ အသံချိုချို၊ အဲဒီကြေငြာသံနဲ့ မရှေးမနှောင်းမှာ အဲဒီလေယာဉ် အချိန်မှန် ဆိုက်ရောက်လာလေ့ရှိတာ… အားလုံး သူ အလွတ်ရနေခဲ့တယ်။

ကြည့်နေရင်းမှာပဲ မျက်စိရှေ့က ဖန်သားပြင်ကျယ်ပေါ်မှာ လေယာဉ်ပျံ ဆိုက်ပြီ ဆိုတဲ့ သင်္ကေတ အစိမ်းရောင် မီးလုံးလေး ဖျတ်ကနဲ လင်းသွားတာ တွေ့လိုက်ရတယ်။ အလူမီနီယံ ခုံတန်းဘေးမှာ ချထားတဲ့ ကော်ဖီခွက်ကို လှမ်းယူပြီး တငုံ သောက်လိုက်တယ်။ လည်ပင်းမှာ ပတ်ထားတဲ့ မာဖလာ အညိုကွက်ကို နည်းနည်း ဆွဲချ ပြုပြင်လိုက်တယ်။ ဖတ်လက်စ စာအုပ်ကို အသင့်ပါလာတဲ့ သားရေအိတ်ထဲကို လှမ်းထည့်လိုက်တယ်။ ပြီးတော့ မျက်စိထဲကို တဖျတ်ဖျတ် ရောက်လာတဲ့ မြင်ကွင်းတွေ၊ အဲဒီမြင်ကွင်းတွေဟာ မနေ့ကနဲ့ အတူတူပဲ။ တကယ်တော့ မနေ့ကနဲ့တင် တူတာ မဟုတ်ပါဘူး။ ဟိုးအရင် တနေ့ကနဲ့လည်း တူတာပဲ။ မနှစ်ကနဲ့လည်း တူတာပဲ။ ကုန်ကုန်ပြောရရင် လွန်ခဲ့တဲ့ သုံးနှစ်ကနဲ့လည်း အတူတူပဲ ဖြစ်နေမှာ သေချာပါတယ်။ မျက်စေ့ကို ခဏ မှိတ်ထားလိုက်တယ်။ ပုံရိပ်တွေ သူ့အာရုံထဲမှာ တန်းစီလို့ ပေါ်လာလိုက်ကြတာ… ကြည့်ပါအုံး…
လေယာဉ်ပျံဟာ ပြေးလမ်းပေါ်ကို ဘီးချပြီး အရှိန်သတ် ရပ်တန့်သွားတယ်။ လေယာဉ်ပျံ ကိုယ်ထည်ထဲမှာ ငိုက်မြည်းလို့ တဖုံ၊ အိပ်မောကျလို့ တမျိုး ပျင်းရိငြီးငွေ့စွာ စီးနင်းလိုက်ပါလာကြတဲ့ ခရီးသွားတွေ အားလုံး ချက်ချင်းဆိုသလို လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။ တချို့က ကိုယ်ကို မတ်မတ် ပြင်ထိုင်တယ်။ တချက် သန်းဝေတယ် ပြီးတော့ ခါးကို ဆန့်ပြီး အညောင်းအညာ ပြေစေတယ်။ တချို့က လေယာဉ်မယ်လေးဆီက တောင်းယူပြီး ခရီးစဉ်တလျောက်လုံး ခြုံထားဖြစ်တဲ့ မီးခိုးရောင် သိုးမွေးစောင်ပါးပါးကို အသာ ခွာတယ်။ တချို့ကတော့ ကိုယ်ပေါ်က အင်္ကျီကို သပ်ရပ်အောင် ဆွဲဆန့်တယ်၊ ရှပ်ကော်လာကို အချိုးတကျဖြစ်အောင် ပြုပြင်ယူတယ်။ ရှူးဖိနပ်ကြိုးကို ခိုင်အောင် ပြန်ချည်တယ်။ တချို့ကတော့ ဂမူးရှူးထိုးဟန်နဲ့ လေယာဉ်ကိုယ်ထည် အနောက်ဖက်က သန့်စင်ခန်းကို အပြေးတပိုင်း သွားနေတယ်။ တချို့က မှေးစင်းနေတဲ့ မျက်လုံးအစုံနဲ့ နားထဲမှာ တပ်ထားတဲ့ နားကြပ်ကို ဖြုတ်ပြီး ဟိုဟိုဒီဒီ မျက်စိကစားတယ်။ တချို့က အခုမှ အိပ်ရေးဝလို့ နိုးလာဟန်၊ မျက်လုံးကို လက်ခုံနဲ့ ပွတ် ဟိုကြည့် ဒီကြည့်နဲ့။ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့သလား၊ အိပ်မက် မက်ခဲ့သေးသလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။

တချို့က မျက်နှာကြက်က အကန့်တွေမှာ သိုမှီးထားတဲ့ ကျောပိုးအိတ်တွေ၊ ခရီးဆောင်အိတ်တွေကို ဆွဲချကြတယ်။ အချင်းချင်း ကူညီပြီး သယ်ချပေးသူလည်း ရှိ။ ကိုယ့်ပစ္စည်းကိုယ် မြန်မြန်ရအောင် အလောတကြီး ဆွဲယူနေသူလည်း ရှိ။ ရွှေရောင်ဆံပင်ခွေလိပ်လိပ်နဲ့ ကလေးငယ်နှစ်ယောက်ကတော့ လေယာဉ်ပြတင်းပေါက်ကနေ အပြင်ဖက်ကို လှမ်းကြည့်ရင်းက ငါတို့ ရောက်ပြီ ငါတို့ ရောက်ပြီ လို့ ရေရွတ်ပြီး နေရာမှာ မထိုင်နိုင်တော့ပဲ ခုန်ဆွ ခုန်ဆွနဲ့။ သူတို့လေးတွေရဲ့ စိတ်လှုပ်ရှားမှုဟာ ဒီနေရာကို အလည်အပတ် လာကြလို့လား၊ ဒါမှမဟုတ် ကိုယ့်အိမ်ကိုယ် ပြန်ရောက်လာလို့လားဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသူ အမျိုးသားက သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို အသာ ထုတ်ကြည့်တယ်။ ပြီးတော့ အလွယ်တကူ ပြန်လည်ထုတ်ယူနိုင်မဲ့ ဂျက်ကက်ရဲ့ အတွင်းဖက်ခြမ်းမှာ ထည့်တယ်။ ပြီးတော့ တစုံတခုကို စိတ်မချသလိုနဲ့ တခါ ပြန်ထုတ်ကြည့်ပြီး ခရီးဆောင်ကွန်ပျူတာ လက်ဆွဲအိတ်ရဲ့ အပြင်ဖက်နားမှာ ထည့်လိုက်တယ်။

မျက်နှာကို ပေါင်ဒါရိုက်နေတဲ့ အမျိုးသမီး ရှိတယ်၊ မှန်ဝိုင်းလေးတချပ်ကိုကြည့်ရင်း နှုတ်ခမ်းနီ ဆိုးဆေး ဆိုးနေတဲ့ အမျိုးသမီး ရှိတယ်။ ပွယောင်းယောင်းဖြစ်နေတဲ့ ဆံပင်တွေကို လက်နဲ့ သပ်သူက သပ်၊ ဘီးနဲ့ ဖြီးသူက ဖြီး။ ဒါပေမဲ့ မျက်ရည်ဝဲနေတဲ့သူ မရှိဘူး၊ ဝမ်းနည်းနေတဲ့သူ မရှိဘူး။ အားလုံး နီးပါး စိတ်လှုပ်ရှားနေကြပုံပဲ။ တချို့က ပြုံးရယ်လို့၊ တချို့က လက်ကိုင်ဖုန်းကို ခလုပ်နှိပ်ပြီး ပါဝါ ဖွင့်လိုက်တယ်။ ပြီးတော့ စာလုံးတွေ တတောက်တောက် ရိုက်ရင်း ပြုံးနေပြန်တယ်။ တချို့ကတော့ လက်ကိုင်ဖုန်းကနေတဆင့် ဟဲလို ဟဲလိုဆိုတဲ့ စကားသံတိုးတိုးနဲ့ သက်ဆိုင်သူတွေဆီကို နှုတ်ခွန်းဆက်လို့။ လေယာဉ်ပြတင်းပေါက်နဲ့ ကပ်လျက် ခုံမှာ ထိုင်နေတဲ့ အမျိုးသားကတော့ အေးအေးဆေးဆေး ပြီးတော့ သက်တောင့်သက်သာပဲ၊ ပြတင်းပေါက်က မြင်နေရတဲ့ မြင်ကွင်း သေးသေးလေးကို ကင်မရာနဲု့ သေသေချာချာ ချိန်နေတယ်။ ပြီးတော့ ကင်မရာခလုပ်ကို နှိပ်လိုက်တယ်။ ဂျက်ကက် နက်ပြာရောင်ဝတ်ထားတဲ့ ခပ်ငယ်ငယ် အမျိုးသမီးကတော့ ထိုင်နေရာကနေ ဟန်မပျက်၊ ဖတ်လက်စ စာအုပ်လေးကို စာအုပ်အမှတ်အသားနဲ့ အသာ ဖိညှပ်ပြီး ပတ်ဝန်းကျင်မှာ လှုပ်ရှားတက်ကြွနေသူတွေကို ခပ်ငေးငေး လှမ်းကြည့်လို့။ သူ့မှာ ကြိုဆိုမဲ့သူ ရှိ မရှိ ဘယ်သူ သိနိုင်မှာလဲ။

လေယာဉ်အရှေ့ပိုင်းက အရေးကြီး ပုဂ္ဂိုလ်တွေ ထွက်ခွာအပြီးမှာ လက်တွန်းလှည်းနဲ့ ကလေးငယ်လေးတွေပါတဲ့ မိသားစုတွေ အလှည့် ရောက်လာတယ်။ သူတို့နောက်မှာ ဘီးတပ်ကုလားထိုင်နဲ့ အဖိုးအိုတယောက်။ အဲဒီနောက်မှာတော့ ကျန်တဲ့ ခရီးသည်တွေ တဖြေးဖြေးချင်း စီတန်းပြီး ထွက်ခွာလာပြီ။ တရွေ့ရွေ့နဲ့။ ဒီလေကြောင်းလိုင်းကို ရွေးချယ် စီးနင်းလိုက်ပါလာတာကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ လေယာဉ်မယ်ကလေးတွေရဲ့ နှုတ်ဆက်သံဟာ သူတို့ရဲ့ ဖေါ်ရွေတဲ့ အပြုံးနဲ့အတူ လေယာဉ်ပျံ တံခါးဝကနေ အဆက်မပြတ် ထွက်ပေါ်နေတယ်။

အဲဒီမြင်ကွင်းတွေပြီးတော့ ခရီးဆောင်အိတ်ကိုယ်စီ တွန်း ဆွဲလို့ အဖြူရောင် ပိုက်လုံးသွယ်ထဲ လျှောက်လှမ်းလာတဲ့ ခရီးသွားတွေ။ တချို့ကတော့ သုတ်သုတ် လျှောက် တချို့ကတော့ အေးအေးဆေးဆေး လျှောက်လာကြတယ်။ ခရီးဝေးကနေ လာခဲ့ကြရသူတွေပီပီ သူတို့ မျက်နှာတွေမှာ နွမ်းနယ်ရိပ် ခပ်ပါးပါးကို တွေ့ရတယ်။ အဲဒီကနေတဆင့် စက်လှေခါး၊ လမ်းလျှောက် စက်လှေခါး၊ ပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေ၊ အကောက်ခွန်အရာရှိတွေဆီ တဆင့်ပြီး တဆင့်။

အဲဒီအချိန်မှာ ခရီးသည်တွေရဲ့ ပစ္စည်းတွေကို တင်ဆောင်ထားတဲ့ ပစ္စည်းတင် ခါးပတ်ဟာ စတင် လည်ပတ် လာတယ်။ ပစ္စည်းတွေကို ဆွဲယူပြီး တွန်းလှည်းတွေပေါ် တင်ကြတယ်။ တချို့ကတော့ ဒီတိုင်းပဲ ဆွဲယူလာကြတယ်။ နောက်ဆုံးမှာ ပင်မထွက်ပေါက်တခုကနေ တယောက်ချင်းစီ၊ နှစ်ယောက်ချင်းစီ ဒါမှမဟုတ် အစုလိုက် အဲဒီလို ထွက်လာခဲ့ကြတယ်။ အသင့် စောင့်ကြိုနေတဲ့သူတွေဆီကို တန်းတန်းမတ်မတ် သွားတဲ့သူတွေ၊ အချင်းချင်း ပွေ့ဖက် နှုတ်ဆက်နေကြသူတွေကို တွေ့ရတယ်။ လက်ကိုင် ကြော်ငြာဆိုင်းဘုတ်ကလေးမှာ သက်ဆိုင်ရာ အမည်နာမတွေနဲ့ ဟိုတယ်နာမည်တွေ ရေးပြီး စောင့်ကြိုနေသူတွေဆီကို မျက်စိကစား ရှာဖွေနေသူတချို့ကိုလည်း တွေ့ရတယ်။ ဘယ်သူမှ လာမကြို၊ အဲဒီလို ကြိုသူမရှိတဲ့အဖြစ်နဲ့ နေသားတကျ ရှိနှင့်နေပြီးသား ခရီးသည်တချို့ကတော့ အငှားကားတွေရပ်ထားတဲ့နေရာကို ဦးတည်ပြီး လျှောက်သွားကြတယ်။ အရာရာဟာ ပုံမှန်ပဲ။ အဲ… ထူးဆန်းတဲ့ လူတယောက်ကတော့ အနက်ရောင် ခရီးဆောင်သေတ္တာငယ်ကို တွန်းရင်း မှန်တံခါး အပြင်ဖက်ကို ရောက်ပြီးကာမှ ရုတ်တရက် အထဲကို ခပ်သွက်သွက် ပြန်ဝင်သွားတယ်။ လုံခြုံရေးတာဝန်ကျ ယူနီဖေါင်းဝတ် အမျိုးသားသုံးယောက် သူ့ကို အသာအယာ ဝိုင်းရံပြီး အခန်းတခုထဲ ခေါ်ဆောင်သွားကြတယ်။ လူအများစု ကောင်းစွာ အိပ်စက်အနားယူနေကြမဲ့ အချိန်၊ သက်တောင့်သက်သာ အိပ်မောကျနေကြမဲ့အချိန် အဲဒီ မနက်သုံးနာရီပတ်ဝန်းကျင်မှာ အရောင်အသွေး စုံလင်ပြီး အနိမ့်အမြင့် အတိုးအကျယ် မညီညာတဲ့ သံစဉ်တွေနဲ့ အသက်ဝင်လှုပ်ရှားနေတဲ့ ဆိုက်ရောက် ခန်းမဆောင် အမှတ် သုံးပါပဲ။

*******

မှန်ခန်းထဲကနေ ခရီးသွားတွေ တဖွဲဖွဲ ထွက်လာနေကြတာကို တွေ့လိုက်ရတဲ့အခါ ထိုင်နေရာကနေ ရုတ်တရက် ထရပ်လိုက်မိတယ်။ လည်ပင်းပေါ်က မာဖလာ အညိုကွက်ကို အနေအထား အချိုးတကျဖြစ်အောင် ပြန်လည် ပြုပြင်နေရင်းက ကော်ဖီခွက်ဆီကို နောက်တစ်ခေါက် လက်လှမ်းပြီး ကုန်တဲ့အထိ မော့သောက်လိုက်တယ်။ အဲဒီအချိန် သူ့ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရုတ်ချည်းဆိုသလို လူတွေ အများကြီး ရောက်လာကြတယ်။ အသံတွေကလည်း ဆူဆူညံလို့။ ဒါလည်း မနေ့ကလိုပါပဲ… ပြီးတော့ နေ့စဉ် ကြုံတွေ့နေကျ မြင်ကွင်းပဲ။

ကုန်သွားတဲ့ ကော်ဖီခွက်ကို အနားက အမှိုက်ပုံးထဲကို စနစ်တကျ စွန့်ပစ်လိုက်တယ်။ ဖတ်လက်စ စာအုပ်ကို အိတ်ထဲထည့်တယ်။ ပြီးတော့ အိတ်ကို လွယ်ပြီး စုဝေးစောင့်ဆိုင်းနေကြတဲ့ လူတွေကြားထဲကို တရွေ့ရွေ့နဲ့ တိုးဝင်သွားလိုက်တယ်။ အဲဒီလူတွေအားလုံးဟာ သက်ဆိုင်ရာ ခရီးသည်တွေကို လာကြိုကြသူတွေချည်းပဲလို့ ဘယ်သူကများ သေချာတပ်အပ် ပြောနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် အဲဒီလူတွေကြားထဲ ဝင်ရောက် ရောနှောပြီး ခရီးဆောင်သေတ္တာတွေ တွန်းလှည်းတွေ ကိုယ်စီနဲ့ အပြင်ကို ထွက်လာတဲ့ ခရီးသည်တွေကို တယောက်ချင်း သေသေချာချာ လိုက်ကြည့်တယ်။ ပစ္စည်းတွေ ထွက်မလာသေးလို့ စောင့်နေသူတချို့က မှန်ချပ်တွေကနေတဆင့် မြင်နေရတဲ့ သူတို့ကို လာကြိုနေကြသူတွေဆီကို လှမ်းကြည့်ပြီး ပြုံးကာ ရယ်ကာနဲ့ လက်ပြကြတယ်။ အဲဒီလို လက်လှမ်းပြနေတဲ့သူတွေကို တွေ့လိုက်တိုင်း သူကိုယ်တိုင်လည်း ရောယောင်ပြီး ဝမ်းသာအားရနဲ့ လက်ကို ဝှေ့ယမ်းပြတယ်။ တကယ့်ကို ဟန်ပါပါပဲ… အဲ… ပြောရရင် ဘယ်သူက ဘယ်သူ့ကို လက်ပြနေတယ် ဆိုတဲ့ကိစ္စက အရေးမကြီးပါဘူး။ အရေးကြီးတာက အများအမြင်မှာ အနည်းဆုံးတော့ သူလည်း ခရီးသည် တယောက်ယောက်ကို လာကြိုနေသူရယ်လို့ သိသာစေဖို့ပဲ။

လက်ပြနေရင်းနဲ့ အချိန်တွေ တဖြည်းဖြည်း ကုန်လာတယ်။ လူတွေလည်း ကျဲပါးပြီး ဘေးပတ်ဝန်းကျင်မှာ အသံပလံတွေ တိုးတိတ်လာတယ်။ ခုနက ပျားပန်းခတ် လှုပ်ရှားနေတဲ့ လူအုပ်ကြီးလည်း တစ တစ လူစုကွဲသွားတယ်။ ဒီလိုနဲ့ အနားက လူတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်လိုက်တာ၊ သူ့အနားမှာ သူ့ပတ်ဝန်းကျင်မှာ လူသူ ကင်းမဲ့လာလိုက်တာ နောက်ဆုံး တယောက်ဆို တယောက်မှ မရှိတော့တဲ့အထိပဲ။ လူသံတွေ တိတ်ဆိတ် ငြိမ်သက်သွားရုံတင် မက၊ ခုနက ပစ္စည်းတွေအများကြီးကို တင်ဆောင်ပြီး မရပ်မနား လည်ပတ်နေတဲ့ ပစ္စည်းတင် ခါးပတ်မှာလည်း ဘာပစ္စည်းမှ မရှိတော့ပဲ ဆက်လည်ပတ်ဖို့ အားအင်မရှိတော့သလို ဖြေးဖြေးချင်း ရပ်တန့်သွားတယ်။ ဟုတ်တယ် ဒီလိုနဲ့ ဆိုက်ရောက်ခန်းမဆောင် အမှတ် သုံးမှာ လူသံတွေ ကင်းမဲ့ တိတ်ဆိတ်ပြီး ရုတ်ချည်း သွေ့ခြောက်သွားတော့တယ်။

လက်ပြစရာ လူတစ်ယောက်မှ မရှိတော့တဲ့အခါ သူ့ရဲ့လက်ကိုသူ တခါမှ မမြင်ဖူးသူတစ်ယောက်လို တွေငေးပြီး အကြာကြီး စိုက်ကြည့်နေမိတယ်။ သူ လက်ပြနှုတ်ဆက်ခဲ့တဲ့သူတွေ ဘယ်ကို ရောက်ကုန်ကြတာလဲ။ သူ ခေါင်းကို အသာ ခါယမ်းမိတယ်။ ကြည့်နေရင်းမှာပဲ လေယာဉ်မှူးနဲ့အတူ လေယာဉ်မောင် လေယာဉ်မယ်တွေ စကားတပြောပြောနဲ့ ထွက်လာတယ်။ ဒါဆိုရင် သေချာတယ် ဒီနေ့အဖို့ ဒီလေယာဉ်အမှတ် ၆၀၈ ရဲ့ တာဝန်တွေ ပြီးဆုံးသွားပြီ။

ဒီလိုနဲ့ တည ကုန်ပြန်ပြီ။ သူ့နားထဲမှာ လေယာဉ်ပျံအင်ဂျင်စက်သံတွေ ကြားနေသလိုလို၊ တကယ်ကတော့ ခန်းမဆောင်ရဲ့ ကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်တဲ့ စက်ရဲ့ မောင်းနှင်သံပဲ။ မကြာခင်မှာ အဲဒီစက် သူ့အနားကို ရောက်လာတယ်၊ စက်ကို မောင်းနှင်နေတဲ့ ညတာဝန်ကျ အမျိုးသားက သူ့ကို ပြုံးပြတယ်။ သူ လည်း ပြန်ပြုံးပြလိုက်တယ်။ ပြီးတော့ အရင်နေ့တွေကလိုပဲ ကောင်းသော မနက်ခင်းပါလို့ တရုတ်ဘာသာစကားနဲ့ နှုတ်ဆက်တယ်။ နေ့တိုင်းနှုတ်ဆက်နေကျ ဒီလူ့နှယ့် မမောနိုင် မပန်းနိုင်၊ မရိုးကို မရိုးနိုင်တော့ပါလား လို့ စိတ်ထဲက မလိုတမာ တွေးမိတယ်။

အဲဒီနောက်မှာတော့ လက်ထဲမှာ ကိုင်ထားတဲ့ သားရေအိတ်ကလေးကို ခပ်တင်းတင်း ဆုတ်ပြီး အားအင်ချိနဲ့တဲ့ ခြေလှမ်းတွေနဲ့အတူ လိုတာထက်ပိုပြီး အေးစက်စက်နိုင်လှတဲ့ ဆိုက်ရောက် ခန်းမဆောင် အမှတ် သုံးထဲကနေ တလှမ်းချင်း ပြန်ထွက်လာခဲ့တယ်။ ဒီနေ့ လေယာဉ်နဲ့ ပါမလာတော့လည်း နောက်တစ်နေ့ပေါ့လို့ စိတ်က အားတင်းတယ်။ မနက်ဖြန်မှ ပြန်လာခဲ့မယ် မေလေးရေ… လို့ ခပ်တိုးတိုး ရေရွတ်ရင်း ဆိုက်ရောက်ခန်းမဆောင် အမှတ်သုံးမှာ တရက်ပြီး တရက်၊ တညပြီး တည၊ လေယာဉ်ပျံတွေ တစီးပြီး တစီး၊ လေယာဉ်စီး ခရီးသွားတွေ တယောက်ပြီး တယောက်…

*******

မီးတွေ ထိန်ထိန်ညီးနေတဲ့ ဆိုက်ရောက်ခန်းမဆောင် အမှတ် သုံးကို လမ်းတစ်ဖက်ခြမ်းကနေ လှမ်းကြည့်မိလိုက်တဲ့အချိန်မှာ အကောင်အထည်ဖေါ်ပြလို့ မရ၊ လက်ဆုတ်လက်ကိုင်ပြလို့မရတဲ့ အသိစိတ်တခုဟာ လူရဲ့ ကိုယ်ခန္ဒာထဲကို အတင်း ဆောင့်တွန်းထည့်လိုက်သလို ဝုန်းကနဲ ဝင်လာတယ်။ အဲဒီအချိန်ပိုင်းကလေးမှာ အဖြစ်မှန်ကို ရင်နာနာနဲ့ လက်ခံရပြန်တယ်။ ရစ်ဝဲလာတဲ့ မျက်ရည်ကို မျက်တောင်တွေ ပုတ်ခတ်ပြီး ဖယ်ရှားရတယ်။ ကြိုသူမရှိ ခရီးသွားတယောက်ရဲ့ ခံစားချက်ကို လူတိုင်းနီးနီး ကြုံဖူး တွေ့ဖူးနိုင်မယ်၊ နားလည်နိုင်လိမ့်မယ်။ ဒါပေမဲ့ တနေ့နေ့မှာ ရောက်လာလိမ့်နိုးဆိုတဲ့ စိတ်နဲ့ မျှော်လင့်နေရသူတစ်ယောက်ရဲ့ ခံစားချက်ကိုတော့ လူတိုင်း နားလည်နိုင်ဖို့ မလွယ်လှဘူး။ ဘာပဲဖြစ်ဖြစ်ပါ ဘဝမှာ မျှော်လင့်ချက် တစုံတရာနဲ့ အသက်ရှင်နေထိုင်ရတာ နေပျော်ချင်စရာ မဟုတ်လား။ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ သိနေပေမဲ့ မသိစိတ်က လက်မခံနိုင်တာကြောင့် တနေ့ပြီးတနေ့ ဆိုက်ရောက်လာတဲ့ လေယာဉ်ပျံပေါ်မှာ သူ စောင့်မျှော်နေတဲ့ ခရီးသွားတစ်ယောက်ကို မျှော်လင့် ကြိုဆိုနေရတာ သူ့ဘဝပါပဲ။

ကုန်လွန်သွားခဲ့တဲ့ နေ့စွဲတွေတိုင်းမှာ နေ့အချိန်တွေကို မှန်ကန်တဲ့ အသိစိတ်နဲ့ လှုပ်ရှားဖြတ်သန်းနေရတဲ့ သာမန်လူသားတစ်ယောက်ဖြစ်ပေမဲ့ အမှောင်ဝင်လာချိန်ဆိုရင် သိစိတ်ထဲကို တစုံတရာက အားပြင်းပြင်းနဲ့ ဝင်ရောက်ပူးကပ် ခိုတွယ်လာတတ်တယ်။ အဲဒီအခါမှာ ဘာဆို ဘာမှ မစဉ်းစားနိုင်တော့ပဲ ခြေလှမ်းတွေဟာ ဆိုက်ရောက်ခန်းမဆောင် အမှတ်သုံးကို ဦးတည်မိနေတတ်တယ်။ ပြီးရင်တော့ ချစ်ရတဲ့ မေလေးကို စိတ်နောက်ကိုယ်ပါ မျှော်မိပြန်တယ်။ မှန်ချပ်တွေ ကနေတဆင့် တွေ့မြင်နေရတဲ့ ပျားပန်းခတ် လှုပ်ရှားနေကြတဲ့ ခရီးသည်တွေကြားထဲမှာ လှပ တက်ကြွတဲ့ ရုပ်သွင်နဲ့ အပြုံးတွေဝေနေတဲ့ မေလေးရဲ့ ပုံရိပ်ကို ကြိုးစား ဖွေရှာမိပြန်တယ်။ ဟော… ဟိုမှာ ဂါဝန်အဖြူနဲ့ အဝတ်အိတ် ညိုညိုလေးလွယ်ထားတဲ့ မေလေး၊ သေသေချာချာ နောက်တခေါက် ပြန်ကြည့်တယ်။ အို… မေလေးတွေ အများကြီးပါလား၊ မျက်လုံးကို လက်နဲ့ ပွတ်တယ်။ ပြန်ကြည့်တယ်။ ဟုတ်ပါတယ် ဟိုမှာ မေလေးပါ… မေလေးကို တွေ့ပြီ… အဲဒီအခါ တဆတ်ဆတ် တုန်ယင်နေတဲ့ နှလုံးသားရှိရာနေရာကို လက်နဲ့ အသာဖိလို့ ဝမ်းမြောက်ဝမ်းသာနဲ့ လက်တွေ ညောင်းညာ ကိုက်ခဲလာသည်အထိ လက်ပြကြိုဆိုရပြန်တယ်။ ဒါပေမဲ့ မှန်တံခါးကနေ အပြင်ကို အလျှိုအလျှို ထွက်လာကြတဲ့ ခရီးသည်တွေကြားထဲမှာ မေလေး ပျောက်သွားပြန်တယ်။ အဲဒီလိုပဲ ညစဉ်ညတိုင်း မြင်ကွင်းထဲကနေ မေလေး ပျောက်သွားတတ်တာ တရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ်၊ တလလည်း မဟုတ်၊ နှစ်လလည်း မဟုတ်၊ တနှစ်လည်း မဟုတ် နှစ်နှစ်လည်း မဟုတ်… အခုဆိုရင် သုံးနှစ် တိုင်ခဲ့ပြီ။

*******

ရောင်နီလာအံ့ဆဲဆဲ မနက်ခင်းမှာ အလင်းမျှင် အလင်းတန်းတွေ လာရာဖက်ကို မျက်နှာမူပြီး တရွေ့ရွေ့ တိုးဝင်သွားသူတစ်ယောက်ဟာ ဒီလိုအဖြစ်မျိုးတွေကို ကြိုတင်သိမြင်နိုင်ခဲ့မယ်ဆိုရင် အဲဒီလေယာဉ်ပျံအမှတ် ၆၀၈ ကို မေလေးထက် တရက်စောပြီး စီးလာဖြစ်မှာ မဟုတ်ဘူးဆိုတာ သိပ်သေချာပါတယ်။

သက်ဝေ
(၃ ဇန်နဝါရီ ၂၀၁၅)
  
(2015 August လ ထုတ် Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်)

Thursday, August 27, 2015

အ နီေ ရာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၅

ဒီညနေတော့ ဟိုတယ်ကို နည်းနည်းစောစောပြန်ရောက်တယ်။ ဒီနေ့ ခရီးစဉ်တလျောက်မှာ ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေကို တစ်ပုံချင်းစီ သဘောတကျ ပြန်ကြည့်ရင်း ညနေစာ စားဖို့ကိုရော၊ ရှာလို့မတွေ့ခဲ့တဲ့ လွမ်းစရာ အနီရောင်နှင်းဆီပန်းတွေကိုပါ ကျွန်မ မေ့လျော့နေခဲ့တယ်ဆိုတာ ၀န်ခံရမှာပဲ။ ဓါတ်ပုံတွေကို အားရအောင် ကြည့်ပြီးတော့မှ ဗိုက်ဆာဖို့ သတိရတယ်။ တခုခုတော့ စားဦးမှ လို့ တွေးပြီး မီးရောင်စုံတွေနဲ့ စည်ကားနေတဲ့ ကူတာမြို့ရဲ့ ညဈေးတန်းထဲကို လမ်းလျှောက်ထွက်လာခဲ့တယ်။ ဟိုတယ်နဲ့ မနီးမဝေးမှာ Kuta Square Shopping Center ရှိတယ်။ အဲဒီကို သွားပြီး ဟိုကြည့် ဒီကြည့်နဲ့ ညစာ စားစရာ တခုခု ရှာတယ်။ ခဏနေတော့ ယိုးဒယားဆိုင်လေးတစ်ဆိုင်တွေ့လို့ ၀င်စားလိုက်တယ်။
(ယိုးဒယားစာ စားဖြစ်တဲ့ ဆိုင်ကလေးရဲ့ အပြင်အဆင်က ချစ်စရာ)

စားပြီးတော့ အေးအေးဆေးဆေး လမ်းဆက်လျှောက်တယ်။ လမ်းတလျှောက်တွေ့ရတဲ့ဆိုင်တွေက မှန်ပုံးတွေထဲ အရှင်တွေ ထည့်ပြထားတဲ့ ငါး ပုဇွန် ဂဏန်း ပင်လယ်စာ အကင်ဆိုင်တွေနဲ့ ကလပ်တွေ၊ ဘားတွေများတယ်။ စည်ကားလိုက်တဲ့ ကူတာလို့ မှတ်ချက်ချရအောင် တလမ်းလုံး လူတွေ ကြိတ်ကြိတ်တိုးနေတာ တွေ့ရတယ်။ ကားတွေ ဆိုင်ကယ်တွေကလည်း လမ်းနဲ့အပြည့်။ အထူးသဖြင့် နိုင်ငံခြားသားတွေ ပိုများတယ်။ ညဖက်ကြီး ကင်မရာယူမသွားမိတာမို့ ဓါတ်ပုံမရိုက်ခဲ့ရဘူး။ တကယ်တော့ လူကြိတ်ကြိတ်တိုးထဲလဲ ဘာမှ ရိုက်လို့ရမှာ မဟုတ်ပါဘူး။ နောက်တနေ့ ကားသမားကြီးနဲ့ စကားစပ်တော့ ဟိုးတခါက ဘာလီမှာ ဗုံးပေါက်တာ ဘယ်နေရာလဲ လို့ မေးကြည့်မိတယ်။ သူ့အဖြေမှာ ကျွန်မ ကျောချမ်းသွားတာ။ သူပြောတဲ့ လူနှစ်ရာကျော် သေဆုံးအောင် ပြင်းထန်တဲ့ ဗုံးပေါက်ကွဲတဲ့နေရာက ကျွန်မ ရောက်သွားတဲ့ အဲဒီ Kuta Square Shopping Center မှာပါ တဲ့။ ညက စိတ်အေးလက်အေး တငေးတမော လမ်းလျှောက်နေမိခဲ့တဲ့ ကျွန်မမှာ ဘုရားသာ အကြိမ်ကြိမ် တမိတော့တယ်။

ဟိုတယ်ကိုပြန်ရောက်တော့ အောက်က လော်ဘီထဲမှာ ဆိုတီးနေကြတဲ့ တီးဝိုင်းလေးတစ်ခုကို တွေ့ရတယ်။ သူတို့ဆိုနေတဲ့ Casablanca သီချင်းကို စိတ်ပါလက်ပါလိုက်ဆိုရင်း အမှတ်မထင် လှမ်းမြင်လိုက်တာ ဟိုးအနောက်က ပန်းအိုးထဲမှာ နှင်းဆီနီတွေ။ ~ I love you more and more each day as time goes by…
(Casablanca သီချင်းနဲ့ ဟိုးအနောက်က ပန်းအိုးထဲမှာ နှင်းဆီနီတွေ)

ပျော်ရွှင်မှုဆိုတာ အနီရောင်နှင်းဆီတွေကို မထင်မှတ်ပဲ တွေ့လိုက်ရတဲ့အချိန်...။ သီချင်းဆုံးတော့ အခန်းထဲကို ပြန်လာပြီး စိတ်ချလက်ချအိပ်လိုက်တာ မနက်မိုးစင်စင်လင်းမှ နိုးတော့တယ်။ ဒီနေ့အတွက် ခရီးစဉ်က Nusa Dua - နူဆာဒူဝါကို သွားဖို့နဲ့ အပြန်ကို Jimbaran Bay မှာ Seafood စားဖို့ပါ။ အမှန်က နူဆာဒူဝါမှာ တစ်ည အိပ်ဖို့ ဟိုတယ်တွေ Book လုပ်တာ မရတော့လို့ နေ့ဖက်ပဲ သွားလည်ရတော့တာ။ နောက်တခေါက်ကျရင်တော့ ဒီလောက်လူဦးရေထူထပ်ပြီး မျက်စိရှုပ်စရာကောင်းတဲ့ ကူတာမှာ မနေတော့ဘူး နူဆာဒူဝါကိုပဲ သွားပြီး အဲဒီမှာပဲနေတော့မယ်လို့ စိတ်ထဲက ကြိမ်းဝါးနေမိတယ်။ 

မနက်နိုးတော့ ခါတိုင်းလိုပဲ ရေချိုး မနက်စာစားပြီး နူဆာဒူဝါကို လိုက်ပို့ဖို့ အသင့်စောင့်နေတဲ့ ကားသမားကြီးကို တွေ့ရတယ်။ အစက ဒီကားကို နှစ်ရက်စာသာ ပြောပြီး ငှားထားတာဖြစ်ပေမဲ့ ကားသမားကြီးကလည်း စေတနာကောင်းပြီး အဆင်ပြေ လုံခြုံစွာ သက်တောင့်သက်သာ သွားလာရတဲ့အတွက် တတိယရက်အတွက်ပါ ဆက်ငှားဖြစ်တယ်။ ကူတာနဲ့ နူဆာဒူဝါက ကီလိုမီတာ နှစ်ဆယ်လောက်ပဲ ဝေးတာမို့ လေးဆယ်ငါးမိနစ်ခရီးပါ။ အသွားလမ်းမှာ ခါတိုင်းလို ဓါတ်ပုံတွေအများကြီး မရိုက်ဖြစ်ပဲ မျက်လုံးထဲရောက်လာသမျှ မြင်ကွင်းတွေကို ဒီတိုင်းပဲ လိုက်ကြည့်နေဖြစ်တယ်။ ညက ဒါမှမဟုတ် မနက်စောစောမှာ မိုးရွာထားပုံရတယ်။ လမ်းတွေရေစိုလို့ သစ်ပင် သစ်ရွက်တွေလည်း စိမ်းလက်တောက်ပနေကြတယ်။
(လမ်းဆုံတနေရာမှာ တွေ့ရတဲ့ နတ်မြင်းပျံတွေ)
(ဘာလီရဲ့ မိုးရွာပြီးစ မနက်ခင်း)

ခဏနေတော့ Nusa Dua ရဲ့ ကမ်းခြေကို ရောက်လာတယ်။ ဟုတ်ပါရဲ့… နူဆာဒူဝါကိုရောက်မှပဲ ဘာလီကမ်းခြေရယ်လို့ ပီပီသသ တွေ့ရတော့တယ်။ ဖြူဖွေးနေတဲ့ သဲပြင်တွေ ပြီးတော့ ပင်လယ်ပြာပြာနဲ့ ကောင်းကင်ကျယ်ကြီးကို မျက်စိတဆုံး တွေ့ရတယ်။
(Nusa Dua ကမ်းခြေ တနေရာ)

ကျွန်မက ဘာလီကို နောက်တခေါက် လာရင် Nusa Dua မှာပဲ နေချင်တာလို့ ပြောလို့ ကားဆရာကြီးက ကျွန်မကို ဟိုတယ်အမိုက်စားတစ်ခု လိုက်ပြတယ်။ ဟိုတယ်နာမည်က The Mulia တဲ့။ Private Beach နဲ့ အင်မတန် လှပ ခန်းနားတဲ့နေရာပဲ။ ဟိုတယ်မှာ မနေခဲ့ရပေမဲ့ နေ့လည်စာစားပြီး ကော်ဖီတော့ ၀င်သောက်လိုက်သေးတယ်။
(Nusa Dua က The Mulia Hotel)
(The Mulia Hotel ရှေ့က ဟိုတယ်အပိုင် ကမ်းခြေ)

Nusa Dua မှာ ခဏနားပြီးတော့ အပြန်လမ်းတလျှောက်မှာ မျက်စိမှိတ်ပြီး လိုက်လာရာက တနေရာအရောက်မှာ ကားရပ်သွားတာ သတိထားမိတယ်။ မျက်စိဖွင့်ကြည့်လိုက်တော့ ကျောက်တောင်တွေနားကို ရောက်နေတယ်။ တဖက်မှာကတော့ ပင်လယ်ပြင်ကို တွေ့နေရတယ်။ ကျွန်မတို့လိုပဲ တခြားကား လေး ငါးစီး ရပ်ထားတာကိုလည်း တွေ့ရတယ်။ အူကြောင်ကြောင်နဲ့ ဟိုကြည့် ဒီကြည့် လိုက်ကြည့်နေတဲ့ ကျွန်မကို ကားဆရာကြီးက ကျောက်တောင်အမြင့်ကြီးတွေမှာ ထွင်းပြီး ထည့်ထားတဲ့ အရုပ်တွေကို လက်ညှိုးထိုးပြတယ်။ ဟုတ်ပါရဲ့။ တကယ်တန်း ဓါတ်ပုံရိုက်တော့ အဝေးကြီးကနေ သွားရိုက်ရတယ် နီးနီးကပ်ကပ်ရိုက်ရင် ဘာမှ မပေါ်ဘူး။ ပြီးတော့ သဘာဝအလျောက် ဖြစ်နေတဲ့ ကျောက်တောင်တွေ ပြတ်ရွေ့နေတာတွေကိုလည်း တိတိပပ တွေ့ခဲ့ရတယ်။
(ကျောက်တောင်ကို ထွင်းပြီး ထည့်ထားတဲ့ အရုပ်တွေ)
   (အနိမ့်အမြင့် မညီမညာ ပြတ်ရွေ့နေတဲ့ ကျောက်တောင်တွေ)

ကျွန်မ ဓါတ်ပုံရိုက်လို့ ရအောင် တမင် ကားရပ်ပြီး စိတ်ရှည်လက်ရှည်စောင့်ပေးတဲ့ ကားဆရာကြီးရဲ့ စေတနာကို အသိအမှတ်ပြုရင်း ကျေးဇူးတင်စကား ဆိုရတယ်။ အခုဆက်သွားမဲ့နေရာကတော့ မတ်နေတဲ့ ချောက်ကမ်းပါးအစွန်းးလေးပေါ်မှာ တည်ထားတဲ့ Uluwatu Temple (Temple on the Cliff) လို့ သိရတယ်။ Uluwatu Temple ဟာ ၁၁ ရာစုနှစ်လောက်ထဲက တည်ထားတဲ့ နာမည်ကျော် ရှေးဟောင်း ဟိန္ဒူ ဘုရားကျောင်းတခုဖြစ်ပြီး Ulu ဆိုတာက ထိပ်ဖျား၊ Watu ဆိုတာကတော့ ကျောက်တုံး လို့ အဓိပ္ပါယ် ရပါတယ်။ မြင်ကွင်း သိပ်လှတယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ ခက်နေတာတခုက အဲဒီမှာ မျောက်တွေ ရှိတယ်တဲ့။ ဒီတော့ ကျွန်မ ကင်မရာကိုင်သွားရင် လိုက်လုလိမ့်မယ် တဲ့။ ဘုရားရေ… ကျွန်မ ဘုရား တ ရင်း အသံထွက် ရယ်မောမိတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးတွေလည်း အတော်ကို ပြူးကျယ်သွားတယ်။ ဒုက္ခပါလား။ မနေ့ကတော့ မြွေတွေရှိတဲ့ ဘုရားကျောင်း ဒီနေ့တော့ မျောက်တွေရှိတဲ့ ဘုရားကျောင်းတဲ့။ အဲဒီတော့လည်း ကင်မရာကို ထားခဲ့ပြီး ဖုန်းနဲ့ပဲ ဓါတ်ပုံရိုက်ရုံပေါ့။ ဒါတောင် ဖုန်းကို တချိန်လုံး တကိုင်ကိုင် လုပ်နေလို့ မရဘူး ရိုက်လိုက် သိမ်းလိုက် လုပ်ရမှာတဲ့။ ခက်တဲ့ မျောက်တွေပဲလို့ ရယ်ချင်စိတ်တ၀က်နဲ့ တွေးမိတယ်။ 

ဒီလိုနဲ့ ဘုရားကျောင်းကိုရောက်တော့ တောင်ပေါ်တက်ဖို့ကို ကိုယ်ပေါ်မှာ မလိုအပ်တဲ့ ပိုက်ဆံအိတ်၊ ပုဝါ ဘာညာ အကုန်ထားခဲ့ရတယ်။ ပြီးတော့ မျက်မှန်လုတတ်တဲ့ မျောက်လည်း ရှိသတဲ့။ မျက်မှန်မတပ်ရင် ကျွန်မ ဘာမှ မြင်ရမှာမဟုတ်ဘူးလို့ ပြောတော့ ကားဆရာကြီးက တပ်လာပါ သတိတော့ ထားပေါ့... လို့ ပြောတယ်။ ဘုရားကျောင်းအ၀င်ဝမှာ လက်မှတ်ဝယ်တော့ လူတိုင်းကို အ၀တ်စနဲ့ ချုပ်ထားတဲ့ ခါးစည်းကြိုး အ၀ါရောင်လေးတွေ ပေးတယ်။ အဲဒီကြိုးအ၀ါလေးကို ချည်ပြီးတော့ လှေခါးထစ် ပြေပြေတွေကနေ တောင်ပေါ်ကို တက်လာခဲ့တယ်။ ကားဆရာကြီးက ခပ်လှမ်းလှမ်းမှာ တွေ့တဲ့ သစ်ကိုင်းခြောက်တစ်ခုကို ကိုင်ပြီး ကျွန်မ အနောက်ကနေ လျှောက်လာတယ်။ လိုအပ်ရင် ကိုရွှေမျောက်တွေရဲ့ ရန်က ကာကွယ်ပေးဖို့ပေါ့။
(ဆီးကြိုနှုတ်ဆက်နေကြတဲ့ မိတ်ဆွေတွေ)

တလှုပ်လှုပ်နဲ့ ဟိုလျှောက် ဒီလျှောက်လုပ်နေကြတဲ့ ဒင်းတို့ကို နီးနီးကပ်ကပ်မြင်ရတော့ ကြောက်လည်း ကြောက်တယ်။ သဘောလည်း ကျတယ်။ ရယ်လည်း ရယ်ချင်တယ်။ အဲဒီလို ဟိုကြည့် ဒီကြည့် တထိတ်ထိတ်နဲ့ လှေခါးထစ်လေးတွေအတိုင်း တက်လာလိုက်တာ နောက်ဆုံးတော့ Temple ရှိတဲ့ ချောက်ကမ်းပါးအစွန်းနားကို ရောက်လာခဲ့တယ်။ လေကလည်း အရမ်းတိုက်တော့ အတော်ကို သတိထားရတယ်။
(ချောက်ကမ်းပါးအစွန်းးလေးပေါ်မှာ တည်ထားတဲ့ Uluwatu Temple)
(Uluwatu Temple အ၀င်က မုခ်ဦး)
(Uluwatu Temple ကနေ လှမ်းမြင်နေရတဲ့ နောက် Cliff တစ်ခု)

အိုး… တွေ့ပြီ... မျက်မှန်တွေ လုတတ်တဲ့ မျောက်ဆိုတာ တကယ်ရှိတာပဲ။ မျက်မှန်တစ်လက်ကို ကိုင်ပြီး အေးရာအေးကြောင်း၊ ပြီးတော့ အကျအန ထိုင်နေတဲ့ ကိုရွှေမျောက်ကိုတွေ့တော့ ဟေ့ ဟေ့ လို့ လှမ်းခေါ်ပြီး အော်ဟစ်ရယ်မောပစ်လိုက်ချင်စိတ်ကို မနည်းထိန်းထားရတယ်။ ရယ်ကလည်း ရယ်ချင်၊ ကိုယ့်မျက်မှန်ကို သူ လာလုသွားမှာကလည်း ကြောက်ရ၊ ကျွန်မ မိတ်ဆွေတွေကို ပြန်ပြဖို့ ဓါတ်ပုံကလည်း ရိုက်ချင်နဲ့ သူ့ကိုတွေ့တဲ့ အဲဒီအခိုက်အတံ့လေးမှာ အတော်ကို ဗျာများရတယ်။ နောက်ဆုံးတော့ သူ့ကို အခုလို အမိအရ မှတ်တမ်းတင်လိုက်နိုင်တယ်။
(မျက်မှန်တစ်လက် ကိုင်ပြီး အကျအန ထိုင်နေတဲ့ ကိုရွှေမျောက်)

ကားပေါ်ပြန်ရောက်တော့ အတော်မောနေပြီ။ ရေတစ်ဗူးယူပြီး မနားတမ်း သောက်လိုက်မိတယ်။ Temple က အပြန်မှာ Jimbaran Bay Seafood Club မှာ ညစာစားရမယ်လို့ ပြောတယ်။ Jimbaran ကို စားကောင်းသောက်ဖွယ်တွေကြောင့် နာမည်ကြီးတဲ့ နေရာတစ်ခုအဖြစ် စာထဲမှာ ဖတ်ခဲ့ဖူးတယ်။ 

အပြန်လမ်းမှာ ကျွန်မ ရောက်ခဲ့တဲ့ Temple တွေနဲ့ သူတို့ရဲ့ နာမည်ပေးပုံတွေအကြောင်းတွေ စဉ်းစားလာတယ်။ Temple in the Lake / Temple in the Sea နဲ့ အခု Temple on the Cliff… ပြီးတော့ စာပြန်ရေးစရာ စကားလုံးတွေ စဉ်းစားလာတယ်။ နေရာဒေသ အသစ်အဆန်းတွေနဲ့ သဘာဝရဲ့ ထူးခြားဆန်းပြားမှုတွေထဲမှာ နစ်မျောပျော်ဝင်နေရာက ဒီနေ့အဖို့ မတွေ့ရသေးတဲ့ နှင်းဆီနီတွေကို လွမ်းဆွတ်ဖို့ သတိရလာတယ်။ Casablanca သီချင်းကို ခပ်တိုးတိုး ညည်းဖို့ သတိရလာတယ်။ 
~ ~ Please come back to me in Casablanca…
~ ~ I love you more and more each day as time goes by…

သက်ဝေ
(၂၇ သြဂက်စ် ၂၀၁၅)