Thursday, December 29, 2016

စွယ်တော်အိပ်မက်ရှည်

အစိမ်းရောင် Scrabble အိတ်တစ်လုံးထဲ အေ ဘီ စီ ဒီ စာလုံးတွေ ပေါင်းစု ရောနှောနေသလို အဲဒီနေရာကို အားလုံး တစ်နေ့တည်း တချိန်တည်းမှာ အတူတူ စုဝေး ရောနှော ရောက်ရှိလာခဲ့ကြ။
တွေ့တွေ့ချင်းမှာ ဖြူစင်တဲ့ ရိုးသားမှုတွေနဲ့ တစ်ယောက်ကို တစ်ယောက် မသိမသာ (သိသိသာသာ) အကဲခတ်ကြ၊ ပြီးတော့ တစ်ယောက်က တစ်ယောက်ကို ရယ်မောပြုံးပြ နှုတ်ဆက်ကြ၊ စတင် မိတ်ဖွဲ့ကြ။ ဟေ့... မင်းက ဘယ်က လာတာလဲ / ကျွန်တော် ရန်ကုန်က / ကျွန်တော်က မြင်းခြံက / ကျုပ်က တောင်ငူက / ကျွန်တော်က မန္တလေးက... အဲဒီလိုနဲ့ တစ်ယောက် တစ်ယောက် မိတ်ဆွေဖွဲ့ကြ။ သိပ်မကြာခင် အချိန်တိုတိုလေးအတွင်းမှာ ဟိုးအရင် နှစ်ကာလများစွာထဲက ရင်းနှီးခင်မင်ခဲ့ကြသူတွေလို တသားတည်းကျခဲ့ကြ။ နီးစပ်ရာ နီးစပ်ရာ ပေါင်းစုကြရင်းက အစုလိုက် အဖွဲ့လိုက်တွေ ဖြစ်လာကြ။ အဲဒီနောက်မှာ တစထက် တစ ထွေးလုံးရစ်ပတ်ပြီး ပြောမနာ ဆိုမနာ ငယ်သူငယ်ချင်းတွေ ဖြစ်လာကြ။ ခေတ်စားနေတဲ့ အနီရောင် ပန်းပွားလွယ်အိတ်တွေ ဆင်တူ / ပုခုံးမှာ အထုံးထုံးပြီး လွယ်ပိုးခဲ့ကြ။ ပန်းပွားလွယ်အိတ်က ကြိုးစတွေ အချင်းချင်း နောက်ရင်း ပြောင်ရင်း ပူးတွဲ ချည်နှောင်ခဲ့ကြ။ ပန်းပွားလွယ်အိတ်အတွဲတွေလို ခွဲလို့မရအောင် တစ်ယောက်က တစ်ယောက်ကို ဖက်လှဲတကင်း ချစ်ခင်ကြ။

နာမည်ရင်းတွေ ပျောက်၊ နာမည်ပြောင်တွေ ကိုယ်စီ ရှိလာကြ။ ခေါင်းထိပ်နားက ဆံပင်တွေချည်းပဲ ပွနေအောင် ကောက်ထားတဲ့သူကို ထိပ်တင်ပွ / ဆံပင်ကို အုန်းဆီတွေ ရွှဲနေအောင် လိမ်းတတ်တဲ့သူကို ဆီရွှဲ / အရပ်ရှည်ရှည် ပိန်ပိန်နဲ့ တစ်ယောက်ကို အရှည်ကြီး / ပုံဆွဲချိန်တွေမှာ အခန်းအပြင်ကနေ လာလာကြည့်တတ်တဲ့ တစ်ယောက်ကို Drawing / အနီ အဝါကြား စပို့ရှပ် မကြာခဏ ဝတ်တတ်တဲ့တစ်ယောက်ကို မီးပွိုင့် / နှုတ်ခမ်းမွေးစစနဲ့သူကို ဝင်းဦး၊ ပါတိတ်ရှပ်အမြဲဝတ်တဲ့သူကို ပြိတ္တာ / ရယ်လိုက်ရင် သွားတွေ အရှေ့ထွက်နေသူကို ရှဲစောင်း / နားရွက်မှာ နားသန်သီး တပ်ထားတဲ့ တစ်ယောက်ကို ချိန်သီး / အသားမည်းတဲ့တစ်ယောက်ကို မဲလေး / နောက်ထပ် သူ့ထက် အသားမည်းတဲ့ တစ်ယောက် ထပ်တွေ့ပြန်တော့ မဲကြီး / မျက်နှာမှာ ပေါင်ဒါတွေ လိမ်းပြီး ကျောင်းလာတဲ့တစ်ယောက်ကို ချောကလက် မှိုတက် / တစ်ခုခုပြောမယ်ကြံလိုက်ရင် စကားအစမှာ ဟိုနင်း လို့ အမြဲပြောတတ်တဲ့ တစ်ယောက်ကို ကိုဟိုနင်း / သူ့လိုပဲ စကားအစမှာ ဟိုဥစ္စာ ဆိုတာကနေ စပြောတဲ့တစ်ယောက်ကို ကိုဟုတ်စာ / မင်းသား James Dean နဲ့ တူတဲ့တစ်ယောက်ကို JD / နှာခါင်းချွန်ချွန် စိုးသူနဲ့ တူတဲ့ တစ်ယောက်ကို စိုးသူ / နာမည်မှာ ယဉ် ပါတဲ့တစ်ယောက်ကို ယင်ကောင်။ အဲဒီလို မရေမတွက်နိုင်တဲ့ နာမည်ပြောင်တွေနဲ့ ပြောမနာ ဆိုမနာ ရင်းနှီးကျွမ်းဝင်ကုန်ကြ။ တီစကွဲတွေ ထိုးထိုးထောင်ထောင်နဲ့ ပြေးပြေးလွှာလွှား ရှေ့ဆုံးတန်းမှာ နေရာဦးကြ၊ သီရေတာတွေမှာ အတန်း အတူတက်ကြ၊ ဆရာတွေအလစ် စာသင်ခန်းထဲမှာ ထမင်းဘူးတွေဖွင့်စားကြ။ တခါတခါတော့ အတန်းအတူလစ်ကြ။ တစ်ယောက်က အတန်းလစ်ပြီး စာသင်ခန်းရဲ့ နောက်ဆုံးတံခါးပေါက်က ခုန်ချရင် ကျန်ခဲ့တဲ့တစ်ယောက်က သူ့လွယ်အိတ်ကို သိမ်းထားပေးကြ။ နောက်တစ်ယောက်က ကျောင်းခေါ်ချိန်စာရွက်မှာ သူ့လက်မှတ်ကို သပ်သပ်ရပ်ရပ် ထိုးပေးကြ။ ကျူတိုရီယယ်ချိန်တွေမှာ ဆရာမက နာမည်ခေါ်ရင် အသံတုနဲ့ ထူးပေးကြ။ စွယ်တော်ရိပ်မှာ အပျော်ဆုံး ကျောင်းတက်ချိန် လွတ်လပ်ပေါ့ပါး ကျောင်းသားဘဝ။

ဒီလိုနဲ့ စာမေးပွဲတွေ နီးလာရင် အတန်းမှန်တဲ့သူဆီက စာအုပ်တွေ ငှားကြ၊ ကိုယ့်စာအုပ်ထဲက စာမျက်နှာလွတ်တွေ ပြန်ဖြည့်ကြ၊ ဝရုန်းသုန်းကားနဲ့ အပေါက်တွေ ဖာကြ။ စာသင်ခန်းအလွတ်တွေမှာ အုပ်စုလိုက် စာအတူ ကျက်ကြ။ မသိတဲ့သူကို မတတ်တဲ့သူက ဆရာပြန်လုပ်ကြ ငြင်းကြ ခုန်ကြ၊ လဖက်ရည်ခွက်တွေ၊ လစ်ပိုပုလင်းတွေနဲ့ တစ်ညမှ မအိပ်လိုက်ရပဲ မိုးစင်စင်လင်းကြ။ Assume နဲ့ Neglect ကို တွင်တွင်သုံး Error တွေ တက်တော့ ဝုန်းဒိုင်းကြဲ၊ Tension နဲ့ Compression မခွဲတတ်တော့ ခေါင်းချင်းဆိုင်ပြီး အကြပ်ရိုက်။ Fluid နဲ့ Thermo က ဖေါ်မြူလာတွေကို အဖြူရောင် ရေးနော့ဘောပင်ရဲ့ ကိုယ်ထည်ပေါ်မှာ (ကြံမိကြံရာ) ဆူးချွန်နဲ့ ကူးရေးကြ။ နီးစပ်ရာ ဆရာတွေ ဆရာမတွေဆီကို (အချိန်မရှိ အချိန်ရှိ၊ အားသည် မအားသည် မသိ) တဟုန်ထိုး ပြေး၊ မသိတာတွေ မေး။ အဲဒီအချိန်တွေမှာ ကျောင်းသားတွေက အာစီ တူး နဲ့ ထူး ကို ခဏ မေ့ထားကြရ။ ကျောင်းသူတွေက အဆောင်ရှေ့က သီချင်းသံ (အသည်းကွဲသီချင်းသစ်နဲ့ မျှော်လင့်ခြင်းလေး) ကို ခဏမေ့ထားကြရ၊ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ အသည်းပုံ စွယ်တော်တွေရယ်၊ အဖြေမပေးသေးတဲ့ ချစ်ရသူအကြောင်းနဲ့ အဖြေမပေးရသေးတဲ့ ချစ်နေမိသူ အကြောင်းတွေကိုလည်း (ခဏဖြစ်ဖြစ်တော့) ခေါင်းထဲကနေ ထုတ်ထားကြရ။ စာမေးပွဲပြီးတော့မှ (စာမေးပွဲပြီးတော့မှ) လို့ တေးထားကြရ။ အဲဒီနေရာမှာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်... စာသင်နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်။

အဲဒီနေရာ…
လှပခန့်ညားတဲ့ လေးထောင့်တိုင်ကြီး ဆယ့်ရှစ်တိုင်၊ အထင်ကရ စွယ်တော်ပင်တွေနဲ့ ခရေပင်တန်း၊ ကျောင်းရှေ့က အစိမ်းရောင် မြက်ခင်းကျယ်၊ ဦးလူပေါဂိတ်နဲ့ ပစ္စည်းမဲ့ဂိတ်၊ အဆောက်အဦးနံပါတ် တစ် နှစ် သုံး လေး ငါး ခြောက် ခုနှစ် ရှစ်၊ အဝါနုရောင် ကျောင်းဆောင်တွေနဲ့ ဂျီဟောသူ၊ တစ်ခါတစ်ခါမှ စိတ်ပါလက်ပါ ဖွင့်လေ့ (ပွင့်လေ့) ရှိတဲ့ ကျောင်းရှေ့က ရေပန်းနဲ့ ကားရပ်နားရာ နေရာထိပ်က စကားပင် စကားပွင့်ကြွေတွေ၊ ဘယ်သူလျှောက်လျှောက် ဘယ်အချိန်မဆို လက်ခုတ်သံ ညံတဲ့ သြဘာလမ်း၊ ပုံဆွဲချိန်နဲ့ တီစကွဲတွေ ငှားရတဲ့ ဂိုထောင်နဲ့ ဦးလေးကြီး၊ လွှတိုက် တူထု ဂဟေဆော် ပျော်စရာ လက်တွေ့အချိန်တွေ (ကျောင်းသူတွေက ကျောင်းသားတွေကို ဟေ့... ငါ့ကို ဒါလေး ကူလုပ်ပေးနော်လို့ အကူအညီတောင်းခဲ့ရ)၊ ၁-၃/၂၇၊ ၈-၁/၁ နဲ့ မိန်းကလေးများ နားနေဆောင်၊ တူးတူးရဲ့ ခုနှစ့်ဆယ့်ငါးရာခိုင်နှုန်းနဲ့ ကျောင်းသားရေးရာ၊ နွေးအေးက ကိုအောင် ကိုဇော် ညီနောင်နှစ်ဖေါ်နဲ့ စတော်ဘယ်ရီလက်ဖျော်၊ ဒီလမ်းပေါ်မှာ လက်တွဲလျှောက်မှ ချစ်သူအရာမြောက်တဲ့ Lovers’ Lane၊ တစ်လတစ်ကြိမ် အသစ်လဲတဲ့ ကာတွန်းဘောက်စ်၊ ဂဏန်းပေါင်းစက် မဲနှိုက်ရတဲ့ ကျောင်းထိပ်က စာအုပ်ဆိုင်၊ မတ်လ ဆယ့်သုံး နဲ့ ဘုန်းမော်၊ ကျောင်းပိတ်ရက်ရှည်တွေနဲ့ အဲဒီရက်မှာ ရောက်လာတဲ့ အစိမ်းရင့်ရောင် သံဇကာကွက်တွေ၊ တိုးတိုးပြောပါ ဆူညံခြင်းမပြုရ စာတမ်းတွေနဲ့ ကျောင်းစာကြည့်တိုက်၊ ဝါသနာ စေတနာ အနစ်နာ နာသုံးနာနဲ့ အတိပြီးတဲ့ ဆရာ ဆရာမတွေရဲ့ စာသင်ချိန်တွေ၊ ပြီးတော့ မေ့ပစ်ဖို့ အလွန်ခဲယဉ်းတဲ့ နာရီတွေ၊ နေ့စွဲတွေ၊ ခုနှစ် သက္ကရာဇ်တွေ၊ အိတ်အစိမ်းရောင်ထဲမှာ သူ့အလိုလို တွယ်ရစ် ချည်နှောင်ပြီးဖြစ်တဲ့ အဖြူရောင် သံယောဇဉ်ကြိုးတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဘယ်တော့မှ မဆုံးနိုင်တဲ့ စွယ်တော် အိပ်မက်ရှည်တွေ။

ခြောက်နှစ်တာ စာသင်နှစ်တွေကုန်ဆုံးတော့ အနာဂတ်အတွက် မဆုံးနိုင်တဲ့ အိပ်မက်ရှည်တွေ ဆက်မက်ကြ။ အဲဒီအချိန်မှာပဲ အိတ်အစိမ်းရောင်ထဲကနေ အေ ဘီ စီ အက္ခရာ စာလုံးတွေကို မှောက်ခါ သွန်ချလိုက်သလို အားလုံး တစ်ယောက် တစ်နေရာစီရောက်၊ တစ်ယောက် တစ်လမ်းစီလျှောက်၊ ဟို ဒီ တစစီ ဝေးကွာ ပြန့်ကျဲကုန်ကြ၊ တချို့က ပျော်ရာမှာ နေကြပြီး တချို့က တော်ရာမှာ နေကြရ၊ တချို့တွေကတော့ စာလုံးတွဲတွေလို မခွဲပဲ တတွဲတွဲ ရှိမြဲ ရှိနေကြ။ ကျောင်းသားဘဝတုန်းကလို အားလုံး အတူတူ တစုတဝေးထဲ ပြန်ဆုံနိုင်ဖို့ အခွင့်အရေးတွေ ခက်ခဲ ရှားပါးကုန်ကြ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလို ဆက်သွယ်ရေးကောင်းလာတဲ့အချိန်မှာ ခေတ်စာမျက်နှာတွေပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် အလျှင်အမြန် ပြန်လည်နီးကပ်လာကြ။ ဝေးနေတဲ့သူတွေကိုလည်း နီးလာအောင် အချင်းချင်း ပြန်လည်ဆွဲငင်ခေါ်ဆောင်လာကြ။ အဲဒီ စာမျက်နှာတွေပေါ်မှာပဲ အချိန်ရရင် ရသလို တွေ့ကြဆုံကြ ပြောဆို ရယ်မောကြ တခါတခါ (သို့မဟုတ်) အခါခါ ငြင်းကြခုန်ကြ ရန်ဖြစ်ကြ။ အသက်တွေကြီးလာပေမယ့် ငယ်ငယ်က ကျောင်းသားဘဝရဲ့ နေ့စွဲတချို့ မမျှော်လင့်ပဲ ပြန်လည် ရရှိကြ။ ဘယ်လိုအခြေအနေမျိုးရောက်ရောက် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ဝေးဝေး အခါအခွင့်ကြုံတိုင်း မဆုံးနိုင်တဲ့ စွယ်တော်အိပ်မက်ရှည်တွေကို စိတ်ပါလက်ပါ ဆက်မက်နေကြ။ အားလုံးရဲ့ ဆင်တူအိပ်မက်တွေက အိတ်အစိမ်းရောင်ထဲကို - ခဏလောက်ဖြစ်ဖြစ် - တစုတဝေးထဲ ပြန်ဝင်နိုင်ဖို့ ဖြစ်နေခဲ့ကြ။ အဲဒီအိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖေါ်နိုင်ဖို့ စုဝေးကြ တိုင်ပင်ကြ အားထုတ်ကြိုးပမ်းကြ။ နှင်းတွေဝေနေတဲ့ ဒီဇင်ဘာ ဆောင်းမနက်ခင်းတစ်ခုမှာ အိတ်အစိမ်းရောင်ထဲကို ရောက်ရာအရပ်က မဆိုင်းမတွ ပြန်လာဖို့ တစ်ယောက်ကို တစ်ယောက်က တိုက်တွန်းကြ၊ တစ်ယောက်ကို တစ်ယောက်က ဆွဲဆောင်ကြ၊ ကိုယ်စီကိုယ်ငှ ကြိုးစားခဲ့ကြ။

ဒီလိုနဲ့ ဒီနေ့မှာ…
ကျွန်တော်တို့ အားလုံး အားလုံး အတူတူ ပြန်လည်ဆုံတွေ့ကြ...
ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတဲ့ ခေါင်းစည်းအောက်က အစိမ်းရောင် အိတ်ကလေးတစ်လုံးထဲကို အေ ဘီ စီ ဒီ စာလုံးလေးတွေ တစ်ခုချင်း ပျော်ရွှင်စွာ တိုးဝင်ခဲ့ကြ။ နှုတ်ဆက်စကားသံ၊ ရယ်မောသံ၊ (ဟေ့... မင်းက ဝတယ် / မင်းက အိုတယ် / မင်းက နဖူးပြောင်လာတယ် / ဟေ့ကောင် လူပျိုကြီး မစွံသေးဘူးလားကွ...) အဲဒီလို မခံချင်အောင် စနောက်သံတွေ ညံစီနေခဲ့ကြ၊ မဖတ်ရတာကြာလှပြီဖြစ်တဲ့ ကာတွန်းဘောက်စ်မှာ တိုးဝှေ့ကြ။ အချင်းချင်းရော ဆရာမတွေကိုပါ လက်ဆွဲခေါ်ရင်း ဓါတ်ပုံတွေ တဖြတ်ဖြတ် မပြီးနိုင်အောင် ရိုက်ကြ။ တွေးကြည့်ရုံနဲ့ စိတ်ကူးထဲမှာ အပျော်ကြီး ပျော်ခဲ့ရတဲ့ နေ့စွဲတစ်ခုကို အားလုံး ကိုယ်စီ လက်ဝယ်ပိုင်ဆိုင်ခဲ့ကြရ။ (မရှိတော့တဲ့ သူငယ်ချင်းတွေနာမည် ရေရွတ်မိတော့ ရုတ်တရက် - တဒင်္ဂ - နှုတ်ဆိတ်ခဲ့ကြ၊ စိတ်မကောင်းဖြစ်ကြရ။) ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ အနှစ်နှစ်ဆယ်ကျော် ဝေးကွာနေခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ ဆရာ ဆရာမတွေ အားလုံးနဲ့ တနေရာထဲမှာ တစုတစည်းထဲ ပြန်လည်ဆုံတွေ့ခဲ့ကြ။ သိပ်ပျော်တယ် ဆိုတဲ့စကားကို ကျောင်းဝင်းကျယ်ကြီး တခုလုံး ပဲ့တင်ထပ်အောင် ပျော်ပျော်ပါးပါး၊ ကျယ်ကျယ်လောင်လောင် ပြီးတော့ ကြည်ကြည်နူးနူး ရေရွတ်ခဲ့ကြ။ စွယ်တော်အိပ်မက်ရှည်သီချင်းကို အားလုံး သံပြိုင် သီဆိုခဲ့ကြ။

သက်ဝေ
(၁၃ စက်တင်ဘာ ၂၀၁၆)

Wednesday, November 30, 2016

စ န္ဒီ နဲ့ အ တူ

နီနီဟု အမည်ရသော ကလေးမလေးသည် ကျွန်မနှင့် ကျောင်းနေဖက် ငယ်သူငယ်ချင်းစုံတွဲ၏ တစ်ဦးတည်းသော သမီးလေးဖြစ်သည်။ နီနီ့နာမည်အရင်းမှာ စန္ဒီဖြစ်သည်။ စန္ဒီကလေ စန္ဒီကလေ… နှင့် စကားပြောရင်း နီနီကလေ… နီနီကလေ ဟု ဖြစ်လာသည်ဟု စန္ဒီ့မေမေက ပြောပြသည်။ စန္ဒီ့နှင့် ရင်းနှီးလာချိန်မှာ သမီးနာမည် စန္ဒီလေ… စန္ဒီကနေ ဒီဒီ ဖြစ်ရမှာကို ဘာလို့ နီနီ ဖြစ်နေရသလဲ ဟု ကျွန်မ မေးမိသောအခါ ခြောက်နှစ်သမီး စန္ဒီက သူ့ခေါင်းလေးကို ဘယ် ညာ ယမ်းနေအောင် လှုပ်ခါရင်း နီနီပဲ… နီနီပဲ… နီနီက အနီရောင်ကို ကြိုက်လို့... ဟု ချစ်စဖွယ် ပြောခဲ့ပါသည်။ ထိုသမီးလေး နီနီ ခေါ် စန္ဒီသည် တချိန်ချိန်မှာ သူ့ကို ဇာတ်ကောင်နေရာတွင်ထားကာ စာတစ်ပုဒ် ရေးဖြစ်အောင် ကျွန်မကို တွန်းအား တစုံတရာ ပေးနိုင်လိမ့်မည်ဟု မည်သည့်အခါကမျှ တွေးမထားဖူးခဲ့ပါ။ သို့သော်…
နီနီနှင့် ကျွန်မ၏ စတင်တွေ့ဆုံမှုမှာ ရိုးရှင်းစွာ။ သူငယ်ချင်းများ ဆုံကြသော မိတ်ဆုံ ညစာစားပွဲတစ်ခုတွင် ဖြစ်သည်။ ထိုစဉ်က နီနီ ခြောက်နှစ်သမီးအရွယ်… လူစိမ်းများကို ကြောက်ရွံ့တတ်သော၊ စကားနည်းသော၊ အစားရွေးသော၊ ပေတိပေကပ်နိုင်သော၊ ဂျီတိုက် ဂျစ်ကျသော၊ လူကြီး ပြောစကားနားမထောင်သော… အစရှိသည့် အထူးပြု နာမ၀ိသေသနများ ပိုင်ရှင် ခြောက်နှစ်သမီးလေး နီနီနှင့် ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံမှုသည် မျှော်လင့်ထားသည်ထက် ပြေပြစ်လှသည်။ လိုအပ်သည်ထက်ပို၍ နီးကပ်ပြီး တစ်ယောက်ကို တစ်ယောက် လျှင်မြန်စွာ ရင်းနှီးခင်မင်သွားပုံမှာလည်း မယုံကြည်နိုင်စရာ အနည်းငယ်တော့ ထူးဆန်းနေသလိုပင်။ ထိုအချိန်လေးကို ကျွန်မ ယခုတိုင် မှတ်မိကာ မြင်ယောင်နေပါသေးသည်။ ညစာစားပွဲတွင် နီနီက ကျွန်မအနားသို့ စိတ်လိုလက်ရ လာကပ်ထိုင်ကာ သူ့လက်ထဲမှ အနီရောင် လက်ပတ်နာရီထူထူလေးကို ပြရင်း၊ နာရီထဲမှာ လှုပ်နေသော အရုပ်ကလေးအကြောင်းကို သူ့အသံသေးသေးလေးဖြင့် တွတ်တွတ်ပြောရင်း ကျွန်မ ခွံ့ကျွေးသော ခေါက်ဆွဲကြော်ကို တစ်ဇွန်းပြီး တစ်ဇွန်း မငြင်းမဆန် စားနေပုံကို နီနီ့ဖေဖေနှင့် မေမေက မျက်နှာချင်းဆိုင်စားပွဲမှာ ထိုင်ကာ တအံ့တသြ လှမ်းကြည့်နေခဲ့ကြသည်။ နီနီ၏ အမူအယာလေးများ အပြောအဆိုလေးများမှာ ချစ်စဖွယ်ကောင်းလွန်းသဖြင့် ကျွန်မလည်း နီနီ့ကို အချိန်တိုလေးအတွင်း ချစ်ခင်သွားပါသည်။ နောက်တနေ့တွင် နီနီ့မေမေက မနေ့က ဖြူ ခွံ့ကျွေးတဲ့ခေါက်ဆွဲဟာ နီနီ့ဘဝမှာ ပထမဦးဆုံး စားတဲ့ ခေါက်ဆွဲပဲ… ဟု ဖုန်းဆက်ရင်း ပြောပြပါသည်။ အရင်က ဘယ်လိုမှ ကျွေးလို့ မရ… မျက်ရည်ထွက်အောင် ငိုယိုငြင်းဆန်လေ့ရှိသတဲ့။ သမီးလေး နီနီ…

နောက်ပိုင်းတွင် နီနီက ဖြူ့ကို အင်မတန် ချစ်တယ် ဟု ဆိုကာ ကျွန်မနှင့် တွေ့ဆုံနိုင်သည့် ပွဲလမ်းများသို့ နီနီ့မေမေက နီနီ့ကို ခေါ်လာလေ့ရှိသည်။ ထို့ကြောင့် နီနီနှင့် ကျွန်မ မကြာမကြာ တွေ့ဖြစ်ကြသည်။ တွေ့လိုက်တိုင်း အန်တီဖြူ ဟု ခပ်ကျယ်ကျယ်ခေါ်က ကျွန်မရှိရာဆီသို့ ဝမ်းသာအားရ ပြေးလာတတ်သော နီနီလေးကို ကျွန်မ နှစ်လိုစွာ ပွေ့ဖက် ချီပိုးရစမြဲ။ ချစ်ခင်စွာ ကြင်နာ ယုယရစမြဲ။ အနီရောင်ကြိုက်သော သမီးလေးနီနီ့အတွက် အရုပ်နီနီလေးများ၊ အနီရောင် ခဲစက္ကူပတ် သကြားလုံးများ ချောကလက်များနှင့်အတူ အနီရောင် ကစားစရာများ၊ အနီရောင် စာအုပ် ခဲတံ ပေတံ အစရှိသော အသုံးအဆောင်ပစ္စည်း အတိုအထွာလေးများကို ဝယ်ပေးဖြစ်စမြဲ။ ကျွန်မ ဝယ်ပေးသမျှ ပစ္စည်းတစ်ခုချင်းစီတိုင်းကို နီနီလေးကလည်း သဘောတကျ နှစ်သက်စမြဲ။ နီနီကလည်း အန်တီဖြူ့အတွက်ဟု ဆိုကာ သူ့ကျောင်းမှာ ဆွဲလာသော ပန်းချီကားချပ်ကလေးများ၊ စက္ကူပန်းကလေးများကို လက်ဆောင်အဖြစ် ယူလာပေးတတ်သေးသည်။ သမီးလေး နီနီ…

ခြောက်နှစ်သမီးလေး နီနီက မျက်စိရှေ့တွင်ပင် တစ တစ အရွယ်ရောက်လာခဲ့သည်။ အရွယ်ရောက်လာသော နီနီလေးသည် ငယ်ငယ်ကလို လူကြောက်သော၊ စကားနည်းသော၊ အစားရွေးသော သမီးလေးနီနီ မဟုတ်တော့ချေ။ သွက်လက်သော၊ လှပသော၊ လူအများနှင့် ပြောဆို ဝင်ဆန့်သော၊ ချိုရွှင်တက်ကြွသော ချစ်စဖွယ် သမီးလေးနီနီ ဖြစ်လာခဲ့သည်။ မပြောင်းလဲတာဟူ၍ ဂျစ်ကပ်ကပ်နိုင်တတ်ခြင်း၊ အနီရောင်ကို စွဲစွဲလမ်းလမ်း နှစ်သက်နေခြင်းနှင့် ကျွန်မကို ငယ်စဉ်အချိန်များကလို နှစ်လို ချစ်ခင်နေခြင်းတို့ပင်။ အန်တီဖြူ့ကို နီနီ ဘာဖြစ်လို့ ချစ်တာလဲဟု တစ်ခါ မေးကြည့်ဖူးသည်။ ကျွန်မမေးသော မေးခွန်းမှာ တစ်ခုတည်းဖြစ်သော်လည်း နီနီ့အဖြေမှာမူ အမျိုးအမည် များပြား စုံလင်လှသည်။ အသားဖြူလို့၊ ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည် ဝတ်လို့၊ ကာတွန်းဖတ်လို့၊ ဆံပင်တိုလို့၊ ရေခဲမုန့်စားလို့၊ ဦးထုပ်ဆောင်းလို့၊ ရှူးဖိနပ်စီးလို့၊ ကျောပိုးအိတ်လွယ်လို့၊ လမ်းလျှောက်တာ မြန်လို့… အစရှိသည့်အဖြေများကို ဟန်ပန်အမူအယာများနှင့်တကွ ဖြေဆိုခဲ့သည်။ ထိုမျှသာမက နှုတ်ခမ်းကို ချွန်နေအောင် လုပ်ကာ နီနီကြိုက်တာတွေ နဲ့ တူလို့… ပြီးတော့ နီနီ့ကို ချစ်လို့ သိလား… ဟု နိဂုံးချုပ်တတ်ပါသေးသည်။ ကလေးဆန်ဆန် ရိုးသားသော သမီးလေးနီနီ၏ အပြောများ၊ အဖြေများကို ကြားရသည်မှာ ကျွန်မကိုယ် ကျွန်မ မှန်ထဲတွင် ပြန်မြင်နေရသလိုပင်။ သမီးလေး နီနီ…

သမီးလေးနီနီ အရွယ်ရောက်လာချိန်တွင် သူ့မိခင်က တစ်ဦးတည်းသော သမီးကလေးမို့ အစစ အရာရာ လိုလေသေးမရှိ ထားကာ မိန်းကလေးဆန်ဆန် လှပအောင် ပြုပြင် ဆင်ယင်လိုသည်။ ပွဲနေပွဲထိုင်တွေ ခေါ်သွားလိုသည်။ ပြောင်ပြောင်လက်လက်တွေ၊ လက်ဝတ်လက်စားတွေ ဝတ်စေလိုသည်။ နီနီက အပြင်းအထန် ငြင်းဆန်သည်။ ကျွန်မသူငယ်ချင်း နီနီ့မေမေက မြန်မာဆန်ဆန် ဝတ်စားဆင်ယင်တတ်သည်။ အဝတ်အစားနှင့် လိုက်ဖက်ခေတ်မီသော လက်ဝတ်ရတနာများကိုလည်း စီကာစဉ်ကာ လှပ ကြည့်ကောင်းအောင် ဆင်ယင်ကာ ပွဲတက်တတ်သည်။ အပြောအဆို နူးညံ့ပျော့ပြောင်းပြီး မိန်းမဆန်ကာ အမူအယာ သိမ်မွေ့သည်။ သို့သော် နီနီက ရှပ်အကျီ ကြိုက်သည်။ ဂျင်းဂျက်ကက်၊ ဂျင်းဘောင်းဘီ ကြိုက်သည်။ သားရေ ရှူးဖိနပ်လှလှများနှင့် လည်ရှည်ဖိနပ်များကို ကြိုက်သည်။ ဘောင်းဘီမှာတပ်ရသော ချိန်းကြိုးတွေ၊ လက်မှာ အလှပတ်ရသော ကွင်းတွေ၊ ကြိုးတွေနှင့် ဆွဲကြိုးများကို ကြိုက်သည်။ စတီးလ်ကြယ်သီးများ၊ အချွန်အတက်များပါသော ဦးထုပ်မျိုးကိုမှ လိုချင်သည်။ ကျောပိုးအိတ်မှာ ချိတ်ဆွဲရသော တို့လို့တွဲလောင်းများ၊ အရုပ်များနှင့် အရိုးခေါင်းပုံ သော့ချိန်များကို ကြိုက်သည်။ မိဘနှစ်ပါးက လမ်းသရဲပစ္စည်းတွေ၊ နမိတ်မရှိ နမာမရှိတွေမို့ မသုံးရဟု တင်းကြပ်သည်။ နီနီနှင့် အစစ အရာရာမှာ ပြဒါးတစ်လမ်း သံတစ်လမ်း။ 

သမီးနီနီက အင်္ဂလိပ် သီချင်းများကို ကြိုက်နှစ်သက်သည်။ သီချင်းများများပါသော High School Musical လို၊ Glee လို ဇာတ်လမ်းတွဲများကို အထပ်ထပ်အခါခါ ပြန်ကြည့်လိုသည်။ ဝတ္ထု မဂ္ဂဇင်း အစရှိသော အပြင်စာများ ဖတ်သည်။ ဥာဏ်ကောင်းသော်လည်း ကျောင်းစာတော့ သိပ်မကြိုးစားချင်၊ စာမေးပွဲတွေတိုင်း အလယ်အလတ် အဆင့်လောက်သာ။ ဖြစ်ချင်တော့ နီနီ့မေမေက သီချင်းမကြိုက်၊ ရုပ်ရှင်မကြည့်၊ စာမဖတ်။ အင်္ဂလိပ်ရုပ်ရှင်များကို ဟိုအခန်း ဒီအခန်းတွေ ပါမှာပဲဟု လှေနံဒါးထစ် ယုံကြည်ကာ သမီးနီနီ့ကိုလည်း ကြည့်ခွင့်မပြုချင်။ လစဉ်ထုတ်မဂ္ဂဇင်းများတွင် အဝတ်အစား သိပ်မပါသော ရုပ်ပုံများ၊ ခေတ်ဆန်သော ဗိုက်ပေါ် ချက်ပေါ် ဝတ်စားဆင်ယင်မှုများကို ရှက်ရွံ့စရာဟု ထင်မြင်တတ်သည်။ အင်္ဂလိပ်ဝတ္ထုများတွင် Love ဆိုသောစာလုံးများကို တွေ့ရုံမျှဖြင့် မျက်စိမျက်နှာ ပျက်နေတတ်သည်။ 

ထိုအခါ နီနီက ရုပ်ရင်များ ဇာတ်လမ်းတွဲများကို သူ့မေမေ မသိအောင် တိတ်တိတ် ခိုးကြည့်ရသည်။ စာအုပ်တွေကို ခိုးဖတ်ရသည်။ ဆယ်နှစ်နှစ်သမီး နီနီက သူမ ဖတ်လိုသောစာအုပ်များကို မိဘများ မသိအောင် ကျောပိုးအိတ်ထဲတွင် ကျောင်းစာအုပ်များအကြား ဖွက်၍ ရော၍ သယ်ဆောင်လာရပုံ၊ မိဘများ အိပ်ပျော်လောက်သောအချိန်မှ ဖွက်ယူလာသော စာအုပ်များကို အခန်းတံခါးကို ပိတ်ပြီး တိတ်တိတ်ဖတ်ရပုံ၊ သူမ၏ မဟာစွန့်စားခန်းများကို ကျွန်မအား ရယ်ရယ်မောမောဖြင့် ပြန်ပြောပြလေ့ရှိသည်။ အန်တီ့အိမ်မှာ နီနီလာနေလို့ရမလားဟင်… အန်တီဖြူနဲ့သာ နေရရင် သမီး အဲ့လိုတွေ ခိုးလုပ်စရာမလိုဘူး သိလား… ဟု သူ့မျက်လုံးနက်ကလေး ထောင့်ကပ်ကာ တီတီတာတာ ပြောသောအခါ ကျွန်မ စိတ်မကောင်းဖြစ်ရသည်။ နီနီ့ကွယ်ရာတွင် သူ့မေမေကို ကျွန်မ စကားပြောကြည့်သည်။ ခေတ်ကို မြင်အောင်ကြည့်ပါဟု ပြောပြသော်လည်း နားမဝင်ပါ။ နင့်မှာ သမီးမှ မရှိတာ၊ နင်မသိပါဘူး… မဖြစ်သင့်တာ မဖြစ်ရအောင် ခုလောက်ထဲက ကာကွယ်ထားမှ တော်ရုံကျမှာ ဟူသော စကားမျိုးဖြင့် ကျွန်မကို ပြန်လှန်ချေပတတ်သည်။ 

နီနီကလည်း နီနီ… နည်းနည်းတော့ ဆိုးပါသည်။ ဆံပင်ညှပ်ဆိုင်ကို အမေ မပါလျှင် မပါသလို ဆံပင်ကို သူ့စိတ်တိုင်းကျ တိုကပ်နေအောင် ညှပ်ပစ်တတ်သည်။ မကြာသေးခင်က ညာဖက်နားတွင် နားပေါက် နှစ်ပေါက် ထပ်ဖေါက်လိုက်သောကြောင့် သားအမိတတွေ ပြဿနာတက်ကြသည်ဟု သိရသည်။ မိဘများက ဘဲလေးအက ကစေချင်ခဲ့သော၊ စန္ဒယားတီး တယောထိုးစေချင်ခဲ့သော နီနီက ကျောင်းတွင် ဘောလီဘော၊ ဘတ်စကက်ဘော ကစားသည်။ ဘောလုံးကန်သည်။ စကိတ်ဘုတ်ကို မိဘများမသိအောင် တိတ်တိတ်ဝယ်၊ ကျောင်းတွင် သိမ်းထားကာ အခြေအနေပေးလျှင် ပေးသလို ခိုးစီးတတ်သည်။ သူငယ်ချင်းထံမှ ဂစ်တာတီးသင်သည်။ သမီးလေး နီနီ…

အခုတလော ကျွန်မနှင့် တွေ့သောအခါများတွင် နီနီက… နီနီ မိန်းကလေးမဖြစ်ချင်ဘူး ယောက်ျားလေးဖြစ်ရင် သိပ်ကောင်းမှာပဲ နီနီက ယောက်ျားလေးပဲ ဖြစ်ချင်တာ… ဟု မရဲတရဲ ပြောစပြုလာသည်။ နီနီ အိမ်မှာ မနေချင်ဘူး သူငယ်ချင်းတွေနဲ့ ဘော်ဒါမှာ သွားနေချင်တယ် အန်တီဖြူ မေမေ့ကို ပြောပေးပါ ဟု မကြာခဏ ပူဆာတတ်လာသည်။ ထိုအချိန်များတွင် ကျွန်မက နီနီ့ကိုရော နီနီ့မေမေ ကျွန်မသူငယ်ချင်းကိုပါ အပေးအယူလေး တစ်ခုခု ပြုကာ ဖြောင်းဖြရတတ်သည်။ နီနီ့မေမေကတော့ သမီး နီနီ သိပ်ဆိုးသည် တဲ့။ ပြောစကားတွေကို တစ်ခုမှ နားမထောင်၊ စာလည်း မကြိုးစား၊ လုပ်ချင်တာတွေကများ အာရုံတွေက များ… စသည်ဖြင့် တွေ့လိုက်တိုင်း အပြစ်များစွာ ပြောလေသည်။ 

တဖြည်းဖြည်း နီနီ့စိတ်ဓါတ်များ မာကျော ခက်ထန်လာသည်ကို ကျွန်မ စိတ်မကောင်းစွာ တွေ့မြင်နေရသည်။ မလိုအပ်ပါပဲ တင်းကြပ်နေသော စည်ကမ်းများ၊ ချုပ်ချယ်မှုများနှင့် အမိန့်ဆန်ဆန် ကန့်သတ်ချက်များအကြားတွင် မိဘများနှင့်လည်း အဆင်မပြေ၊ မိသားစု တိုက်ပွဲများက တစ တစ ပြင်းထန်လာခဲ့သည်။ ကျွန်မအမြင်မှာတော့ နီနီသည် အဆိုးကြီး ဆိုးနေသော ကလေးတစ်ယောက် မဟုတ်ပါ။ အသက်အရွယ်၏ စကားပြောမှု၊ ခေတ်၏ အနေအထားတို့ကို လိုက်လျောညီထွေ မဖြစ်သော၊ လူငယ်တစ်ယောက်၏ ဆန္ဒကို နားလည်မပေးတတ်သော မိခင်၏ ကိုင်တွယ်ဆုံးမပုံကြောင့် မလိုအပ်ပဲ ကြွပ်ဆတ်စပြုလာသော သမီးလေးနီနီ သာ ဖြစ်သည်။ သို့သော် နီနီ့ကို ကျွန်မ မပိုင်ပါ။ ထို့အတူ နီနီ့မိဘများကိုလည်း ကျွန်မ မလွှမ်းမိုးနိုင်သလို လွှမ်းမိုးရန်လည်း မကြိုးစားခဲ့ပါ။ သူတို့သည် နီနီ့ မိဘအရင်းများ ဖြစ်ကြပြီး နီနီ့အတွက် ကောင်းကျိုးကို လိုလားသူများသာ ဖြစ်သည်ကိုလည်း ကျွန်မ စိုးစဉ်းမျှ ယုံမှားသံသယ မရှိခဲ့ပါ။ ခက်နေသည်က သမီးလေး နီနီ… 

* * * * * 

“နီနီ အားလုံးစဉ်းစားပြီးပါပြီ… နီနီ ခဏတော့ ထွက်သွားမှဖြစ်မယ် အန်တီဖြူ၊ ဒီလိုအခြေအနေအတိုင်း နီနီ ဆက်မနေနိုင်တော့ဘူး၊ နီ့အသက် ဆယ့်ရှစ်နှစ် ပြည့်ပြီးပါပြီ။ ဟိုရောက်ရင် နီနီ ကိုယ့်ကိုကိုယ် ထိန်းနိုင်ပါပြီ။ ပြီးတော့ နီနီ လိမ်မာပါ့မယ်။ အလုပ်လုပ်ရင်း စာလည်း ကြိုးစားပါ့မယ်။ နီ့ကို စိတ်ချပါ…”

တည်တည်တံ့တံ့ မျက်နှာပေးလေးဖြင့် လေးလေးနက်နက် ပြောနေသော သမီးလေးနီနီကို ကြည့်ရင်း ကျွန်မ အမြင်တွေ ရုတ်တရက် ဝေဝါးသွားခဲ့သည်။ 

“နီနီ့ လေယာဉ်က မနက်ဖြန် မနက်ဆယ်နာရီခွဲ ထွက်မှာ… ဟိုကို ညနေ သုံးနာရီ ရောက်မယ်။ နေရမဲ့ အဆောင်ကို ရောက်တာနဲ့ အန်တီ့ဆီကို နီ ဖုန်းဆက်မယ်လေ၊ အိမ်ကနေတော့ ခါတိုင်း ကျောင်းသွားသလိုပဲ ကျောပိုးအိတ်နဲ့ နီ ထွက်သွားမယ်၊ သူငယ်ချင်းတွေက နီ့ပစ္စည်းတွေကို လေဆိပ်ကို ယူလာကြလိမ့်မယ် နီနီတို့ သူငယ်ချင်း ခြောက်ယောက် အတူတူသွားကြမှာပါ… စိတ်မပူပါနဲ့ နီ အဆင်ပြေမှာပါ အန်တီဖြူ၊ ညနေငါးနာရီကျော်လောက် နီ ကျောင်းကပြန်ရောက်နေကျ အချိန်လောက်မှန်းပြီး မေမေ့ဆီကို နီ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြမှာပါ… အန်တီဖြူ သိရက်နဲ့ မတားရကောင်းလား ဖြစ်မှာစိုးလို့ မေမေတို့က တစ်ခုခုပြောလာရင် အန်တီ မသိချင်ယောင်သာ ဆောင်နေလိုက်ပါနော်၊ အခုလို ဘယ်သူ့ကိုမှ အသိမပေးပဲ တိတ်တိတ်လေး စီစဉ်မိခဲ့တဲ့အတွက် နီ့ကို ခွင့်လွှတ်ပါ အန်တီ…”

အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေ သမီးလေး နီနီ… တစ်ခုခု လိုအပ်ရင် အန်တီ့ကို အချိန်မရွေး ဆက်သွယ်ဖို့ တိုင်ပင်ဖို့ မမေ့နဲ့နော် ဟု ကျွန်မ ပြောလိုက်သောအခါ နီနီက ကျွန်မကို မျက်နှာချင်းဆိုင်၊ ကျွန်မမျက်လုံးများထဲသို့ တည့်တည့်ကြည့်ကာ နီ့စိတ်ထဲမှာ အမြဲရှိပါတယ် စိတ်ချပါ အန်တီ ဟု ခိုင်ခိုင်မာမာ ပြောလေသည်။ ကန့်ကွက်တားမြစ်စကား တစုံတရာ မဆို၊ မိဘကို မဖြစ်မနေ အသိပေးရန် အားပေး တိုက်တွန်းခြင်း မပြုသော ကျွန်မကို နီနီ အနည်းငယ်မျှ အံ့သြဟန်မပြသည်ကို ကျွန်မကလည်း ထူးခြားပြီး မအံ့သြခဲ့ပါ။ 

ခြံဝင်းတံခါးဘောင်ကို ဆုတ်ကိုင်ရင်း နီနီထွက်သွားရာ လမ်းတလျှောက်... မြင်ကွင်းထဲမှ ဂျက်ကက်အနီရောင်ကလေး တရွေ့ရွေ့ ပျောက်ကွယ်သွားသည်အထိ ကျွန်မ လိုက်ကြည့်နေမိသည်။ ထိုညက နေ့စဉ်မှတ်တမ်းထဲတွင် အခွင့်သာသော နေ့တစ်နေ့မှာ ကျွန်မကိုယ်တိုင် တစ်ချိန်က သမီးနီနီတစ်ယောက် ဖြစ်ခဲ့ဖူးကြောင်း သမီးလေး စန္ဒီ့ကို ပြန်ပြောပြရန် ဟု ချရေးကာ အနီရောင် ကြယ်ပွင့်လေး တစ်ခု အမှတ်အသားပြု ဖြစ်ခဲ့ပါသည်။ 

သက်ဝေ
(၁၇ မတ် ၂၀၁၆)


~ ၂၀၁၆ သြဂုတ်လ ရတီမဂ္ဂဇင်းတွင် ဖေါ်ပြပြီး ဖြစ်သည်။

Wednesday, November 23, 2016

စနေ တနင်္ဂနွေနဲ့ ဈေးဝယ်လမ်းညွှန်

(၁)
ထင်မထားတဲ့ ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်တွေဟာ တခါတခါမှာ သူ့အလိုလို ဖြစ်လာတတ်တာမျိုးပဲ။ ရက်သတ္တပတ်မှာ တနင်္လာကနေ သောကြာ၊ ငါးရက် ပုံမှန် အလုပ်လုပ်နေသူတစ်ယောက်ဟာ သောကြာနေ့ညတွေမှာ ညနက်အောင်နေပြီး စနေနေ့မနက်တွေမှာ နောက်ကျမှ အိပ်ရာထရတယ်လို့ချည်း ပုံသေကားချပ် တွက်ထားလို့ မရဘူး။ တခါတလေ စနေမနက်တွေမှာ (သူ့အလိုလို) အစောကြီးနိုးပြီး ပြန်အိပ်လို့မရတာမျိုး၊ အပေါ်ထပ်အိမ်က အခန်းတံခါးပိတ်သံ ခပ်ကြမ်းကြမ်းကြောင့် ရုတ်တရက် လန့်နိုးသွားတာမျိုး၊ အဲဒီအချိန်မှာ အိပ်ခန်းပြတင်းက လိုက်ကာစကြားထဲကို အလင်းရောင်နည်းနည်းလေး တိုးဝင်လာတာနဲ့ကြုံကြိုက်ပြီး မိုးလင်းတော့မှာပဲဆိုတဲ့ အသိနဲ့ ပြန်အိပ်လို့ မရတော့တာမျိုးတွေ ဖြစ်လေ့ရှိတယ်၊ ဖြစ်တတ်တယ်၊ ဖြစ်ဖူးတယ်။ အနည်းဆုံးတော့ ဒီနေ့ -  စနေနေ့ မနက်မှာ - ဖြစ်ခဲ့တယ်။

စနေနေ့မနက် စောစော၊ အလင်းရောင်ကောင်းကောင်းမဝင်သေးပဲ မှုန်ပြပြနဲ့ တိတ်ဆိတ်နေတဲ့အိမ်ထဲမှာ ရုတ်တရက် ဘာလုပ်ရမယ် မသိဘူး။ ဒါနဲ့ ရုပ်မြင်သံကြားစက်ကို သွားဖွင့်လိုက်တယ်။ ဖန်သားပြင်မှာ ပေါ်လာတဲ့ အရုပ်တွေရဲ့ လှုပ်ရှားမှုကို အဓိပ္ပါယ်မဲ့ ငေးကြည့်ရင်း (ဝှားကနဲ အသံမမြည်အောင် ထိန်းပြီး) တချက် သန်းဝေလိုက်တယ်။ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှာ ပစ္စည်းတစ်ခုကို လက်မှာ တဆဆ ကိုင်ထားရင်း စကားတွေ အဆက်မပြတ်ပြောနေတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ရတယ်။ သူ ဘာတွေပြောနေသလဲဆိုတာ သဲကွဲအောင် အသံကို နည်းနည်းမြှင့်လိုက်တယ်။ ဒီတော့မှ ဒါဟာ ကုန်ပစ္စည်းကြော်ငြာ (သို့မဟုတ်) ဈေးဝယ်လမ်းညွှန်တွေ ပြလေ့ရှိတဲ့ လိုင်းတစ်လိုင်းပဲဆိုတာ သဘောပေါက်သွားတယ်။ ပြီးတော့ ရုပ်မြင်သံကြားကို ဖွင့်လိုက်တာနဲ့ ဘာဖြစ်လို့ ဒီလိုင်းကို တန်းတန်းမတ်မတ် ရောက်သွားတာပါလိမ့်လို့ တွေးမိတယ်။ တဆက်တည်းမှာ ဒီရုပ်မြင်သံကြားကို (ဒီလိုင်းကို) ဘယ်နေ့က နောက်ဆုံးကြည့်ပြီး ပိတ်ထားခဲ့မိတာလဲဆိုတာ ပြန်စဉ်းစားတယ်။ သတိရပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေညက အိပ်ယာမဝင်ခင်မှာ ဒီလိုင်းကို ကြည့်နေမိခဲ့တာပဲ။ ပြီးတော့ ပိတ်လိုက်တယ်။ ဒါဆို အလုပ်သွားတဲ့ ငါးရက်လုံးလုံး ဒီရုပ်မြင်သံကြားစက်ကို မထိမိခဲ့ဘူးပေါ့။ ဒီလိုပါပဲ လို့ အသံထွက်ပြီး ညည်းညူလိုက်မိတယ်။

မနေ့ညက အဝတ်ခြောက်စက်ထဲက ထုတ်ယူလာတဲ့အဝတ်တွေကို ခြင်းထဲထည့်ထားတာ သတိရသွားတယ်။ ဒါနဲ့ အဝတ်ခြင်းကို သွားယူလိုက်တယ်။ ရုပ်မြင်သံကြားမှာ ကုန်ပစ္စည်းကြော်ငြာနေတဲ့သူက အမျိုးသမီးတစ်ယောက် ဖြစ်သွားပြီ။ တဆက်တည်းမှာ ဈေးဝယ်စာရင်းရေးတဲ့ မှတ်စုစာအုပ်နဲ့ ခဲတံကိုလည်း အနားမှာ အဆင်သင့် ယူထားလိုက်တယ်။ လက်က အဝတ်တွေ ခေါက်ရင်း၊ မျက်စိက ပစ္စည်းကြော်ငြာတွေကို တလှည့်၊ ခေါက်နေတဲ့ အဝတ်တွေကို တလှည့် ကြည့်ရင်း၊ နားကလည်း ပစ္စည်းရဲ့ အသုံးဝင်ပုံနဲ့ အမျိုးအစား ကောင်းပုံတွေကို အမွှန်းတင်နေတဲ့စကားသံတွေကို နားစွင့်ရတယ်။ ကိုယ်ကြိုက်တဲ့၊ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ် လိုချင်တဲ့ ပစ္စည်းတခုကိုတွေ့ရင်တော့ ခေါက်လက်စ အဝတ်တွေ အသာချပြီး စာအုပ်နဲ့ ခဲတံကို အမြန်ကိုင်ရတယ်။ သူတို့အပြောတွေထဲမှာ ဒီပစ္စည်းဟာ ဘယ်လိုကောင်းကြောင်း၊ ဘယ်လို အသုံးဝင်ကြောင်း၊ ဘယ်လို အစွမ်းထက်ကြောင်းတွေကို တငေးတမော နားထောင်ရတယ်။ အဲလိုတွေ ပြောလို့ ပြီးပြီဆိုရင်တော့ ဒါကို ဝယ်မယ်ဆို မူလဈေးရင်းက ဘယ်လောက် ရှိတယ်၊ အခုနေဝယ်ရင် မိုးရာသီဈေးရောင်းပွဲမို့ အထူးလျှော့ဈေးနဲ့ ရမယ်၊ သူနဲ့အတူ နောက်ထပ် ဘာအပိုပစ္စည်းတွေကို လက်ဆောင်အဖြစ်ရနိုင်မယ် ဆိုတာတွေကို လိုက်မှတ်ရတယ်။ ဒါတင်မက ဘယ်ဘဏ်က အကြွေးဝယ်ကဒ်နဲ့ ဝယ်ရင် ဘယ်နှစ်ရာခိုင်နှုန်း လျှော့ပေးဦးမယ်၊ ဘယ်ရက်ကနေ ဘယ်ရက်အတွင်း ဝယ်မယ်ဆို ဘယ်လောက် ထပ်လျှော့ပေးမယ်၊ သူတို့ဆိုင်မှာ လာဝယ်ရင် ဘယ်လောက်၊ ဖုန်းဆက်ပြီး မှာလိုက်ရင် ဘယ်လောက် သက်သာမယ် ဆိုတာမျိုးတွေကိုလည်း ခပ်သွက်သွက် လိုက်ရေးမှတ်ရပြန်တယ်။

(၂)
မိုးစင်စင်လင်းသွားပြီ။ ခေါက်စရာရှိတဲ့အဝတ်တွေလည်း အကုန်ခေါက်ပြီးသွားပြီ။ ခေါက်ပြီးသားအဝတ်တွေကို သေသေချာချာ စီပြီး ခြင်းထဲကို ပြန်ထည့်လိုက်တယ်။ ကြည့်လက်စ ဈေးဝယ်လမ်းညွှန်အစီအစဉ်လည်း ပြီးဆုံးသွားပြီ။  အဲဒီအစီအစဉ်ကနေတဆင့် အချိန် တနာရီခွဲကြာသွားတယ်လို့ သိလိုက်ရတယ်။ လက်ထဲက မှတ်စုစာအုပ်ကို ငုံ့ကြည့်လိုက်တယ်။

ဖုန်စုတ်စက် - ၉၉.၉၀ (အမှိုက်အိတ် ၂ ခု လက်ဆောင် / အိမ်အရောက် / ပို့ခ ပေးရန်မလို)
ဆံပင်ဖြောင့်စက် - ၇၉.၉၀ (ဘီး နဲ့ မှန် ပါသော ခရီးဆောင်အိတ်ကလေးတစ်ခု လက်ဆောင်)
ဖန်ပန်းအိုး - တစ်လုံး ၂၉.၉၀ (နှစ်လုံးဝယ်လျှင် ၅၀.၀၀ / ပို့ခ ပေးရန်လို / ဆိုင်မှာသွားဝယ်ရန်) – စတိုးဆိုင်နာမည် - မေ
လက်တွေမပေါက်တဲ့ ပန်းကန်ဆေး ဆပ်ပြာရည် - ၂.၉၀ (ဆယ်ထုတ်ယူလျှင် အိမ်အရောက်/ ပို့ခ မလို / နှစ်ရက် စောင့်ရမည်) ဆက်သွယ်ရန် ဖုန်း - ၈၇၆၅၄၃၂၁၀
ကျောက်ပြား ကြွေပြားများ (မုချ) တောက်ပ သန့်ရှင်းစေရန် တာဝန်ယူသော ဆေးရည် - ၆.၉၉ (သုံးဗူးဝယ်လျှင် သန့်ရှင်းရေးသုံး အဝတ်စ တစ်မီတာ လက်ဆောင်) - တနင်္ဂနွေနေ့ နောက်ဆုံး
ခန်းဆီးလိုက်ကာ ပိတ်စများ အနံကြီး တစ်မီတာ - ၄.၀၀ (ဆယ်မီတာ ၃၀.၀၀) - ဘေးနားမှာ ကြယ်ပွင့်ပြထား
သစ်သီးများ အလွှာအချပ် ပြုလုပ်သောစက် - ၄၉.၉၀ (မူရင်းဈေး ၆၉.၉၀ မှ ဈေးချထား - ဒီနေ့ နောက်ဆုံး)
ကြက်ဥပုံ ခြေဖနောင့် သန့်ရှင်းစက် - ၁၁.၉၀ (မူလဈေးမှ ၈၀% လျှော့ထား)  - ဒီနေ့နောက်ဆုံး
ဝက်ပေါင်ခြောက် ဒိန်ခဲ - ၂၀% လျှော့ဈေး - (အိမ်နားက ဆိုင်)

မှတ်စုစာအုပ်ကို ပိတ်လိုက်တဲ့အချိန်မှာ ရုပ်မြင်သံကြားမှာ မနက်ရှစ်နာရီ သတင်းလာနေပြီ။ သွေးရဲရဲ သံရဲရဲနဲ့ အစုလိုက်အပြုံလိုက် သေကြေ၊ ဒါဏ်ရာရကြတာတွေသာ မြင်နေရတာမို့ မျက်နှာလွှဲရင်း ရုပ်မြင်သံကြားကို ပိတ်လိုက်တယ်။ တဆက်တည်း မီးခလုပ်ပါ ထပိတ်လိုက်တယ်။  စိတ်မချမ်းသာစရာ မြင်ကွင်းနဲ့ စနေနေ့ မနက်ခင်းဟာ ဘယ်လိုမှ မလိုက်ဖက်ဘူ မဟုတ်လား။

မနက်စာစားဖို့ ပြင်ရင်း စိတ်ထဲက ဒီနေ့ သွားရမယ့်နေရာတွေ၊ လုပ်စရာ အလုပ်တွေကို တန်းစီ စဉ်းစားတယ်။ ဘယ်ကနေ စရမယ်၊ ဘယ်ကို စသွားရမယ်၊ ဘယ်ကနေ ဘယ်ကို ဆက်သွားရင် လမ်းသင့်တယ် ဆိုတာကအစ စဉ်းစားတယ်။ မနက်စာကို အေးအေးဆေးဆေး စားသောက်ပြီးတာနဲ့ ရေချိုးပြီး အိမ်ကနေ ထွက်ခဲ့တယ်။ ခုနက ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်လေးကိုတော့ လွယ်နေကျ အဝတ်အိတ်ကလေးထဲမှာ မမေ့မလျော့ ထည့်ယူသွားရတာပေါ့။ မနက်စာ စားနေရင်းမှာ တပတ်စာ စားစရာ သောက်စရာ လိုအပ်တဲ့ ဈေးစာရင်းလေးလည်း ရေးမှတ်လိုက်သေးတယ်။

(၃)
လက်ထဲမှာ အထုတ်တွေ မနိုင်မနင်းနဲ့ အိမ်တံခါးသော့ကို ဖွင့်တဲ့အချိန်မှာ အခန်းရှေ့ လူသွားစင်္ကြန်က မီးပွင့်တွေ လင်းလာတာ တွေ့ရတယ်။ ဒီမီးပွင့်တွေဟာ ည ခုနှစ်နာရီ ကနေ မနက် ခုနှစ်နာရီအထိ အချိန်မှန် လင်းနေကျ။ ပါလာတဲ့ အထုတ်တွေကို ချပြီး ရေတစ်ခွက် အရင်သောက်ရတယ်။ ဝယ်လာတဲ့ တပတ်စာ အသားငါး အသီးအရွက်တွေကိုတော့ အချိန်ဆွဲလို့မရတာမို့ (ခပ်မြန်မြန်) နေရာချလိုက်တယ်။ ဒါတောင် ဝက်ပေါင်ခြောက်အထုတ်နဲ့ အသင့်ခြွေပြီးသား ပြောင်းဖူးအထုတ်က အအေးဓါတ်ပြယ်ပြီး နည်းနည်း စိုစိစိဖြစ်နေပြီ။ ကျန်တဲ့ပစ္စည်းတွေကိုတော့ ဈေးဝယ်အိတ်တွေထဲက မထုတ်နိုင် မသိမ်းနိုင်သေးဘူး၊ ဒီတိုင်းပဲ ဧည့်ခန်းထဲမှာ ချထားလိုက်တယ်။ မနက်က ခေါက်ခဲ့တဲ့ အဝတ်ခြင်းကိုလည်း ဧည့်ခန်းထဲမှာပဲ တွေ့ရတယ်။ နောက်ထပ်ရေတစ်ခွက် ထပ်သောက်ရတယ်။

ဒီနေ့ဝယ်လာခဲ့တဲ့ ပစ္စည်းတွေအကြောင်း၊ ဘယ်လောက်တန်ကို ဘယ်လောက်နဲ့ရခဲ့တာမို့ ဘယ်လို ကျေနပ်စရာကောင်းကြောင်းတွေကို တစ်ယောက်ယောက်ကို ပြောပြချင်စိတ် ပေါ်လာတယ်။ ဒါနဲ့ ဝါသနာတူ သူငယ်ချင်းဆီကို ဖုန်းခေါ်ဖို့ စဉ်းစားတယ်။ အဲဒီအချိန်မှာ ဖုန်းက ရုတ်တရက် ထမြည်လာတယ်။ အရင်တပတ်က တဝက်ဈေးနဲ့ရလို့ (မှာ) ဝယ်ထားတဲ့ မီးပူ မနက်ဖြန် ဆယ်နာရီကနေ ဆယ့်နှစ်နာရီအတွင်းမှာ လာပို့မယ်လို့ အကြောင်းကြားတာ။ မှာထားပြီး မေ့တောင်နေတယ်။ တဆက်တည်းမှာ အိမ်မှာ မီးပူနှစ်လုံး ရှိနေပြီးသားကို ဘာဖြစ်လို့ မီးပူထပ်ဝယ်ရသလဲ ဆိုတဲ့ မေးခွန်းကို ကိုယ့်ဟာကိုယ် ပြန်မေးရတယ်။ မိနစ်ဝက်လောက် စဉ်းစားပြီးမှ သတိရတယ်။ အခုရောက်လာမယ့်မီးပူဟာ အဝတ်တွေကို တခြမ်းပဲ တိုက်စရာလိုတဲ့မီးပူ၊ ဒီလိုလေ... အပေါ်ဖက် အလွှာကို တိုက်လိုက်ရင် အောက်ဖက်က အလွှာပါ လိုက်ပြန့်သွားတယ်၊ အင်္ကျီတစ်ထည်ဆို အရှေ့ဖက်ကိုတစ်ခါ ကျောဖက်ကို တစ်ခါ၊ နှစ်ခါတိုက်နေစရာမလိုဘူး၊ တဖက်ကို တိုက်ရုံနဲ့ လုံလောက်တယ်လို့ ကြော်ငြာတယ်။ ဒီတော့ အချိန်ကုန် သက်သာ၊ လူလည်း သက်သာတယ်၊ မီတာခလည်း ချွေတာပြီးသားဖြစ်တယ်ပေါ့။ ဒီလိုကြော်ငြာလို့ ဝယ်ဖြစ်သွားတာ။

သူငယ်ချင်းဆီကို ဖုန်းဆက်ပြီး ဒီနေ့ ဝယ်လာတဲ့ ပစ္စည်းတွေအကြောင်းကိုသာမက မနက်ဖြန်ရောက်လာမယ့် မီးပူအကြောင်းကိုပါ ဝေဝေဆာဆာ ပြောပြဖြစ်တယ်။ သူငယ်ချင်းက ကြမ်းပေါ်မှာ အလိုအလျောက် ရွေ့လျားသွားတဲ့ ဖုန်စုတ်စက်အကြောင်း ပြောပြတယ်။ ပုံမှန်အတိုင်းဆို ဈေးတော့ နည်းနည်းများတယ်၊ သူက ဘဏ်တစ်ခုမှာ အကြွေးဝယ်ကဒ်အသစ်လုပ်လို့ လျှော့ဈေးနဲ့ ရကြောင်း ပြောပြတယ်။ ဒါပေမဲ့ ဒီနေ့ နောက်ဆုံးတဲ့။ သူပြောတာ နားထောင်ပြီး နောက်တခါ ဈေးချတဲ့အချိန်မှာ ဝယ်ရန် ဆိုပြီး စိတ်ထဲကနေ မှတ်ထားရတယ်။ အိမ်သန့်ရှင်းရေးအတွက် လူလည်း သက်သာတယ်ဆိုတော့ ဝယ်သင့်ပါတယ် လို့ သူငယ်ချင်းက အားပါးတရ ပြောတယ်။ ဒါနဲ့ သူ့ကို အဲဒီစက်ကို စမ်းကြည့်ပြီးပြီလား ဘယ်လိုနေသလဲ မေးတော့ မစမ်းရသေးဘူးတဲ့။ အရင်လက ကြည့်လိုက်ရတဲ့ ဈေးဝယ်လမ်းညွှန် အစီအစဉ်မှာ သရုပ်ပြသွားတာ အင်မတန်ကောင်းလွန်းလို့၊ လျှော့ဈေးရတာနဲ့လည်း ကြုံကြိုက်လို့  ဝယ်လိုက်တာ တဲ့။ စမ်းသုံးကြည့်ပြီး ပြန်ပြောဦးနော်လို့ ပြောလိုက်ပေမယ့် စိတ်ထဲကတော့ တော်တော်လိုချင်နေပြီ။

တနေ့လုံးနီးနီး သွားလာ ဝယ်ခြမ်းနေချိန်တုန်းက ပင်ပန်းရမှန်းမသိ၊ ညောင်းရမှန်းမသိတဲ့ ခြေထောက်တွေက ဆန္ဒပြလာကြတယ်။ အိပ်ရာထဲရောက်ပြီး သိပ်မကြာဘူး အိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ အလိုအလျောက် ရွေ့လျား ဖုန်စုတ်စက်ကို ဝယ်ဖို့ လူတန်းရှည်ကြီးထဲ တန်းစီနေသေးတယ်။

(၄)
တနင်္ဂနွေနေ့မနက် မိုးစင်စင်လင်းမှ အိပ်ရာက နိုးတယ်။ မနေ့ကဝယ်လာတဲ့ ဝက်ပေါင်ခြောက်ရယ် ပေါင်မုန့်ရယ်ကို ဘလက်ကော်ဖီတစ်ခွက်နဲ့အတူ မနက်စာ ပြင်လိုက်တယ်။ မနက်စာကို ထမင်းစားပွဲမှာ ထိုင်စားဖို့ အင်မတန် ပျင်းစရာကောင်းတာပဲလို့ တွေးတယ်။ နောက်ပြီး တနင်္ဂနွေသတင်းစာကလည်း ကြော်ငြာမပါ ဘာမပါနဲ့ စိတ်ဝင်စားစရာ နည်းတယ် မဟုတ်လား။ ဒါနဲ့ စားစရာတွေကို ပန်းကန်တစ်ခုထဲ စုပြုံထည့်ပြီး လက်တဖက်က ကော်ဖီပန်းကန်ကို ကိုင်ရင်း ရုပ်မြင်သံကြားရှေ့ကိုပဲ ရောက်လာခဲ့တယ်။ မနေ့က အဝတ်ခြင်း၊ မနေ့က ချထားတဲ့ ဈေးဝယ်အိတ်တွေ၊ ပိတ်ရက်တွေမှာ လွယ်နေကျ အဝတ်အိတ်ထဲက တပိုင်းတစ ထွက်နေတဲ့ မှတ်စုစာအုပ်၊ ကြော်ငြာအချပ်ပိုတွေအများကြီးနဲ့ စနေနေ့သတင်းစာ။ ဆိုဖာပေါ်မှာ တယုတယ ချထားတဲ့ ဖန်ပန်းအိုးလေးနှစ်လုံးကို အသာ တွန်းဖယ်ပြီး ထိုင်စရာ တစ်နေရာလေး ဖန်တီးရတယ်။ စိတ်ထဲမှာတော့ ဒါတွေစားပြီးရင်တော့ အိမ်ရှင်းရမယ်၊ ခန်းဆီးတွေ လဲရမယ်။ မနေ့က ဝယ်လာတဲ့ ကြွေပြား ကျောက်ပြားသန့်စင်ဆေးရည်ကို စမ်းသုံးပြီး မီးဖိုခန်းနဲ့ ရေချိုးခန်းကို ဆေးကြည့်ရမယ် ဆိုတဲ့ အတွေးတွေက အစီအရီ။ ဒါတွေတင်မက မုန်လာဥအဖြူနဲ့ အနီကို ဟိုစက်လေးနဲ့ ခြစ်ပြီး ရှာလကာရည်စိမ်ဖို့ ရည်ရွယ်ထားတာလည်း ရှိတယ်။ သူတို့ပြသွားတဲ့ ကြော်ငြာထဲမှာ မုန်လာဥအဖြူ၊ မုန်လာဥအနီနဲ့ ငရုတ်သီးစိမ်းတွေကို ရှာလကာရည်ထဲ သကြားရောပြီး ပုလင်းထဲတည့် စိမ်ထားတာ လှလည်းလှ စားချင်စရာလည်း အင်မတန်ကောင်းပဲ။

မနေ့မနက်က စနေနေ့မနက်က ပိတ်ခဲ့တဲ့ ရုပ်မြင်သံကြား သတင်းလိုင်းမှာ လေမုန်တိုင်းသတင်းတွေ ပြနေတယ်။ လူအသေအပျောက်တော့ မရှိဘူး ထင်ရတာပဲ။ ဒါနဲ့ တခြားလိုင်းတစ်ခုကို ပြောင်းလိုက်တော့  ကမ္ဘာကျော် စားဖိုမှူး ဂျင်မီအိုလီဗာရဲ့ မျက်နှာ ပေါ်လာတယ်။ သူချက်တဲ့ဟင်းတွေကို ကြည့်ရင်း စိတ်ကူးနဲ့ လိုက်ချက်ရင်း အရှေ့မှာချထားတဲ့ သွေ့ခြောက်ခြောက် မနက်စာကို ကော်ဖီနဲ့ မျိုချရတယ်။ ဟင်းချက်တဲ့အစီအစဉ် တစ်ပိုင်းနဲ့ တစ်ပိုင်းကြားမှာ ပေါ်လာတဲ့ ကုန်ပစ္စည်းကြော်ငြာတွေကလည်း အင်မတန် စိတ်ဝင်စားစရာကောင်းတယ်။ အဓိက ကတော့ မီးဖိုချောင်သုံးပစ္စည်းတွေပဲ။ သုံးလို့ ကောင်းမယ်ထင်တာလေး၊ လူသက်သာပြီး ကိုယ်နဲ့ အသုံးတည့်မယ်ထင်တာလေး၊ မျက်စိထဲ လှတပတ ဖြစ်တာလေးတွေ တွေ့ရင် မှတ်စုစာအုပ်လေးထဲ ကဗျာကယာ လိုက်ရေးထားရသေးတယ်။

လူခေါ်ခေါင်းလောင်းသံနဲ့အတူ မီးပူလာပို့တဲ့သူ ရောက်လာတော့ နေ့လည် ဆယ့်နှစ်နာရီဲတောင် ကျော်နေပြီ။ ဗူးပေါ်မှာ မြင်နေရတဲ့ အပြာနုရောင်နဲ့ အဖြူရောင်ရောနေတဲ့ မီးပူလေးက ချစ်စရာ။ ပြောရရင် မနေ့က ညောင်းညာလာတဲ့အရှိန်ဟာ အခုထိ မပြေသေးသလိုပဲ။ ဗိုက်ပြည့်နေတာကတကြောင်း၊ ဂျင်မီအိုလီဗာကို စိတ်ဝင်တစား ကြည့်နေမိတာက တကြောင်းတို့ကြောင့် မျက်စိတွေညောင်းလာတယ်။ ဒါနဲ့ ဆိုဖာပေါ်မှာ ခဏတဖြုတ် လှဲအိပ်လို့ရအောင်ဆိုပြီး ပစ္စည်းတွေ နည်းနည်း ရှင်းလိုက်တယ်။ တကယ်ကတော့ ဆိုဖာပေါ်က ပစ္စည်းတွေကို ကြမ်းပေါ် ယူချလိုက်တာပါ။ ဖန်ပန်းအိုးကလေးကိုတော့ သတိထားပြီး ဖြည်းဖြည်း ချရတာပေါ့။ ပန်းအိုးလေးကို ဆံပင်ဖြောင့်စက်ဗူးကလေးနားမှာ မှီပြီး ချလိုက်တယ်။ မျက်လုံးတွေ မှေးစင်းလာတဲ့အချိန်၊ အတွေးစိတ်ကူးထဲမှာ စီကာစဉ်ကာ ပေါ်လာတာတွေက ခဏနေရင် အိမ်ရှင်းမယ်၊  ရေချိုးမယ်၊ ကြမ်းဆေးမယ်၊ ခေါင်းလျှော်မယ်၊ ခြေထောက်တွေကို ဟိုစက်ကလေးနဲ့ သန့်ရှင်းမယ် ပြီးရင် ဆံပင်ဖြောင့်မယ်။

(၅)
ခဏဆိုပြီး လှဲလိုက်တာ နိုးလာတော့ နေတောင် အတော်စောင်းနေပြီ။ စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်ဟာ တယ် အကုန်မြန်တာပါလား လို့ ညည်းညည်းညူညူ ရေရွတ်မိတယ်။ အိမ်ရှင်းရဦးမယ်ဆိုတဲ့ အတွေးနဲ့ မျက်လုံးကိုဖွင့်ပြီး အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တော့ အခန်းဟာ ထင်ထားတာထက် ပိုတောင် ရှုပ်ပွနေသေးတာပဲ။

ဂျင်မီအိုလီဗာကတော့ ခုချိန်အထိ မုန့်တွေ ဟင်းတွေ တမျိုးပြီးတမျိုး အဆက်မပြတ် ချက်ပြနေတုန်းပဲ။ သူ့ကို ဆက်ကြည့်မနေနိုင်တော့ဘူး။ နောက်တစ်ပတ်စားဖို့ အသားဟင်းနှစ်မျိုးကို အမြန်ပြေးချက်လိုက်ရတယ်။ ချက်တယ်ဆိုတာထက် ပြုတ်တယ်ဆိုရင် ပိုမှန်မလားပဲ။ တကယ်တော့လည်း ချက်တာနဲ့ပြုတ်တာဟာ အမြဲမခွဲ တတွဲတည်းရှိနေတာပဲ မဟုတ်လား။ ဟင်းချက်နေရင်းမှာ ညစာအတွက် ကိုရီးယားခေါက်ဆွဲဗူးထဲကို ရေနွေးလောင်းထည့်လိုက်တယ်။ ကြက်ဥတစ်လုံး ဖေါက်ထည့်လိုက်တယ်။ ကြက်ဥကို လှမ်းယူလိုက်တဲ့အချိန်မှာ မုန်လာဥအဖြူနဲ့ မုန်လာဥအနီလေးတွေက အစိမ်းရောင် ဆလပ်ရွက်တွေကြားကနေ ချောင်းကြည့်နေကြတယ်။ သူတို့ကို ချက်ချင်း မျက်နှာလွှဲလိုက်ပြီး ညဖက်တွေ ရေးမချိုးနဲ့နော်ဆိုတဲ့ မေမေ့စကားသံကို ကြားယောင်လာတာနဲ့ ကမန်းကတမ်း ရေပြေးချိုးလိုက်တယ်။ ရေချိုးပြီး နာရီကြည့်တော့ ညရှစ်နာရီ။ မှားများနေသလားလို့ မျက်လုံးကို ပွတ်ပြီး နှစ်ခါ ပြန်ကြည့်ရတယ်။ မမှားဘူး မမှားဘူး... ညဟာ မှောင်တာ သိပ်မြန်လွန်းတယ်လို့ တွေးရင်း ညစာ စားလိုက်တယ်။

စားပြီးတာနဲ့ ခေါက်ဆွဲလုံး မစီနိုင်ဘူး၊ မနားနိုင်ဘူး... အလုပ်သွားရင်ဝတ်ဖို့ တစ်ပတ်စာ အဝတ်တွေ မီးပူတိုက်ရတယ်။ နေ့လည်က လာပို့သွားတဲ့ တဖက်တိုက်ရင် နောက်တဖက်ပါ အလိုလို ပြန့်သွားတဲ့ မီးပူအသစ်ကို ဖျတ်ကနဲ သတိရလိုက်ပေမယ့် မီးပူစင်မှာ တပ်လက်စ မီးပူကိုပဲ (အလွယ်တကူ) ခလုပ်ဖွင့်ပြီး ခပ်သွက်သွက် တိုက်လိုက်တယ်။ ဧည့်ခန်းထဲမှာ မသပ်မရပ် စုပုံနေတဲ့ ဈေးဝယ်အိတ်တွေနဲ့ ပစ္စည်းတွေကို (လောလောဆယ် ရှင်းသွားရင် ပြီးရော) စတိုခန်းသေးသေးလေးထဲကို ပြောင်းထည့်လိုက်တယ်။ စိတ်ထဲကတော့ နောက်တပတ်မှ ရှင်းတာပေါ့လေ လို့ တွေးရင်း ဖန်ပန်းအိုးကလေးနှစ်လုံးကို ဈေးဝယ်အိတ်ထဲက ထုတ်ပြီး ဧည့်ခန်းစားပွဲပေါ်မှာ ချထားလိုက်တယ်။ တခဏအတွင်း မျက်စိရှင်းပြီး သပ်သပ်ရပ်ရပ် ဖြစ်သွားတာတော့ အမှန်ပဲ။ ပစ္စည်းတွေ အထုတ်တွေ အသယ်အယူ အရွှေ့အပြောင်းမှာ ကြက်ဥပုံ ခြေဖနောင့် သန့်ရှင်းစက်ကလေးဟာ ရုတ်တရက် ဗူးထဲကနေ ထွက်ကျသွားပြီး ကြမ်းပြင်ပေါ်မှာ တလိမ့်လိမ့်နဲ့။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်က ဈေးဝယ်လမ်းညွှန်လိုင်းမှာတော့ အမျိုးသမီးတစ်ယောက်ဟာ ယိုဂါကစားတဲ့ ပလတ်စတစ်အခင်းရဲ့ နူးညံ့ပျော့ပြောင်းပုံနဲ့ ထိရောက်ပုံကို တဖွဲ့တနွဲ့ ပြောပြနေတုန်းပဲ။

သက်ဝေ
(၂၃ စက်တင်ဘာ ၂၀၁၆)


 - ၂၀၁၆ ဒီဇင်ဘာလ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

Thursday, October 20, 2016

ချစ်သော ဧရာဝတီ

(၁)
မြို့ပြမှာ ကြီးပြင်းခဲ့ရသော ကျွန်မ၏ ငယ်ဘဝမှာ ထူးခြားမှု တစုံတရာမရှိ၊ လွန်စွာ ရိုးစင်း၏။ ကျွန်မတို့ မိသားစုတွင် အစိုးရဝန်ထမ်း မိဘနှစ်ပါး၊ ကျွန်မထက်အငယ် မောင်လေးတယောက်နှင့် ကျောင်းအုပ်ဆရာကြီးတဦး ဖြစ်ခဲ့ဖူးသော အဖိုးရှိသည်။ ကူဖေါ်လောင်ဖက် ခေါ်ထားသော ဆွေနီးမျိုးစပ် အဒေါ်ကြီးတယောက်ရှိသည်။ မိဘနှစ်ပါးက တပတ်လျှင် ငါးရက် ပုံမှန် အလုပ်သွားကြသည်။ ကျွန်မတို့မောင်နှမက အချိန်မှန်လာကြိုသော ကျောင်းကားဖြင့် ကျောင်းသို့ သွားကြသည်။ အိမ်ပြန်ရောက်လျှင် ရေမိုးချိုး အိမ်စာများလုပ်ပြီး မိဘများ ပြန်ရောက်လာချိန်တွင် ညစာစားကြသည်။ ထို့နောက် ခဏတဖြုတ် ဆော့ကစားကာ ခြေလက်ဆေး သွားတိုက်ပြီး အိပ်ရာဝင်ကြရသည်။ နောက်တနေ့ မနက် နိုးလာလျှင် အဒေါ်ကြီး ပြင်ဆင်ထားသော နံနက်ခင်းစာကို စား၍ ကျောင်းသွားရသည်။ အားလပ်ချိန်များတွင် အဖိုးနှင့်အတူ ရွှေသွေး၊ တေဇ၊ ဒို့ကျောင်းသား၊ မိုးသောက်ပန်း အစရှိသော စာစောင်များကို ဖတ်တတ်သလောက် ဖတ်ခဲ့ရသည်။ သည်လိုနှင့် သမရိုးကျ နေ့ရက်များကို နေ့စဉ်ပုံမှန် ဖြတ်သန်းလာခဲ့သည်။ တိုက်တာ အဆောက်အဦးများဖြင့် အတိပြီးသော မြို့ပြလူနေမှုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသူ ကျွန်မကို တခုသော ကျောင်းပိတ်ရက်တွင် မြို့နှင့် ခပ်လှမ်းလှမ်းတနေရာသို့ အဖိုးက ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်က ကျွန်မအသက် ငါးနှစ်ခန့်ရှိပြီဟု မှတ်မိပါသည်။

ထိုနေရာကိုရောက်အောင် ရထားဖြင့် သွားရသည်။ ရထားကြီးက တိုက်တာ အိမ်ခြေများနှင့် ကင်းလွတ်ရာကို တဂျုံးဂျုံးနှင့် ခုတ်မောင်းလာခဲ့သည်။ တခါမှ ရထားမစီးဖူးသော ကျွန်မအတွက် မြင်ရသမျှ တွေ့ရသမျှ အရာရာသည် ထူးခြား ဆန်းကြယ်နေခဲ့သည်။ ရထားလမ်း ဘေးတဖက်တချက်တွင် စိမ်းစိုနေသော စိုက်ခင်းကျယ်များကို မျက်စိတဆုံးတွေ့ရပြီး လူနေအိမ်ဟု ယူဆရသော တဲအိမ်ငယ်လေးများကိုလည်း ဟိုနားတစု သည်နားတစု တွေ့ရပါသည်။ ကျွန်မနှင့် အရွယ်မတိမ်းမယိမ်း ကလေးငယ်များက ထိုတဲငယ်လေးများနှင့် စိုက်ခင်းများအကြားတွင် လွတ်လပ်ပျော်ရွှင်စွာ အော်ဟစ်ပြေးလွှား ဆော့ကစားနေကြသည်ကို တွေ့ရသောအခါ ကျောင်းကစားကွင်း ကျဉ်းကျဉ်းလေးထဲမှ ကစားဖေါ် စိုးစိုးတို့ကို သတိရသွားသည်။ သူတို့နဲ့ အတူတူ ကစားကြရရင် ပျော်စရာကောင်းမှာပဲ။

သည်လိုနှင့် တနေရာအရောက်တွင် ရထားလမ်းဘေးတလျှောက်မှာ ရထားကြီးနှင့်အတူ လိုက်ပါ ရွေ့လျားနေသော အဖြူရောင် ရေပိုက်လုံး အကြီးကြီးတခုကို တွေ့ရသည်။ အဖိုးက ထိုပိုက်လုံးကြီးမှာ ချိုးဖြူပိုက်ဖြစ်ကြောင်းနှင့် ကျွန်မတို့ နေ့စဉ်အသုံးပြုနေသော သောက်ရေ သုံးရေများမှာ သည်ပိုက်က တဆင့်ရောက်လာကြောင်း ရှင်းပြပါသည်။

(၂)
ရထားစီးရခြင်းကို ပျော်မွေ့နေသောကြောင့် အချိန်ဘယ်လောက်ကြာသွားသည်ကို ကျွန်မ မသိလိုက်ပါ။ သတိထားမိသောအချိန်တွင် ရထားကြီးက ဘူတာရုံတခုရှေ့တွင် ရပ်သွားခဲ့သည်။ ပါလာသော ကျောပိုးအိပ်လေးကို လွယ်ကာ ထိုရထားဘူတာမှာ ကျွန်မ ဆင်းရသည်။ ထို့နောက် လမ်းအနည်းငယ် လျှောက်လိုက်သောအခါ ဈေးသည် ဈေးဝယ်များဖြင့် စည်ကားနေသော လမ်းဘေးဈေးးလေးကို တွေ့ရသည်။ တွေ့မြင်နေကျ မဟုတ်သော မြင်ကွင်းတခုအပေါ်တွင် ကျွန်မ စိတ်ဝင်တစားဖြင့် လှုပ်ရှား ပျော်ရွှင်နေခဲ့ပါသည်။ အဖိုးလက်ကို ဆွဲကာ ဈေးလမ်းလေးအတိုင်း ကျွန်မတို့ လျှောက်လာခဲ့ကြသည်။ ထောင်ထားသော ကြံချောင်းများ၊ နေရောင်ကြောင့် စိုလက်နေသော ဖရဲသီးများ၊ တောင်လိုပုံနေသော ခရမ်းချဉ်သီးနီနီများနှင့် စိမ်းစားဥအတွဲများကို အဖိုးက ညွှန်ပြသည်။ သည်အသီးအနှံများကို ကျောင်းမှာ ဆရာမ သင်ထားသောကြောင့် အနည်းငယ် ရင်းနှီးနေပေပြီ။
ဈေးတန်းလေး၏ မြင်ကွင်းကို သဘောကျစွာ ငေးနေစဉ်အချိန်တွင် ချူသံလိုလို အသံလွင်လွင်တမျိုးပေးပြီး ကိုယ်ထည် ခပ်ဝဝနှင့် ညိုတိုတို အကောင် နှစ်ကောင် ကျွန်မဘေးက ဖြတ်သွားသည်။

“အဖိုးရေ.. ဟိုမှာကြည့်ပါအုံး ဝက်ကြီးတွေ ဝက်ကြီးတွေ… အကြီးကြီးပဲနော်…” ဟု ဝမ်းသာအားရ ကျွန်မ အော်လိုက်မိသည်။ ကျွန်မစကားအဆုံးတွင် နံဘေးမှ လမ်းသွားလမ်းလာများက ကျွန်မကို လှည့်ကြည့်ပြီး ပြုံးရယ်ကြသည်။ အဖိုးကလည်း အသံထွက်ကာ ရယ်မောလေသည်။ ထိုအခါ ကျွန်မလည်း လိုက်ပါရယ်မောရသည်။ အမှန်ကတော့ ကျွန်မ လက်ညှိုးညွှန်လိုက်သော အကောင်များမှာ ဝက်များ မဟုတ်ပါ။ ကျန်းမာ သန်စွမ်းကာ ဝဖီးနေသော ကျွဲများ ဖြစ်ကြလေသည်။

ကျွန်မတို့ လျှောက်လာသော လမ်းဘေးတဖက်တွင် အရွက်ရှည်ရှည် ချွန်ချွန်နှင့် သစ်ပင်စိမ်းစိမ်းများကို တွေ့ရသည်။ ထိုသစ်ပင်စိမ်းစိမ်းများသည် လေတိုက်သောအခါ ဘယ်ယိမ်း ညာနွဲ့ဖြင့် တေးသံတမျိုးကို သီဆိုနေသယောင်။ ထိုအခါ ကျွန်မက အဖိုးကို… “ဟိုနားက ချိုးချိုးချွတ်ချွတ်နဲ့ဟာ ဘာပင်တွေလဲ ဖိုးဖိုးရဲ့…” ဟု မေးလိုက်လေသည်။ ငါးနှစ်သမီး ကျွန်မ၏ ထိုမေးခွန်းကို အဖိုးက နှစ်သက်မဆုံး၊ သတိရတိုင်း စကားကြုံတိုင်းလည်း ပြန်ပြောမဆုံး။ ကျွန်မ၏ အမေးကို “အဲဒါ လေတိုးတိုင်း သီချင်းဆိုတတ်တဲ့ ဝါးရုံတွေ…” ဟု အဖိုးက အဖြေပေးပါသည်။ မေမေတို့ အဒေါ်ကြီးတို့ ဝယ်ဝယ်လာတတ်သော မျှစ်မှာ ထိုဝါးပင်က ရကြောင်းကိုပါ အဖိုးက တဆက်တည်း ရှင်းပြသေးသည်။ ဝါးကို ဟင်းချက်စားကြပြီး မျှစ်ဟု ခေါ်ကြပုံကို ကျွန်မ နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါသည်။ တကယ်ဆို ဝါးက ဝါးပဲ မဟုတ်လား။ ကပ်သတ်ပြီး ခေါင်းမာတတ်သော ကျွန်မက ထိုအချိန်မှစပြီး မျှစ်ကို မျှစ်ဟု လုံးဝ မခေါ်တော့ပါ။ အိမ်မှာ မျှစ်ဟင်း ချက်သောနေ့များတွင် တစုံတယောက်က သမီး အိမ်မှာ ဘာဟင်းချက်သလဲ မေးလာခဲ့သော် ငါးနဲ့ ဝါးနဲ့ (သို့မဟုတ်) ဝက်သားနဲ့ ဝါးနဲ့… ဟုသာ အစဉ်ဖြေဆိုတတ်ပါသည်။

သည်လိုနှင့် မကြာခင်မှာ ကျွန်မတို့ မြေးအဖိုးနှစ်ယောက် သစ်ရိပ်ဝါးရိပ်တို့ဖြင့် အေးမြနေသော ခြံဝိုင်းလေးထဲမှ သစ်သား မြေစိုက်အိမ်ကလေး တလုံးဆီသို့ ရောက်လာခဲ့ကြသည်။ အဖိုး၏ မိတ်ဆွေများက အိမ်လေးထဲမှ အပြေးအလွှား ထွက်လာပြီး ကျွန်မတို့ကို ကြိုဆိုကြသည်။ ထိုခြံဝင်းထဲတွင် အခုနက ဈေးလမ်းထဲမှာ ကျွန်မ တွေ့ခဲ့ရသော အကောင် ဝဝမျိုးတွေကို ထပ်တွေ့ရပြန်ရာ သည်တခါတော့ ကျွန်မက ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် “ဖိုးဖိုးရေ… ဒီမှာ ကြည့်ပါအုံး… ကျွဲကြီးတွေနော်…” ဟု ပြောလိုက်ရာ ရယ်သံတွေ စီစီညံသွားခဲ့သည်။ “ဒါ ကျွဲတွေ မဟုတ်ဖူး ကလေးရဲ့ သူတို့က နွားတွေ… ကလေး စားနေတဲ့ ထမင်းတွေရအောင် သူတို့က ကူညီတယ်… ကျေးဇူးရှင်တွေ…” ဟု အိမ်ရှင် ဦးကြီးက ရယ်သံတဝက်နှင့် ပြောပါသည်။

ထိုဦးကြီးကပင် “ကဲ ကဲ… မြေးအဖိုးနှစ်ယောက် ခရီးပန်းလာကြတယ်… နားရအောင် အိမ်ပေါ်တက်ကြပါ…” ဟု ဖိတ်ခေါ်သောအခါ အဖိုးက “သမီး မမောသေးရင် အဖိုးတို့ တနေရာကို သွားကြရအောင်…” ဟု ပြောပါသည်။ အစစ အရာရာကို အဆန်းတကြယ်ဖြစ်နေသော ကျွန်မကလည်း မောရမှန်း ပန်းရမှန်း တကယ်ကို မသိခဲ့ပါ။ ထို့ကြောင့် ကျောပိုးအိပ်လေးကို အိမ်ဝတွင် အသာချခဲ့ကာ အဖိုးခေါ်ရာနောက်သို့ လိုက်လာခဲ့ပါသည်။

(၃)
လမ်းတလျှောက်တွင် ခလောက်သံ ချူသံ တချွင်ချွင်နှင့် နွားလှည်းများ မြင်းလှည်းများ၊ ဝဲယာ တဖက်တချက်ဆီမှ ဝါးရုံတို့ကို လေတိုးသောအခါ ကြားရသော ချိုးချိုးချွတ်ချွတ်အသံများနှင့်အတူ မြေနံ့တသင်းသင်းတို့တွင် ကျွန်မ အလွန်တရာ ပျော်ရွှင်လှသည်။ ကလေးတယောက်ဖြစ်သော်လည်း သဘာဝကို အမြတ်တနိုး နှစ်သက် သဘောကျသော စိတ်ကလေး ကျွန်မရင်ထဲမှာ ရှိနေခဲ့သည်ကို နောင် အသက်အရွယ်ရလာသောအခါမှာ ကောင်းစွာ နားလည် သဘောပေါက်လာခဲ့သည်။
“အိုး… ဟိုးမှာ ရေတွေ… ရေတွေ…”  ဟု အလန့်တကြားနှင့် ကျွန်မ အော်လိုက်မိပြန်သည်။ ကျွန်မ မျက်စိ မမှားပါ။ ကျွန်မ မျက်နှာတူရှုမှာ ပြာလဲ့နေသော ရေပြင်ကြီးတခု ရောက်နေပါသည်။ ထိုမျှလောက် ကြီးမားသော ရေပြင်ကို ကျွန်မဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်းဖြစ်သည်။ ထို့နောက် အဖိုးက ကျွန်မလက်ကို ဆွဲထားရာမှ လွှတ်ပေးလိုက်သည်။ ကျွန်မကလည်း အဖိုးလက်မှ လွတ်လျှင် လွတ်ချင်း ရေတွေရှိရာကို တဟုန်ထိုး ပြေးသွားမိတော့သည်။

ပြာလဲ့နေသော ရေပြင်ကြီး၊ မြစ်ကမ်းပါးမှာ တလျှောက်ဆီမှ တဲအိမ်ငယ်လေးများ၊ ထိုရေစပ်တွင် အဝတ်လျှော် ရေချိုးနေကြသူများ၊ ငါးမျှားတံနှင့် လက်ဆွဲပုံးငယ်များကို ကိုင်ဆောင်ထားရင်း ငါးမျှားနေကြသူများ၊ မြစ်ပြင်ကျယ်တွင် အစုန်အဆန် ကူးလူး သွားလာနေကြသော အရွယ်စုံ အရောင်စုံ ငါးဖမ်းလှေ ကြီးကြီး ငယ်ငယ်များ၊ မြစ်ဆိပ်မှ ကုန်းပေါ်သို့ ပစ္စည်းများ သယ်ပိုးလာကြသူများ၊ သောက်ရေ သုံးရေ ခပ်နေကြသူများ၊ တလုံးပေါ် တလုံးဆင့်ကာ အစီအရီ ထပ်တင်ထားသော အရွယ်စုံ အဆင်စုံ စဥ့်အိုးပြောင်ပြောင်လေးများ၊ ညီညီညာညာ စုပုံထားသော ထင်းခြောက်များကို သယ်ယူရန် ပြင်ဆင်နေကြသော ဝါးဖေါင်များ၊ ထိုအရာများအပြင် ကျွဲများ နွားများ မြင်းများကလည်း အုပ်စုလိုက် အေးအေးလူလူ ဟိုမှသည် သွားလာနေကြသည်။ ထိုမြင်ကွင်းများသည် ကျွန်မလို ကလေးတယောက်၏ ရင်ကို ပြင်းထန်စွာ လာရောက် တိုးဝှေ့ ထိမှန်ခဲ့ပါသည်။

အဖိုးက ပြောသည်။ “သမီး… ဒါ ဧရာဝတီ...” တဲ့။
အဖိုးက စကားတခွန်းသာ ပြောသော်လည်း ကျွန်မ၏ နားထဲတွင် ဧရာဝတီ… ဧရာဝတီ… ဧရာဝတီ… ဟု အခွန်းပေါင်းများစွာ ပဲ့တင်ထပ်သွားခဲ့သည်။ သည်အမည်နာမကို ကြားလိုက်ရသောအခါ လူက အလိုလိုနေရင်း ခွန်အားတွေ တိုးလာသလို၊ စွမ်းအင်တွေ ပြည့်ဝကာ မောပန်းနေသည်များ အားလုံး လွင့်စင်သွားစေခဲ့သည်။ ကြည့်ပါအုံး… ဧရာဝတီ တဲ့။ ထို့နောက်မှာတော့ အဖိုးက ဧရာဝတီ အကြောင်းကို မျှော်လင့်ထားသလို စကားလုံးတွေ အများကြီးနှင့် ရှင်းလင်းပြောဆိုခြင်း မရှိပါ။ အသက်မဲ့ ဧရာဝတီကို အသက်ဝင် လှုပ်ရှားနေသော မြင်ကွင်းများနှင့်အတူ တိတ်ဆိတ်စွာ မိတ်ဆက်ပေးခဲ့သည်။ အသက် ငါးနှစ်အရွယ် မြေးမလေးကို အဖိုးက ဧရာဝတီနှင့် မိတ်ဆက်ပေးပုံမှာ တသက် မမေ့နိုင်စရာ သိမ်မွေ့နူးညံ့ပြီး အဓိပ္ပါယ် ပြည့်ဝလှသည်။

ထိုအချိန်မှ စတင်ကာ ကျွန်မ၏ ရင်ထဲ ဧရာဝတီက စွဲမြဲခဲ့တာ ဖြစ်သည်။ ထိုရက်တွေမှာ စားချိန် အိပ်ချိန်မှလွဲ၍ အချိန်တိုင်း ကျွန်မ ဧရာဝတီနားသို့ ရောက်နေခဲ့သည်။ သစ်လုံးများကို ဖေါင်ဖွဲ့ကာ ဆွဲယူသွားနိုင်သော ခွန်အားဗလ ကြီးမားလှသော ဆင်များနှင့် သူတို့ အနောက်မှ လိုက်ပါလာသော ဆင်ပေါက်စလေးများကို တွေ့ရသောအခါတွင်မူ လက်ခုတ်လက်ဝါးတီးကာ သဘောတကျ ရယ်မောခဲ့မိသေးသည်။ ဖေဖေ မေမေတို့ သွားလေရာကို အနောက်မှ တကောက်ကောက် လိုက်ချင်တတ်သော ကိုယ့်ကိုကိုယ် ပြန်မြင်ရသလိုပင်။ ဖရဲသီးများ တင်ဆောင်လာသော လှေထဲမှ လတ်လတ်ဆတ်ဆတ် ဖရဲသီးစိတ်များကို ကျွန်မ စားခဲ့ရသည်။ အိုးပုတ် ချိုးရုပ်လေးများ သယ်ဆောင်လာသော လှေထဲမှ အရုပ်ကလေးများကိုလည်း ကျွန်မ ပိုင်ဆိုင်ခဲ့ရသည်။ ညိုညစ်ညစ် ရွှံ့များဖြင့် လောက်စာလုံးလေးတွေကိုလည်း လုံးဝိုင်း ညီညာနေအောင် လုံးခဲ့သေးသည်။

ထိုမြို့လေးမှ ပြန်ခါနီး ညနေမှာတော့ အဖိုးက ကျွန်မကို ဧရာဝတီနှင့် အသေအချာ ထိတွေ့ နှုတ်ဆက်စေခဲ့သည်။ ကမ်းစပ်က ရေတွေထဲသို့ သွက်သွက်လက်လက်၊ ပြီးတော့ မကြောက်မရွံ့ ဆင်းချသွားသော ကျွန်မကို အဖိုးက အခါများစွာကလို စိတ်ပူမနေသည့်အပြင် လက်ပြကာ အားပေးနေသေးသည်။ သေချာသည်လေ၊ ဧရာဝတီက သူ့ချစ်သူများကို မည်သည့်နည်းနှင့်မျှ အန္တရာယ် မဖြစ်စေနိုင်ပါ။ နေဝင်ချိန် နေလုံးနီနီကြီးက ဧရာဝတီထဲသို့ နစ်ဝင် ကွယ်ပျောက်သွားချိန်မှာမှ ကျွန်မ ဧရာဝတီကို နှုတ်ဆက်ကာ ခွဲခွာခဲ့ရသည်။ ကလေးအတွေးနှင့် နေလုံးကြီး… ကျွန်မ ဖြစ်ချင်ခဲ့မိသည်။ သို့မှသာ ဧရာဝတီထဲသို့ နေ့စဉ်နေ့တိုင်း တိုးဝင်ခိုလှုံကာ နီးစပ်ခွင့်ရနိုင်မည် မဟုတ်ပါလား။

(၄)
ထိုခရီးတိုလေးမှ ပြန်လာသောအခါ ဧရာဝတီ၏ မြင်ကွင်းပုံရိပ်များက ကျွန်မ မျက်စိထဲမှာသာမက ရင်ထဲသို့ပါ အပြီးတိုင်အောင် ခိုင်မြဲစွာ စူးနစ် ဝင်ရောက်ခဲ့လေသည်။ ကျွန်မ နားလည်တတ်သိသော အသက်အရွယ်ကို ရောက်လာသောအခါတွင် စကားမဆိုတတ်သော ဧရာဝတီ၏ ရေစီးသံနှင့်အတူ လျှို့ဝှက်စကားသံများ (သို့မဟုတ်) တီးတိုး ညည်းဆိုသံများကို ကြားချင်လာမိသည်။ ဧရာဝတီမှာလည်း ရင်ထဲက စကားသံတွေ ရှိနေနိုင်တာပဲ မဟုတ်လား။ ဧရာဝတီကို လွမ်းသော တချို့ညတွေမှာ မရှိတော့ပြီဖြစ်သော အဖိုးနှင့် ဧရာဝတီ ကို တွဲဖက်ကာ အိပ်မက် မက်မြင်တတ်ခဲ့သည်။

ဧရာဝတီနှင့် ဝေးနေရသော်လည်း ဧရာဝတီကို သိသူတိုင်း သူ့ကို သံယောဇဉ်ကြီးမားကာ ချစ်ခင် တွယ်တာလှသည်။ ခန့်ငြားသော ဧရာဝတီကို အစဉ် တွေ့မြင်မနေရသော်လည်း ဧရာဝတီအကြောင်းကို လေသံမျှ ကြားရရုံနှင့် ခံစားချက်တို့ လေးနက်ခဲ့သည်။ နှလုံးသွေးတို့ ဆူဝေခဲ့သည်။ အတွေးစတို့ ဝဲလွင့်ခဲ့သည်။ သည်ရက်များမှာ ကျွန်မ ဧရာဝတီကို အထူးတလည် လွမ်းဆွတ်သတိရနေခဲ့ပါသည်။  ဧရာဝတီကို သွားလိုသော်လည်း လိုက်ပို့မည့် အဖိုးက မရှိတော့ပြီ။ ထို့အပြင် ကျွန်မကိုယ်တိုင်ကလည်း ရေကြည်ရာ မြက်နုရာ၊ ဧရာဝတီနှင့် ခပ်ဝေးဝေး တနေရာမှာ။ မှန်းဆကာ လွမ်းနေရရုံသာ ရှိတော့သည်ပဲ။

ကျွန်မချစ်သော ဧရာဝတီအတွက် အစဉ်တွေးဖြစ်နေသော အတွေးတချို့နှင့် အစဉ်မေးဖြစ်နေသော အမေးတချို့ကို ပြောပြချင်ပါသည်။ ဧရာဝတီကို ချစ်မြတ်နိုးကြသူတိုင်း သည်အတွေးကို တွေးကာ သည်အမေးကို ကိုယ်တိုင်ကိုယ်ကျ ပြန်မေးကြည့်ကြစေချင်ပါသည်။ ဘိုးဘွားဘီဘင်များနှင့် မျိုးဆက် ဘယ်နှစ်ခု သည်ဧရာဝတီပေါ် မှီတင်းရှင်သန်ခွင့် ရရှိခဲ့သည်လဲ၊ မြန်မာဟူသော တိုင်းပြည်တခု ဖြစ်ပေါ်လာစေရန် ဧရာဝတီသည် လူပေါင်း မည်၍ မည်မျှကို နေထိုင်၊ အသက်မွေးခွင့် ပြုခဲ့သည်လဲ၊ ကျွန်မတို့တတွေ ဧရာဝတီကို မည်၍ မည်မျှ အသုံးပြုခဲ့ကြ၊ အသုံးချခဲ့ကြ ပြီးပြီလဲ၊ ထို့အပြင့် ကျွန်မတို့တတွေကရော ဧရာဝတီကို မည်၍ မည်မျှ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါသလဲ ဟူ၍ပင်။

သက်ဝေ
(၂၈ စက်တင်ဘာ ၂၀၁၆)

  - ၂၀၁၆ အောက်တိုဘာလ ထုတ် မိုးမခ မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။


Wednesday, October 5, 2016

မိညောင်တို့နဲ့ တညနေ

မနေ့ ညနေက လမ်းလျှောက်ဖို့ တိုက်အောက်ကို ဆင်းတော့ မြောင်းဖုံး တစ်ခုနဲ့ တစ်ခုအကြား ဟ နေတဲ့ နေရာမှာ ခေါင်းလေးတွေ ပြူတစ် ပြူတစ်လုပ်ရင်း ထိုင်နေကြတဲ့ ကြောင်ကလေး နှစ်ကောင်ကို တွေ့တယ်။ သူတို့ဟာ လူသွားစကြံန်လေးပေါ်က လူသွားလူလာကို အကဲခတ်သလို မျက်နှာလေးတွေ မော့ပြီး စူးစူးစမ်းစမ်း လှမ်းကြည့်နေကြတယ်။ ကိုယ်နဲ့ သူတို့နဲ့ အကြည့်ချင်းဆုံတော့ အော်သံ တိုးတိုးလေးတွေ ထွက်လာတယ်။ လှမ်းလက်စ ခြေလှမ်းကို အသာ တုံ့ပြီး သူတို့ကို ရပ်ကြည့်လိုက်တော့ သူတို့အသံတွေက ပိုကျယ်လာတယ်။ ကြည့်ရတာ သူတို့တွေမှာ ပြောစရာ အတော်များများ ရှိနေပုံပဲ။ သေသေချာချာ လေးလေးနက်နက် မျက်နှာပေးလေးတွေနဲ့ တစ်ခွန်းပြီး တစ်ခွန်း လှမ်းပြောနေကြတာ။ ခက်တာက သူတို့ ဘာပြောနေတာလဲဆိုတာ ကိုယ်က ရုတ်တရက် နားမလည်ဘူး။ ဒါနဲ့ နေရာမှာ ခြေစုံရပ်ပြီး သူတို့ကို ခပ်ကြောင်ကြောင် ကြည့်နေလိုက်မိတယ်။ ကြောင်တွေကို ခပ်ကြောင်ကြောင် ပြန်ကြည့်တတ်ဖို့ဆိုတာ သိပ်လွယ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပေဘူး။ ထားပါလေ… အဲဒီ ခပ်ကြောင်ကြောင်အကြည့်ဆိုတာကို နောက်တော့မှ ဆက်ရှင်းမယ်။ အခုတော့ ကြောင်နှစ်ကောင်အကြောင်းပဲ ဆက်ပါဦးမယ်။

ပြောရရင်တော့ ကိုယ်က အဲဒီလို အကြောင်သား ရပ်ကြည့်နေလိုက်တာမှာ သူတို့အတွက် အကွက်ကောင်း ရသွားတော့တာပဲ။ နားထောင်မယ့်သူ ရှိနေပြီဆိုပြီးတော့ သူ့ထက်ငါ အပြိုင်အဆိုင် စကားတွေ လှမ်းပြောတော့တာ ကျွက်ကျွက်ကို (သို့မဟုတ်) ညောင်ညောင်ကို ညံလို့။ တစ်ကောင်ရဲ့ စကား မဆုံးသေးဘူး၊ နောက်တစ်ကောင်က အတင်း ဝင်လုပြီး ပြောတယ်။ သူ့ကိစ္စကသာ ပိုအရေးကြီးနေတယ် ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ စကားတွေ အဆက်မပြတ် အလုအယက် လှမ်းပြောနေကြတာ။ တစ်ကောင်က ပြောလို့ မဆုံးခင်မှာ နောက်တစ်ကောင်ကလည်း တမင်ကြိုးစားပြီး မြှင့်ထားရတဲ့လေသံမျိုးနဲ့ အတင်းဝင်ပြောပြန်တယ်။ တစ်ကောင်နဲ့ တစ်ကောင် အပြိုင်အဆိုင် ပြောရင်း ပြောရင်း ဘယ်လောက်များ အရှိန်တက်လာကြသလဲဆို သူတို့ ခေါင်းလေးတွေဟာ မြောင်းထဲကနေ မော့ပြီး တိုးတိုးထွက်လာကြတာ လည်ပင်းလေးတွေကို ရှည်လို့။

ဒါနဲ့ ဟေ့ကောင်တွေ နေကြပါဦးဟ ဆိုပြီး သူတို့တွေရဲ့ သွင်ပြင်လက္ခဏာကို အရင်လေ့လာရတယ်။ နှစ်ကောင်ထဲမှာ တစ်ကောင်က အဖြူနဲ့ အနက်ကျားလေး ဒါပေမဲ့ အဖြူရောင်ပါဝင်မှုနှုန်း များတယ်။ အဖြူရောင်ရဲ့ အရှိန်အဝါကြောင့်လားတော့ မသိဘူး၊ သူ့ကိုကြည့်ရတာ နူးနူးညံ့ညံ့ရှိပုံပဲ။ နားရွက်ဖျားနှစ်ဖက်မှာ အနက်အစက်ကလေး နည်းနည်းပါတာက တမျိုး ထူးခြားနေတယ်။ ခြုံကြည့်လိုက်ရင် ချစ်စရာ ကြောင်ဖြူလေးပေါ့။ နောက်တစ်ကောင်ကတော့ အကျားလေး၊ တစ်ကိုယ်လုံး ညိုရင့်ရင့်နဲ့ အနက်ရောင် အစင်းကျား၊ အရောရော အနှောနှောတွေ ခပ်များများနဲ့ ဆိုပါတော့။ သူ့အမွှေးလေးတွေကြည့်ရတာ ကြမ်းကြမ်းထူထူ ပြီးတော့ ထောင်ပွပွလေးတွေ။ ထူးခြားတာတစ်ခုကတော့ သူတို့ နှစ်ကောင်ဟာ မကြီးလွန်း မငယ်လွန်းနဲ့ ချစ်စရာ အရွယ်တူလေးတွေ ဖြစ်နေတာပဲ။ ဝိုင်းစက်တောက်ပနေတဲ့ မျက်လုံးလေးတွေ၊ မျက်ဆံအရောင်ညိုညိုလေးတွေ ပြီးတော့ နှာတံ အကျတွေကလည်း ဆင်တူ၊ နှုတ်ခမ်းလေးတွေ နောက်ဆုံး နားရွက်လေးတွေ ထောင်နေပုံကအစ တထပ်တည်း ချွတ်စွပ်တူနေတာ။ အကဲခတ်နေတုန်းမှာ သူတို့ကတော့ စကားတွေ အဆက်မပြတ် သူ့ထက်ငါ လုပြောနေမြဲ။ ခက်လည်း ခက်တဲ့ ကောင်တွေကွာ လို့ စိတ်ထဲက ရေရွတ်မိတယ်။

သူတို့ပြောနေတာတွေ ကိုယ်က နားမလည်တော့ သူတို့ မျက်နှာကို တည့်တည့်၊ ခပ်ကြောင်ကြောင် ကြည့်ပြီးတော့ ဟေ့ကောင်လေးတွေ ခဏနေကြဦးကွ လို့ ပြောလိုက်တယ်။ အကြည့်က ကြောင်တောင်တောင်နိုင်နေလို့လား လေသံက နည်းနည်း မာသွားလို့လားမသိဘူး၊ နှစ်ကောင်စလုံး သူ့ထက်ငါ အပြိုင်အဆိုင် အော်နေရာကနေ တိကနဲ ရပ်သွားတယ်။ ကိုင်း… ဒီတစ်ခါတော့ ကိုယ့်အလှည့် ကျပဟ ဆိုပြီး သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ချလိုက်တယ်။ သူတို့ ဇက်ကလေးတွေ ပုဝင်သွားတာမြင်လိုက်ရတော့ နည်းနည်းတောင် ပြုံးချင်ချင်ဖြစ်သွားသေးတယ်။ ဒါပေမဲ့ မပြုံးမိအောင် ထိန်းရင်း… “ဒီမှာ ကိုယ့်လူတို့… လောလောဆယ် မင်းတို့ပြောတာကို ငါ နားမလည်ဘူး၊ ဒီတော့ အိမ်ပေါ်တက်ပြီး နားကြပ်တစ်ခု သွားယူလိုက်ဦးမယ်၊ အဲဒါ တပ်ပြီး နားထောင်မှ မင်းတို့ ပြောတာ နားလည်လိမ့်မယ်၊ အဲဒီလို နားလည်မှသာ မင်းတို့ ဘာကို ပြောချင် ဆိုချင်သလဲ၊ ဘာကို လိုချင်သလဲ ဆိုတာ သေသေချာချာ သိလိမ့်မယ်၊ ဒီတော့ စကားဆက်ပြောချင်ရင် မင်းတို့ ဒီနေရာက ဘယ်မှ မသွားပဲ စောင့်နေကြ… ဟုတ်ပြီလား” လို့ လေသံမှန်မှန်နဲ့ ခပ်အေးအေးပဲ ပြောချလိုက်တယ်။

အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့ ကိုယ်ကသာ သူတို့ရဲ့ ညောင်ညောင်ဘာသာဗေဒကို နကန်းတစ်လုံးမှ နားမလည်တာ၊ သူတို့ကတော့ ကိုယ်ပြောသမျှကို ဂဃနဏ နားလည်နေတယ် ဆိုတာပဲ။ ဒီလိုလေ… ခုနက ပြောလိုက်တဲ့ ကိုယ့်စကားအဆုံးမှာ ညောင်ညောင်သံတွေ တိကနဲ ရပ်သွားပြီး ခေါင်းတွေကို တဆတ်ဆတ် ညိတ်ပြနေကြတယ်။ အဲဒါကို မျက်စိနဲ့ တပ်အပ် မြင်လိုက်ရတော့ အံ့သြတကြီးနဲ့ ထိုင်နေတဲ့ ခန္ဒာကိုယ်ဟာ ရုတ်တရက် အနောက်ဖက်ကို နည်းနည်းတောင် လန်သွားတယ်။ ခံစားလိုက်ရတဲ့ ခံစားချက်ကလည်း ထူထူထဲထဲနဲ့ နင်တင်တင်ကြီး၊ လည်ချောင်းထဲ တစ်ခုခု မျိုချလို့ မရပဲ တစ်ဆို့ဆို့ ဖြစ်နေသလိုမျိုးနဲ့ ဆင်တူတယ်။ သူတို့ ဘာကောင်တွေပါလိမ့်။ မျက်လုံးကို လက်နဲ့ပွတ်ရင်း သူတို့ကို နောက်ထပ်တစ်ခါ သေသေချာချာ ပြန်ကြည့်မိတယ်။ အမှန်အတိုင်း ဝန်ခံရရင် အဲဒီအချိန်မှာ ကိုယ့်မျက်နှာဟာ ရှက်တက်တက်မျက်နှာမျိုး ဖြစ်နေမှာ မလွဲဘူး။ ပြုံးတုံ့တုံ့ မျက်နှာပေးနဲ့ ကြောင်နှစ်ကောင်ဟာ သူတို့ရှေ့မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို အေးအေးသက်သာပဲ။ 

သူတို့ နှစ်ကောင်ထဲက ခုနက ပြောခဲ့တဲ့ အဖြူကောင်… နူးညံ့ပြီး ချစ်စရာကောင်းတယ်လို့ ထင်ရတဲ့ အဲဒီအဖြူကောင်ရဲ့ အကြည့်ဟာ ကိုယ့်စိတ်က ထင်လို့ပဲလားတော့ မသိ၊ သရော်လှောင်ပြောင်လိုတဲ့ အရိပ်အယောင် အနည်းငယ် စွက်နေသလိုပဲ။ သူ့ထက်စာရင် အညိုကြားလေးကတော့ အေးအေးဆေးဆေးပိုရှိပုံရတယ်။
သူတို့ရှေ့မှာ ငူငူငေါင်ငေါင်နဲ့ ထိုင်ပြီး မျက်လုံးအကြောင်သားနဲ့ ကြည့်နေမိတဲ့ ကိုယ့်ကို သူတို့လည်း ဘာလုပ်ရမှန်း မသိသလို ပြန်ကြည့်နေကြတယ်။ သူတို့ မျက်လုံးလေးတွေက ကြည်လင် ဝိုင်းစက်ပြီး တောက်ပလို့။ သူတို့ရဲ့ မျက်လုံးအကြည့်တွေမှာ အဓိပ္ပါယ် အမြောက်အများ ရှိနေတာ သိသာတယ်။ ကိုယ့်မျက်လုံးလို ကြောင်ငေးငေး ဖြစ်မနေဘူးဆိုတာလည်း သေချာတယ်။ ခက်ရချည်ရဲ့။

စကားကြုံလို့ ကြောင်တွေရဲ့ နေရေး စားရေးအကြောင်း ပြောပြဦးမယ်။ သူ့အရပ်နဲ့ သူ့ဇာတ် ဆိုသလိုပေါ့။ ဒီအရပ်မှာက ကြောင်တွေကို အိမ်ပေါ်မှာတင်ပြီး မွေးထားလို့ မရဘူး။ ဒီတော့ ကြောင်တွေဟာ တိုက်အောက်တွေမှာ၊ မြက်ခင်းစပ်တွေမှာ၊ ရေမြောင်းလေးတွေထဲမှာ အဆင်ပြေသလို နေရာယူ နေထိုင်လေ့ရှိကြတယ်။ အိမ်ပေါ်တွေမှာ မနေရပေမယ့် အစာရေစာအတွက်ကတော့ ဘာမှပူစရာ မရှိဘူး။ မနက်ဖြစ်စေ ညနေဖြစ်စေ အချိန်တန်ရင် ကြောင်စာ ကျွေးတဲ့သူတွေဟာ စက်ဘီးလေးနဲ့ ရောက်လာပြီး အစာလုံးတွေ၊ ရေ နဲ့ နို့တွေကို နေရာ သတ်သတ်မှတ်မှတ် ချထားတဲ့ ခွက်ကလေးတွေထဲမှာ ဖြည့်ပေးသွားတတ်တယ်။ အဲဒီတော့ ကြောင်လေးတွေဟာ စားချိန်တန်စား၊ ပြီးလို့ ဗိုက်ပြည့်ရင် နားနားနေနေ အိပ်လိုအိပ်၊ ဟိုနားဒီနား အညောင်းပြေ အညာပြေ လျှောက်လို လျှောက်၊ ပြေးလွှားဆော့ကစား သက်တောင့် သက်သာ ရှိကြတယ်။ အခုလည်း အဲဒီလိုပဲ... သူတို့ ထိုင်နေတဲ့ မြောင်းလေးနဲ့ နှစ်ပေလောက် အကွာမှာ သူတို့ရဲ့ အစာခွက်နဲ့ ရေခွက်လေး ရှိတယ်။

ခုနက ကိစ္စကို ပြန်ကောက်ရရင် ခြေလှမ်းတွေဟာ ရှေ့ဆက်ရအခက် နောက်ပြန်လှည့်ရအခက်နဲ့။ စိတ်ထဲမှာတော့ မကြာခင်က လက်ဆောင်ရထားတဲ့၊ အိမ်ပေါ်က နီညိုရောင် နားကြပ်ကို အမြန်ဆုံး ပြေးယူလိုက်ချင်လှပြီ်။ နားကြပ်ဆိုလို့ အဲဒီနားကြပ်အကြောင်းလည်း နည်းနည်း ပြောပြချင်သေးတယ်။ အဲဒီနားကြပ်ဟာ နိုင်ငံခြားကပြန်လာတဲ့ မိတ်ဆွေတစ်ယောက်ဆီက လက်ဆောင်ရထားတာ။ သူ့အပြောအရ အဲဒီနားကြပ်နဲ့နားထောင်ရင် သတ္တဝါတွေရဲ့ ဘာသာစကားကို အဓိပ္ပါယ် ဖေါ်နိုင်သတဲ့။ ယုံနိုင်စရာ မရှိတာကြောင့် တစ်ခါမှလည်း စမ်းသပ်ဖို့ မကြိုးစားမိဘူး။ အဲဒီမိတ်ဆွေက နိုင်ငံခြားပြန်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကလွဲရင် အချိန်တော်တော်များများမှာ အူကြောင်ကြောင်တွေချည်း ပြောတတ်သူဆိုတော့ သူငယ်ချင်းတစ်စုကလည်း သူ့စကားကို ဘယ်တော့မှ လေးလေးနက်နက် နားမထောင်ကြဘူး၊ သူ ဘာပြောပြော မယုံကြတာက များတယ်။ သူက နိုင်ငံခြားက ပြန်လာလို့ လက်ဆောင်တွေ ဘာတွေ ပေးရင်လည်း အဲဒီလက်ဆောင်အကြောင်းကို တရှည်တလျား တဖွဲ့တနွဲ့ကို ရှင်းပြတတ်တာ၊ သူဟာသူ ပြောချင်ရာပြော ကိုယ်တွေက သေသေချာချာလည်း နားမထောင်မိပါဘူး၊ ပြီး ပြီးရောသဘောနဲ့ ဒီလိုပဲ ယူထားလိုက်ကြတာပဲ။ နောက် ကွယ်ရာကျမှသာ ဟိုပြော ဒီပြော ပြောဖြစ်ကြတာ၊ ဒီလိုပြောတာ မကောင်းမှန်း သိပါလျက်နဲ့ လူစုံရင် သူ့အကြောင်း ပြောမိကြတာပဲ။ ခုနက စကားကို ပြန်ကောက်ရရင် အဲဒီ နားကြပ် - သတ္တဝါတွေရဲ့ ဘာသာစကားကို အဓိပ္ပါယ် ဖေါ်နိုင်တယ် ဆိုတဲ့ အဲဒီနားကြပ်ဟာ အိမ်မှာ ရှိနေတယ်။ အဲဒါကို ယူပြီး နားထောင်လိုက်ရင် ဒီညောင်ညောင်နှစ်ကောင်ရဲ့ စကားကိုလည်း နားလည်မယ်၊ နားကြပ်ရဲ့ အလုပ်လုပ်ပုံကိုလည်း စမ်းသပ်ပြီးသားဖြစ်မယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။

တဖက်ကလည်း နားကြပ်သွားယူနေတုန်း ဒီကြောင်နှစ်ကောင် ပျောက်သွားမှာကိုလည်း စိုးရိမ်နေတယ်။ ခုနက စကားဆက်ပြောချင်ရင် မင်းတို့ ဒီနေရာက ဘယ်မှ မသွားပဲ စောင့်နေကြ လို့ ပြောလိုက်တုန်းက နှစ်ကောင်သား ခေါင်းလေးတွေ ညိတ်ပြတာကို ပြန်တွေးမိတော့ ဟုတ်သလိုလို မယုံရနိုးနိုး၊ ယုံရနိုးနိုးပဲ။ ဒီစကားကို နောက်တစ်ခါ ထပ်ပြောလို့ ခေါင်းညိတ်ပြရင် သေချာပြီလို့ ယူဆပြီး မရဲတရဲ ထပ်ပြောလိုက်တယ်။ ပထမတစ်ခေါက်ကလိုပဲ နှစ်ကောင်သား ခေါင်းတွေ တွင်တွင်ညိတ်ပြကြတယ်။ သူတို့ရဲ့ ခေါင်းအညိတ်မှာ ပြောမပြတတ်အောင် ကြက်သေသေသွားတယ်ဆိုတာ ဝန်ခံရမှာပဲ။ သေချာနေပါပြီ။ သူတို့ လူစကားကို ကောင်းကောင်း နားလည်နေတယ်ဆိုတာ သိပ်ကိုသေချာနေပါပြီ။ မျက်လှည့်ပြလိုက်သလို ရုတ်ချည်း ပြောင်းလဲသွားတဲ့ အပြောင်းအလဲကြားမှာ ကိုယ်ဟာ ကြောင်တစ်ကောင် ဖြစ်သွားပြီး သူတို့က လူနှစ်ယောက်ဖြစ်သွားသလိုပဲ။ 

ညနေဟာ အလင်းရောင် နည်းတဲ့ဖက်ကို ရောက်လာတယ်။ ကြောင်နှစ်ကောင်ရဲ့ မျက်လုံးလေးတွေဟာ တစုံတရာကို ဆက်လက်မျှော်လင့်နေတယ်လို့ ခံစားနေရတုန်းပဲ။ ကဲ… ဘာပဲဖြစ်ဖြစ် နားကြပ် သွားယူမယ် ဆိုပြီး ထိုင်ရာက ထတယ်။ ခြေလှမ်း လေး ငါးလှမ်းလောက်အရောက်မှာ ကြောင်နှစ်ကောင်ဆီက စူးစူးရှရှ ပြီးတော့ သံပြိုင် အော်လိုက်တဲ့ အသံကို ကြားရတယ်။ အသံက သာမန်နဲ့ မတူပဲ ကြောက်ရွံ့ထိတ်လန့်သံ ပေါက်နေတာမို့ စိတ်ထဲ ထိတ်ကနဲဖြစ်သွားတယ်။ ဘာများဖြစ်ပါလိမ့် လို့ လှည့်ကြည့်လိုက်တော့ မြောင်းဖုံးသံပြားကြားထဲကနေ အလုအယက် တိုးထွက်နေတဲ့ ခေါင်းလေး နှစ်ခေါင်းကို မတွေ့ရတော့ဘူး။ ဟာ… ဘယ်ရောက်သွားကြတာပါလိမ့်။ ချက်ချင်းပဲ ခြေလှမ်းကို အနောက်ကို ပြန်လှည့်လိုက်တယ်။ ခုနက သူတို့ ထိုင်နေတဲ့နေရာနားကို ရောက်တော့ သူတို့ နှစ်ကောင် ပျောက်နေတာကလွဲပြီး ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး။ ခဏနေတော့ အသံတိုးတိုးလေး ထွက်လာတယ်။ အော… သူတို့က မြောင်းဖုံးအောက်ထဲ ဝင်ပုန်းနေကြတာကိုး။ အကောင်တွေ မတွေ့ရပေမယ့် အသံတော့ ကြားနေရတယ်။ အသံက တစ်ခုခုကို ထိတ်လန့်နေတဲ့အသံမျိုး ခပ်တိုးတိုး ခပ်အုပ်အုပ်နဲ့ မရဲတရဲရယ်။ ဘာကောင်တွေလဲကွ လို့ တွေးရင်း သူတို့ ဘာဖြစ်နေတာလဲ ဘာပြောနေတာလဲ ဆိုတာ သိချင်တဲ့ စိတ်က တားမရဘူး။ အိမ်ဖက်ကို ပြန်ပြီး နားကြပ်ယူဖို့လည်း ခက်နေတယ်။ ဒီအချိန်မှာ အတောင့်တဆုံးအရာကို ပြပါဆိုရင် အလာဒင် မီးခွက်များ ဖြစ်မလားပဲ။ အလာဒင်ရဲ့ လိုတရ မီးခွက်သာ ရှိနေမယ်ဆိုရင် ဟတ်ချလောင်းလို့အော်ပြီး မီးခွက်ကိုပွတ်လိုက်ရုံနဲ့ နားကြပ်ဟာ လက်ထဲကို ချက်ချင်း ရောက်လာနိုင်မယ် မဟုတ်လား။ ကိုယ့်အတွေးကို ကိုယ် အတော် ရယ်ချင်သွားတယ်။ တယ်ကြောင်ပါ့လား။ 

ဘာဆက်လုပ်ရမယ်မှန်း ဝေခွဲမရ ဖြစ်နေချိန်မှာ ဘယ်ဖက် မျက်စိထောင့်ထဲကနေ တစုံတခုကို ရိပ်ကနဲ တွေ့လိုက်တယ်။ ခေါင်းကို ငဲ့စောင်းပြီး လှည့်ကြည့်လိုက်တော့ ဘာမှ မတွေ့ရတော့ပြန်ဘူး။  ဘာပါလိမ့်လို့ ငြိမ်ပြီး တွေးနေမိတဲ့အချိန် လေး ငါး စက္ကန့်လောက်အကြာမှာ တစ်ခုခုဟာ ရိပ်ကနဲ လှုပ်သွားတယ်လို့ ခံစားသိနဲ့ သိလိုက်ပြန်တယ်။ အလင်းရောင်က နည်းသည်ထက် နည်းလာတော့ မလှမ်းမကမ်းပေမယ့် မသဲကွဲဘူး။ စိတ်ထဲ ညိုတိုတိုပစ္စည်းတစ်ခု လို့ ထင်တယ်။ ကြွေကျနေတဲ့ သစ်ရွက်ခြောက် အပိုင်းအစလား၊ လမ်းဘေးမှာ လွှင့်ပစ်ထားတဲ့ စက္ကူအိတ်အဟောင်းတစ်လုံးလား၊ သတင်းစာစက္ကူ အပိုင်းအစတစ်ခုလား... အဲဒီလိုအရာတွေ လှုပ်ရှားရအောင်ကလည်း တစ်ညနေလုံး လေက ငြိမ်လိုက်တာမှ။ ဒါမှမဟုတ် သက်ရှိအကောင် တစ်ကောင်ကောင်ရော မဖြစ်နိုင်ဘူးလား။ တွေးနေရင်း ချွေးနည်းနည်း ပျံလာချိန်မှာ ကြောင်ကလေးတွေဆီက အသံ ခပ်တိုးတိုးလေးတွေ ထပ်ကြားလိုက်ရတယ်။ ကြောက်နေကြသလိုပဲ။ အသံထဲမှာ တုန်လှုပ်မှုကို မှန်းဆလို့ရနေတယ်။ ကြောင်ကလေးတွေဖက်ကို အာရုံစိုက်မိချိန်မှာ တဖက်ကလည်း ရိပ်ကနဲ ရိပ်ကနဲ လှုပ်နေတာ သိနေတယ်။ ကိုယ့်ကိုကိုယ် မူးများနေသလားလို့ တွေးရအောင်လည်း အိမ်က ထွက်ခါနီး သောက်လာတာ ရေနွေးကြမ်းတွေပဲ။ မဟုတ်သေးပါဘူး။ 

တစ်မိနစ်လောက် ငြိမ်ပြီး ဘာဆက်လုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေမိတယ်။ မျက်စိထောင့်ထဲ လှုပ်နေတဲ့ အရာကို အနားကပ်ပြီး သွားကြည့်ရအောင်ကလည်း ဘာမှန်းမသိ ညာမှန်းမသိဆိုတော့ သိပ်အဆင်မပြေလှဘူး။ ခပ်လှမ်းလှမ်းကနေ ကြည့်နေပြန်တော့လည်း ဘာမှ သဲသဲကွဲကွဲ မမြင်ရဘူး။ အဲဒီအချိန်မှာ ဖျတ်ကနဲ သတိရသွားတာကတော့ အိမ်သော့နဲ့တွဲထားတဲ့ လက်ညှိုးအရွယ် လက်နှိပ်ဓါတ်မီး ကီးချိန်းလေးပဲ။ ဓါတ်ခဲ ရှိမရှိ မသေချာ... ဒါပေမဲ့ စမ်းကြည့်ရမယ်။ ဘောင်းဘီအိတ်ထဲကနေ သော့ကို ဆွဲအထုတ်မှာ သော့အချင်းချင်း ပွတ်တိုက် ထိရိုက်သံကြောင့်လား မသိ၊ ခုနက လှုပ်နေတယ်လို့ ထင်ရတဲ့အရာက ငြိမ်သွားသလို ကြောင်ကလေးတွေ ဆီက အော်သံကလည်း တိတ်ဆိတ်သွားတယ်။ ညနေခင်းရဲ့ အလင်းရောင်ကတော့ ကုန်သလောက်နီးနီး ရှိနေပြီ။ အဲဒီနောက်မှာ လက်နှိပ်ဓါတ်မီးကို အသာ လှည့်ရင်း လှုပ်နေတဲ့ အရာနားကို ဖြည်းဖြည်းချင်း ရွှေ့ပြီးချိန်လိုက်တယ်။ ကြောက်ရွံ့စိတ်လား စိုးရိမ်စိတ်လား ဘာမှန်း မသဲကွဲပေမယ့် တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားနေမိတယ်။

လှုပ်နေတဲ့အရာနားကို လက်နှိပ်ဓါတ်မီးရဲ့အလင်းရောင် ဖျတ်ကနဲ ကျသွားတဲ့အချိန်မှာ အရိပ်လိုလို၊ မီးခိုးငွေ့လိုလို ဘာမှန်းမသဲကွဲတဲ့ တခုခုဟာ ကိုယ့်ဖက်ကို ရွေ့လျားလာသလို ထင်လိုက်ရတယ်။ ရွေ့လာတာ မြန်လွန်းတော့ ကိုယ့်ခြေထောက်နားကို စွေ့ကနဲ ရောက်လာပြီး ကိုယ့်ကို တွန်းတိုက်သွားသလို၊ ကျော်ဖြတ်သွားသလိုနဲ့ အလျင်စလို ရွေ့လျားသွားတာမျိုး။ ဘာကြောင့်မှန်း မသိပေမယ့် ခန္ဒာကိုယ်ဟာ အနောက်ကို နည်းနည်း ယိုင်သွားတယ်။ အဲဒီလှုပ်နေတဲ့အရာ သက်ရှိလား သက်မဲ့လား၊ သက်ရှိဆိုရင်လည်း ဘာကောင်၊ သက်မဲ့ဆိုရင်လည်း ဘာပစ္စည်းရယ်လို့ သဲသဲကွဲကွဲ မသိလိုက်ရဘူး။ အဲဒီအချိန်မှာပဲ ပါးလှပ်လှပ် လေအေးအေးလေးက ကိုယ့်အနားမှာ စိမ့်ကနဲ ဝေ့ဝဲတိုက်ခတ်သွားတယ်။ လေထဲမှာ ပန်းအနံ့လို သင်းမွှေးတဲ့ အနံ့တစ်ခုခု ရောပါနေသလိုလို။ ညနေခင်း မှောင်ရီပျိုးစအချိန်ဆိုတော့ ကျောထဲ နည်းနည်းတော့ စိမ့်သွားတယ်။ တခဏအတွင်းမှာ သတိ ပြန်ဝင်လာတယ်။ စက္ကန့် မိနစ် ဘယ်လောက်များများ အသက်အောင့်ထားမိသလဲ မသိဘူး။ လေတွေကို ဝှူးကနဲ မှုတ်ထုတ်လိုက်မိတယ်။ ပြီးတော့ တစ်ယောက်တည်း ဘေးဘီကိုလည်း မကြည့်နိုင်၊ ဘာကိုမှလည်း သတိမရနိုင်တော့ပဲ မြောင်းကလေးနံဘေးမှာ စိတ်လွတ်ကိုယ်လွတ် ထိုင်ချလိုက်တော့တယ်။

လူက ကတုန်ကယင်နဲ့၊ မောသလို မူးသလို ဖြစ်ကျန်နေခဲ့တယ်။ နားကြပ်သွားယူပြီး ကြောင်နှစ်ကောင်ရဲ့ စကားကို နားထောင်ဖို့ဆိုတဲ့ စိတ်ကူးလည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ အဲဒီအချိန်မှာ ကြောင်နှစ်ကောင်ဟာ ရေမြောင်းလေးထဲက ထွက်ပြီး သူတို့အတွက် ချကျွေးထားတဲ့ အစာလုံးတွေ၊ ရေ နဲ့ နို့တွေကို မြိန်ရည်ရှက်ရည် စားသောက်နေကြတယ်။ စားလို့သောက်လို့ ပြီးသွားတော့ နှုတ်ခမ်းပါးနားသပ်ပြီး နှစ်ကောင်သား ခုနက ပြန်ပိတ်ဖို့မေ့နေတဲ့ သော့ချိတ်ဓါတ်မီးက အလင်းရောင်ကို လိုက်ဖမ်းပြီး ပျော်ပျော်ပါးပါး ဆော့ကစားနေကြတော့တယ်။ အခုနက ကြောက်အားလန့်အားနဲ့ တစ်ယောက် တစ်ခွန်း တိုင်တန်းသလို အော်ကြ ဟစ်ကြတာ သူတို့ မဟုတ်သလိုပဲ။ ခဏနေတော့ မြောင်းထဲ ပြန်ဆင်းဖို့ ပြင်ကြရင်း နှုတ်ဆက်သလို ညောင် လို့ တစ်ချက် ပြိုင်တူ အော်လိုက်ကြတယ်။ မေ့လွယ် ပျောက်လွယ် ဖြစ်လွယ် ပျက်လွယ်နဲ့... ဘဝဆိုတာ ဒါပါပဲ။

သက်ဝေ
(၂၀ ဧပြီ ၂၀၁၆)

 - ၂၀၁၆ သြဂက်စ်လ ထုတ် မိုးမခ မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

Monday, September 26, 2016

လွှတ်ချလိုက်ခြင်းများ

သေသေချာချာ တွေးကြည့်မိပါက ဘဝတွင် လွှတ်ချပစ်ချင်စရာ ကောင်းလှသော အကြောင်းအခြင်းအရာများ၊ တနည်းအားဖြင့်ပြောရလျှင် လွှတ်ချပစ်လိုက်ရန် သက်သေ သက္ကာရ အထောက်အထား ပြည့်စုံ ခိုင်လုံသော  အကြောင်းအရာ အဖြစ်အပျက်များ များစွာ ရှိနေခဲ့သည်။ အချို့အရာများမှာ အမှန်တကယ် အသုံးမဝင်တော့ပဲ စိတ်လွတ်လက်လွတ် လွှတ်ချချင်စရာ ကောင်းလှသည်ဖြစ်ပြီး အချို့မှာမူ အနည်းငယ် လိုအပ်ကောင်း လိုအပ်နေအုံးမည်ဟု ယူဆကာ လွှတ်မချဖြစ်သေးသော အရာများဖြစ်သည်။ ထို့အပြင် လုံးဝ မလိုအပ်တော့ဟု စိတ်ထဲမှာ သေချာနေသော်လည်း ငဲ့ညှာထောက်ထားစရာ အခြေအနေအရပ်ရပ်ကြောင့် မရှိ မကောင်း၊ ရှိမကောင်း၊ သိမ်းထားရကောင်းနိုး လွှင့်ပစ်လိုက်ရကောင်းနိုး ချီတုံချတုံ ဖြစ်နေရသော အရာများလည်း များစွာ ရှိနေသေးသည်။ သို့သော် ဆုံးဖြတ်လိုက်သည်။ ဘဝတိုတိုလေးတွင် မည်သည်က အရေးပါပြီး မည်သည်က အရေးမပါသည်ကို အသေအချာ ပြန်လည်စဉ်းစား ဆင်ခြင်မည်။ အရေးမပါသောအရာများကို အသေအချာ စီစစ်မည်။ ပြီးလျှင် အဆင်ပြေသလို တစပြီး တစ လွှတ်ချလိုက်တော့မည်။
* * * * *
ပထမဆုံး ပိုးပုဝါလေးတစကို လွှတ်ချခဲ့သည်။ ပုဝါများစွာ ပိုင်ဆိုင်သော်လည်း ထိုပုဝါကလေးမှာ အမှတ်တရပေါင်းများစွာ ပါဝင်သော၊ အထိမ်းအမှတ်နေ့စွဲတခုမှာ သူကိုယ်တိုင် တယုတယ စည်းနှောင်ပေးခဲ့ဖူးသော ခရမ်းဖျော့ရောင် ပိုးပုဝါကလေးတခု ဖြစ်သည်။ ဘဝမှာ အတန်အသင့် မြတ်နိုးခဲ့ဖူးသော အရာတခုဟု ဆိုရလျှင်လည်း မှားမည်မထင်ပါ။ သူနှင့်ပတ်သက်သမျှ အရာရာကို လွှတ်ချလိုက်တော့မည်ဟု စဉ်းစားလိုက်သော အချိန်တွင် ထိုပုဝါကလေးကို သတိတရ ရွေးချယ်ခဲ့မိသည်။ လွှတ်ချအံ့ဆဲဆဲ ထိုပုဝါစလေးထဲတွင် ခါးသက်ရှတပြီး တဖက်သတ်ဆန်သော ချစ်ခြင်းမေတ္တာများ ပါဝင်မည်၊ တကိုယ်ရေ လွမ်းဆွတ်တမ်းတမှု အနည်းငယ် ပါဝင်မည်၊ ပြင်းထန်သော ဒါဏ်ရာဒါဏ်ချက်များနှင့်အတူ နာကျင်မှုအပိုင်းအစများကတော့ သေချာပေါက်ကို ပါဝင်နေလိမ့်မည်။ ချစ်သူဟု သုံးနှုန်းခေါ်ဆိုနိုင်ခဲ့ဖူးသော သူစိမ်းအမျိုးသားတယောက်ထံမှ ပိုင်ဆိုင်ရရှိခဲ့သော ချစ်ခြင်းမေတ္တာသည် သူ ချန်ထားခဲ့ပြီး နောက်ပိုင်းမှာ တန်ဖိုးထား စုံမက်စွာ ဆက်လက် သိမ်းဆည်းထားရန် လိုအပ်သည်လား၊ တဆက်တည်းမှာ ရက်ရက်စက်စက် ချန်ရစ်ထားခဲ့ရက်သော ထိုချစ်သူကို တရှိုက်မက်မက် လွမ်းဆွတ် တမ်းတနေရမှုကရော အမှန်တကယ် ရှိသင့်ရှိထိုက်ပါသလား၊ ထိုသူကို လွမ်းဆွတ် တမ်းတနေရဖို့ရော ထိုက်တန်ပါရဲ့လား။ ထိုသူနှင့်ပတ်သက်သော ထိခိုက်နာကျင်မှုများကတော့ ဘယ်လိုမှ သိမ်းဆည်းထားရန် မသင့်သော အရာများသာ။ ထိုအခါ အရာရာကို အပြီးတိုင် လွှတ်ချပစ်ရန်သာ စဉ်းစားရတော့သည်။

မြင်လွှာအောက်မှ အပြီးတိုင် ကွယ်ပျောက်သွားစေရန်ဟူသော အတွေးဖြင့် ထိုပုဝါစကလေးကို ဟိုး ခပ်မြင့်မြင့်နေရာတခုမှ လွှတ်ချနိုင်ရန် နေရာရွေးရသည်။ တွေ့ပြီ…  အတန်ငယ်မြင့်မား မတ်စောက်သော တောင်ကုန်းငယ်လေး။ သူနဲ့အတူ တကြိမ်မက ရောက်ခဲ့ဖူးသော တောင်ကုန်းငယ်ကလေး။ တောင်ကုန်းတနေရာတွင် ခြေစုံရပ်ရင်း လက်ထဲမှ ထိုပုဝါကလေးကို လွှတ်ချခဲ့သည်။ မလွှတ်ချခင် ဘေးဘီဝဲယာကို အသာ စောင်းငဲ့ကြည့်ရင်း တချက်ကလေး နမ်းရှိုက်လိုက်ရန် ဟန်ပြင်ပြီးမှ ရှက်ရွံ့စိတ်တို့ဖြင့် မလုံမလဲဖြစ်ကာ ခေါင်းကို ခါယမ်းလိုက်မိသည်။ ထို့နောက် စိတ်ကို ဖြတ်ကာ ပုဝါစလေးကို လွှတ်ချလိုက်တော့သည်။

ဖြစ်ချင်တော့ ထိုနေ့ ထိုအချိန်မှာ ဆောင်းလေက အရှိန်ပြင်းပြင်းဖြင့် တိုက်ခတ်နေခဲ့သည်။ ခရမ်းဖျော့ရောင် ပိုးပုဝါကလေးသည် လေထဲတွင် တလူးလူး တလွန့်လွန့်ဖြင့် နိမ့်ဆင်းဝဲပျံရင်း စက္ကန့်အနည်းငယ် အကြာတွင် သစ်ကိုင်းတခု၏ ထိပ်ဖျားတွင် သွားရောက် တွယ်ငြိနေခဲ့သည်။ ထိုအခါ ပုဝါစကလေးသည် ရုတ်တရက် ဖမ်းဆီး ချုပ်နှောင်ခံလိုက်ရသူတယောက်ပမာ၊ လေအဝှေ့တွင် ရုန်းရင်းဆန်ခတ်နှင့်။ သို့သော် လေနှင့်အတူ ဆက်လက်၍လည်း မပျံသန်းနိုင်၊ သစ်ကိုင်းဖျားတွင် ငြိတွယ်မြဲ ငြိတွယ်လျက် မြင်လွှာအောက်မှလည်း ပျောက်ကွယ်မသွားနိုင်ပဲ လွှတ်ချခဲ့သူကို အပြစ်တင် စကားတင်းဆိုနေသယောင်။ နောင်တများစွာ ရစေသယောင်။ ပုဝါကလေးကို သံယောဇဉ်မပြတ်ချင်သလို၊ အားနာသလို လှည့်ကြည့် လှည့်ကြည့်ဖြင့် ပြန်လာခဲ့ရသည်။ တဆက်တည်းမှာ ထိုနေရာကို နောက်တခေါက် ထပ်မလာရန်လည်း ဆုံးဖြတ်မိသည်။ မကွယ်မဝှက်ပဲ ပြောကြစတမ်းဆိုလျှင် ကိုယ်တိုင်လွှတ်ချ ချန်ထားရစ်ခဲ့သော ထိုပုဝါလေးကို စိတ်အတွေးထဲမှ အကြိမ်ပေါင်းများစွာ ပြန်လည်ကောက်ယူနေခဲ့မိသည်။

* * * * *
ထိုညက ညသည် ညပီသလျှက် အမှောင်ထုကြီးစိုးကာ တိတ်ဆိတ်နေခဲ့၏။ အဖြူခံပေါ်တွင် အပြာရောင် Bulla တံဆိပ် ရေးထိုးထားသော ဒိန်ချဉ်ဗူးထဲသို့ သကြားညိုအနည်းငယ် ထည့်ကာ မွှေလိုက်သည်။ ထို့နောက် ဒိန်ချဉ်ဗူးကို ကိုင်ကာ ခပ်ကျယ်ကျယ် တွန်းဖွင့်ထားသော ပြတင်းပေါက်နံဘေးတွင် ထိုင်ရင်း အပြင်ဖက်ကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။ နက်ပြာရောင် ကောင်းကင်ပြင်တွင် ထိုညက ကြယ်ပွင့်ကလေး တလုံးတလေမှ ရှိမနေပါ။ သို့သော် ကိုယ့်ရဲ့ ကြယ်ပွင့်ကလေး ဟု ခေါ်ခဲ့ဖူးသူတယောက်၏ အသံကို ဖျတ်ကနဲ သတိရသွားချိန်တွင် နှလုံးသားတနေရာမှ နာကျင်စူးနစ်ကာ အသက်ရှူရ ခက်နေခဲ့သည်။ သတိရခြင်းများသည် အခါများစွာမှာ အတိုင်းအဆမဲ့ ချိုမြိန်သည်ဟု ကျေနပ်ချင်စရာကောင်းသော်လည်း တချို့အချိန်များတွင်တော့ ထင်ထားသည်ထက် အဆပေါင်းများစွာ ခါးသက်စေသည်ချည်းသာ။ တခါတရံတွင်မူ ကြည်လင်သော ဂျင်န် တခွက်ကဲ့သို့ ရစ်မူးစွာ ပြင်းရှတတ်သေး၏။ ထိုသတိရခြင်းများကို ကိုယ်တိုင် နှစ်လိုခြင်းမရှိသော အချိန်တခုကို မလွဲမသွေ ရောက်ရှိနေပြီဟု ကိုယ်တိုင် သေချာနေခဲ့သည်။

ထိုစဉ် ရုတ်တရက် ပေါ်လာသော စိတ်အစဉ်အတိုင်း သောက်လက်စ ဒိန်ချဉ်ဗူးကို အရှိန်ဖြင့်လွှဲကာ ပြတင်းပေါက်မှ ပစ်ချလိုက်မိသည်။ ပစ်ချအပြီးမှာ တစုံတခုကို မျှော်လင့်စောင့်ဆိုင်းနေသကဲ့သို့ စက္ကန့်အနည်းငယ် ကြာသည်အထိ မျက်စိ စုံမှိတ်ကာ အသက်မရှူမိပဲ ငြိမ်သက်နေမိသည်။ တခဏအတွင်းမှာပင် ပစ်ချလိုက်သော ဒိန်ချဉ်ဗူးနှင့် ကတ္တရာလမ်းမတို့ ပြင်းထန်စွာ ထိရိုက်သွားသော အသံကို ကြားရသည်။ သေးငယ်သော ဒိန်ချဉ်ဗူးကလေးက ထိုမျှလောက် အသံပြင်းပြင်း ထွက်သည်ကို အံ့သြ မှင်သက်နေမိသေးသည်။ ထိုအသံသည်  ညတည၏ တိတ်ဆိတ်မှုကို လှလှပပ ဖြိုခွင်း လိုက်သလိုပင်။ တချိန်ထဲမှာ တင်းကြပ်နေသော ခံစားမှုတို့ကို အဆုံးစွန် ဖြေလျော့ချလိုက်သကဲ့သို့ နှာသီးဖျားတွင် ရစ်ဝဲနေသော လေကို လွတ်လပ် ပေါ့ပါးစွာ ရှူထုတ်လိုက်မိ၏။ နှုတ်ခမ်းနှစ်လွှာကို မဖွင့်ဟပဲ ပိပိရိရိ ပြုံးတတ်ရန် အခါများစွာက ကြိုးစား လေ့ကျင့်ခဲ့ဖူးသည့်အတိုင်း ဟန်ပါပါ ပြုံးလိုက်၏။ တစုံတယောက်ကို သတိရခြင်း၊ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျစွာ ခံပြင်းခြင်း၊ ဒေါသ အနည်းငယ်နှင့် ပူလောင်ခြင်းတချို့ အပြင် သစ်ကိုင်းဖျားတွင် လူးလွန့် ငြိတွယ်ကျန်နေခဲ့သော ပိုးပုဝါစကလေးပါ ထိုဒိန်ချဉ်ဗူးထဲတွင် ရီးလေးခို၍ ပါသွားကြသည်ကို မည်သူမျှ မသိနိုင်သော်လည်း ကိုယ်တိုင်ကတော့ သေသေချာချာ သိနေခဲ့သည်။

ဒိန်ချဉ်ဗူးသည် အနက်ရောင်လမ်းမနှင့် အရှိန်ပြင်းပြင်း ထိရိုက်ကာ တစစီ ပေါက်ကွဲ ပွင့်ထွက် လွင့်စင်သွားပုံကို စိတ်မှန်းဖြင့် တွေးမြင်ကြည့်မိ၏။ ဒိန်ချဉ်ဗူးနှင့်အတူပါသွားသော ဒေါသလှိုင်းများ၊ အလွမ်းများနှင့် သောက အပူငွေ့များသည်လည်း အပိုင်းအစများအဖြစ် ပဲ့ကြွေကာ အနက်ရောင်ကတ္တရာလမ်းမပေါ်တွင် အဆောတလျင် ပြေးလွှားသူက ပြေးလွှား၊ ဘီးလှိမ့်ရုံ မောင်းနှင်သွားသော ကားတစင်းမှ လွင့်ကျကျန်ရှိနေခဲ့သော တေးသံတချို့နှင့်အတူ နရီစည်းချက်လိုက်ကာ ကခုန်သူက ကခုန်၊ လမ်းဘေး သစ်ပင်ခြေရင်းတွင် ငြိမ်သက်စွာ လှဲလျောင်းသူက လှဲလျောင်း… ထိုမြင်ကွင်းကို စိတ်ထဲမှာ တွေးထင် မြင်ယောင်ရင်း များစွာ ကျေနပ်မိ၏။ တင်းကြပ်မှုများ ပူလောင်မှုများလည်း အချိန်တိုတိုအတွင်း သက်သာရာ ရသွားသယောင်၊ နေလို့ ပိုကောင်းသွားသယောင်။  ထို့အတူ သတိရနေစရာ မလိုအပ်ဟု ဆင်ခြင်မိသော လူတယောက်ကို ရံဖန်ရံခါ လွမ်းဆွတ် သတိရနေချိန်များဟူသည့် ခေါင်းစဉ်ကိုပါ တခါတည်း လွှတ်ချလိုက်နိုင်ပြီ ဖြစ်သည်။ ထိုအခိုက်အတံ့လေးမှာတော့ လွှတ်ချပစ်လိုက်ရခြင်း၏ အရသာကိုလည်း မက်မောစွာ နားလည်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ပုဝါကလေးကို လွှတ်ချခဲ့စဉ်ကလို နှမြောတသစွာ ပြန်လည်ကောက်ယူလိုစိတ်များ စိုးစဉ်းမှ ပေါ်မလာသည်ကိုလည်း အံ့သြစွာ တွေ့ရှိခဲ့ရသည်။

* * * * *
မလိုအပ်သည်များကို လွှတ်ချခြင်း ဟူသောအဖြစ်တွင် နေသားတကျ ပျော်ဝင်လာသောအခါ လူက တစ တစ ပေါ့ပါးလာခဲ့သည်။ နေ့စဉ်နှင့် အမျှ ဘာကို လွှတ်ချရရင် ကောင်းမည်လဲ ဟူသော အတွေးများသာ ကြီးစိုးသည်။ မှတ်မိသမျှပြောပြရလျှင် စာတိုက်ပုံးထဲမှ စာအဟောင်းများကို ရှင်းလင်းပစ်ချခဲ့သည်။ လက်တဝါးစာခန့်ရှိသော လက်ကိုင်ဖုန်းကလေး၏ သိုလှောင်နိုင်စွမ်းကို အံ့အားတသင့်ဖြစ်နေရင်းမှပင် စာတိုများကို ကြက်ခြေခတ်ရင်း ပစ်ချခဲ့သည်။ အနှစ်နှစ်အလလက ရေးသားခဲ့သော ဒိုင်ယာရီများ၊ သံယောဇဉ် လက်ကျန်တစွန်းတစကြောင့် သိမ်းဆည်းထားမိသော မင်လက်ကျန်နည်းနေသော ဘောပင်ရောင်စုံများ၊ အသံထွက်မည် မထွက်မည် မသေချာတော့သော သီချင်းစီဒီချပ်များ၊ ဟိုတကွက် ဒီတကွက် ဆေးသား ပြယ်လွင့်စပြုနေပြီဖြစ်သော ဓါတ်ပုံဟောင်းများ။ သာမန်မျက်စိဖြင့် မြင်နိုင်သော ထိုအရာများအပြင် အလွယ်တကူ မမြင်တွေ့နိုင်သော၊ ဟိုမှ သည်မှ တစစီထွက်နေသော အထူအပါး အတိုအရှည် မတူညီကြသော အရောင်အသွေးစုံလင်လှသော ကြိုးမျှင်များကိုလည်း တမျှင်ခြင်းစီ စိတ်ရှည်လက်ရှည် ရှင်းလင်း ဆွဲထုတ်သည်။ ထိုကြိုးမျှင်များထဲမှ အနည်းငယ်ကိုသာ ပြန်လည်သိမ်းဆည်းကာ အချို့ကို အပိုင်းအစငယ်ကလေးများဖြစ်အောင် ဖြတ်တောက်ကာ လွှတ်ချသည်။ အချို့ကို စုပေါင်း ထွေးလုံးကာ ပစ်ချသည်။ ရှင်သန်နေထိုင်ရသော နေ့ရက်များ တနေ့ထက်တနေ့ ပို၍ ပေါ့ပါးလာခဲ့သည်မှာ သေချာလှသည်။ ရှူသွင်းလိုက်သော လေထုသည်ပင် အခါများစွာထက် ပိုမိုလတ်ဆတ် သန့်ရှင်းနေသယောင်...

မလိုအပ်သမျှ အရာအားလုံးကို လွှတ်ချနိုင်ခဲ့သောတနေ့…
ထိုနေ့တွင် အပြာရောင်ကောင်းပင်ကြီးပေါ်တွင် လှပစွာ ချိတ်တွယ်လျှက်ရှိသော ဝါဂွမ်းကလေးတမျှ ပေါ့ပါးသော တိမ်ဖြူကလေးတစ သို့တည်းမဟုတ် ရောင်စဉ်ခုနှစ်သွယ် စီခြယ်အပ်သော သက်တန့်ကွေးပေါ်တွင် မှီတွယ် ခိုနားလျှက်ရှိသော အဖြူရောင် ငှက်ငယ်ကလေးတကောင် ကိုယ်တိုင် ဖြစ်မလာနိုင်ဟု ဘယ်သူ အတတ်ပြောနိုင်မည်လဲ။ ဒါတွေမှ မဖြစ်ရလျှင်၊ မဖြစ်နိုင်ခဲ့လျှင် အနည်းဆုံးတော့ ကောင်းကင်ပေါ်တွင် လွတ်လပ် ပေါ့ပါးစွာ ဝဲပျံသန်းသွားသော ငှက်ငယ်ကလေးတကောင်၏ ကိုယ်ပေါ်မှ မတော်တဆ ကျကျန်နေရစ်ခဲ့သော ငှက်မွှေးလေးတမျှင်၊ မိုးကုတ်စက်ဝိုင်း တလျှောက် မျက်စိတဆုံး တွေ့မြင်နေရသော မြက်ခင်းစိမ်းထဲမှ လေယူရာ ယိမ်းနေသော မြက်သီးပေါ့ပေါ့ကလေး တစ်လုံး၊ စမ်းချောင်းငယ်ကလေးထဲတွင် ပေါ့ပါးစွာ အလိုက်သင့် စီးမျောပါလာသော စက္ကူလှေငယ်ကလေး တစီး၊ မိုးရွာပြီးစ ညနေခင်းတခုတွင် စိမ်းမြသစ်ရွက်ဖျား၌ တွဲခိုကျန်ရစ်သော မိုးရေစက်ကလေး တစက်၊ အဖြူရောင်နှင့် အနက်ရောင် ရောနှောနေသော လိပ်ပြာတကောင် သယ်ယူလာသော ဝါဖျော့ဖျော့ ဝတ်မှုန်ကလေး တမှုန်၊ ပွင့်အာစပြုနေပြီဖြစ်သော အနီရောင် နှင်းဆီပွင့်ငယ်လေး၏ ကိုယ်ပေါ်မှ နုညံ့သော ပွင့်ချပ်ကလေးတခု… တခုခုတော့ ဖြစ်နိုင်လိမ့်မည်ဟု သေချာယုံကြည်နေမိသည်လေ။

သက်ဝေ
(၁၂ ဇွန် ၂၀၁၅ - ၉ သြဂုတ် ၂၀၁၆)

- ၂၀၁၆ စက်တင်ဘာလ ထုတ် မိုးမခ မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။


Friday, August 19, 2016

ဓါတ်လှေခါးထဲက ခြင်

မနက်က ဓါတ်လှေခါးထဲမှာ ခြင်တစ်ကောင်နဲ့ တွေ့တယ်။ 
ဓါတ်လှေခါးထဲမှာ ခြင်တွေ့တာ ဘာများ ထူးဆန်းသလဲ။ အဲဒီ “ခြင်” ဆိုတဲ့ သေးသေးကွေးကွေး ငတိအကြောင်းကို လူတိုင်းသိကြတယ်။ ခြင်ဆိုတာ နေရာအတော်များများမှာ လွယ်လွယ်ကူကူ တွေ့နိုင်တဲ့ သတ္တဝါတစ်ကောင်ပဲ၊ သူ့မှာ အတောင်ပံတွေ ပါတယ်၊ လိုရာခရီးကို အချိန်မဆိုင်း ပျံသန်းနိုင်တယ်။ ခြင်တစ်ကောင်ဟာ တဝီဝီ အသံပေး အော်မြည်ပျံသန်းရင်း တွေ့တဲ့သူကို ကိုက်တတ်တယ်။ သူက သွားချင်ရာ ရောက်ရာပေါက်ရာ လျှောက်သွားနိုင်တဲ့ အကောင်ဆိုတော့ နေရာအနှံ့မှာ တွေ့နိုင်တာပေါ့။ လူသူတိတ်ဆိတ်နေတဲ့ အိမ်ဟောင်းဟောင်းထဲမှာ၊ အိပ်ခန်းထဲက ဇာခြင်ထောင်အစပ်မှာ၊ အလှစိုက် ပန်းအိုးတွေနားမှာ၊ ပန်းနုရောင် သစ်ခွပွင့်ပေါ်မှာ၊ ငါးကန်တစ်ခုရဲ့ မှန်ဘောင်ပေါ်မှာ၊ ကလေးငယ်လေးတစ်ယောက်ရဲ့ ပြောင်တင်းတင်း ခြေသလုံးလေးပေါ်မှာ၊ ဂါဝန်လက်ပြတ်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်မောင်းရင်းမှာ၊ မီးဖိုခန်းက စိုထိုင်းထိုင်း လက်သုတ်ပုဝါစပေါ်မှာ၊ ရေချိုးခန်းထဲက သွားပွတ်တံနဲ့ သွားတိုက်ဆေးဗူးနားမှာ၊ ရေကူးကန်ဘေးမှချထားတဲ့ ဆေးဖြူသုတ်ပက်လက်ကုလားထိုင်တွေနားမှာ၊ သစ်ပင်ပန်းပင်တွေ ခြုံနွယ်ပိတ်ပေါင်းတွေ အုပ်နေတဲ့ ခြံစည်းရိုးတဝိုက်မှာ၊ ဒါမှမဟုတ် အိမ်ထောင့်က ဇွန်ပန်းရုံအနားမှာ... ခြင်တစ်ကောင် ရောက်နေနိုင်တဲ့နေရာတွေက ရေတွက်လို့မရအောင် အများကြီး။ ဒီလိုဆိုတော့ ဓါတ်လှေခါးထဲမှာ ခြင်တစ်ကောင်ကို တွေ့ရတာဟာလည်း ဘာမှ မဆန်းဘူး။ ဒါပေမဲ့ ဆန်းနေတာတွေက ရှိသေးတယ်။  

ခြင်အကြောင်း အသေးစိတ် မပြောခင် ဓါတ်လှေခါးအကြောင်း (နည်းနည်း) အရင်ပြောတာ ကောင်းမယ်လို့ ယူဆတယ်။ ဓါတ်လှေခါးဟာ အတော်လေး ကျယ်ဝန်းတယ်။ အခင်းက အစိမ်းရောင် ရင့်ရင့်နဲ့။ ဓါတ်လှေခါးရဲ့ တံခါးမှာ ဆနွင်းမကင်းပုံ အကွက်ဖေါ်ထားတဲ့ သံတိုင်တွေနဲ့ ရှည်မျောမျော မှန်ချပ်တွေ ပါတယ်။ အတွင်းနံရံ သုံးဖက်မှာကတော့ ကြည်လင် လင်းလက်နေတဲ့ ကြည့်မှန်ချပ်တွေ ပါတယ်။ နံရံတစ်ဖက်မှာတော့ အင်္ဂလိပ်စာလုံး တစ်ကနေ လေးဆယ် အထိ ရေးထားတဲ့ လေးထောင့်အကွက်လေးတွေ ပါတယ်။ အရေးပေါ်ခေါ်ချင်ရင် နှိပ်စရာ ခလုပ်၊ တံခါး အဖွင့်အပိတ် ခလုပ်တွေလည်း ပါနေတဲ့ သာမာန်ဓါတ်လှေခါးတစ်စင်းပါပဲ။ ဒါပေမဲ့ အဲဒီဓါတ်လှေခါးထဲမှာရှိနေတဲ့ မှန်ချပ်တွေကတော့ အင်မတန်ဆွဲဆောင်မှုရှိတဲ့ မှန်ချပ်တွေလို့ ဆိုရမယ်။ ဓါတ်လှေခါးထဲရောက်ရင် အဲဒီမှန်တွေကို မကြည့်မိတဲ့သူ မရှိသလောက် (မရှိသလောက်) ရှားတယ်။ ကြီးကြီး ငယ်ငယ် ရွယ်ရွယ်၊ မိန်းမ ယောက်ျား ကလေး... အားလုံး တစ်ချက်ကလေးဖြစ်ဖြစ်တော့ မှန်ကို ကြည့်လိုက်ကြတာပဲ။ သိသိသာသာ ကြည့်တာနဲ့ မသိမသာ ကြည့်တာနဲ့ပဲ ကွာတယ်။ 

အများအားဖြင့် လူလတ်ပိုင်း အမျိုးသမီးတွေဟာ ဓါတ်လှေခါးထဲမှာ တခြားလူတွေ ရှိနေရင်တောင် နည်းနည်းလေးမှ ဂရုမစိုက်ပဲ မှန်ကို သိသိသာသာ ကြည့်တတ်ကြတယ်။ မှန်ကြည့်ပြီး ဆံပင်သပ်တင်လိုက်ကြတာမျိုး၊ ကိုယ်ပေါ်က အဝတ်အစားကို ဆွဲဆန့်လိုက်ကြတာမျိုး၊ လည်ပင်းက ဆွဲကြိုး အနေအထားလေး နည်းနည်း ပြင်လိုက်တာမျိုး၊ ပုခုံးမှာချိတ်ထားတဲ့ ပိုက်ဆံအိတ်ကို အရှေ့ဖက်ကို ဆွဲလှည့်လိုက်တာမျိုးတွေ ရှိတယ်။ တချို့ဆို ခါးကို မသိမသာလှည့်လို့ ကိုယ်လုံးပေါ်မှန်ကြည့်နည်းနဲ့ သူတို့ရဲ့ ခန္ဒာကိုယ်ကို ရှေ့ နောက် စောင်းငဲ့ပြီး ကြည့်တတ်သေးတာ။ အထက်တန်း ကျောင်းသူလေးတွေနဲ့ အမျိုးသမီးငယ်လေးတွေကတော့ ရှက်ကိုးရှက်ကန်း အမူအယာမျိုးနဲ့ မှန်ကို ဖြတ်ကနဲ မရဲတရဲ (မသိမသာ) ခိုးကြည့်တတ်ကြတယ်။ အမျိုးသားတွေလည်း အဲဒီလိုပဲ၊ မှန်ချပ်တွေပေါ်မှာ မြင်နေရတဲ့ သူတို့ပုံရိပ်ကို မသိမသာပဲ ကြည့်လေ့ရှိကြတယ်။ ကလေးငယ်တွေကတော့ မှန်နားကို မျက်နှာကပ်ပြီး ဝှူးကနဲ လေနဲ့ မှုတ်သူက မှုတ်၊ မှန်ထဲမှာ မြင်နေရတဲ့ သူတို့မျက်နှာကို သဘောကျပြီး မျက်လုံးပြူးလိုက်၊ လျှာထုတ်လိုက်၊ ပါးစပ်ကို လေဖေါင်းလိုက်နဲ့ နောက်ပြောင်သူက နောက်ပြောင်၊ မှန်ချပ်တွေကို လက်နဲ့ တဖြတ်ဖြတ်ရိုက်သူက ရိုက်နဲ့ပေါ့။ ဓါတ်လှေခါးထဲက မှန်ချပ်ကြည်ကြည်တွေဟာ လူတိုင်းကို အဲဒီလို ဆွဲဆောင်တယ်။ 

ဟုတ်ပြီ အခုလောက်ဆို ဓါတ်လှေခါးကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ရောပေါ့။ အဲဒီဓါတ်လှေခါးထဲမှာ ဒီမနက် ကျွန်မတစ်ယောက်တည်း။ ရုံးချိန်မရောက်သေးပဲ အချိန်အတော် စောနေသေးတာက တစ်ကြောင်း၊ ကလေးတွေ ကျောင်းပိတ်ရက်ဖြစ်တာက တစ်ကြောင်း ဓါတ်လှေခါးထဲမှာ တခြား ဘယ်သူမှ မပါဘူး။ ဓါတ်လှေခါးထဲရောက်တော့ ခုနကပြောတဲ့ အင်မတန်ဆွဲဆောင်နိုင်အားကောင်းတဲ့ မှန်ချပ်ကြီးတွေပေါ်မှာ တွဲခိုနေတဲ့ ခြင်ကို အထင်အရှား တွေ့လိုက်ရတာပဲ။ ပြောခဲ့သလိုပါပဲ... ဓါတ်လှေခါးထဲမှာ ခြင်တစ်ကောင်ကို တွေ့ရတာ ဘာမှ မဆန်းဘူး။ ဆန်းနေတာက ခြင်ရဲ့ မျက်နှာပဲ။ ခြင်ဟာ သူ့မျက်နှာသေးသေးလေးပေါ်မှာ မထီတရီအပြုံးကို ဆင်မြန်းထားခဲ့တယ်။ ပြီးတော့ မှန်ချပ်ကို မျက်နှာမလွှဲတမ်း စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်။ ခြင်ဟာ အနောက်ဖက်ကို လှည့်ကြည့်စရာမလိုပဲ မျက်တောင်တစ်ခတ်အတွင်းမှာ ကျွန်မကို တွေ့မြင်သွားခဲ့တယ်။ ကျွန်မ သူ့ကို စူးစူးစိုက်စိုက် လှမ်းကြည့်နေတယ် ဆိုတာကိုလည်း မှန်ချပ်တွေကနေတဆင့်  ခြင် သိသွားခဲ့တယ်။ ခြင်ဟာ နေရာမှာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေရင်း ကျွန်မကို သူ့ရဲ့ ရန်သူလား မိတ်ဆွေလား ဆိုတာ အကဲခတ်နေပုံပဲ။ 

ကျွန်မကလည်း အခုလို အထပ်လေးဆယ်အမြင့်အထိ ရောက်လာတဲ့ ခြင်ကိုကြည့်ရင်း  ဖြစ်နိုင်ခြေတွေကို ခန့်မှန်း စဉ်းစားနေခဲ့တယ်။ ခြင်ဟာ ဒီလောက် အမြင့်ကို ရောက်လာဖို့ သူ့ရဲ့ အတောင်ပံတွေကို ညောင်းညာကိုက်ခဲသွားတဲ့အထိ အသုံးပြုပြီး ခဲရာခဲဆစ် တက်လာခဲ့ရတာလား။ ဒါမှမဟုတ် ဓါတ်လှေခါးရဲ့ အကူအညီနဲ့ အတောင်တွေကို အနားပေးလို့ သက်တောင့်သက်သာ - မပင်မပန်း - ရောက်လာခဲ့တာလား။ ကျွန်မ အတွေးမဆုံးခင်မှာ ခြင်ဟာ တဖက်နဲ့တဖက် ထိုးထွင်းမြင်နိုင်အောင် ပါးလွှာပြီး ကြည်လင်တဲ့ အတောင်တွေကို တစ်ချက်ခတ်ပြီး သူ့ခန္ဓာကိုယ် အနေအထားကို နည်းနည်းပြင်လိုက်တယ်။ အတောင်ညောင်းလို့ အတောင်တွေကို ဆန့်လိုက်တာမျိုးလား၊ ဒါမှမဟုတ် - ဖြစ်ချင်ရာဖြစ် - အင်အားချင်းမမျှတဲ့ ရန်သူကို ရင်ဆိုင်တော့မယ်လို့ အားတင်းရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်တာမျိုးလားဆိုတာ ကျွန်မ မသေချာဘူး။ စိတ်ထဲက အလိုလို သိနေတာတစ်ခုကတော့ ခြင်ဟာ ကျွန်မကို သူ့ရဲ့ ရန်သူလို့ပဲ သဘောထားတယ်ဆိုတာပဲ။ ဒါနဲ့နေပါဦး... ကျွန်မတို့ လူသားတွေကရော အရွယ်အစားအားဖြင့် အင်မတန်သေးငယ်တဲ့ ခြင်တွေကို ဘယ်လောက်တောင် ရန်မူခဲ့ / ရန်ပြုခဲ့ / အသက်နဲ့ ခန္ဓာ အိုးစားကွဲပြီး တစ်စစီ သေကြေပျက်စီးအောင် ဖျက်ဆီးခဲ့ကြပြီးပြီလဲ။ 

တွေးကြည့်လိုက်တော့ အဖြေက သိပ်ရှင်းနေတယ်။ ငှက်ဖျားပိုး၊ အဝါရောင် အဖျားပိုး၊ သွေးလွန်တုတ်ကွေးနဲ့ တခြားရောဂါပိုးတွေကို သယ်ဆောင်ဖြစ်ပွားစေတဲ့ ခြင်တွေ။ သူတို့ကို မြင်လိုက်ရင် လူတိုင်း (လိုလို) က အားကြိုးမာန်တက် ရိုက်နှက် နှိမ်နင်းလိုက်ဖို့ အဆင်သင့် ဖြစ်နေကြတာ မဟုတ်လား။ ကိုယ့်ကိုယ်ပေါ်မှာ လာနား / လာကိုက်ရင်တောင် အဲဒီခြင် မြန်မြန်ကိစ္စတုံးဖို့သာ အဓိကထားပြီး ကိုယ့်အသား ဘယ်လောက်နာသွားတယ်ဆိုတာ ဂရုမထားပဲ ခပ်ပြင်းပြင်းလေး (မညှာမတာ) ရိုက်ပစ်လိုက်ကြတာမျိုး မဟုတ်လား။ ခြင်တွေကို နှိမ်နင်းပုံ နှိမ်နင်းနည်းနဲ့ ကာကွယ်နည်းတွေကလည်း ပြောရရင် အမျိုးပေါင်း များစွာပါ။ ခြင်ဇကာ၊ ခြင်ထောင် က အစ... ခြင်ဆေးခွေ၊ ခြင်ဆေးရည်၊ ခြင်မကိုက်စေတဲ့ လိမ်းဆေး၊ လိမ်းဆေးပါတဲ့ ကပ်ခွာ၊ လက်ကောက်တွေ အလယ်... လျှပ်စစ်ဓါတ်အားသုံး ဘက်တံ၊ ယပ်တောင်၊ ထောင်ခြောက်တွေအဆုံး အမျိုးကို စုံလို့။ ဒီကြားထဲ ဒန်အိုးအဖုံးမှာ ဆီသုတ်ပြီး ခြင်တွေကို ကပ်စေပြီး အမိဖမ်းတဲ့နည်းတောင် ရှိသေးတယ်။ ဘုရားရေ... မှုန်တီမှုန်မွှား သေးကွေးလှတဲ့ သတ္တဝါတစ်ကောင်အတွက် အကာအကွယ်တွေနဲ့ အားထုတ်မှုတွေက များလှချည်လား။ ဒါတွေကြောင့်ပဲ ဓါတ်လှေခါးထဲက ခြင်ဟာ ကျွန်မကို ရန်သူတစ်ယောက်လို ကြည့်နေတာဖြစ်မယ်။ ကျွန်မရဲ့ စိတ်အတွေးကို ခြင် သိနေသလား မဆိုနိုင်ဘူး။ ခြင်ဟာ သူ့ခြေထောက် ခြောက်ချောင်းကို တစ်ချောင်းချင်း ဆန့်ထုတ်လိုက်တယ်။ ခေါင်းပေါ်က အင်တီနာ အတံနှစ်ခုကလည်း နည်းနည်း လှုပ်ရှားသွားတယ်။ ဒါ ကျွန်မရဲ့ အနံ့ကို သူ စူးစမ်းလိုက်တာပဲ။ ဖြစ်ချင်တော့ သစ်သီးနံ့သင်းမွှေးတဲ့ ရေမွှေးကို ကျွန်မ နည်းနည်းဆွတ်လာခဲ့မိတယ်။ 

ခြင်တွေဟာ တကယ်ပဲ အဲဒီလောက်တောင် ဆိုးရွားကြသလား။ သူတို့မှာ ကောင်းတဲ့အချက်ကလေး တစ်ချက်တလေတောင် မရှိတော့ကြဘူးလား။ ကျွန်မ ပြန်စဉ်းစားကြည့်တယ်။ ကျွန်မဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ခြင်တွေရဲ့ အကြောင်း ကောင်းတာလေးတွေ ရွေးပြောထားတာ ပြန်သတိရတယ်။ လူတွေကို ကိုက်တတ်တာက ခြင် အမ တွေသာ ဖြစ်တယ်၊ ခြင်အထီးတွေဟာ မကိုက်တတ်ကြဘူးတဲ့။ ဒါဆိုရင် ဓါတ်လှေခါးထဲက မှန်ချပ်ပေါ်မှာ ခိုတွယ်နေတဲ့ ခြင်ကရော အထီးလား အမလား။ တကယ်လို့များ သူဟာ ခြင်အထီးဆို ကျွန်မကို ဒုက္ခပေးမယ့် ခြင်တစ်ကောင် မဟုတ်နိုင်ဘူးပေါ့။ ကိုယ့်ကို ရန်မူမှာမဟုတ်တဲ့ ခြင်တစ်ကောင်ကို ကျွန်မက - အသားလွတ် - ရိုက်ပုတ် နှိမ်နင်းမယ်ဆိုရင် တရားပါ့မလား။ ခက်ပုံခက်နည်းက ကျွန်မဟာ ခြင်တစ်ကောင်ရဲ့ ပြင်ပလက္ခဏာတွေကို ကြည့်ရုံနဲ့ အထီးလား အမလား မခွဲခြားတတ်တာပဲ။ လောကကြီးမှာ သင်ယူလို့ မဆုံးနိုင်တဲ့ သင်ခန်းစာတွေ အများကြီး ရှိနေသေးတယ် ဆိုတာ နားလည်လိုက်တယ်။ 

ခြင်အထီးတွေဟာ လူတွေကို ကိုက်တတ်တဲ့အထဲ မပါဘူး၊ လူတွေကို ဒုက္ခပေးတတ်ကြသူတွေမဟုတ်လို့ ခြင်တော် ခြင်ကောင်းတွေဆိုရင် ခြင်အမ တွေမှာရော တော်တာ ကောင်းတာလေးများ မရှိဘူးလား။ အဲဒီဆောင်းပါးမှာ ရေးထားတာကတော့ ခြင်အမတွေဟာ သူတို့ရဲ့ ကလေးတွေအတွက် လိုအပ်နေတဲ့ အစာအဟာရအတွက် လူတွေဆီက သွေးကို လာယူတာဖြစ်တယ်။ ဒါကို မိခင်မေတ္တာလို့ တွေးမြင်ယူဆလိုက်နိုင်ရင် အနည်းဆုံးတော့ သူတို့ကို ခွင့်လွှတ်နိုင်စိတ်ကလေး ပေါ်လာတန်ကောင်းပါရဲ့ တဲ့။ ကျွန်မ တခဏတော့ ငြိမ်တွေသွားမိတယ်။ ပြီးတော့ ကျွန်မရဲ့ သားလေးအတွက် သူကြိုက်နှစ်သက်တဲ့ စားသောက်ဖွယ်ရာတွေကို ပြင်ဆင် ချက်ပြုတ်ပြီး တယုတယ (စိတ်ရှည်လက်ရှည်) ခွံ့ကျွေးဖြစ်တဲ့ အချိန်တွေကို သတိရသွားတယ်။ ကျွန်မမျက်စိရှေ့ မှန်ချပ်ပေါ်မှာက ခြင်ကရော  ခြင်အမတစ်ကောင် (သားတွေ သမီးတွေအများကြီးနဲ့ ခြင် အမေတစ်ကောင်) များ ဖြစ်နေမလား။ သူ့ရဲ့ ရင်သွေးတွေ လိုအပ်တဲ့ အစာရေစာတွေ ဖြည့်ဆည်းပေးဖို့အတွက် ဒီလို အထပ်ပေါင်းများစွာ မြင့်မားခေါင်သီတဲ့ နေရာဒေသကို စွန့်စွန့်စားစား အစာရှာထွက်လာခဲ့သူလား။ သားသမီးတွေဆီ အပြန်လမ်းပျောက်နေလို့ နားမိနားရာ နေရာတစ်ခုမှာ နားနေခဲ့သူလား။

ခြင်ကို ကြည့်ရင်းနဲ့ ကျွန်မ ဝမ်းနည်းလာတယ်။ ခြင်ကတော့ ကျွန်မရဲ့အဖြစ်ကို သိဟန်မတူဘူး။ မှန်ထဲမှာ မြင်နေရတဲ့ ကျွန်မကများ သူ့ကို ရန်မူလာခဲ့ရင်ဆိုတဲ့ စိတ်အတွေးနဲ့၊ တစ်ခုခုဆို အချိန်ကိုက်လှုပ်ရှားနိုင်အောင် အဆင်သင့် ပြင်ထားတဲ့ အနေအထားမျိုးနဲ့ သေသေချာချာ စိုက်ငေးကြည့်နေဆဲပဲ။ အခုနက သူ့မျက်နှာ သေးသေးလေးပေါ်မှာ မြင်ခဲ့ရတဲ့ မထီတရီ - မခိုးမခန့် - အကြည့်တွေလည်း ပျောက်ဆုံးလို့။ စိုးရိမ်ထိတ်လန့်တဲ့ အရိပ်တွေသာ ကြီးစိုးနေခဲ့တယ်။

အဲဒီအချိန်မှာပဲ ဓါတ်လှေခါးတံခါးဟာ ရုတ်ချည်းပွင့်လာပြီး မှန်းခြေ အသက်ငါးနှစ်ကျော်ကျော် ခြောက်နှစ်၊ ဒါမှမဟုတ် ခုနှစ်နှစ်လောက်ရှိမယ်ထင်ရတဲ့ ကလေးနှစ်ယောက် ကျောပိုးအိတ်ကိုယ်စီနဲ့ ဝရုန်းသုန်းကား ပြေးဝင်လာခဲ့တယ်။ ဒီနေရာမှာ ကျွန်မဟာ ကလေးတွေရဲ့ အသက်ကို ခန့်မှန်းရာမှာ သိပ်ညံ့တယ်ဆိုတာ ဝန်ခံချင်သေးတယ်။ ပြောရရင် အဲဒီကလေးနှစ်ယောက်ဟာ ဓါတ်လှေခါးထဲရောက်ပြီး စက္ကန့်သုံးဆယ်လောက်အကြာမှာ ခြင်ကို တွေ့သွားတယ်။ ဟုတ်တယ် ခြင်ကလည်း တွေ့ချင်မြင်ချင် သတိထားမိချင်စရာပဲ။ မှန်ချပ်ကြည်ကြည်ပေါ်မှာ တစ်ကောင်တည်း ထင်ထင်ရှားရှား ရှိနေတာကိုး။ ခြင်ကို ကြည့်နေရင်းမှာ ကလေးနှစ်ယောက်ထဲက နည်းနည်းပိုပိန်တဲ့တစ်ယောက်က ခြင်ကို သူ့လက်ဝါး ပိန်ပိန်သေးသေးလေးနဲ့ လှမ်းရိုက်ဖို့ ကြိုးစားတာကို ရိပ်ကနဲ မြင်လိုက်ရတယ်။ အဲဒီလို မြင်လိုက်တယ်ဆိုရင်ပဲ ကျွန်မရဲ့ ညာဖက်လက်ကို သူတို့ထက် မြန်အောင် လှုပ်ရှားလိုက်တယ်။ ပြီးတော့ မျက်စိကို စုံမှိတ်ထားလိုက်မိတယ်။ တကယ်တော့ ကျွန်မ ဘာလုပ်လိုက်တယ်ဆိုတာ ကိုယ့်ကိုကိုယ် သတိမထားလိုက်မိဘူး။ သတိဝင်လာတဲ့အချိန်မှာ ကျွန်မ မျက်လုံးဖွင့် ကြည့်လိုက်တော့ ဓါတ်လှေခါး မှန်ပေါ်မှာ အခုနက ခြင် မရှိတော့ဘူး။ ကျောပိုးအိတ်ကိုယ်စီနဲ့ ကလေးငယ်နှစ်ယောက်ကတော့ ကျွန်မကို မျက်လုံးအကြောင်သားနဲ့ မော့ကြည့်နေကြတယ်။ ကျွန်မဟာ ဓါတ်လှေခါးထဲရောက်ပြီး အမှတ်မထင်မြင်တွေ့လိုက်ရတဲ့ ခြင်တစ်ကောင်ကိုကြည့်ရင်း အချိန်တော်တော်ကြာကြာ အတွေးနယ်ချဲ့နေမိတာကြောင့် ဓါတ်လှေခါးကို အောက်ဆင်းဖို့ ခလုပ်တွေ နှိပ်မထားမိဘူး။ ဒါပေမဲ့ ကလေးငယ်တွေရဲ့ ကောင်းမှုကြောင့် ဓါတ်လှေခါးဟာ အထပ်လေးဆယ်ကနေ အောက်ဆုံးမြေညီထပ်ကို ဒုတ်ဒုတ်ထိ ရောက်သွားခဲ့ပြီ။ တံခါးပွင့်လာတော့ ကလေးနှစ်ယောက်က ကျွန်မကို လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်သွားကြတယ်။ ကျွန်မကတော့ ရုတ်တရက် အပြင်ကို မထွက်နိုင်သေးဘူး။ ကြိုးစားပြီး ခပ်ဖွဖွဖြစ်အောင် ဆုတ်ထားတဲ့ ကျွန်မရဲ့ လက်သီးဆုတ်ကို အဓိပ္ပါယ်မဲ့ ပြန်ငုံ့ကြည့်နေခဲ့မိတယ်။ ပြီးတော့ နည်းနည်းလည်း တုန်လှုပ်နေခဲ့တယ်။ အဲဒီအချိန်မှာ ဓါတ်လှေခါးထဲကို လူတွေဝင်လာဖို့ ပြင်နေပြီ။ ကျွန်မ ဓါတ်လှေခါးထဲက ထွက်ခဲ့လိုက်တယ်။

ဓါတ်လှေခါးအပြင်ကိုရောက်တော့ လူသွားစင်္ကြန်အမိုးလေးအောက်ကို ခြေလှမ်းနည်းနည်း လျှောက်သွားလိုက်တယ်။ ပြီးတော့ ဘေးဘီဝဲယာကို ကြည့်လိုက်တယ်။ အနီးအနားမှာ ဘယ်သူမှ မရှိဘူးဆိုတာ သေချာပြီဆိုမှ အသက်ကို တဝရှူသွင်းရင်း ဆုပ်ထားတဲ့လက်ကို ဖြည်းဖြည်းခြင်း ဖြေလိုက်မလို့။ အဲဒီလို ဖြေနေတဲ့အချိန်မှာ မျက်စိကို မှိတ်ထားရမလား၊ ဖွင့်ကြည့်နေရမလားဆိုတာ ချီတုံချတုံဖြစ်နေသေးတယ်။ မျက်စိကို မှိတ်ထားရင်ကောင်းမယ်လို့ တွေးပြီး ဖျတ်ကနဲ မှိတ်လိုက်တဲ့အချိန်မှာ နီနီရဲရဲ သွေးအိုင်ထဲမှာ ခွေခွေလေး လဲနေတဲ့ ခြင်တစ်ကောင်ပေါ်လာတော့ ကြောက်လန့်တကြားနဲ့ မျက်စိကို ပြန်ဖွင့်လိုက်တယ်။ ခုနက ဆုတ်ထားတဲ့ လက်သီးကိုလည်း လန့်ပြီး ဖြည်လိုက်မိတယ်။ လက်ထဲမှာ.... 

လမ်းဆက်လျှောက်ရင်း စဉ်းစားလာတာ... ကျွန်မရဲ့လက်သီးထဲမှာ ခြင်ဟာ အစထဲက ပါမလာခဲ့တာလား။ ဒါမှမဟုတ် လက်သီးဆုတ်ကို ဖြည်လိုက်တဲ့အချိန်မှာ ပျော်ပျော်ပါးပါး ပျံထွက်သွားတာလား ဆိုတာပဲ။
သက်ဝေ
(၅ မေ ၂၀၁၆)


 - ၂၀၁၆ စက်တင်ဘာလ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။