Thursday, December 20, 2018

ဟိုတုန်းက ဒီဇင်ဘာ

ဘယ်တုန်းကမှ မရောက်စေချင်ခဲ့၊ အစဉ်အမြဲမေ့လျော့ထားချင်ခဲ့တဲ့ ဒီဇင်ဘာဟာ အချိန်တန်တော့ သူ့အလုပ် သူလုပ်ရင်း မပျက်မကွက် ရောက်လာခဲ့တာပဲ။ ဆောင်းဥတုရယ်လို့ ပီပီပြင်ပြင် မရှိ၊ နှင်းတွေလည်း တစ်ပွင့်တလေမှ ကျမနေခဲ့တဲ့ ကျွန်းကလေးရဲ့ ဒီဇင်ဘာကတော့ အရင်အတိုင်းပဲ… နေ့စဉ်နေ့တိုင်း မိုးတွေသည်းသည်းမဲမဲရွာပြီး အေးစိမ့်စိမ့်နဲ့ပါ၊ ပြီးတော့ မိုးရွာပြီးခါစ ညနေခင်းတွေဆို မြူခိုးတွေက ဟိုနားဒီနားမှာ မသဲမကွဲ အုံ့ဆိုင်းနေတတ်သေးတယ်။ လွမ်းစရာပေါ့။ အဲဒီလိုပဲ ဒီဇင်ဘာရဲ့ အိပ်မက်ဟောင်းတွေကလည်း မနေ့တစ်နေ့ကလို မပြောင်းမလဲ စိမ်းစို လတ်ဆတ်ဆဲ၊ အခါခါ ပြန်မက်နေရဆဲ။ လေးလံလှတဲ့ အဲဒီအိပ်မက်ဟောင်းတွေကို ကိုယ်နဲ့မကွာ သယ်ဆောင်ရင်း ပြာမှိုင်းနေတဲ့ ညနေခင်းတစ်ခုမှာ တစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့တယ်။ အရွက်တွေ သိပ်သည်းစိမ်းညို့နေတဲ့ ကုက္ကိုပင်ကြီးအနားကို ရောက်တော့ (ဟိုးဒီဇင်ဘာတုန်းကလိုပဲ) တစ်ယောက်ယောက်က ကိုယ့်ကို စောင့်နေသလို ခံစားရပြီး လှမ်းလက်စ ခြေလှမ်းတွေ ခဏ တုံ့ဆိုင်းသွားတယ်။ အဲဒီတုန်းကတော့ တကယ်ပဲ လာစောင့်နေခဲ့ဖူးတယ် မဟုတ်လား။ တွေ့တွေ့ချင်းမှာ ပြုံးပြရင်း အဲဒီနှုတ်ခမ်းနီအရောင်က မင်းနဲ့ သိပ်လှတယ်လို့ ခပ်တိုးတိုး ပြောခဲ့ဖူးတာ၊ စာအုပ်ဆိုင်တစ်ခုကို သွားဖို့ ရည်ရွယ် ချိန်းဆိုထားကြတာဖြစ်ပေမယ့် (မထင်မှတ်ပဲ) ကိုယ်စိတ်ပြောင်းသွားပြီ အိမ်ပြန်ကြရအောင်... လို့ ပြောလိုက်တဲ့အချိန်မှာ လမ်းဘေးက ဓါတ်မီးတိုင်တွေ ရုတ်တရက် လင်းလက်လာခဲ့တာ၊ ပြီးတော့ စာအုပ်ဆိုင်ကို မေ့ပစ်ပြီး အိမ်လေးကို ရောက်သွားကြတာ၊ အဲဒါ ဟိုတုန်းက ဒီဇင်ဘာပဲ မဟုတ်လား…

လမ်းမကြီးပေါ်မှာ ဒီဇင်ဘာညနေခင်းတွေရဲ့ သင်္ကေတ အရောင်စုံ မီးပွင့် မီးခိုင်တွေ၊ မီးဆိုင်းတွေက မျက်စိကျိန်းလောက်အောင် လင်းလက်လို့၊ ပြုပြင်မှုလွန်ကဲပြီး သဘာဝရဲ့ အနှစ်သာရ ကွယ်ပျောက်နေတဲ့ မာဆတ်ဆတ် ထင်းရှုးပင်အတုတွေကလည်း နေရာတကာမှာ ထိုးထိုးထောင်ထောင်နဲ့၊ ဖြူပွပွ ဆပ်ပြာမြှုပ်တွေကတော့ နှင်းထုတွေအဖြစ် ဟန်ဆောင်လို့။ အဲဒီ ပလက်ဖေါင်းပေါ်မှာပဲ စည်းဝါးကျကျ ကပြ အသုံးတော်ခံနေတဲ့သူ၊ လူတစ်ကိုယ်လုံး ငွေမှင်ရောင် ဆေးခြယ်ထားပြီး ကျောက်ရုပ်လို ရပ်ပြနေတဲ့သူ၊ တေးဂီတသံစဉ်တွေကို တီးခတ် သီဆို ဖြေဖျော်နေတဲ့သူ၊ ကြိမ်ပုတီးလုံးတွေကို ခါးမှာပတ်ပြီး တစ်ပတ်ပြီး တစ်ပတ် လှည့်ပြနေတဲ့သူ၊ သူတို့တွေနဲ့အတူ ရေခဲမုန့်ကို ပေါင်မုန့်နဲ့ ညှပ်ရောင်းတဲ့ လှည်းတွေကလည်း ကြိုးကြား ကြိုးကြား ရှိနေတယ်။ ဘောလုံး ငါးလုံးကို လက်ထဲမှာ အလှည့်ကျ လှည့်ပြီး Juggler ကစားပြနေတဲ့သူရှေ့မှာ ခဏ ရပ်ကြည့်လိုက်တယ်၊ ဒီလို ဘောလုံးငါးလုံးကို (လက်နှစ်ဖက်တည်းနဲ့) တစ်ခုနဲ့ တစ်ခု အလျင်မီအောင် ချုပ်ကိုင် ဖမ်းယူရင်း ထိန်းသိမ်းလိုက်နိုင်ဖို့အတွက် ဘယ်လို စွမ်းရည်မျိုးတွေ လိုအပ်တာပါလိမ့်လို့ တွေးကြည့်မိတယ်၊ တဆက်တည်းမှာပဲ အာရုံစူးစိုက်မှုနဲ့ အလေ့အကျင့် လိုအပ်တယ်လို့ (ကိုယ့်ဟာကိုယ်) ကောက်ချက်ချပြီး သူ့ရှေ့မှာချထားတဲ့ အလှူခံပုံးထဲကို ငွေစက္ကူ တစ်ရွက်ထည့်လိုက်တယ်။ ဘောလုံးတွေ အမြှောက်မပျက်ပဲ ကျေးဇူးတင်စကားဆိုနိုင်တဲ့ ကစားသမားကို အပြုံးတစ်ချက် တုံ့ပြန်ရင်း အဲဒီနေရာကို ကျောခိုင်းခဲ့တယ်။

ကြော်ငြာဆိုင်းဘုတ်တွေ အလှဆင် မီးရောင်တွေနဲ့ ကုန်တိုက်ကြီးတွေပေါ်မှာ အမျိုးအမည် စုံလင်လှတဲ့ ပစ္စည်းတွေ လျှော့ဈေးနဲ့ ရောင်းတဲ့အချိန်ဖြစ်လို့ နေရာတိုင်းမှာ တန်းစီ ယဉ်ကျေးမှု ထွန်းကားတယ်။ အများသူငါလို တမေ့တမော တန်းစီပြီး မစောင့်ဆိုင်းနိုင်တဲ့ ကိုယ်လို လူတစ်ယောက်အတွက်တော့ နေရာက အလွဲ၊ အချိန်က အလွဲ၊ အရာရာဟာ လှလှပပ လွဲချော် မှားယွင်းနေတော့တာ။ လူရေစီးကြောင်းကြီးနဲ့ ဆေးလိပ်မီးခိုးငွေ့တွေကို အတတ်နိုင်ဆုံး ရှောင်ရှားရင်း လူဦးရေ ထူထပ်မှု နည်းမယ်လို့ ထင်ရတဲ့နေရာကို လျှောက်လာခဲ့တယ်။ ဟိုးဒီဇင်ဘာတုန်းကလဲ အခုလိုပဲ လူရှင်းတဲ့နေရာကို (နှစ်ယောက်အတူ) လျှောက်လာခဲ့ကြတာပဲ မဟုတ်လား...

မီးရောင်လဲ့လဲ့နဲ့ တစ်လမ်းမောင်း မြေအောက်လမ်းထဲက ထွက်လာတဲ့ကားတွေကို (ရုတ်တရက်) တွေ့လိုက်ရတော့ ဒါဟာ အပြန်လမ်းပဲလို့ သိလိုက်တယ်။ ဟိုတုန်းက ဒီဇင်ဘာမှာလည်း ရှည်လျားလှတဲ့ မြေအောက်လမ်းထဲကနေ အတူတူ ဖြတ်ပြီး ပြန်ခဲ့ကြဖူးတယ်လေ။ မီးရောင်ခပ်ဝါဝါနဲ အဲဒီမြေအောက်လမ်းတွေကို ကြိုက်တတ်သူတစ်ယောက်အတွက်တော့ အဲဒီနေရာတွေထဲ ကားဖြတ်မောင်းရတဲ့ အခါတိုင်းမှာ စိတ်ရောကိုယ်ပါ လုံခြုံလိုက်တာ… လို့ချည်း တွေးမိတာ။ အပြင်ဖက်က အလင်းရောင် စူးစူးကို မမြင်ရခင်အချိန်အထိ ဆိုပါတော့။ အဲဒီအချိန်မှာ အင်္ဂလန်နိုင်ငံက ဝေလမင်းသမီးရဲ့ ကားမတော်တဆမှုဟာ ဒီလို နေရာထဲမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ကိစ္စကိုတော့ နှစ်ဦးသား စိတ်တူ ကိုယ်တူ မေ့ထားခဲ့ကြတာပေါ့။ အခုတော့ အရာရာဟာ ပြောင်းလဲခဲ့ပါပြီ။ မပြောင်းလဲနိုင်တဲ့ သတိရခြင်းတွေကသာ ကိုယ်နဲ့အတူတူ ထပ်ချပ်မကွာ ရှိနေဆဲ…
သတိရခြင်းတွေနဲ့အတူ အဖြူရောင် စက္ကူလှေကလေး တစ်စင်းကို ခပ်မြန်မြန်ပဲ ခေါက်ချိုးလိုက်နိုင်တယ်။ လှေကလေးရဲ့ကိုယ်ထည်မှာ သူ့ကို (စိတ်ကူးပေါက်ရင်) ခေါ်နေကျ စာလုံးလေးကို မင်အနက်နဲ့ ရေးခြစ်လိုက်တယ်။ အရှိန်နည်းနည်းနဲ့ စီးနေတဲ့ စမ်းချောင်းလေးနား ရောက်ပြန်တော့ အဲဒီစက္ကူလှေလေးကို လွှတ်ချလိုက်ဖို့ လက်က (ဘာရယ်ကြောင့်မှန်း မသိ) ခက်ခဲနေပြန်တယ်။ အို... ဒီလှေကလေးက ချစ်ခြင်းမေတ္တာတွေကို တနင့်တပိုး သယ်ဆောင်ပြီး သူရှိတဲ့နေရာကို အရောက်သွားမှာ မဟုတ်လား လို့ ကိုယ့်ကိုကိုယ် ပြန် (အားပေးရင်း) မေးရတယ်။ ဟုတ်တယ် လို့ သေချာတဲ့အဖြေကို ရတဲ့အချိန်မှာ လှေကလေးကို စမ်းချောင်းထဲ အသာ ချပေးလိုက်တယ်။ သူ့ဆီ ရောက်အောင်သွားနော် လို့လည်း ခပ်တိုးတိုး မှာလိုက်ရသေးတယ်။ ရေစီးထဲမှာ လူးကာ လွန့်ကာ မျောပါသွားတဲ့ စက္ကူလှေကလေးကို ကြည့်နေရင်းမှာ အမြင်တွေက ဝေဝါး။ ပြီးတော့ စမ်းချောင်းလေးဘေးက လှည့်ထွက်ပြီး မလှမ်းမကမ်းက ကော်ဖီဆိုင်ထဲ ဝင်လာခဲ့တယ်။

သကြားမပါ နို့မပါတဲ့ ခါးသက်သက် ကော်ဖီတစ်ခွက်ဟာ သတိရခြင်းတွေကို အဆပေါင်းများစွာ တိုးပွားစေလိမ့်မယ်လို့ မျှော်လင့်မထားမိတာ ကိုယ့်အမှားပဲ။ အဲဒီသတိရခြင်းတွေကို အရည်ပျော်လို ပျော်ငြား ကော်ဖီပူပူထဲ လောင်းထည့်လိုက်ရင်း စားပွဲပေါ် မေးထောက်လို့ လမ်းမတလျှောက်ကို အေးအေးသက်သာပဲ ငေးကြည့်နေလိုက်တယ်။ ကော်ဖီဆိုင်လေးရဲ့ မှန်ပြတင်းပေါ်က ရေငွေ့တွေကို မြင်တော့ အခုလိုပဲ ရေငွေ့တွေရိုက်နေတဲ့ ကားမှန်ပြတင်းမှာ အသည်းပုံတွေ အတူတူ လုဆွဲခဲ့ကြဖူးတာ၊ သူ့အသည်းက ပိုလှတယ်၊ ကိုယ့်အသည်းက ပိုလှတယ်နဲ့ ပြိုင်ဆိုင်ရင်း ရယ်မောခဲ့ကြဖူးတာတွေကို အနှေးရုပ်ရှင်ပြကွက်တစ်ခုလို မြင်ယောင်မိပြန်တယ်။ ပြတင်းပေါက်ကို ကျော်ပြီး လှမ်းမြင်နေရတဲ့ လမ်းကလေးမှာ သစ်ရွက်ဟောင်းတချို့ မိုးရေတွေကြားမှာ လှဲလျောင်းနေကြတယ်။ မိုးရေစက်တွေနဲ့ ဒီဇင်ဘာဟာ လွန်ခဲ့တဲ့ နှစ်တွေကနဲ့ တကယ့်ကို ဆင်တူပဲ။ ကြည်နူး လွမ်းဆွတ်စရာ ပြီးတော့ ချစ်မက်စရာ၊ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်တုန်း။

ကြည့်ပါအုံး…
တဖြည်းဖြည်းနဲ့ ညက မှောင်လာတယ်၊ လမ်းပေါ်မှာ မီးရောင်တွေ ပိုလင်းလာတယ်၊ ကားတွေ အသွားအလာ ကျဲပါးစ ပြုလာပြီ။ ခုနက ကြိတ်ကြိတ်တိုးနေတဲ့ လမ်းသွားလမ်းလာတွေလည်း စဲ စ ပြုလာပြီ၊ ထိုင်နေတဲ့ ကော်ဖီဆိုင် မှောင်မှောင်လေးမှာလည်း လူရှင်း စ ပြုလာပြီ။ စားပွဲပေါ်က ကော်ဖီတစ်ခွက် တဝက်တပျက်နဲ့ အေးစက်ခဲ့ပေမယ့် အတွေးထဲက သတိရခြင်းတွေကတော့ လှိုက်လှဲနွေးထွေးဆဲ။

ဘယ်အချိန်ရောက်ရောက် ဘယ်နေရာရောက်ရောက် ဘယ်တော့မှ ဖယ်ခွာ မေ့ဖျောက် ချန်လှပ်ထားလို့ မရနိုင်တဲ့ သတိရခြင်းတွေကို နှုတ်တိုက် ရေရွတ်ပြနေစရာ မလိုပဲ နေရာမှန်ကို ရောက်သွားစေဖို့ (မမေ့မလျော့ - မပျက်မကွက်) လှမ်းပို့လိုက်ပါတယ်၊ တကယ်တော့ ဒါဟာ တနှစ်စာ…

သက်ဝေ
(၁၄ ဒီဇင်ဘာ ၂၀၁၇)

Friday, December 14, 2018

ပျော်ရွှင်မှုအပိုင်းအစများ

အခုအချိန်မှာ တစ်စုံတစ်ယောက်ကများ ပျော်ရွှင်မှုဆိုတာ ဘာကိုခေါ်တာလဲ လို့ မေးလာခဲ့ရင် တိကျရေရာတဲ့ အဖြေတစ်ခု ပေးစရာမရှိပေမယ့် မျှော်လင့်မထားတဲ့ ညနေခင်းတစ်ခုမှာ ပျော်ရွှင်မှု အပိုင်းအစတစ်ချို့ဟာ ကျွန်မအနားကို ဖြူလွလွ လဲမှို့ပွင့်လေးတစ်ပွင့်နဲ့အတူ ပေါ့ပေါ့ပါးပါး မျောလွင့်လာခဲ့ပါတယ်။ သာယာတဲ့ လေပြေညင်းလေးနဲ့အတူ လှလှပပ လွင့်ပါလာတဲ့ အဲဒီလဲမှို့ပွင့်လေးကို လက်လှမ်းဖမ်းဆုပ်ဖို့ မမီနိုင်သော်လည်း သူ့ရဲ့နူးညံ့ညင်သာတဲ့ အလွင့်ထဲမှာ၊ သူခေါ်ဆောင်လာတဲ့ ပျော်ရွှင်မှုတွေထဲမှာ ကျွန်မ စိတ်ရောကိုယ်ပါ လိုက်ပါ ပျော်ရွှင်နေခဲ့မိပါတယ်။

ကြည့်ပါဦး… အဲဒီလဲမှို့ပွင့်လေး ရောက်လာတဲ့အချိန်ကလည်း ဒီဇင်ဘာ တဲ့။ တကယ်တော့ ဒီဇင်ဘာ ဆိုတဲ့ အသံလေး သဲ့သဲ့ကြားရုံနဲ့တင် ပျော်ရွှင်မှုတွေဟာ သူ့အလိုလို ဆတိုးလို့ ရောက်လာခဲ့တာ မဟုတ်လား။ မနက်ခင်းတွေမှာ နောက်ကျမှ ရောက်လာတတ်တဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်ရယ်၊ အိမ်အပြင်ဖက်ကို ထွက်လိုက်တာနဲ့ နားရွက်ဖျားတွေ အေးစက်သွားအောင် လှမ်းနှုတ်ဆက်တတ်တဲ့ ဆောင်းလေအေးအေးရယ်၊ နှင်းတွေကြားထဲက မှုန်ဝါးဝါး မြင်ကွင်းတွေရယ်၊ အချိန်မတိုင်ခင် စောပြီး မှောင်သွားတတ်တဲ့ ဆောင်းဦး ညနေခင်းတွေရယ်ကြောင့် ဒါဟာ ဒီဇင်ဘာပဲလို့ သေချာရပြန်တယ်။ မလှမ်းမကမ်း ဘုရားကျောင်းက ခေါင်းလောင်းထိုးသံ၊ ကြယ်ပုံသဏ္ဍာန်ချိုးထားတဲ့ မီးပုံးအနီရောင်တွေ၊ အစိမ်းရင့်ရောင် ထင်ရူးပင်မှာ တွဲခိုနေတဲ့ အရုပ်ပိစိပေါက်စလေးတွေ၊ ထင်းရူးပင်ခြေရင်းက အရွယ်စုံ ထုတ်ပိုးမှု အမျိုးစုံနဲ့ လက်ဆောင်ထုပ်တွေ၊ ကြိုးတန်းမှာ စီရီချိတ်ဆွဲထားတဲ့ ပိုစ့်ကဒ်တွေ၊ မီးလင်းဖိုအပေါ်နားက ကြိုးတန်းမှာ လက်ဆောင်စောင့်နေတဲ့ ခြေအိတ်ငယ်လေးတွေ၊ အချိန်မှန်ရောက်လာတတ်တဲ့ အနီရောင်ဝတ်စုံနဲ့ စန်တာ၊ ပြီးတော့ နှင်းပွင့်ငယ်တစ်ချို့နဲ့ Jingle Bell သီချင်း၊ ခင်ဝမ်းရဲ့ ဒီဇင်ဘာ၊ ဗစ်တာခင်ညိုရဲ့ ဒီဇင်ဘာ၊ လင်းနစ်ရဲ့ ဒီဇင်ဘာ၊ အငဲရဲ့ ဒီဇင်ဘာ သီချင်းသံတွေ… ဆိုတော့ ဒါ ဒီဇင်ဘာ ဆိုတာ ငြင်းမရအောင် သေချာပြီး အပျော်ရောင်တွေကလည်း နေရာအနှံ့မှာ တလက်လက်တောက်ပလို့။ အစိမ်းနဲ့ အနီ ရောနှောနေတဲ့ ဒီဇင်ဘာအရောင်ဟာ ပျော်ရွှင်မှုအရောင်ပဲ။ အရင့်အရင်က ဒီဇင်ဘာတွေထက် ပိုပြီး အဓိပ္ပါယ်ရှိ၊ ပိုပြီး ပျော်စရာကောင်းဖို့ လဲမှို့ပွင့်လေးက အနားကို ရောက်လာခဲ့တာ မဟုတ်လား လို့ မေးခွန်းထုတ်ရင်း ပျော်ရွှင်နေခဲ့မိတယ်။
မနက်စောစော နှင်းရိုက်ထားလို့ မှုန်နေတဲ့ မှန်ပြတင်းမှာ အမြဲသတိတရ ရေးနေကျ စာလုံးလေးနှစ်လုံးနဲ့အတူ အသည်းပုံလေးတွေ ချရေးလိုက်တယ်။ နေရောင်တွေ လင်းလာပြီး နှင်းကွဲသွားတဲ့အချိန်မှာ စာလုံးလေးတွေ ပျက်သွားတာကို တွေ့ပေမယ့် အရင်ကလို ဝမ်းနည်းစိတ်ကလေး နည်းနည်းမှ ဖြစ်မလာတာ ထူးဆန်းလိုက်တာ။ ပျော်ရွှင်မှုတွေနဲ့ ခပ်ဝေးဝေးမှာ ဖာသိဖာသာနေတတ်တဲ့ ကျွန်မဆီကို ပျော်ရွှင်မှုတွေ တဖွဲဖွဲ နည်းနည်းချင်းစီ စီးဆင်း ရောက်ရှိလာပုံကလည်း အံ့သြစရာ၊ ပျော်ရွှင်မှု ဆိုတာကို တအံ့တသြငေးမောနေရင်းက ကိုယ်တိုင်လည်း အလိုလို ပေါ့ပါးပျော်ရွှင်လာတာကို သိသိမှတ်မှတ် သတိထားမိချိန်မှာ ကျွန်မ အသံထွက်ပြီး ရယ်မောလိုက်မိတယ်။ အရင်က အမြဲလိုလို လွမ်းနေခဲ့ရတဲ့ ဒီဇင်ဘာဟာ အခုတော့ ပျော်ရွှင်စရာတွေ အစားထိုး ဝင်ရောက်လာခဲ့ပြီး လွဲချော်မှုတွေ အဆုံးသတ်သွားပုံကလည်း ထူးဆန်းလှပလိုက်တာ။ ဘယ်တုန်းကမှ မတောင်းခဲ့ဖူးတဲ့ ဆုတောင်းတွေ ပြည့်စုံသွားပုံကလည်း မယုံနိုင်စရာ။

ပျော်ရွှင်မှုတွေနဲ့အတူ နေ့တိုင်း နားထောင်နေကျ သီချင်းစာရင်းထဲက လွမ်းစရာသီချင်းတွေအစား ပျော်စရာကောင်းတဲ့ သီချင်းချိုချိုတွေနဲ့ အစားထိုး လဲလှယ်လိုက်တယ်။ အကြိမ်ကြိမ်ပြန်ဖတ်နေကျ၊ ကိုယ်နဲ့ လက်တကမ်းအကွာမှာ ရှိနေကျ စာအုပ်တစ်ချို့နဲ့ ဖတ်လက်စ “လောကကြီးမှာ ကြောင်ဆိုတဲ့ သတ္တဝါတွေ မရှိတော့ရင်…” လို့ အမည်ရတဲ့ ကင်ဆာရောဂါဝေဒနာရှင်တစ်ယောက်ရဲ့ နောက်ဆုံးနေ့ရက်တွေကို ဒိုင်ယာရီဆန်ဆန် ရေးထားတဲ့ စာအုပ်ကိုလည်း သိမ်းဖယ်လိုက်မိပြန်တယ်။ ပြီးတော့ အသံချိုသာတဲ့ ကဗျာတွေ ပြန်ရှာဖတ်ဖြစ်တယ်။ ခါတိုင်းဆိုးနေကျ ပန်းနုရောင် မှိန်ဖျော့ဖျော့ လက်သည်းဆိုးဆေးအစား လင်းရှင်းတဲ့ နီညိုရောင်ရင့်ရင့်ကို အစားထိုး၊ အဝတ်ဘီဒိုထဲမှာ စီရီနေတဲ့ ဝတ်နေကျ အရောင်မှောင်တွေကို ခေါက်သိမ်းလို့ အရောင်လင်းလင်းတွေကို ရှာဖွေချိတ်ဆွဲ၊ ရှတတ ဝိုင်နီတစ်ခွက်နဲ့အတူ သဇင်ညနဲ့ အိပ်မက်လမ်း သီချင်းကို အခါခါ ပြန်ကျော့ပြီး နားထောင်ဖြစ်တယ်။ အနည်းငယ် ရီဝေစပြုလာတဲ့အချိန်မှာတော့ နှင်းဆီဖူးအနီရဲရဲတွေကို ဆိုင်က လှမ်းမှာပြီး ပန်းစိုက်အိုးတွေထဲ ဝေနေအောင် အလှဆင်ဖြစ်တာပေါ့။ သေးငယ်သလောက် ပေါ့ပါးလွန်းတဲ့ လဲမှို့လေးတစ်စက သယ်ယူလာတဲ့ ပျော်ရွှင်မှု ထုထည်ဟာ မယုံနိုင်စရာ အတိုင်းအဆ မသိနိုင်အောင် များပြားလှတာ တွေ့ရတော့ ဖြစ်နိုင်ရင် သူ့ကို မျက်စိအောက်က ပျောက်မသွားစေချင်တော့ဘူး။ လဲမှို့ပွင့်လေးကို တစ်နည်းနည်းနဲ့ အမိအရဖမ်းဆုပ်ပြီး ပုလင်းတစ်လုံးထဲကို ထည့်သွင်း သိမ်းဆည်းထားချင်တဲ့ စိတ်တွေ ပေါ်လာခဲ့တယ်ဆိုတာကိုလည်း ဝန်ခံရမှာပဲ။ ဒါပေမယ့် အဲဒီအခိုက်အတံ့လေးမှာ ကျွန်မရဲ့ အတွေးစတစ်ချို့ဟာ ငယ်ဘဝက ပိုးစုန်းကြူးလေးတွေဆီကို ရောက်သွားခဲ့တယ်။

ဒီလိုလေ… ငယ်ငယ်က အရောင်စူးစူးလက်လက်နဲ့ ပိုးစုန်းကြူးလေးတွေကိုမြင်တိုင်း လိုချင်လိုက်တာ… လို့ မကြာခဏ တောင့်တခဲ့ဖူးတယ်။ အဲဒီလိုနဲ့ အခုလို ဆောင်းဦးပေါက် ညတစ်ညမှာ ဖန်ပုလင်းငယ်တစ်လုံးထဲမှာ လင်းလက်စွာ ပျံသန်းနေတဲ့ ပိုးစုန်းကြူးလေးသုံးကောင်ကို ကျွန်မ ပိုင်ဆိုင်ခဲ့ရပါတယ်။ ပျော်ရွှင်မှုဆိုတာ ပိုးစုန်းကြူးလေးသုံးကောင်လို့ အထပ်ထပ် ရေရွတ်ရင်း အိပ်ခန်းကို မီးအမှောင်ချ၊ ခန်းဆီးထူထူတွေကို အပြည့်ချပြီး ဖန်ပုလင်းလေးကို စာကြည့်စားပွဲပေါ်တင်ရင်း (မသိတတ်သား ဆိုးရွားစွာ) သိပ်ပျော်ရွှင်နေခဲ့ဖူးတယ်ပေါ့။ ပိုးစုန်းကြူးလေးတွေဆီကရတဲ့ အလင်းရောင်ဟာ ကျွန်မရဲ့ မကျဉ်းမကျယ် အိပ်ခန်းထဲမှာတော့ ပြတ်သား လင်းရှင်းလို့ပါပဲ။ အဲဒီအလင်းရောင်လေးကို ငေးကြည့်ရင်း စားပွဲစွန်းမှာ ခေါင်းတင်ပြီး အိပ်ပျော်သွားခဲ့တယ်။ အိပ်မက်ထဲမှာ ကျွန်မက ရှေ့ကပြေး ပိုးစုန်းကြူးတွေက အုပ်စုလိုက် အလင်းရောင်ပေးရင်း လမ်းပြကြတယ်ပေါ့။ အပြင်မှာရော အိပ်မက်ထဲမှာပါ ပျော်ရွှင်မှုတွေနဲ့ အလင်းရောင်တွေ ပေးနိုင်ခဲ့တဲ့ ချစ်စဖွယ် ပိုးစုန်းကြူးလေးတွေပါ။

ဒါပေမယ့် အိပ်ရာကနိုးလာတော့ ဖန်ပုလင်းထဲမှာ ပိုးစုန်းကြူးလေးတွေ မလင်းနိုင်တော့ဘူး၊ သုံးကောင်လုံး ငြိမ်သက်လို့ သေဆုံးနေကြတာ တွေ့လိုက်ရတယ်။ ကိုယ့်စိတ်ပျော်ရွှင်လိုမှုတစ်ခုတည်းနဲ့ မစဉ်းမစား မဆင်မခြင် ပိုးစုန်းကြူးတွေကို ပုလင်းထဲ ထည့်ပိတ်ထားခဲ့မိတာလေ။ တကယ်ဆို ပိုးစုန်းကြူးလေးတွေကို ဖမ်းပေးတဲ့သူက ခဏကြည့်ပြီးရင် ခြံစည်းရိုးနားက သစ်ပင်တွေကြားထဲကို ပြန်လွှတ်ပေးလိုက်နော်လို့ သေသေချာချာ မှာပြီးမှ ပေးခဲ့တာပါ။ ကျွန်မကသာ ပြောစကားကို နားမထောင်ပဲ သူတို့ကို ညတစ်ဝက်နီးပါး ထိုင်ကြည့်ရင်းက အိပ်ပျော်သွားခဲ့တာ။ ညက ပိုးစုန်းကြူးတွေကို ထိုင်ငေးနေတုန်းက ရခဲ့တဲ့ ပျော်ရွှင်မှုတွေဟာ မနက်မိုးလင်းတော့ အကုန်ပျောက်ဆုံးသွားကြတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားရုံသာမက ငြိမ်သက်နေတဲ့ အသက်မဲ့ ပိုးစုန်းကြူးလေးတွေကိုကြည့်ရင်း ဝမ်းနည်းမှုတွေသာ အစားထိုး ရောက်ရှိလာခဲ့ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ နေ့စဉ်ရက်စွဲတွေထဲမှာ ငြီးငွေ့နေပြီး ပျော်ရွှင်စရာတွေ တဖြည်းဖြည်းနည်းပါးလာခဲ့တဲ့အကြောင်း သူငယ်ချင်း မိတ်ဆွေတွေနဲ့ စကားစပ်မိတဲ့အခါတိုင်း ငယ်ငယ်ကလို ပိုးစုန်းကြူးလေးသုံးကောင် ပိုင်ဆိုင်ရရင် ပျော်ရွှင်နိုင်ဦးမလားလို့ ကျွန်မကိုယ် ကျွန်မ မကြာခဏ ပြန်မေးကြည့်ခဲ့ဖူးပါတယ်။ အဖြေကတော့ မရေမရာပါ။

ပိုးစုန်းကြူးလေးတွေကို မျက်စိထဲ မြင်ယောင်သတိရပြီး အချိန်အတော်ကြာ ငြိမ်သက်နေခဲ့မိတယ်။ ဒါပေမယ့် ကျွန်မအနားမှာ ရစ်ဝဲနေတဲ့ လဲမှို့ပွင့်လေးနဲ့ ဒီဇင်ဘာရဲ့အပျော်ရောင်တွေကို တွေ့လိုက်ရတော့ အသစ်တဖန် ပြန်လည်မွေးဖွားလာသူတစ်ယောက်လို ကြည်လင် ပျော်ရွှင်ခဲ့ရပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ တစ်ဦးတည်း တစ်ယောက်တည်းအတွက်သာ မဟုတ်၊ လူတိုင်းနဲ့ သက်ဆိုင်တာလေ။ ဒီလိုဆိုပြန်တော့ ကျွန်မတစ်ယောက်တည်း ပျော်ရွှင်လိုစိတ်နဲ့ လဲမှို့ပွင့်လေးကို အပိုင်သိမ်းထားဖို့ မကြိုးစားချင်တော့ဘူး။ ပြီးတော့ ဖန်ပုလင်းထဲက ပိုးစုန်းကြူးလေးတွေကို အမြဲသတိရနေမိဦးမှာ။ သူ လွင့်နိုင်သလောက် ဝေးသည်ထက် ဝေးဝေးကိုသာ လွင့်ပါစေ။ ဒါမှ ဟိုးအဝေးကြီးက ကျွန်မ ချစ်တဲ့ ခင်တဲ့သူတွေဆီကိုလည်း ပျော်ရွှင်မှုတွေ နည်း များ မဆို ရောက်သွားနိုင်မယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကာလအတန်ကြာ အေးစက် ကွယ်ပျောက်နေခဲ့တဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရှာတွေ့စေတဲ့ လဲမှို့ပွင့်လေးကို ကျေးဇူးတင်ရတယ်။ တလက်စတည်းမှာ ဒီလိုအချိန်ကိုရောက်တိုင်း ဘယ်တော့မှ ဖယ်ခွာ မေ့ဖျောက် ချန်လှပ်ထားလို့ မရနိုင်တဲ့ သတိရခြင်းတွေနဲ့အတူ သေးငယ်သော်လည်း ခန်းနားလှပတဲ့ ပျော်ရွှင်မှုအပိုင်းအစတွေကို သက်ဆိုင်သူတစ်ယောက်ဆီ ရောက်သွားစေဖို့ (မမေ့မလျော့ - မပျက်မကွက်) ဝေမျှလိုက်ပါတယ်၊ တကယ်တော့ ဒါဟာ တနှစ်စာ…

သက်ဝေ
(၁၄ ဒီဇင်ဘာ ၂၀၁၈)

Thursday, November 29, 2018

ခရီးသွားဧည့်သည်များ၊ ပိုင်ရှင်မဲ့ ခွေးများနှင့် ခွေးရူးအန္တရာယ်


မကြာသေးတဲ့ တစ်ညနေက အိမ်နီးချင်း စင်္ကာပူနိုင်ငံသား အမျိုးသမီးတစ်ယောက်နဲ့ အိမ်အောက်မှာတွေ့လို့ နှုတ်ဆက်ရင်း စကားပြောဖြစ်တော့ သူ ပြီးခဲ့တဲ့လက မြန်မာပြည်ကို အလည်သွားခဲ့တဲ့အကြောင်း ပြောပြပါတယ်။ သဘာဝက ပေးထားတဲ့ တောတောင် ရေမြေတွေနဲ့ သိပ်လှတဲ့နိုင်ငံ၊ လည်စရာ ပတ်စရာ ကြည့်စရာ စိတ်ဝင်စားစရာ နေရာဒေသတွေ အများကြီး ရှိတဲ့နိုင်ငံ၊ နောက်တစ်ခေါက် မဖြစ်မနေ ထပ်သွားချင်စရာကောင်းတဲ့ နိုင်ငံ ဖြစ်တယ် လို့ ဆိုတယ်။ သူတို့က Tour Group နဲ့သွားတာဖြစ်ပြီး ဆယ်ညအိပ် ဆယ့်တစ်ရက်ခရီးမှာ ရန်ကုန်၊ ပုဂံညောင်ဦး၊ ပုပ္ပါး၊ မန္တလေး၊ ဟဲဟိုး၊ အင်းလေးနဲ့ ပင်းတယမြို့တွေကို ရောက်ခဲ့တယ် လို့ ပြောပါတယ်။ ပုဂံဘုရားတွေကို အချိန်ယူပြီး အေးအေးဆေးဆေး ဖူးခွင့်ရလို့ အထူးပဲ ကြည်နူး ကျေနပ်ရကြောင်း၊ ဘုရားဖူးဧည့်သည်တွေကို ဘုရားပေါ်တက်ပြီး နေဝင်ချိန်ကြည့်ဖို့ ဓါတ်ပုံရိုက်ဖို့ ခွင့်မပြုတော့တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့အတူ မန္တလေးကျုံးကို သဘောကျပြီး ဦးပိန်တံတားက ပတ်ဝန်းကျင်က မြင်ကွင်းတွေဟာ အင်မတန်မှ လှပတဲ့အကြောင်း (သူက U Bain Bridge - ယူဘိန် Bridge လို့ အသံထွက်လို့ ခဏကြောင်ပြီး စဉ်းစားလိုက်ရသေးတယ်။) ဖေါင်တော်ဦးဘုရားကို ရွှေသင်္ကန်း ကပ်လှူခဲ့ရတဲ့အကြောင်း၊ အင်းလေးရေပြင်ပြာနဲ့ ပင်းတယကိုလည်း ကြိုက်နှစ်သက်တဲ့အကြောင်း ပြောပါတယ်။ 

ရန်ကုန်မှာတော့ ရွှေတိဂုံ၊ ဆူးလေဘုရားနဲ့ ဗိုလ်ချုပ်ဈေးကို ရောက်ခဲ့တယ် ကရဝိတ် ရောက်ခဲ့တယ်၊ နေရေးထိုင်ရေး စားရေးသောက်ရေး အစစ အရာရာ အဆင်ပြေတဲ့အကြောင်းတွေ ပြောအပြီးမှာ တစ်ခုပဲ... စိတ်မရှိပါနဲ့နော် ဆိုပြီး အားတုံ့အားနာနဲ့ ပြောတာက လမ်းမပေါ်မှာ လမ်းသွယ်ထဲမှာ ဟိုနား ဒီနားမှာ ပိုင်ရှင်ရှိဟန်မတူတဲ့ ခွေးလေခွေးလွင့်တွေက နေရာအနှံ့ ရှိနေတာ အဆင်မပြေဘူး၊ သူ ကြောက်တယ်တဲ့။ ဒါကြောင့် တချို့ နီးနီးနားနား နေရာတွေကို လမ်းလျှောက်သွားချင်ပေမယ့် မသွားရဲဘူး၊ Grab ခေါ်ရတယ်။ သူ့သူငယ်ချင်းတစ်ယောက် ရန်ကုန်ကို အလည်သွားရင်း ခွေးကိုက်ခံထားရဖူးတော့ သူပိုကြောက်နေတာလည်း ဖြစ်နိုင်ပါတယ်လို့ ပြောလာတယ်။ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ များများလာစေချင်ရင် အဲဒီ လမ်းဘေးက ပိုင်ရှင်မဲ့ ခွေးတွေကို အရင်ဆုံး တစ်ခုခု စီစဉ်နိုင်ရင် ပိုကောင်းမယ်လို့ အကြံပေးချင်ပါတယ် တဲ့။ သူ့စကားအဆုံးမှာ ကျွန်မ ဆက်တွေးစရာ အတွေးစတွေ အများကြီးနဲ့ ကျန်ခဲ့ပါတယ်။ မြန်မာပြည်ကို အလည်သွားတဲ့ နိုင်ငံခြားသားတွေဆီက လမ်းဘေးခွေးနဲ့ပတ်သက်လို့ ကျွန်မ ကြားရတာ ဒါပါနဲ့ဆို လေးကြိမ်မြောက်ပါ။ ပထမနဲ့ ဒုတိယအကြိမ်က အလုပ်တာဝန်နဲ့သွားတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေဆီက ဖြစ်ပြီး တတိယအကြိမ်ကတော့ အမေရိကန်နိုင်ငံသား မိတ်ဆွေတစ်ယောက်ဆီကပါ။ သူတို့ပြောစကားတွေ အားလုံးက အတူတူပါပဲ။ ခွေးရူးအန္တရာယ်ဟာ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ အဲဒီက လူတွေ မသိကြတာလား ဆိုတဲ့ မေးခွန်းတောင် ပါပါသေးတယ်။ 

ကျွန်မအတွေးတွေက အဲဒီမှာတင်ရပ်မနေပဲ ဟိုးတစ်နှစ်က အကိုတစ်ယောက် သူ့အိမ်ရှေ့ သူထိုင်နေတုန်း ဘယ်ကဘယ်လို ရောက်လာမှန်း မသိတဲ့ ခွေးတစ်ကောင်က အသားလွတ် လာကိုက်သွားတာ၊ ကိုက်တာမှ သူ့တစ်ယောက်တည်းတောင် မဟုတ် လမ်းပေါ်မှာ အေးအေးသက်သာ လမ်းလျှောက်သွားနေတဲ့ ကျောင်းသားလေးတစ်ယောက်နဲ့ နောက်ထပ် လူကြီးတစ်ယောက်ကိုပါ ဆက်တိုက် ကိုက်သွားသေးတာ၊ နောက်ကျွန်မ သူငယ်ချင်းတစ်ယောက်လည်း ကားတွေကို ရှောင်ပြီး လမ်းဘေးကပ်လျှောက်နေရင်း ရေမြောင်းထဲက တက်လာတဲ့ခွေးက လှမ်းကိုက်လိုက်တာ၊ ခွေးတွေက ကိုက်ပြီး ထွက်ပြေးသွားတာဆိုတော့ စောင့်ကြည့်ဖို့ကလည်း မလွယ်... လိုအပ်သမျှ ဆေးကုသမှုတွ အမြန်ဆုံးလုပ်ပြီး မိသားစုတွေ သောကကိုယ်စီနဲ့ ရင်တထိတ်ထိတ် စောင့်ကြည့်နေခဲ့ရတဲ့ နေ့ရက်တွေအကြောင်း၊ တချို့တွေက အိမ်က ထမင်းကျန် ဟင်းကျန်တွေ ချကျွေးထားပြီး တစ်ခုခုလည်းဖြစ်ရော သူတို့နဲ့ ဘာမှ မဆိုင်သလို မေးမရ မြန်းမရ တာဝန်မဲ့ နေတတ်ကြတာတွေအကြောင်းကို ပြန်သတိရရင်း သူတို့ပြောတာ ဟုတ်တယ်လို့ တွေးနေတုန်း ဒီနေ့မနက်မှာ စာရေးဖေါ် မိတ်ဆွေ ကိုလင်းသူရိယနွယ် “7 days နေ့စဉ်သတင်းစာ” မှာ ရေးထားတဲ့ ဆောင်းပါးတိုလေးကို ဖတ်လိုက်ရပါတယ်။ ဆောင်းပါးရှင် ကိုလင်းသူရိယနွယ်က စင်္ကာပူနိုင်ငံမှာ နေထိုင်ပြီး အင်ဂျင်နီယာ အလုပ်လုပ်နေတဲ့ စာရေးဆရာတစ်ယောက်ပါ။ 

"ပိုင်ရှင်မဲ့ခွေး ခွေးရူးရောဂါ ပြဿနာနှင့် ပြည်သူ့ အသံ" ဆိုတဲ့ ခေါင်းစဉ်အောက်က ဆောင်းပါးရှင်ရဲ့အသံကို အခုလို ကြားသိရပါတယ်။

"လမ်းဘေး ခွေးလေခွေးလွင့်တွေကို ထိန်းသိမ်းပေးဖို့ တောင်းဆိုမှုအပေါ်မှာ ကျွန်တော့်အနေနဲ့ ထောက်ခံပါတယ်။ ထိန်းသိမ်းပေးဖို့ ဆိုတဲ့နေရာမှာ အဆိပ်ချတဲ့နည်းနဲ့ ဖြေရှင်းဖို့ မဟုတ်ပါဘူး။ တခြား ဖြေရှင်းနည်းတွေရှိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဆောင်းပါးတစ်ပုဒ်လည်း ရေးခဲ့ဖူးပါတယ်။

ကျွန်တော်လက်ရှိနေထိုင်နေတဲ့ စင်ကာပူနိုင်ငံမှာလည်း တချိန်က အလားတူပြဿနာမျိုး ကြုံတွေ့ခဲ့ရပါတယ်။ တိရိစ္ဆာန်တွေကို ညှဉ်းပမ်းနှိပ်စက်သူတို့ရဲ့ဘေးက ကာကွယ်ပေးတဲ့ အဖွဲ့အစည်းနဲ့အတူ တာဝန်ရှိ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖြေရှင်းကြရတာပါ။ ခွေးတွေကို ဘေးလွတ်ရာ နေရာမှာ ခြံတွေခတ်ပြီး ထားတယ်။ အထီးအမ အတူထားပေမဲ့ သားကြောဖြတ်ပြီး နောက်ထပ် မပေါက်ဖွားနိုင်အောင် ထိန်းချုပ်ထားလိုက်ပါတယ်။

အဲဒီလို ထားတဲ့ ခွေးတွေအတွက် လိုအပ်တဲ့ စရိတ်စကကို fund raising လုပ်ကြပါတယ်။ ဥပမာ ကျောင်းသား ကျောင်းသူတွေက တိရိစ္ဆာန်ချစ်သူများ ပရဟိတ အဖွဲ့လေးတွေ ဖွဲ့ပြီး ကျောင်းပိတ်ရက်တွေမှာ လူစည်ကားတဲ့ ကားဂိတ်တွေ၊ ဘူတာရုံတွေမှာ အလှူခံထွက်ကြတယ်။ အဲဒီကရတဲ့ ငွေတွေကို ခွေးတွေ အသုံးစရိတ်အတွက် လှူဒါန်းကြပါတယ်။ အဲဒီလို လုပ်တဲ့အတွက်လည်း ကျောင်းတွေက ဒီကျောင်းသားတွေကို လူမှုရေးဘာသာရပ် အတွက် အမှတ်တွေ ပေးပါတယ်။

ထိန်းသိမ်းထားတဲ့ ခွေးလေခွေးလွင့် မျိုးဆက်တစ်ဆက် ကုန်ဆုံးသွားချိန်မှာ နောက်ထပ် မျိုးဆက် မကျန်တော့တဲ့အတွက် အခုအချိန်မှာဆိုရင် စင်ကာပူနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ခွေးလေခွေးလွင့်တွေ လုံးဝ မရှိတော့ပါဘူး။ ဒါကြောင့်ဒါဟာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။"

****
သူရေးထားတာကို ကျွန်မ ရာနှုန်းပြည့် သဘောတူ ထောက်ခံပါတယ်။ အခုလို သဘောတူ ထောက်ခံဖို့ရာ ခိုင်လုံတဲ့ အကြောင်းတွေကလည်း ရှိနေပါတယ်။ ဒီလိုပါ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က WHO (World Health Organization) ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံဟာ ခွေးရူးရောဂါ အများဆုံးဖြစ်ပွားတဲ့နိုင်ငံတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်တမ်းအရဆို တစ်နှစ်ကို ခွေးကိုက်မှု ၆၀၀,၀၀၀ (ခြောက်သိန်း) ခန့်ရှိပြီး ခွေးရူးရောဂါ ဖြစ်ပွားမှုက တစ်ထောင်လောက်ရှိတယ်လို့ ဆိုပါတယ်။ ဆိုတော့ တွက်ကြည့်လိုက်ရင် တစ်ရက်ကို လူ ၁၆၀၀ ကျော် ခွေးကိုက်ခံနေကြရတယ်ပေါ့။ ဘယ်လောက်များတဲ့ ကိန်းဂဏန်းတွေပါလိမ့်...

တိရိစ္ဆာန်တွေကို ချစ်ခင်တတ်တဲ့သူဟာ နှလုံးသားတွေ နွေးထွေးတဲ့သူ၊ သူတပါးကို ကြင်နာ သနားတတ် ကိုယ်ချင်းစာနာတတ်တဲ့သူတွေ ဖြစ်တယ်လို့ စာတွေထဲမှာ ကျွန်မ ဖတ်ဖူးပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ခွေးလေးတွေ ကြောင်လေးတွေ အပါအဝင် အိမ်မွေးတိရိစ္ဆာန် အကောင်လေးတွေကို အင်မတန် ချစ်ခင်တတ်ပါတယ်။ သံယောဇဉ်တွေ များရလွန်း ပူလောင်ရလွန်းတာကတစ်ကြောင်း၊ မွေးထားပြီး သေသေချာချာ ဂရုမစိုက်နိုင် တာဝန်မကြေနိုင်ရင် ခက်မှာစိုးတာက တစ်ကြောင်းတို့ကြောင့် ကြောင်တစ်ကောင်နဲ့ ခွေးလေးတစ်ကောင်း မွေးအပြီး သူတို့လေးတွေ သေဆုံးသွားပြီးတဲ့နောက်မှာ ဘာအကောင်မှ ထပ်မမွေးတော့တာပါ။ အခုကိစ္စမှာလည်း လမ်းဘေးက ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေကို အညှာအတာကင်းကင်းနဲ့ ကိစ္စတုံး လုပ်ပစ်ဖို့ ပြောနေတာ မဟုတ်ပါဘူး၊ အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်၊ နည်းလမ်းတစ်ခုခု ရှာဖွေပြီး စနစ်တကျ ထိန်းသိမ်းပေးဖို့ ပြောချင်တာပါ။ ခွေးရူးရောဂါဆိုတာက ခွေးအချင်းချင်း တစ်ကောင်နဲ့ တစ်ကောင် ကိုက်ရင်းကနေ အလွယ်တကူ ကူးစက်ပျံ့ပွားလာတတ်တဲ့ ရောဂါမျိုးပါ။ ကိုယ့်ကို ကိုက်တဲ့ခွေးက တကယ်သာ ခွေးရူးရောဂါပိုး ရှိနေတာ သေချာခဲ့ရင် ကုရာနတ္ထိ ဆေးမရှိ၊ ဘာမှ လုပ်လို့မရပဲ အသက်ဆုံးရှုံးရမှာပါ။ ခွေးရူး မရူးကို စောင့်ကြည့်ဖို့ရာကလည်း လမ်းပေါ်မှာ နေနေတဲ့ ခွေးတွေမို့ ဘယ်က ရောက်လာတာမှန်းမသိ၊ ဘယ်သူကမှလည်း တာဝန်မခံ၊ တစ်ချို့ကျတော့လည်း ကျွေးတုန်းက ကျွေးထားပြီး တကယ်တမ်း သိချင်လို့ စုံစမ်း မေးမြန်းကြည့်တော့ ပိုင်ရှင်နာမည်ခံဖို့ မဆိုထားနဲ့ မသိဘူး မရှိဘူး ဘူးခံမယ် ဆိုတာတွေချည်းပါပဲ။ ခဏတဖြုတ် အလည်အပတ်ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေသာမက၊ နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ လမ်းသွားလမ်းလာတွေအတွက်ပါ အင်မတန်မှ စိတ်ကြောင့်ကြစရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။ 

ဒါကြောင့် ခွေးကိုက်တဲ့အမှု လျော့ကျသွားစေဖို့၊ ခွေးရူးရောဂါ ဖြစ်ပွားပြီး အသက်ဆုံးရှုံးရသူဦးရေ နည်းပါးစေဖို့၊ အများပြည်သူတွေ လမ်းပေါ်မှာ စိတ်ချလက်ချ လုံခြုံစွာ သွားလာနိုင်ဖို့အတွက် ပိုင်ရှင်မဲ့ လမ်းဘေးက လေလွင့်ခွေးတွေကို စနစ်တကျ စီစဉ် ထိန်းသိမ်းစေလိုကြောင်း နိုင်ငံခြားသားတွေဆီက ပြန်ကြားရတဲ့ အသံတွေနဲ့ ကိုယ်သိသမျှ သတင်းအချက်အလက်တွေကို အခြေခံရင်း ဒီစာစုကို ရေးဖြစ်ပါတယ်။ ဒီစာစုထဲမှာ ဆောင်းပါးတိုလေးကို ထည့်သွင်း အသုံးပြုခွင့်ပေးတဲ့ ကိုလင်းသူရိယနွယ် ကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

သက်ဝေ
(၂၁ နိုဝင်ဘာ ၂၀၁၈)

- ၂၀၁၈ နိုဝင်ဘာ ၂၉ ရက် 7 Day Daily နေ့စဉ်သတင်းစာတွင် ဖေါ်ပြပြီးဖြစ်သည်။

Tuesday, November 20, 2018

တိမ်တိုက်ကြားက နားတစ်စုံ

(၁)

ကမ်းစပ်မှာ ခြေစုံရပ်ရင်းက ကျွန်တော်ဟာ ပင်လယ်ကိုကြည့်ဖို့၊ ပင်လယ်နဲ့ စကားစမြည်ပြောဆိုဖို့ ရောက်လာခဲ့တာပါလို့ လှမ်းပြောလိုက်တယ်။ ပြောသာပြောလိုက်တယ် တကယ့်တကယ်မှာ အသံက အသံအဖြစ်နဲ့ အပြင်ကို ထွက်မလာဘူး။ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး နောက်တစ်ကြိမ် ပြောလိုက်တယ်။ ပြောတယ်လို့ သေချာအောင် ပါးစပ်လှုပ်ပေမယ့် အသံက လိုက်ထွက်မလာဘူး။ ဒါပေမယ့်လည်း လောလောဆယ်မှာ ကျွန်တော့်ရဲ့ အသံမပါတဲ့ စကားကိုပဲ ပင်လယ်ဟာ နားလည်သလိုဟန်နဲ့ လေတစ်ချက် ချွန်လိုက်တယ်။ ကျွန်တော် သိတယ်၊ ပင်လယ်ဟာ အလိုက်သိတယ်၊ အရာရာကို နားလည်တတ်တယ်၊ ခေါင်းတော့ ညိတ်မပြတတ်ဘူး ဒါပေမယ့် လေချွန်တတ်တယ်။ သူ လေချွန်တော့ ငြိမ်သက်နေတဲ့ ရေပြင်ဟာ လှုပ်လှုပ်ရှားရှားဖြစ်ပြီး ရေပြာတွေ နေရာရွေ့သွားတာကို အထူးအဆန်းလို ငေးစိုက်ကြည့်နေမိသေးတယ်။ တံတားအောက်က ဖြတ်စီးသွားတဲ့ ရေဆိုတာ သူတို့တွေလား။ မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို့မရနိုင်ဘူး ဆိုတာကရော ဒီလိုရေမျိုးတွေပဲလား။ ကမ်းစပ်က အုန်းပင်လို ပင်လယ်ကဗွီးလို အပင်တွေ ယိမ်းထိုးကခုန်နေတာ ညီညီညာညာ၊ အဲဒီအချိန်မှာ ဗန်ဒါလား ဗာဒံလား နာမည်မှန်မသိတဲ့ အပင်က အရွက်ခပ်ဝိုင်းဝိုင်းတွေ ကြွေကျလာတာ တွေ့ရတယ်။ အကျင့်ပါနေတဲ့အတိုင်း လည်ချောင်း (ထပ်) ရှင်းပြီး ပင်လယ်ကို စကားပြောဖို့ ကြိုးစား အားယူရပြန်တယ်။ ဘယ်အကြောင်းအရာကနေ စပြောရရင် ကောင်းမလဲ...

ဘယ်အကြောင်းအရာကနေ စပြောရရင်ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာ နောက်ကျောဖက် ကားလမ်းမပေါ်က ကားတစ်စီး အရှိန်ပြင်းပြင်းနဲ့ ဖြတ်မောင်းသွားတယ်။ ကားရဲ့ စက်သံမှာကို အလျင်စလိုဟန်တွေ အများကြီးစွက်နေခဲ့တာ သတိပြုမိတယ်။ ဒါပေမယ့် မကြာခင်မှာ ကားစက်သံက တိကနဲ ရပ်သွားတယ်။ တကယ်ဆို အရာရာဟာ တဖြည်းဖြည်းဝေးရင် မှိန်ဖျော့ တိုးတိတ်ရင်းကမှ ကွယ်ပျောက်သွားရမှာမျိုး မဟုတ်ဘူးလား၊ ဒီနေရာမှာ ကိုယ့်အတွေးကို ကိုယ် ပြန်သဘောကျရပြန်တယ်၊ ကဗျာဆရာတွေ သုံးလေ့ရှိတဲ့ အသုံးအနှုန်းမျိုးပဲနော်... တဖြည်းဖြည်းဝေးရင် မှိန်ဖျော့တိုးတိတ်ရင်း ကွယ်ပျောက်သွားရမှာ မဟုတ်ဘူးလား တဲ့။ အခုကတော့ မလှမ်းမကမ်း မနီးမဝေးနေရာမှာတင် တိကနဲ ရပ်သွားရတဲ့အဖြစ်။

မနေနိုင်လို့ လှည့်ကြည့်လိုက်တော့ ကားက ပုံစံဟောင်းဟောင်းပဲ အရောင်က ဆေးပြယ်နေတဲ့ မွဲခြောက်ခြောက် နီညိုရောင် (တစ်ချိန်ကတော့ တော်တော်တောက်ပကောင်း တောက်ပခဲ့ပါလိမ့်မယ်) ကိုယ်ထည်က ခပ်ပြားပြား ရှည်ရှည်၊ ဘာကားအမျိုးအစားမှန်း မသိဘူး။ ကြည့်နေတုန်းမှာ ကားမောင်းသူဖက်က တံခါးတစ်ချပ်ပွင့်လာတယ်။ လူတစ်ယောက်... ကွဲကွဲပြားပြားပြောရရင် အမျိုးသားတစ်ယောက် ဆင်းလာတယ်။ ကားတံခါးကို ပြန်မပိတ်ပဲ ခြေလှမ်းသွက်သွက် လှမ်းလာပုံကလည်း တဆိတ်တော့ အလျင်စလိုဟန် တွေ ပါနေတာပါပဲ။ သူက ကျွန်တော်ရပ်နေတဲ့နေရာကို တန်းတန်းမတ်မတ် လျှောက်လာနေတယ်။ ရှပ်အင်္ကျီ ဖြူဝါဝါနဲ့ ကာကီရောင် ဘောင်းဘီ ကို ဝတ်ထားတယ်။ လူပုံက ပိန်ပိန်ရှည်ရှည်ပဲ။ ဝေးနေတာကြာင့်ရော ဦးထုပ်ကို ခပ်စိုက်စိုက် ဆောင်းထားတာကြောင့်ရော သူ့မျက်နှာကိုတော့ သေသေချာချာ မမြင်ရဘူး။ ဒါပေမယ် သေချာတာက သူ့ကို ကျွန်တော် မသိဘူး။ ကျွန်တော့မှာ သူ့လိုပုံစံနဲ့ မိတ်ဆွေ မရှိဘူး။ ပြီးတော့ ဒီလိုကားမျိုးမောင်းတဲ့ မိတ်ဆွေ မရှိဘူး။ တကယ်တော့ ကျွန်တော့ မိတ်ဆွေစာရင်းဟာ လက်ချိုးရေလို့ ရအောင်နည်းပါးပါတယ်။ အဲဒီအကြောင်းတွေ ခဏထားလိုက်ဦးစို့... ဆက်ပြောရင် စကားပြောစရာ မိတ်ဆွေမရှိလို့၊ အသံမထွက်တော့လို့၊ ကိုယ့်အသံ ကိုယ် ပြန်မမှတ်မိတော့လို့ ပင်လယ်နဲ့ လာစကားပြောရတယ်တွေ ဘာတွေ အကျယ်အကျယ် ဖြစ်ကုန်လိမ့်မယ်။ လောလောဆယ်တော့ ကျွန်တော့်ဆီ ဦးတည်ပြီး လျှောက်လာနေတဲ့လူအကြောင်းပဲ ဆက်ပြောရအောင်။

(၂)
သူက ခပ်သွက်သွက်ခြေလှမ်းတွေနဲ့အတူ ကျွန်တော့်ဆီ ဦးတည်ပြီး လျှောက်လာနေရင်းက လက်နှစ်ဖက်ကို လေထဲမှာ ဝှေ့ယမ်းလိုက်တာ တွေ့ရတယ်။ သူ့ဟန်ပန်က အနှစ်နှစ် အလလကွဲကွာနေတဲ့ အသိမိတ်ဆွေ တစ်ယောက်ယောက်ကို တွေ့လို့ အားရဝမ်းသာ လှမ်းပြီး လက်ပြလိုက်တဲ့ ဟန်ပန်မျိုး။ ခက်နေတာက ကျွန်တော်က သူ့ကို မသိဘူး။ ဒီတော့ သူ ကျွန်တော့်ကို လက်ပြနေတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ဒါပေမယ့် သူ့ကြည့်ရတာ တကယ့်ကို တရင်းတနှီးနဲ့၊ ကျွန်တော် ကြံရာမရဖြစ်ပြီး အနောက်ဖက်ကို ယောင်ယမ်း လှည့်ကြည့်နေမိသေးတယ်။ ကျွန်တော့်ကို ကျော်ပြီး နောက်ကျောဖက်မှာ လက်ပြနှုတ်ဆက်စရာ တစုံတစ်ယောက်များ ရှိနေမလားလို့ပါ။ ဒါပေမယ့် ဖြစ်ချင်တော့ ကျွန်တော့်ရဲ့ ရှေ့နောက် ဘေးဘီဝဲယာမှာ ဘယ်သူမှ ရှိမနေဘူး။ အရိပ်မရှိတဲ့ ဟောဒီ ပင်လယ်ကမ်းစပ်တစ်လျောက်မှာ ရပ်နေသူဆိုလို့ ကျွန်တော် တစ်ယောက်တည်းဗျာ၊ ဆိုတော့ သူ လက်ပြနေသူဟာလည်း ကျွန်တော်ပဲလို့ သေချာလိုက်ရတယ်။ ခက်တာက ကျွန်တော် သူ့ကို မသိဘူး။

တဖြည်းဖြည်းနဲ့ သူက ကျွန်တော့်အနားကို နီးလာနေပြီ။ "ဟေ့လူ… ခင်ဗျာကို ကျွန်တော် မသိဘူးဗျ” လို့ ခပ်မြန်မြန် ပြောပစ်လိုက်ချင်တယ်၊ အသံထွက်ပြောဖို့ အားယူလိုက်တော့ “ဟေ့…” ဆိုတဲ့ မပီမသ ခြောက်ကပ်ကပ်အသံတစ်မျိုးက လည်ချောင်းဝကို အရင်ဆုံး ရောက်လာတယ်။ နောက်တစ်ခွန်း… “ဟေ့လူ…” ဆိုတဲ့ အသံ ကျွန်တော့်ဆီက ထွက်လာတဲ့ အချိန်မှာပဲ သူက ခပ်သွက်သွက်ခြေလှမ်းတွေနဲ့အတူ ကျွန်တော်နဲ့ နှစ်ပေလောက်အကွာကို ရောက်နေခဲ့ပြီ်။ အနားကို ရောက်ရောက်ချင်း “ဒီနေ့ နေသိပ်ပူတယ်… နေပူကြီးထဲမှာ ခင်ဗျား ဘာရပ်လုပ်နေတာလဲ၊ ဘာတွေ လိုက်ရှာနေတာလဲ" လို့ သူက မေးခွန်းထုတ်တယ်။ ကျွန်တော်မှာတော့ တအံ့တသြနဲ့ သူ့ကိုကြည့်ရင်း “ခင်ဗျားကို ကျွန်တော် မသိဘူး” လို့ ပြောထွက်ဖို့ ကြိုးစားနေရတုန်း။ အဲဒီအချိန်မှာပဲ သူက နောက်တစ်ခွန်း ထပ်မေးတယ် “ခင်ဗျား တစ်ခုခု ရှာနေတာ မဟုတ်လား” တဲ့။ သူစကားပြောတဲ့ အသံက တော်တော်နားထောင်လို့ကောင်းတယ်၊ ကြည်လင်ပြီး အသံချိုတယ်။ သီချင်းဆိုရင် အင်မတန် လူကြိုက်များ အောင်မြင်မယ့် အသံမျိုးပဲ လို့ စိတ်ထဲကနေ ကြိတ်ပြီး မှတ်ချက်ချမိသေးတယ်။

ကျွန်တော့်မှာ သူ့အမေးကို ဖြေစရာ စကားမရှိဘူး။ ဒါနဲ့ သူ့ကိုတစ်လှည့်၊ လမ်းလယ်ခေါင်မှာ တံခါးဖွင့်ရင်း ရပ်ထားခဲ့တဲ့ ကားကိုတစ်လှည့် ကြည့်ရင်း “ခင်ဗျားကို ကျွန်တော် မသိဘူး” လို့ ပြောလိုက်တယ်။ ကျွန်တော့အသံက တိုးလို့လား ဒါမှမဟုတ် မသဲကွဲလို့လား မသိ၊ သူက ဘာမှ လှုပ်လှုပ်ရှားရှား ဖြစ်ဟန်မပြဘူး။ ပင်လယ်ဖက်ကို မျက်နှာမူပြီး ငေးကြည့်နေရင်းက "ဟိုးမှာ တွေ့လား တိမ်တွေ… အဲဒီတိမ်တွေဆီ အလည်သွားမလို့ ကောင်းကင်ပေါ်တက်ရအောင် လှေခါးတစ်စင်း လိုက်ရှာနေတာဗျ..." လို့ ပြောတယ်။ ရုတ်တရက် ကျွန်တော် လန့်သွားတယ်။ လန့်ဆို သူ့အသံကလည်း လိုတာထက် နည်းနည်းပို ကျယ်နေတာကိုး။ တစ်ဆက်တည်းမှာပဲ "လှေခါးရရင် ဘယ်မှာမှီထားရမလဲ ဒါမှမဟုတ် ဘာနဲ့ ထောက်ရမလဲဆိုတာပါ ထည့်စဉ်းစားရမယ် မှီစရာ တစ်ခုခု ဒါမှမဟုတ် ထောက်စရာ ဒေါက်တစ်ခုတော့ မရှိမဖြစ် လိုအပ်နေတယ်" လို့ သူ့ဟာသူ ပြောသလိုလို ကိုယ့်ကို မေးသလိုလိုနဲ့ ဆက်ပြောပြန်တယ်။ ဖြစ်ရလေ… ကောင်းကင်ပေါ်ရောက်အောင် တက်ဖို့ လှေခါးအတွက် ထောက်ထားစရာ အမှီအတွယ်တစ်ခု လိုက်ရှာနေသတဲ့။ သူ့ကို "ဒီမှာ… ဒီမှာ… ခင်ဗျား အေ ပုံသဏ္ဍာန် လှေခါးမျိုး တွေ့ဖူးသလား..." လို့ မေးလိုက်တယ်။ အေ ပုံသဏ္ဍာန် လှေခါးဆိုတာ တစ်ဖက်နဲ့ တစ်ဖက် မျှခြေညီအောင် ပြန်ထိန်းထားပြီး မှီတွယ်စရာ မလိုအပ်၊ သူ့ဟာသူ ရပ်တည်နိုင်တဲ့လှေခါးမျိုး။ သူက ခေါင်းယမ်းပြတယ်။ သူ့ကမ္ဘာမှာ အဲဒီလှေခါးမျိုး မရှိဘူး တဲ့။ သူ့စကားကိုကြားရတာ အံ့သြပြီး ရယ်ချင်ပေမဲ့ သူ့ကမ္ဘာ ဆိုတဲ့ အသုံးအနှုန်းကို မမျှော်လင့်ပဲ နှစ်သက်သွားတာကြောင့် မရယ်ဖြစ်တော့ဘူး။ သူ့ကမ္ဘာ တဲ့… ဒါဆို ကျွန်တော့်ကမ္ဘာကရော ဘယ်လိုများပါလိမ့်။

တစ်ချိန်တည်းမှာ ခေါင်းကို သုံးရာ့ခြောက်ဆယ် ဒီဂရီ ချာလပတ်လည်နေအောင် ဟိုမော့ ဒီမော့လုပ်နေတဲ့ သူ့ကို ကြည့်ရင်း ခင်မင်နှစ်လိုစိတ်ဝင်လာတယ်။ သူ့ကို မိတ်ဆွေဖွဲ့ချင်၊ စကားစမြည် ပြောချင်စိတ်ပေါ်လာတာကြောင့် “ဒါဆိုရင် ခင်ဗျားကို အေ ပုံသဏ္ဍာန် လှေခါးကူရှာပေးမယ်...” လို့ ပြောလိုက်တယ်။ ကျွန်တော့်အသံက ရှောရှောရှူရှူ သွက်သွက်လက်လက်ပဲ၊ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ပြီး အံ့အားသင့်နေမိသေးတယ်။ သူက ပြန်ပြောတယ်... ဒုက္ခမရှာပါနဲ့ဗျာ ကျွန်တော်က ကျွန်တော့်ကြောင့် ဘယ်သူ့မှ တာဝန်မပိုစေချင်ဘူး တဲ့။ တော်တော်လာတဲ့သူ...

ပြီးတော့ ဘာမပြောညာမပြော၊ သူ့ရဲ့ ညာဖက်လက်ကို ကျွန်တော့ဆီ ဟန်ပါပါနဲ့ ဆန့်တန်းပေးတယ်။ ဟာ... တယ်ဟုတ်ပါလား လို့ တွေးပြီး ရယ်ချင်စိတ်တစ်ဝက်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ရတယ်။ ရုတ်တရက်ဆိုတော့ သူ့ဆီက ဒီလိုအပြုအမူမျိုးကို မျှော်လင့်မထားဘူးလေ။ ဒါပေမဲ့ သူ လက်ကမ်းပေးပုံက သိပ်တော့ အဆင်ပြေပြေ ချောချောမွေ့မွေ့ မရှိလှဘူး။ အလေ့အကျင့်မရှိသလို၊ ကြိုးစားပြီး ကျင့်ယူထားရသလိုမျိုး၊ ထောင့်တောင့်တောင့်နဲ့။ ဒါပေမယ့် သူ့မျက်နှာကတော့ ဘာမှမထူးဆန်းလေဟန်၊ အေးအေးဆေးဆေး သက်တောင့်သက်သာပါပဲ။ တကယ့်ပွဲကြီးလမ်းကြီးတွေမှာ ယဉ်ကျေးဖွယ်ရာ နှုတ်ဆက်သလို ကျုပ်နာမည် ဘယ်သူပါ ဘယ်ဝါပါ ဆိုတာမျိုးတော့ သူ မပြောဘူး။ သူမပြောတော့ ကိုယ်လည်း မပြောရုံပေါ့။ ဒီလိုနဲ့ လက်ကို နှစ်ချက် သုံးချက် လှုပ်ယမ်းပြီး (ဟန်ဆောင်မှု ကင်းကင်းနဲ့) နှုတ်ဆက်လိုက်ကြတယ်။ အဲဒီကစပြီး သူနဲ့ ကျွန်တော် ရိုးရိုးရှင်းရှင်း မိတ်ဆွေအဖြစ်ကို ရောက်သွားကြတာပဲ။

(၃)
သူနဲ့ ကျွန်တော်ရဲ့ မိတ်ဆွေ ဘဝဟာ ပျော်စရာကောင်းတယ်။ သူလည်း ပျော်တယ်လို့ နှစ်ခါ သုံးခါမက ပြောဘူးတယ်။ သူ ဘာကြောင့်ပျော်တယ်ဆိုတာ ကျွန်တော် မသေချာဘူး။ ကျွန်တော်ကတော့ ကိုယ့်အသံ ကိုယ်ပြန်ကြားရလို့ ပျော်တာပါ။ အရင်ကလို သစ်ပင်တွေ သစ်ရွက်တွေ၊ မြက်ခင်းတွေနဲ့ ပင်လယ်ကို သွားပြီး စကားပြောကျင့်စရာ မလိုတော့ဘူးဆိုတာ ကျွန်တော့်အတွက်တော့ ပျော်စရာတစ်ခု မဟုတ်လား။ သူက ပင်လယ်ကို ချစ်တယ် ဒါပမယ့် ရေထဲမဆင်းချင်ဘူး၊ အဝတ်တွေရေစိုတာ သူ မကြိုက်ဘူး။ တိမ်တွေဆီ အလည်အပတ်သွားဖို့ကိစ္စကိုတော့ မကြာခဏ ပြောဖြစ်ကြတယ်။ တိမ်တွေပေါ်ကို တက်စရာ လှေခါးရှာကြဦးမလား လို့မေးရင် ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ဟက်ဟက်ပက်ပက် ရယ်နေတတ်တယ်။ သူက ပြောသေးတယ်၊ အဲဒီနေ့က ကျွန်တော့်ကို သူအဲဒီလိုပြောလိုက်တော့ ကျွန်တော် အံ့အားသင့်နေတဲ့ မျက်နှာဟာ သိပ်ရယ်စရာကောင်းသတဲ့။ နေနှင့်ဦးပေါ့ ကိုယ့်လူရာ… ကျုပ်ကလည်း ခင်ဗျား လှေခါးအတွက် ထောက်စရာ မှီစရာရှာတယ်ဆိုတာကို သိပ်ရယ်ချင်တာပါပဲ။ 

ကျွန်တော်တို့ ပထမဆုံး မိတ်ဆွေဖြစ်ခဲ့ရတဲ့နေရာ - ပင်လယ်ကမ်းစပ်မှာ စနေနေ့တိုင်း ဆုံလေ့ရှိကြတယ်။ ပြီးရင်တော့ သူ့ရဲ့ စက်သံကြမ်းကြမ်းနဲ့ ကားဟောင်းကြီးကိုမောင်းပြီး လူတွေနဲ့ဝေးဝေး ပန်းခြံတစ်ခုထဲက ရေကန်ကြီးဘေး အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ သွားထိုင်ကြတယ်၊ တစ်ခါ တစ်ခါ ဝိုင်အနီတွေ သောက်ကြတယ်။ ကျွန်တော်က ဝက်ပေါင်ခြောက်နဲ့ ဒိန်ခဲတွေ ဝယ်သွားတယ်။ သူကတော့ အာလူးချောင်းကြော်နဲ့ ကြက်ကြော်တွေ ယူလာတတ်တယ်။ စာအုပ်တွေလည်း သူ့ကားထဲမှာ တော်တော်များများ ပါလာတတ်တယ်။ အများအားဖြင့်ကတော့ နံရံအမြင့်ကြီးတွေအကြောင်း၊ တံတိုင်းတွေအကြောင်းနဲ့ လှေခါးတွေအကြောင်း ရေးထားတဲ့ စာအုပ်မျိုး၊ စာနည်းနည်း ပုံများများနဲ့ စာအုပ်ထူထူတွေ။ ကျွန်တော်ကတော့ သူ့ကို အင်ဂျင်နီယာလို့ ထင်နေတာပဲ၊ မေးတော့ မမေးဖြစ်ဘူး။ သူကလည်း ကျွန်တော့ကို ဘာမှ မမေးဘူး။ တစ်ရက်ကတော့ ကျွန်တော့လက်ထဲကိုင်လာတဲ့ ကဗျာစာအုပ်ပါးလေးကို သူယူကြည့်တယ်၊ ပြီးတော့ ကဗျာတွေ ရေးရ ဖတ်ရတာ ဘယ့်နှယ့်နေသလဲဗျ လို့ မေးတယ်။ ကျွန်တော်ဘာမှ ပြန်မပြောရသေးခင်မှာပဲ သူက ကဗျာတိုလေးတွေ ကြိုက်တယ် ဥပမာ မောင်ပန်းမွှေးပေါ့ဗျာ… တဲ့။ ခဏနေတော့ ကျွန်တော်တို့နှစ်ယောက် “မောင်ပန်းမွှေး ပို့စကဒ်ထဲက ကဗျာလေးတွေ ကူးရေးမယ်…” ဆိုတဲ့ ကိုင်ဇာရဲ့သီချင်းကို လက်ခုပ်တီးပြီး အတူတူ ဆိုကြတယ်၊ သီချင်းဆုံးတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြတယ်။ သူ့မျက်နှာမှာ ဘာမှ ထူးထူးခြားခြား အရိပ်အယောင်တွေ ရှာမရပေမယ့် ကျွန်တော်ကတော့ ပျော်နေတယ် ဆိုတာ သေချာပါတယ်။ မိတ်ဆွေတစ်ယောက်နဲ့အတူ သဘာဝနဲ့ မလှမ်းမကမ်းမှာ ထိုင်ကြတယ်။ ဟိုရောက် ဒီရောက် စကားတွေပြောရတယ်၊ ဝိုင်အတူ သောက်ရင်း ရီဝေရတယ်၊ စာလေး ကဗျာလေး ဖတ်ကြတယ် တစ်ခါတစ်ခါ သီချင်းဆိုကြတယ်၊ ဒါဆို ဘဝဟာ အတန်အသင့်တော့ ပြည့်စုံပြီး နေပျော်စရာပဲ မဟုတ်လား။ 

ကျွန်တော်တို့နှစ်ယောက်ဟာ ကိုယ်စီဘဝတွေအကြောင်း မပြောကြဘူး၊ လွမ်းတဲ့ ဆွေးတဲ့အကြောင်းတွေ မပြောကြဘူး၊ အသည်းကွဲဖူးသလားလို့ မမေးကြဘူး၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေးအကြောင်း မပြောဘူး။ ကိုးကွယ်ယုံကြည်တဲ့ ဘာသာရေးအကြောင်း မဆွေးနွေးဘူး။ ဘာစီးပွားရေးလုပ်သလဲဆိုတာ မဆွေးနွေးတဲ့အပြင် ဝင်ငွေအကြောင်းလည်း ဘယ်သူမှ စကားမစကြဘူး။ မိုးရွာတဲ့နေ့တွေရောက်ရင်တော့ ထိုင်နေကျ သစ်ပင်အောက်မှာ မိုးမလုံတော့တာမို့ နေရာပြောင်းရတယ်၊ အဲဒီအခါကျရင်တော့ ရာသီဥတုအကြောင်း မဖြစ်မနေ ပြောဖြစ်တယ်။ ဒါလည်း ကြီးကျယ်ခန်းနားတာ ဘာတစ်ခုမှ မပါဘူး၊ ပေါ့ပေါ့ပါးပါးပါ၊ ကမ္ဘာကြီး ပူနွေးလာတာ အိုဇုန်းလွှာ ပေါက်လို့ ဆိုတဲ့ အချက်နဲ့ ရာသီဥတုတွေ ဆိုးဆိုးရွားရွား ဖေါက်ပြန်ရွေ့လျားလာတာကိုတော့ နှစ်ယောက်စလုံး လက်ခံကြတယ်။ လှေခါးရရင် အိုဇုန်းလွှာကို သွားဖာကြရင်ကောင်းမယ်ဗျ လို့ ကျွန်တော်ပြောတော့ သူ ခေါင်းညိတ်တယ်၊ လှေခါးရှာပြီး တိမ်တွေဆီသွားဖို့အရေးဟာ သူ့ရဲ့ အတွေးထဲ အတည်အခန့် နေရာယူထားတယ်ဆိုတာ ကျွန်တော် သိတာပေါ့။ တစ်ခါက ကမ္ဘာပေါ်မှာ လှေခါးထစ်တွေ အများဆုံးရှိတဲ့နေရာဟာ ဘယ်နေရာဖြစ်မလဲ လို့ သူ မေးဖူးတယ်၊ ကျွန်တော်ဖတ်နေကျ စာအုပ်ထဲမှာတော့ မရှိဘူး၊ စာကြည့်တိုက်မှာ သွားရှာပေးမယ်လို့ ပြောတော့ သူကျေနပ်သွားတယ်။ သူက တော်တော်အမြင့်ကြိုက်တဲ့သူပဲ၊ သူမက်နေကျ အိပ်မက်တွေထဲမှာ မရေမတွက်နိုင်တဲ့ လှေခါးထစ်တွေကို တက်ရတယ်၊ တောင်ကုန်းမတ်မတ်တွေကို တွယ်ကုတ်ပြီး တက်သွားရတယ် ပြီးတော့ တိမ်တွေဆီကို ရောက်သွားတယ် ဆိုတာမျိုးတွေ ပြောပြတတ်တယ်။ အဲဒါ ကျွန်တော်တို့ ကမ္ဘာပဲ။ 

(၄)
ဒီနေ့ စနေနေ့။ ကျွန်တော်တို့ ဆုံနေကျနေရာကို ဟိုးအရင်စနေကလည်း သူ ရောက်မလာဘူး။ ပြီးခဲ့တဲ့ စနေကလည်း သူရောက်မလာဘူး။ အခု ဒီစနေမှာလည်း ညနေစောင်းလို့ နေလုံးကြီး ပင်လယ်ထဲကို ငုတ်လျှိးသွားတဲ့အထိ သူရောက်မလာခဲ့ဘူး။ ဒါပါနဲ့ဆို စနေသုံးပတ်ရှိသွားပြီဆိုတော့ ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်လာတယ်။ ခက်ပုံခက်နည်းက ကျွန်တော် သူနေတဲ့နေရာတို့ ဖုန်းနံပါတ်တို့ကို မေးမထားမိဘူး၊ ဒီတော့ သူ့ကို ဘယ်မှာ လိုက်ရှာရမှန်း၊ ဘယ်လို ဆက်သွယ်ရမှန်း မသိဘူး။ ယုတ်စွအဆုံး သူမောင်းလာတဲ့ နီညိုရောင် ကားရဲ့ နံပါတ်ကိုတောင် ကျွန်တော် သတိမပြုမိဘူး မှတ်မထားမိဘူး။ ဆုံနေကျ စနေနေ့တိုင်း တော်ဝင်ပန်းဥယျာဉ်ထဲက သစ်ပင်ကြီးအောက်မှာပဲ သွားစောင့်နေမိတယ်။ ဒီလိုနဲ့ ရက်သတ္တ လေးပတ်မြောက်တဲ့နေ့မှာ ဖတ်လက်စ နေ့စဉ်သတင်းစာတစ်စောင်ကို ကိုင်ရင်း ကျွန်တော်တို့ ဆုံနေကျ သစ်ပင်အောက်ကို ရောက်သွားတယ်။ စောင့်ရမှာက ကျွန်တော့အလုပ်ပဲ မဟုတ်လား။ မိုးမခပင်ကြီးတစ်ပင်အောက်က ခုံတန်းလျားလေးမှာ ထိုင်ပြီး သူ့ကို စောင့်နေရင်း လက်ထဲမှာ ကိုင်လာတဲ့ သတင်းစာထဲက ကားကြော်ငြာတွေကို တွေ့ရတော့ တစ်ခု သတိရသွားတယ်။ သူ့ကား စက်တစ်ခုခုချို့ယွင်းနေလို့လား လို့ အတွေးရောက်တယ်။ ဒါနဲ့ ကျွန်တော်တို့နေရာနဲ့ မနီးမဝေးမှာရှိတဲ့ ကားဟောင်း ကားသစ်တွေ ပြုပြင် ရောင်းဝယ် ဖေါက်ကားရာမှာ နာမည်ကြီးလှတဲ့ နေရာတစ်ခုကို ရောက်အောင်သွားတယ်။ မျက်စိတစ်ဆုံးကျယ်လွင့်တဲ့ မြေကွက်လပ်ကြီးထဲမှာ ကားတွေ ကားတွေ နည်းတာမဟုတ်ဘူး… အဲဒီ ထောင်ချီနေအောင် များပြားလှတဲ့ အရွယ်စုံ အရောင်စုံ အမျိုးအစားစုံလင်လှတဲ့ ကားတွေထဲမှာ နီညိုရောင် ပြားပြားရှည်ရှည် ကားတစ်စင်းကို လိုက်ရှာနေမိတယ်။ သူနဲ့ပတ်သက်ရင် ကျွန်တော်သိသမျှက အဲဒီကားနီညိုရောင်ပဲ မဟုတ်လား။ 

ကျွန်တော် ထင်တဲ့အတိုင်းပါပဲ။ တမျှော်တခေါ်မြင်နေရတဲ့ ကားဟောင်းတွေအများကြီးထဲမှာ ဆေးပြယ်နေတဲ့ မွဲခြောက်ခြောက် နီညိုရောင်ကားကို ကျွန်တော်တွေ့နေရပြီ။ သေသေချာချာကြည့်တော့ ကားရဲ့ ခေါင်းပိုင်းဟာ ပိန်လိန်ရှုံ့တွနေတယ်။ မီးလုံးတွေကလည်း ကွဲလို့။ ကားရဲ့ အရှေ့မှန်ကလည်း မရှိတော့ဘူး။ ရုတ်တရက် အတွေးတစ်ခု ခေါင်းထဲ ဖြတ်ပြေးသွားတယ်။ ဒါပေမယ့် အတွေးကို ချက်ချင်းဖျောက်ပြီး ဖွ ဖွ လွဲပါစေ ဖယ်ပါစေ… လို့ ခပ်တိုးတိုး ရွတ်လိုက်မိတယ်။ အဲဒီတုန်းမှာ စက်ဆီတွေ ပေကျံနေတဲ့ ဝတ်စုံကိုယ်စီနဲ့ လူတစ်စု အနားက ဖြတ်သွားတာတွေ့လို့ ဟိုကား နီညိုကို ညွှန်ပြပြီး သိချင်တာကို မြန်မြန်မေးရတယ်။ သူတို့ထဲက တစ်ယောက်က ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ဂိုထောင်ကို မေးဆတ်ပြတယ်။ အဲဒီမှာ သွားမေးပါတဲ့။ ကျွန်တော်လည်း ထူပူနေတော့ ကျေးဇူးတင်စကားကိုတောင် ကသောကမျော ပြောပြီး ဂိုထောင်ရှိရာကို သုတ်ခြေတင်လာခဲ့တယ်။ ဂိုထောင်ထဲမှာရှိတဲ့ လူနှစ်ယောက်ကို အကျိုးအကြောင်းပြောပြတော့ သူတို့က စာအုပ်တစ်အုပ် ထိုးပေးတယ် အဲဒီအထဲမှာ ရှာကြည့်ပါ တဲ့။ ကားပုံနဲ့ ကားပိုင်ရှင်ပုံတွေကို နေ့စွဲအလိုက် စာရင်းသွင်းထားတယ်။ ကျွန်တော့်ဆီကို သူရောက်မလာတဲ့ စနေနေ့ကို နောက်ပြန် ပြန်တွက်ကြည့်ပြီး အဲဒီရက်အပိုင်းအခြားကို ရှာရတယ်။ တွေ့ပါပြီ… သူမှ သူ အစစ်။ ဓါတ်ပုံထဲမှာ သူက ထုံးစံအတိုင်း မထီတရီအပြုံးနဲ့။ ပုံအောက်က စာထဲမှာတော့ ကျွန်တော်တို့ ချိန်းတဲ့နေရာကို သူ ရောက်မလာခဲ့တဲ့ ပထမဆုံး စနေနေ့ နေ့စွဲကို ရေးထားတယ်။ ပြီးတော့… အမြန်လမ်းမကြီး နံပါတ် အေ (၄၀) ၊ ထွက်ပေါက်အမှတ် (၂၂) ၊ ကားမတော်တဆ၊ နေရာတွင် ချက်ချင်း ကွယ်လွန် တဲ့။ စာကြောင်းတိုလေးတွေ… အဲဒီစာကြောင်းတိုလေးတွေဟာ ကျွန်တော့်အတွက်တော့ ဖတ်လို့ မဆုံးနိုင်အောင် တရှည်တလျားနဲ့မို့ အထပ်ထပ်ဖတ်ရင်း မယုံနိုင်စရာ ရင်ဘတ်ထဲမှာ စူးအောင့် နာကျင်မှုကို ခံစားရတယ်။ ဒါ ပင်လယ်ကို ရောက်ဖို့ မောင်းလာရတဲ့ လမ်းမကြီးပဲ။ ထွက်ပေါက်နံပါတ် (၂၂) က ထွက်လိုက်ပြီး ဆယ်မိနစ်လောက် ဆက်မောင်းလိုက်ရင် ပင်လယ်ကမ်းစပ်ကို ရောက်တယ်လေ။ ခင်ဗျား ဗျာ… ဆယ်မိနစ်လောက်လေး လိုတော့တာ ဘာဖြစ်လို့ ရောက်အောင် မောင်းမလာနိုင်ခဲ့တာလဲ လို့ တတွတ်တွတ် ရေရွတ်နေမိတယ်။ ဒါပေမယ့် အသံက အပြင်ကို ထွက်မလာခဲ့ဘူး။ စာအုပ်ကို ဘယ်လို ချထားခဲ့သလဲ၊ ဂိုထောင်ထဲက လူတွေ ဘာဖြစ်ကျန်ခဲ့သလဲ၊ ဂိုထောင်အပြင်ကို ဘယ်လိုခြေလှမ်းတွေနဲ့ ရောက်လာခဲ့သလဲ ကျွန်တော် မသိတော့ဘူး၊ ဘာဆို ဘာမှ မသိတော့ဘူး။ 

သိတဲ့အချိန်မှာ ကျွန်တော်တို့နှစ်ယောက် ဆုံနေကျ ပင်လယ်ကမ်းစပ်နားကို ရောက်နေခဲ့ပြီ။ လှိုင်းတွေက ကမ်းစပ်ကို အဆက်မပြတ် ရိုက်ခတ်နေကြတယ်။ လေအေးအေးလေးက ညင်ညင်သာသာတိုက်လို့။ သာယာတဲ့ ညနေခင်းတစ်ခုပါ၊။ ကောင်းကင်ပေါ်ကို မော့ကြည့်တော့ တိမ်တွေက ကျွန်တော့ကို ပြုံးပြနေသလိုပဲ။ ဟိုလူက သူချစ်တဲ့ တိမ်တွေဆီကို လှေခါးရှာစရာမလိုပဲ ရောက်သွားပြီဆိုတာ သေချာပါတယ်။ အခု သူ တိမ်တွေကြားကနေ ကျွန်တော့ကို ပြုံုးပြနေတယ်။ ဟေ့လူ… ခင်ဗျားက ကောင်းကင်မှာနေရင် ကျုပ်က ပင်လယ်မှာ နေမှာပေါ့ဗျ လို့ လှမ်းပြောလိုက်တယ်။ အသံကတော့ အပြင်ရောက်မလာခဲ့ဘူး။ စကားအဆုံးမှာ တိမ်တိုက်တွေက နားလည်သလို ပျော်ရွှင်ဟန်နဲ့ ဖြေးဖြေးလေး ဟိုဖက် ဒီဖက် ယိမ်းထိုး ကခုန်လို့။ အဲဒီအချိန်မှာ “သိပ်ဆွေးကြောင်း တို့ သိသွားအောင် စာရွက်ပေါ် ရေစက်ချကွယ်…” ဆိုတဲ့ သီချင်းကို လက်ခုပ်တီးပြီး အတူတူဆိုရင်း ဟက်ဟက်ပက်ပက် ရယ်မောခဲ့ဖူးတာကို ရုတ်တရက် သတိရသွားတယ်။ အခုကတော့ ရေစက်တွေ ဘာတွေ ချနေစရာ မလိုပါဘူး။ အဆက်မပြတ်ကျနေတဲ့ မျက်ရည်စက်တွေက လက်ထဲမှာ ကိုင်ထားတဲ့ သတင်းစာရဲ့ စာမျက်နှာတွေပေါ်မှာ သူ့အလိုလို စိုစွတ်နေခဲ့တာပါ။

(၅)
အဲဒီနောက်ပိုင်းမှာ ကျွန်တော်လည်း အသံထွက်ဖို့ကို လုံးဝနီးပါး မေ့လျော့သူတစ်ယောက် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် မိသားစုရဲ့ စီစဉ်တိုက်တွန်းမှုနဲ့ မနက်ဖြန် ကျွန်တော် ဆရာဝန်တစ်ယောက်နဲ့ သွားတွေ့ရမယ်။ လက်ထဲမှာ အဆင်သင့်ရှိနေတဲ့ လိပ်စာကဒ်ပြားကို ငုံ့ကြည့်လိုက်တယ်။ ဆရာဝန်နာမည်ရဲ့ အောက်မှာ ရေးထားတဲ့ စာကြောင်းက နား နှာခေါင်း လည်ချောင်း နဲ့ အသံလမ်းကြောင်းဆိုင်ရာ အထူးကု သမားတော်ကြီးတဲ့။ ကျွန်တော် နည်းနည်းပြုံးမိတယ်၊ ကျွန်တော့်မှာ အရင်က မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးတဲ့အကြောင်း၊ သူဟာ အထူးကု သမားတော်တစ်ယောက် မဟုတ်ပေမယ့် ကျွန်တော် အသံထွက်လာအောင် ကုသနိုင်စွမ်းရှိတဲ့အကြောင်း၊ ဒီလို ဂုဏ်ထူး ဘွဲ့ထူးတွေနဲ့ ပညာတွေ မရှိပေမယ့် သူနဲ့တွေ့ရင် ကျွန်တော် အလိုလို အသံထွက်တဲ့အကြောင်းနဲ့အတူ အခုဆိုရင် သူဟာ လှေခါးမလိုပဲနဲ့ တိမ်တွေပေါ်ကို ရောက်အောင် တက်သွားနိုင်တဲ့သူတစ်ယောက် ဖြစ်တယ် ဆိုတဲ့အကြောင်းတွေ ပြောပြလိုက်ရင် ကောင်းမလား ဆိုတာကိုတော့ ကျွန်တော် စဉ်းစားနေတုန်းပဲ။ 

သက်ဝေ
(၂၄ စက်တင်ဘာ ၂၀၁၈)

- ၂၀၁၈ ဒီဇင်ဘာလထုတ် Idea Magazine တွင် ဖေါ်ပြပြီးဖြစ်သည်။

Monday, September 24, 2018

ပျော်ရွှင်မှု မိုးရေစက်များ

ဒီနေ့ဟာ မိုးနေ့ပဲ။
မိုးချည်းပဲရွာပြီး လေမတိုက်တဲ့အချိန်ဆိုရင် မိုးစက်တွေ မိုးပေါ်က ကျလာပုံဟာ အဖြူရောင် ဒေါင်လိုက်မျဉ်းပြိုင်တွေအတိုင်း ညီညာ ဖြောင့်တန်းလို့။ ဒေါသ အနည်းငယ်စွက်နေဟန်တူတဲ့ အဲဒီမိုးရေစက်တွေကပဲ သစ်ပင်တွေပေါ်က ကြွေလုကြွေခင် အရွက်ခြောက်တွေနဲ့ ပွင့်ဖတ်တွေကို တစ်ခါတည်း ခြွေချသွားသေးတယ်။ သစ်ပင်ခြေရင်းမှာတော့ ညိုဝါဝါ အရောင်အဆင်းနဲ့ ရွက်ကြွေတွေဟာ ပွင့်ဖတ်အနွမ်းတွေနဲ့ ရောနှောပြီး အနည်းငယ် လှုပ်ရှားလွန့်လူးလို့၊ မိုးရေစက်တွေက မရပ်မနား ကျနေတော့ သူတို့လေးတွေ နာကျင်နေမှာပေါ့နော်။ သစ်ရွက်လေးတွေလည်း နာကျင်မှုကို သိကြတာပဲ။ ပွင့်ဖတ်နွမ်းနွမ်းတွေကလည်း နာကျင်မှုကို သိကြတာပဲ။ ကျွန်တော် မနက်တိုင်း အစာကျွေးနေကျ မိညောင်လို့ နာမည်ပေးထားတဲ့ ကြောင်ကလေးကတော့ မိုးစက်တွေနဲ့ လွတ်အောင် ရှောင်ပုန်းနားနေစရာ နေရာလေးတစ်ခုကို အထိတ်ထိတ် အလန့်လန့် မျက်နှာနဲ့ လိုက်ရှာနေတယ်။ မကြာခင်မှာပဲ သူ့ရဲ့ အသိဉာဏ်လေးရှိသလောက်နဲ့ ရှာထားတဲ့ သစ်ပင်ခပ်သေးသေးတစ်ပင်အောက်မှာ ငြိမ်ပုပြီး ထိုင်နေလေရဲ့။ အမွှေးညိုလေးတွေမှာလည်း မိုးရေစက်တွေ စိုစိုစွတ်စွတ်၊ မျက်လုံးဝိုင်းနဲ့ သူ့မျက်နှာသေးသေးလေးကလည်း သနားစရာလေး။ မိုးတွေ ရွာပေမယ့် လမ်းပေါ်မှာလည်း လူတွေက ထီးကိုယ်စီနဲ့ ဟိုဒီ သွားလာလှုပ်ရှားနေကြမြဲ၊ တစ်ချက် တစ်ချက် လေပြင်းပြင်းတိုက်လိုက်ရင်တော့ သူတို့ဟာ ထီးလက်ကိုင်တွေကို ခပ်တင်းတင်းဆုတ်ထားလိုက်ကြတယ်။ မိုးကာအရှည်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ကြသူတွေကိုလည်း တွေ့ရဲ့။ ကားတွေ ဆိုင်ကယ်တွေလည်း အရှိန်နှေးနှေးပေမယ့် အသွားအလာ မပျက်ပါ။ အခုလို သည်းသည်းမည်းမည်းရွာနေတဲ့နေ့မျိုးမှာတောင် ရှောင်လွှဲလို့ မရတဲ့ စားဝတ်နေရေးတွေအတွက် တာဝန်တွေ ကိုယ်စီရှိကြတယ် ထင်ပါရဲ့နော်။

•••••

အဲဒီမြင်ကွင်းတွေနဲ့ မိုးရေစက်တွေကိုငေးကြည့်ရင်း ငယ်ငယ်က မိသားစုစုံလင်တဲ့ မိုးနေ့တွေကို ပြန်သတိရမိတယ်။ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ နေ့စွဲတွေ…။ အိမ်ငယ်လေးတစ်လုံးထဲမှာ ဖေဖေရယ် မေမေရယ် မောင်လေးရယ် ကျွန်တော်ရယ် နောက်ပြီး ကြောင်ဖြူကလေးတစ်ကောင်ရယ်ပေါ့။

မိုးတွေ သည်းလာပြီဆိုရင် အိမ်ထဲကို မိုးပက်မှာစိုးတော့ ပြတင်းပေါက်တွေ အကုန်လုံးပိတ်ထားရတယ်။ ဖေဖေက ကလေးတွေ အအေးမမိစေနဲ့၊ အိမ်ထဲမှာ နွေးနွေးထွေးထွေး နေကြဟေ့… လို့ ဆော်သြလေ့ရှိတယ်။ ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဆိုပေမယ့် အပြင်သွားစရာ အကြောင်းအရာတွေ၊ သာရေး နာရေး လူမှုရေး အစရှိတဲ့ ခေါင်းစဉ်တွေလည်း ထူးထူးထွေထွေ ရှိမနေပါဘူး။ ပိတ်ရက်တွေတိုင်းဟာ အေးအေးဆေးဆေး သက်တောင့်သက်သာ အနားယူလို့ရတဲ့ နေ့ရက်တွေပါပဲ။ ရုပ်မြင်သံကြားကလည်း အခုလို နှစ်ဆယ့်လေးနာရီ မရဘူး၊ ညဖက်မှ လာတာဆိုတော့ နေ့လည်နေ့ခင်းတွေဟာ မိသားစု အနားယူဖို့ အပန်းဖြေဖို့ သက်သက်ပါပဲ။ အချိန်ရှိသရွေ့ တယ်လီဖုန်းတွေ၊ တက်ပလက်တွေလည်း ငုံ့ကြည့်နေစရာမရှိတာမို့ ကျွန်တော်တို့တွေ စာအုပ်ကိုယ်စီနဲ့ စောင်ထဲမှာ လုံးထွေးလို့၊ နေ့လည် တစ်နာရီခွဲကနေ နှစ်နာရီအထိ လာလေ့ရှိတဲ့ မြန်မာ့အသံ အင်္ဂလိပ်ပိုင်း အစီအစဉ်က သီချင်း သုံးပုဒ်ကို စောင့်နားထောင်လို့။ Abba အဖွဲ့ ဒါမှမဟုတ် Boney M အဖွဲ့တွေက သီချင်းမျိုး လာတဲ့နေ့ဆိုရင် ကျွန်တော်တို့ ရသလောက် လိုက်ဆိုရင်း စိတ်လှုပ်ရှား ပျော်ရွှင်လို့။ နေ့လည် သုံးနာရီ ကော်ဖီချိန်ရောက်တော့ မေမေဖျော်နေတဲ့ လက်ရွေးစင် ကော်ဖီရဲ့ အနံ့ဟာ တစ်အိမ်လုံး မွှေးပျံ့နေတာ။ ကော်ဖီသောက်လို့ ရပြီဟေ့ ဆိုရင် အိပ်ရာထဲ စောင်တွေထဲက ထလာကြပြီး မိသားစုမုန့်ပုံးထဲက ဘီစကစ်အဝိုင်းလေးတွေနဲ့ ကော်ဖီပူပူနဲ့ တို့စားကြတာပဲ။ မောင်လေးက မိသားစုမုန့်ပုံးပေါ်က ပုံကို လက်နဲ့ထောက်ရင်း ဖေဖေ မေမေ မမ သားသားလို့ ရေရွတ်လိုက်ရင်တော့ အကုန်လုံး ရယ်မောရပြန်တာ။ အဲဒီမုန့်ပုံးကို မြင်တိုင်း သူအမြဲပြောနေကျ၊ သူပြောတိုင်းလည်း ကျွန်တော်တို့ အားလုံး (ဘယ်တော့မှ မရိုးနိုင်ပဲ) ပျော်ပျော်ပါးပါး ရယ်မောနေကျ။ ကော်ဖီသောက် မုန့်စားပြီးရင်တော့ စောင်ထဲပြန်ဝင်ပြီး စာဖတ်ကြတာပဲ။

သိလား... ကြောင်ဖြူလေးကလည်း ချမ်းတတ်တယ်။ စောင်ထဲကို ဝင်ချင်လို့ သူ့လက်ကလေးနဲ့ လူတွေကို လိုက် လိုက် တို့တယ်။ သဘောကောင်းတဲ့မောင်လေးက စောင်ကိုဖွင့်ပေးလိုက်ရင် တိုးဝင်သွားပြီး ခွေအိပ်နေတော့တာ။ မောင်လေးက ကာတွန်းဖတ်ပြီး တခစ်ခစ်ရယ်ရင် ကြောင်လေးက သူ့ကို မြှူတယ်ထင်ပြီး ထဆော့တတ်သေးတယ်။ မောင်လေးက နားထဲမှာ နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်တော့ ကြောင်လေးက သူပါ နားထောင်ချင်သလို မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေတတ်တယ်။ သူ့နားထဲကို နားကြပ်ထည့်ပေးရင် အစပိုင်းမှာ နည်းနည်းထိတ်လန့်သလို ခေါင်းကို ခါထုတ်တတ်တယ်။ သိပ်ဆူတဲ့ သီချင်းကို ကြောင်ဖြူလေးက မကြိုက်ဘူး။ အေးအေးဆေးဆေး သီချင်းမျိုး ဖွင့်ပြီး အသံကို နည်းနည်းတိုးပေးလိုက်ရင်တော့ ငြိမ်ပြီး နားထောင်နေတာပဲ။ နားကြပ်တစ်ခုကို မောင်လေးနဲ့သူနဲ့ ကြိုးကလေးသွယ်ပြီး တစ်ယောက် တစ်ဖက်စီ နားထောင်နေကြတဲ့မြင်ကွင်းဟာ ပျော်စရာ ပြီးတော့ ချစ်စရာလေး။ အခုခေတ်လို ကင်မရာတွေ လက်ကိုင်ဖုန်းတွေ အလွယ်တကူ မပိုင်ဆိုင်ကြသေးတဲ့ အချိန်ဆိုတော့ အဲဒီကြောင်ကလေးမှာ အမှတ်တရ ဓါတ်ပုံမရှိရှာဘူး။

စာဖတ်ရတာ ပျင်းလာပြီ ညောင်းလာပြီ ဆိုရင်တော့ မိုးရွာတာ ကြည့်ဦးမယ်ဆို စောင်တွေထဲက ထွက်၊ ပြတင်းပေါက်ကို နည်းနည်းချင်းစီ ဟပြီး ဖွင့်ရတယ်။ ဟော... မိုးက စဲနေပြီပဲ... လို့ ကျွန်တော်က အသံကျယ်ကျယ်နဲ့ အော်လိုက်ရင်တော့ အားလုံး အခန်းအပြင်ရောက်လာကြတာပဲ။ ပိတ်ထားတဲ့ တံခါးတွေ ခန်းဆီး လိုက်ကာတွေ ဖွင့်လိုက်ကြတယ်။ ပြီးရင်တော့ ပြတင်းပေါက်ကမြင်ရသမျှ မြင်ကွင်းကို ရုပ်ရှင်ပြကွက်တစ်ခုလို မရိုးနိုင်ပဲ ကြည့်ကြပြန်တယ်။ အိမ်ရှေ့က ဓါတ်ကြိုးတန်းမှာ တွဲခိုနေတဲ့ မိုးရေစက်အလုံးလေးတွေကို လှမ်းကြည့်ရတာ ကလေးဘဝက ပျော်ရွှင်စရာတွေထဲက တစ်ခုအဖြစ် အခုထိ အမှတ်ရနေတုန်းပဲ။ ဆပ်ပြာပူဖေါင်းလေးများ အချိန်စေ့ရင် သူ့အလိုလို မှိန်ဖျော့ ပါးလျပြီး ဖေါက်ကနဲ ပေါက်သွားတတ်ကြသလို အဲဒီရေစက်လေးတွေကလည်း သူတို့အလေးချိန်ကို သူတို့ ထိန်းမထားနိုင်တဲ့အခါကျရင် ဖျတ်ဆို ပြုတ်ကျသွားကြတာ။ ဓါတ်ကြိုးတန်းတွေပေါ် ခိုတွေ ကျီးကန်းတွေ လာနားပြီး ရုတ်တရက် ထပျံကြရင်တော့ ရေစက်တွေ တော်တော်များများ တစ်ချိန်တည်း ပြုတ်ကျသွားတတ်တယ်။ ငြူစူရကောင်းစေလို့ မထင်ပါဘူး။ ကလေးပီပီ ပျော်ရွှင် ရယ်မောနေခဲ့တာပါပဲ။

မိုးစဲသွားတဲ့ကောင်းကင်ဟာ စောစောကလို မှုန်မှိုင်းမနေတော့ဘူး၊ အပြာရောင်သမ်းစပြုလာပြီ။ သစ်ရွက်တွေကလည်း မိုးရေစက်တွေက ရေချိုးပြီး အလှဆင်ပေးလိုက်သလို စိမ်းစိုလင်းလက်နေတာပဲ။ အဲဒီလို သန့်ရှင်းနေတဲ့ သစ်ပင်၊ သစ်ရွက်တွေ ပန်းပွင့်ရောင်စုံတွေ၊ မြက်ခင်းတွေနဲ့ အိမ်ရှေ့က လမ်းလေးတွေကို ပြပြီး ကျွန်တော်တို့ကိုလည်း ကလေးတွေ သန့်ရှင်းအောင် ရေချိုးကြတော့ လို့ မေမေက ပြောတယ်။ ရေမိုးချိုးပြီးတော့ ကျွန်တော်တို့ မောင်နှမက ညနေစောင်း နေဝင်ချိန်လေးကို သီချင်းနားထောင်ရင်း စောင့်ကြည့်၊ ဖေဖေက အိမ်ထဲမှာ စာဖတ်၊ မေမေကတော့ ညစာ ချက်နေတာပေါ့။ ကြောင်ဖြူလေးက ကျွန်တော်တို့အနားမှာ ငြိမ်ငြိမ်သက်သက် လာထိုင်လို့ သူလည်း မေမေ့လက်ရာ ညစာကို မျှော်နေပုံပဲ။ ခဏနေတော့ မီးအားမပြည့်တပြည့် မီးပွင့်နီကျင်ကျင်လေးတွေ ဖွင့်ပြီး မိသားစု ညစာ အတူတူစားကြတာပေါ့။ ဘယ်လောက် ပျော်စရာကောင်းတဲ့ အချိန်တွေလဲ။

•••••

ရေးလက်စ စာ တစ်ပိုင်းတစ်စမှာ သတိရလို့ အိမ်အပြင်ကို လှမ်းကြည့်လိုက်တော့ အခုနက ဒေါကြီးမောကြီးနဲ့ ရွာနေတဲ့မိုးဟာ တိတ်သလောက် ဖြစ်နေပြီ။ မိုးသားနဲ့ ညအမှောင်နဲ့ အနည်းငယ် ရောနှောစပြုနေပြီ။ နေဝင်တာကိုလည်း မသိလိုက်ရပါလားလို့ တွေးရင်း ငယ်ငယ်က မိုးနဲ့ အခုမိုးကို (အလိုလို) နှိုင်းယှဉ်ကြည့်မိလျက်သား ဖြစ်သွားတယ်။ ငယ်ငယ်တုန်းက ငေးမောနေကျ၊ မြင်ဖူးနေကျ မိုးဟာ ဒီနေ့ ရွာသွားတဲ့ မိုးလို သစ်ပင်ပေါ်က သစ်ရွက်ခြောက်တွေကို ဒေါနဲ့ မောနဲ့ ခြွေချခဲ့ပုံလည်း မရပါဘူး၊ သစ်ပင်ခြေရင်းမှာ နာကျင်မှုနဲ့ လူးလွန့်နေတဲ့ ရွက်ခြောက်တွေ ပွင့်ဖတ်အနွမ်းတွေလည်း မရှိကြပါဘူး။ သစ်ပင် သစ်ရွက်တွေနဲ့ ပန်းရောင်စုံတွေဟာ ရေချိုးထားသလို ပကတိ သန့်ရှင်းကြည်လင်ပြီး စိမ်းစိုလို့၊ ကျွန်တော်တို့အားလုံးလည်း စိတ်ရောကိုယ်ပါ အေးမြငြိမ်းချမ်းလို့သာ ကျန်နေခဲ့တာပါ။ ဒီနေ့ရွာသွားတဲ့မိုးကတော့ဖြင့်… ကြည့်ပါဦး… ရေစိုနေတဲ့ ဒါဏ်ရာရ သစ်ရွက်ခြောက်တွေနဲ့ ပွင့်ဖတ်ကြွေ အပိုင်းအစတွေက နေရာအနှံ့၊ နာကျင်မောပန်းနေဟန်တူတဲ့ သစ်ပင်ကြီးတွေက ခပ်ငြိမ်ငြိမ်၊ အုန်းလက်အကျိုးအပဲ့တွေနဲ့ သစ်ကိုင်းခြောက်တစ်ချို့ကတော့ လူသွားစင်္ကြန်လမ်းပေါ်မှာ ဖရိုဖရဲ ကန့်လန့်ဖြတ် လဲကျလို့။ လူတွေ ကားတွေကလည်း အနားမနေနိုင်၊ သူတို့ကိစ္စနဲ့သူတို့ လှုပ်ရှားသွားလာနေမြဲ။ မိုးစက်လေးတွေတွဲခိုနေတဲ့ ဓါတ်ကြိုးတန်းတွေလည်း မတွေ့ရ၊ ခုနက မိုးစိုနေတဲ့ကြောင်လေး မိညောင်ကတော့ ကြောက်တဲ့ အရှိန် ပြေသေးဟန်မတူ၊ ခေါ်တာတောင် လှည့်ကြည့်ဖေါ်မရဘူး၊ သစ်ပင်အောက်မှာ ပုံစံမပျက် ဝပ်နေတုန်း။ အဲဒီမြင်ကွင်းတွေကြည့်ရင်း၊ ငယ်ငယ်က မိုးနေ့တွေကို ပြန်သတိရရင်း စာရွက်ဖြူဖြူပေါ်မှာ ကျွန်တော်ချရေးမိတဲ့ စာကြောင်းတွေကလည်း မိုးရေစက်တွေ ထိခတ်ခံထားရသလို မျှော်လင့်မထားတဲ့ ဝမ်းနည်းခြင်းတွေနဲ့ စိုစွတ်နေပါလား။ မိုးရွာပြီးစခြင်း အတူတူကို ငယ်ငယ်က မိုးနေ့တွေနဲ့ မတူပဲ ပျော်စရာမကောင်းတော့တာ ဘာကြောင့်ပါလိမ့်။

အရင်ကတော့ ကျွန်တော်ကပဲ အလွယ်တကူ ပျော်ရွှင်တတ်လို့လား၊ ပျော်ရွှင်စရာတွေကပဲ ကျွန်တော့်ဆီ အလွယ်တကူ ရောက်လာတတ်လို့လား မသိဘူး၊ အရာရာတိုင်းဟာ ပျော်ရွှင်စရာတွေချည်းပဲ၊ တွေးကြည့်ရင် လှိုက်လှဲပျော်ရွှင်ခဲ့ရတဲ့ နေ့စွဲတွေ၊ အချိန်တွေ၊ အဖြစ်အပျက် အကြောင်းအရာတွေ တော်တော်များပါတယ်။ ကြိုးတန်းပေါ်က မိုးရေစက်တွေဟာလည်း ပျော်ရွှင်မှုပဲ၊ တဖျတ်ဖျတ်လှုပ်ခါနေတတ်တဲ့ ခန်းဆီးစလေးဟာလည်း ပျော်ရွှင်မှုပဲ၊ သွပ်မိုးပေါ်ကို မိုးစက်တွေကျတဲ့အသံကလည်း ပျော်ရွှင်မှုပဲ၊ မိသားစု မုန့်ပုံးထဲက ဘီစကစ်ချပ်တွေဟာလည်း ပျော်ရွှင်မှုပဲ၊ ရေဒီယိုက လာလေ့ရှိတဲ့ Boney M ရဲ့ River of Babylon နဲ့ Abba ရဲ့ Super Trouper ကလည်း ပျော်ရွှင်မှုပဲ၊ ရှုမဝမဂ္ဂဇင်းထဲက ဝါကျင့်ကျင့်စာရွက်လေးတွေကလည်း ပျော်ရွှင်မှုပဲ၊ တဂျစ်ဂျစ် အသံမြည်အောင်လှည့်ပြီး ဆက်ရတဲ့ အမည်းရောင်တယ်လီဖုန်းတစ်လုံးဟာလည်း ပျော်ရွှင်မှုပဲ၊ မီးရောင်မှိန်မှိန်နဲ့ ဧည့်ခန်းလေးဟာလည်း ပျော်ရွှင်မှုပဲ။ ဖေဖေ မေမေ မောင်လေး... ပြီးတော့ ကြောင်ဖြူလေး… ပြောရရင် အရာရာဟာ ပျော်ရွှင်မှုတွေ ပြည့်နှက်လို့ပါပဲ။

အခုအချိန်မှာတော့ ပျော်ရွှင်မှုဆိုတာ ဘာကိုခေါ်တာပါလိမ့်လို့ တွေးရင်း တွေးရင်း အရာရာဟာ ဇဝေဇဝါဖြစ်လာခဲ့တယ်။ ဘယ်အရာကမှ ထူးထူးခြားခြား ပျော်စရာကောင်းလှချည့်လို့ မခံစားရတော့တာလည်း တော်တော် ကြာနေပြီ။ အများသူငါတွေ အားကျ ငေးမောကြရတဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ နေရာဒေသ အသစ်အဆန်းတွေ၊ အရသာရှိလှပါတယ်ဆိုတဲ့ စားကောင်းသောက်ဖွယ်တွေ၊ ဆန်းသစ်ခေတ်မီတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ… ဘယ်အရာမျိုးတွေကမှ ကျွန်တော့်စိတ်ကို ပျော်ရွှင်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ တစ်ခါတစ်ခါ မျက်စိလည် လမ်းမှားပြီး ရောက်လာတတ်တဲ့ ပျော်ရွှင်မှုအပိုင်းအစ ခပ်သေးသေးတွေဟာလည်း အစစ်အမှန်တွေ မဟုတ်ကြလို့ ထင်ပါရဲ့၊ ကျွန်တော့်ဆီမှာ ဘယ်တော့မှ ကြာကြာမနေတတ်ကြဘူး၊ လှိုက်လှဲဝမ်းသာ ပျော်ရွှင်ရတော့မလိုလိုနဲ့ ထင်ယောင်ထင်မှား ဖြစ်ပြီး ခဏနေတော့ သူ့အလိုလို အငွေ့ပျံ ပျောက်ကွယ်သွားတတ်တာတွေချည်းပါပဲ။

တကယ်ပဲ ပျော်စရာမကောင်းတော့ဘူးနော်၊ ဘယ်လိုမှ မပျော်တတ်တော့အောင် ကိုယ်ရော စိတ်ပါ ထုံပေပေဖြစ်သွားပြီတယ် ထင်တယ် လို့ တစ်ယောက်တည်း ရွတ်ဆိုညည်းတွားနေရင်း တစ်နေ့ပြီး တစ်နေ့ (မကုန်ချင်လည်း) ဒီလိုပဲ ကုန်ရပြန်တယ်။ စိတ်ပါတဲ့နေ့တွေမှာဆိုရင်တော့ သတိရသမျှကို ဟိုတစ်စ ဒီတစ်စ (အခုလို စာကြောင်းတွေ) ချရေးဖြစ်တယ်။ ပြန်ဖတ်လိုက်မိတဲ့အခါတိုင်း မိုးတွေ တစ်စက်တစ်ပေါက်မှ ရွာမနေပါပဲနဲ့ ကိုယ့်ရင်ကို အေးမြပြီး ကိုယ့်မျက်ဝန်းကို အလိုလို စွတ်စိုလာစေနိုင်တဲ့ စာကြောင်းတွေပေါ့။

သက်ဝေ
(၂၆ မေ - ၂၆ ဇူလိုင်၂၀၁၈)

၂၀၁၈ အောက်တိုဘာလထုတ် Idea Magazine တွင် ဖေါ်ပြပြီးဖြစ်သည်


Wednesday, August 1, 2018

• တစ်ခါက လက်ဆောင် •

အခန်းတံခါးကို ဖွင့်လိုက်တော့ တံခါးအဝက ကြမ်းပြင်ပေါ်မှာ ဖဲကြိုးအနက်ရောင်စည်းထားတဲ့ လက်ဆောင်ထုပ်တစ်ခုကို မမျှော်လင့်ပဲ တွေ့လိုက်ရတယ်။ တွေ့တွေ့ခြင်း ဒါဟာ လက်ဆောင်ထုပ်ရယ်လို့ အတတ်ပြောနိုင်တာကလည်း သေသေသပ်သပ် လှလှပပ ထုပ်ပိုးပြီး ဖဲကြိုးနဲ့ ပန်းပုံဖေါ်ပြီး စီးနှောင်ထားတာကို မြင်လိုက်ရလို့ပဲ။ ရုတ်တရက် ကောက်ယူမယ် ပြင်ပြီးမှ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပြီး လက်ကို အသာ ပြန်ရုပ်လိုက်တယ်။ ပြီးတော့ အဲဒီအထုပ်ကလေးကို သေသေချာချာ ကြည့်နေမိတယ်။ လေးထောင့်မကျတကျ လက်တစ်ဝါးသာသာအရွယ်ရှိတဲ့ ရှည်မျောမျော လက်ဆောင်ထုပ်ကလေးဟာ ဖဲကြိုးအနက်ရောင်ကို ပန်းပွင့်ပုံပေါ်အောင် ခွေလိပ် ချည်ထားရုံသာမက ထုပ်ထားတဲ့ ထုပ်ပိုးစက္ကူကလည်း အနက်ရောင်နဲ့ပဲ။ အနက်ရောင်မှ ဘာအစက်အပြောက်၊ ဘာအဆင်ဒီဇိုင်း၊ ဘာပန်းပွင့် တစ်ပွင့်တလေမှ မပါတဲ့ အနက်ရောင်ပြောင်ပြောင် စက္ကူလေးနဲ့။ ဒီလက်ဆောင်ကို အိမ်ခန်းဝအရောက် ပို့လိုက်တဲ့သူဟာ ကိုယ် အနက်ရောင်ကို သိပ်ကြိုက်မှန်းသိတဲ့သူတွေထဲက တစ်ယောက်ယောက်များလား ဆိုတဲ့ အတွေးနဲ့ စိတ်ထဲမှာ နည်းနည်းတော့ လှုပ်ရှားသွားခဲ့တယ် ဆိုတာကိုတော့ ဝန်ခံရမှာပဲ။

အဲဒီနောက်… 
မိနစ်ပိုင်းလေးမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်တွေကတော့ စာနဲ့ ရေးပြလို့ မရအောင်ကို မြန်ဆန်လွန်း… ပြီးတော့ နည်းနည်းလည်း ဆန်းကြယ်လွန်းနေတယ်။ အနားက စားပွဲပေါ်မှာရှိတဲ့ ရေပုလင်းထဲက လက်ကျန်ရေကို အကုန် မော့သောက်လိုက်တယ်၊ ပြီးတော့ အသက်ကို ဝအောင်ရှူ၊ စိတ်ကို အတတ်နိုင်ဆုံး အေးချမ်းအောင်ထားပြီး အဖြစ်အပျက်ကို စာနဲ့ (ရေးတတ်သလောက်) ရေးပြနိုင်အောင် ကြိုးစား စာစီနေမိတယ်။

*****

ဒီလိုလေ…
အခန်းဝမှာ တွေ့ရတဲ့ လက်ဆောင်ထုပ်လေးကို အနည်းငယ် လှုပ်ရှားနေတဲ့ စိတ်အစဉ်နဲ့ ကောက်ယူလိုက်တယ်။ စိတ်လှုပ်ရှားတယ်လို့ ဆိုရတာကလည်း ဒီအထုပ်ကလေးထဲမှာ ဘာတွေ ပါလာသလဲဆိုတာကို သိချင်စိတ်ထက် ဒါလေး ဘယ်က ရောက်လာတာလဲ၊ ဘယ်သူကများ တတန်တက စီစဉ်ပြီး ပို့လွှတ်လိုက်တာလဲ၊ မွေးနေ့နဲ့ မနီး၊ ခရစ်စမတ်၊ နှစ်သစ်ကူး စတဲ့ အမှတ်ရစရာ နေ့စွဲတွေနဲ့လည်း ဘယ်လိုမှ မနီးစပ်လှတဲ့ အခုလိုအချိန်မျိုးမှာ ဒီလက်ဆောင်ဟာ ဘာအထိမ်းအမှတ်အတွက်များ ရောက်လာတာလဲဆိုတာကို သိချင်စိတ်က ပိုများရတယ်။ ပြီးတော့ အပျော်စိတ်ကလေးလည်း တစ်ဝက်တစ်ပျက် စွက်လို့။ အင်းလေ… စဉ်းစားကြည့်ပါဦး… မနက်စောစော အခန်းတံခါးဝမှာ လက်ဆောင်လေးတစ်ခု ရောက်နေတယ်ဆိုတာ (တဆိတ်တော့) ပျော်စရာကောင်းတယ်လို့ မထင်မိဘူးလား။

လက်ဆောင်ထုပ်လေးကို ကောက်ယူပြီး အခန်းထဲလှည့်ဝင်၊ အခန်းတံခါးကိုလည်း (ဘယ်သူမှ ဝင်လာလို့ မရအောင်) သေသေချာချာ သော့ကို နှိပ်ပြီး ပိတ်လိုက်တယ်။ ပြီးတော့ အဲဒါလေးကို စားပွဲပေါ်မှာ ညင်ညင်သာသာ (တယုတယ) ချတယ်။ ပန်းပွင့်ပုံ ဖဲကြိုးခွေလေးထဲက အစ တစ်စကို ဆွဲယူလိုက်တော့ အလိုက်သင့် ပါလာတယ်။ ဆက်ဆွဲလိုက်တော့ ချည်ထားတဲ့ ပန်းပွင့်လေးက တဖြည်းဖြည်းနဲ့ အကုန် ပြေလျော့သွားတယ်။ လက်ထဲမှာ အသာ ဆ ပြီး ကိုင်ကြည့်ရသလောက်ကတော့ လက်ဆောင်ဟာ လေးထောင့်ဘူး အမာလေးတစ်ခုပဲ၊ အထဲမှာ ဘာရှိနိုင်မလဲ ဆိုပြီး လှုပ်ကြည့်တော့ ဘာသံမှ မကြားရဘူး။ ဘယ်လို လက်ဆောင်မျိုးပါလိမ့်…

အတွေးနဲ့အတူ အနက်ရောင်ထုပ်ပိုးစက္ကူကို ဖြေစရာ အစ လိုက်ရှာတယ်။ ထောင့်တစ်နေရာမှာ ခေါက်ချိုးထားတဲ့ အရာလေးတွေ့တော့ အဲဒီနေရာကနေ စပြီး စက္ကူကို ခပ်ဖြေးဖြေး ခွာကြည့်တယ်။ ပိုးသားလိုပြောင်ချောနေတဲ့ စက္ကူဆိုတော့ အခါများစွာမှာ ဖွင့်ဖေါက်ကြည့်ဖူးတဲ့ လက်ဆောင်ထုပ်တွေလို ပုံမကျ ပန်းမကျ စုတ်ပြဲသွားတာမျိုးမဟုတ်ပဲ အလိုက်သင့်လေး ကွာလာတာကို တွေ့ရတယ်။ အို… အထဲက ဘူးကလေးကလည်း အနက်ရောင်ပါလား။ ဘူးကတော့ ရိုးရိုး စက္ကူဘူးပဲ၊ အပေါ်ဖက်အခြမ်းကို မပြီး ဖွင့်လိုက်ရတဲ့ ဘူးမျိုး။ ဘူးကို ဖွင့်ဖို့ တခဏတော့ တုံ့ဆိုင်းနေသေးတယ်… စိတ်ထဲမှာ တစ်မျိုးပဲ။ အနက်ရောင်တွေကလည်း များလှချည့်… အရာရာဟာ ကိုယ်အင်မတန်နှစ်သက်တဲ့ အနက်ရောင်တွေနဲ့။ ဒီလိုသာဆို ပို့လိုက်တဲ့သူဟာ ကိုယ့်အကြောင်းနဲ့ ကိုယ့်အကြိုက်ကို တော်တော်ကြီး သိနေတဲ့သူတွေထဲက တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်လို့ စိတ်လှုပ်ရှားတဲ့ကြားက ခန့်မှန်းနေမိသေးတယ်။ ဘူးပေါ်မှာ သို့… ဘယ်သူ ဘယ်ဝါ လို့ အစချီထားတဲ့ ရည်ညွှန်း စာလေး တစ်လုံးတစ်လေ၊ ဒါမှမဟုတ် ကိုယ့်နာမည် အတိုကောက် စာလုံး၊ ဒါမှမဟုတ် ပေးပို့သူရဲ့ နာမည်စာလုံးလေး၊ လက်မှတ်လေး၊ နေ့စွဲလေး စတဲ့ အမှတ်အသား တစ်ခုခုများ ပါလိမ့်နိုးနဲ့ ဘူးကို လှည့်ပတ်ပြီး ရှာကြည့်နေမိတယ်။ တကယ်က အနက်ရောင်ပေါ်မှာ စာလုံးပေါ်အောင် ရေးဖို့ဆိုတာ ခက်သားလား။ တခါတခါတော့ စာရေးကရိယာတွေ ရောင်းတဲ့ ဆိုင်မှာ ရွှေရောင် ငွေရောင် မင်ချောင်းတွေထည့်ထားပြီး စက္ကူအနက်ရောင်ပေါ်မှာ ရေးလို့ ရတယ်လို့ စာတမ်းထိုးထားတဲ့ ဘောပင်မျိုး တွေ့ဖူးတယ်။ အဲလို အထူးတလည်ပြုလုပ်ထားတဲ့ မင်တစ်ခုခုနဲ့မှ ရေးလို့ရမှာ။ ကြည့်ရသလောက်တော့ ဘာအမှတ်အသား၊ ဘာစာလုံး တစ်လုံးတစ်လေမှ မတွေ့ရဘူး။ ဒါနဲ့ပဲ အဲဒီဘူးလေးရဲ့ အဖုံးကို အသာ မပြီး ဖွင့်ကြည့်ဖို့သာ ကြိုးစားရတော့တာ။

ဘူးကိုဖွင့်အပြီးမှာ မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ကိုယ့်ကို တခဏတော့ အသက်ရှူရပ်သွားစေတယ်။ တကူးတကလို့ ယူဆရပြီး သေသေချာချာ (လှလှပပ သေသေသပ်သပ်) စီစဉ်ကြံရွယ်ပြီး အခန်းဝကို အရောက် ပေးပို့လိုက်တဲ့ လက်ဆောင်ဟာ အဲဒါတဲ့လား။ ဖြစ်မှ ဖြစ်ရလေ လို့ ရေရွတ်ရင်း ဝမ်းနည်းစိတ်နဲ့အတူ စားပွဲပေါ်က မြင်ကွင်းကို မမှိတ်မသုန် ငေးကြည့်နေမိတယ်။ ခွေခေါက်နေတဲ့ ဖဲကြိုးအနက်ရောင်၊ ထုပ်ပိုးစက္ကူ အနက်ရောင်၊ လေးထောင့်ဘူး အနက်ရောင်နဲ့အတူ ဘူးထဲက ထွက်လာတဲ့ လက်ဆောင်။ နှမြောတသစိတ်၊ ဝမ်းနည်းစိတ်၊ ယူကျုံးမရစိတ်တွေနဲ့အတူ ဖြစ်ရလေ လို့ နောက်ထပ်တစ်ကြိမ် ရေရွတ်မိပြန်တယ်။ ဒါလေးကို သိစေဖို့ အဲဒီလောက်တောင် အပင်ပန်းခံစရာ လိုလို့လားကွယ်… တကယ်ပဲ ဝမ်းနည်းစရာ။

ဝမ်းနည်းစိတ်နဲ့အတူ အတွေးထဲကို မေးခွန်းတွေ အများကြီး ရောက်လာကြတယ်။ လူတွေဟာ တစ်ယောက်ကို တစ်ယောက် ဘာကြောင့်များ မုန်းကြတာလဲ/ ဘာကြောင့်များ မုန်းချင်ကြတာလဲ/ ဘာကြောင့်များ မုန်းဖို့ ကြိုးစားကြတာလဲ/ ပြီးတော့ အဲဒီ မုန်းတယ်ဆိုတာကြီးကို ဘာကြောင့်များ သိသာ ထင်ရှားစွာ မြင်စေချင်ကြတာလဲ/ မသိ သိအောင် ဘာကြောင့်များ ထုတ်ဖေါ် ပြသချင်ကြတာလဲ။ လူ့အသိုင်းအဝိုင်းမှာ တစ်ယောက်က တစ်ယောက်ကို မုန်းတီးဖို့ ဘယ်လို စိတ်အခြေခံနဲ့ ဘယ်လို အကြောင်းအရာတွေကများ တွန်းအားပေးနေကြတာလဲ။ အဲဒီလို အမေးစကားတွေနဲ့အတူ အမုန်းကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲကိစ္စတွေကိုလည်း တရှည်တလျား ဆက်တွေးနေမိတယ်။

တကယ်တော့ အမုန်းဆိုတာ ကြိုတင် ကာကွယ်ဆေးမရှိတဲ့ ရောဂါဆိုး - ရောဂါပြင်းပြင်း တစ်ခုပဲ။ အဲဒီရောဂါဖြစ်နေတဲ့အချိန်မှာလည်း သက်သာအောင် ကုသပေးဖို့ ဆေးမရှိဘူး၊ ဆေးရှိခဲ့ရင်လည်း ဘယ်လိုမှ မတိုးနိုင်ဘူး။ အမုန်းတရားဟာ လူတွေကြားမှာ လွယ်လင့်တကူ ကူးစက် ပျံ့ပွားတတ်သလား၊ မကူးစက်အောင်ရော ထိန်းချုပ်လို့ ရနိုင်သလား/ မရနိုင်ဘူးလား ဆိုတာကတော့ လူ့အသိုင်းအဝိုင်းက လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ကိုယ်ခံစွမ်းအားနဲ့ပဲ သက်ဆိုင်လိမ့်မယ် ထင်ရဲ့။ ကိုယ်ခံအားကောင်းတဲ့သူမှာ အနာရောဂါ ပိုးမွှားတွေ လွယ်လင့်တကူ ဝင်ရောက် ကူးစက်ဖို့ ခက်ခဲသလိုပါပဲ… မေတ္တာတရားကြီးမားတဲ့၊ နှလုံးသား နွေးထွေးတဲ့ သူတွေဆီကို အမုန်းဟာ ရုတ်တရက် တိုးဝင်ဖို့ မလွယ်ကူတတ်ပါဘူး။ ဒါကြောင့်လည်း မုန်းကြတယ် ဆိုတဲ့သူတွေကိုတွေ့တိုင်း သူတို့ရဲ့ နှလုံးသားတွေ အခုထက် အဆပေါင်းများစွာ များစွာ ပိုပြီး နွေးထွေးလာစေဖို့၊ စစ်မှန်တဲ့ အမုန်းမဲ့ မေတ္တာတရားတွေ တစထက် တစ တိုးပွားရှင်သန်လာစေဖို့၊ ပြီးတော့ အနာ ရောဂါဆိုးကြီးတစ်ခုအဖြစ်နဲ့ ပတ်ဝန်းကျင်ကို ဖြန့်ဝေတာမျိုး မလုပ်မိစေဖို့၊ လူ့အသိုင်းအဝိုင်းထဲမှာ (အလွယ်တကူ) ကူးစက် ပြန့်နှံ့မသွားစေဖို့အတွက်သာ အထပ်ထပ် ဆုတောင်းပေးနေမိတာပါပဲ။ ကိုယ့်အတွက်ကတော့ ဒီ့ထက် ကိုယ်ခံအားကောင်းအောင်၊ ဘယ်လိုအမုန်းမျိုးကိုမဆို သက်တောင့်သက်သာခံယူရင်း မေတ္တာထားနိုင်အောင် ကြိုးစားရင်းပေါ့…


အခုလောက်ဆို ကိုယ့်အခန်းဝကိုရောက်လာတဲ့ အနက်ရောင်လက်ဆောင်ထုပ်လေးရဲ့ အထဲမှာ ဘာတွေပါလာတယ်ဆိုတာ အတန်အသင့်တော့ ရိပ်မိလောက်ရောပေါ့။ ဘဝမှာ (မမျှော်လင့်ပဲရခဲ့တဲ့) ထူးထူးခြားခြား လက်ဆောင်တစ်ခုမို့ အကောင်း အဆိုး တန်ဖိုးမဖြတ်နိုင်ပါဘူး၊ ပြီးတော့ (စွဲလမ်း စုံမက်စရာ လက်ဆောင်တစ်ခု မဟုတ်သည့်တိုင်) အမှတ်တရ မပျောက်ပျက်အောင်လည်း သေသေချာချာ သိမ်းဆည်းထားဖြစ်မှာပါ။ ရည်ရွယ်ချက်ရှိရှိ သေသေချာချာ ကြံရွယ်စီစဉ်ပြီး ရောက်အောင် ပို့ပေးလိုက်တဲ့သူကိုလည်း ကောင်းမွန်စွာ လက်ခံရရှိကြောင်းနဲ့ ကျေးဇူးတင်ရှိကြောင်းကို ဒီနေရာကနေ အသိပေးလို့ရနိုင်မလား ဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးနဲ့ ဒီစာကို ရေးပါတယ်…

သက်ဝေ
(၁၆ ဒီဇင်ဘာ ၂၀၁၇)

မိုးမခမဂ္ဂဇင်း - ဇူလိုင်လ ၂၀၁၈ တွင် ဖေါ်ပြပြီးဖြစ်သည်။

Thursday, June 14, 2018

Loving can hurt...?



• Love hurts •

ချစ်ခြင်းဟာ နာကျင်ရတယ်။ 
အစဉ်အမြဲမဟုတ်တောင် အခါများစွာမှာတော့ ချစ်ခြင်းဟာ (တကယ့်ကိုပဲ) နာကျင်ရပါတယ်။ အချစ်ကို လက်လွှတ်ဆုံးရှုံးရမှ၊ ချစ်တဲ့သူက ငြင်းပယ်တာ ခံလိုက်ရမှ၊ တခြားသူတွေနဲ့ ပျော်ရွှင်နေတာကို ငေးမောရင်း မနာလိုဝန်တိုနေရမှ၊ တစ်ယောက်တည်း အထီးကျန်ရင်း လွမ်းဆွေးနေရမှ နာကျင်ရတာ မဟုတ်ပါဘူး။ အချစ်ကို ပိုင်ဆိုင်နေရချိန်တွေမှာလည်း နာကျင်မှုတွေဟာ (ဖိတ်ခေါ်စရာမလိုပါပဲ) သူ့နည်းသူ့ဟန်နဲ့ ရောက်လာတတ်တာပါပဲ။ ဟိုးမှာ မြင်နေရတဲ့ မြက်ခင်းစိမ်းတွေဟာလည်း နာကျင်မှုပဲ၊ ကောင်းကင်ပေါ်က တိမ်တစ်စဟာလည်း နာကျင်မှုပဲ၊ River Seine ထဲကို ပစ်ချဖို့ ကြိုးစားမိတဲ့ သော့တစ်ချောင်းဟာလည်း နာကျင်မှုပဲ၊ သီချင်းတစ်ပုဒ်၊ စာတစ်ကြောင်း၊ စကားတစ်ခွန်း၊ ပန်းချီကားတစ်ချပ်၊ အကြည့်တစ်ချက်နဲ့ နွေးထွေးတဲ့ အထိအတွေ့တစ်ခု၊ ပြီးတော့ အလှမ်းဝေးနေတဲ့ ဆုံမှတ်တွေ၊ တိတ်တဆိတ် သိမ်းဆည်းထားရတဲ့ လွမ်းဆွတ်တမ်းတမှုတွေ၊ (ဒီလိုပဲ) ခပ်လှမ်းလှမ်းကနေ (ပြုံးရင်း) ငေးကြည့်နေလိုက်ရတဲ့ အဖြစ်တွေ… အနာကျင်ရဆုံးပဲ။ ချစ်ခြင်းရဲ့ အတိမ်အနက်ကိုလိုက်လို့ နာကျင်မှု ပုံရိပ်တွေသာ အမျိုးမျိုး ပြောင်းသွားမယ်၊ နာကျင်ရတာကတော့ အမှန်ပါ။ ဒါပေမယ့် အဲဒီချစ်ခြင်းကြောင့်ပဲ ကြည်နူး ချမ်းမြေ့ရ၊ ဝမ်းသာ ပျော်ရွှင်ရ၊ စိတ်ရော ကိုယ်ပါ သက်တောင့် သက်သာဖြစ်ရတဲ့ အချိန်တွေလည်း (အနည်းငယ်) ရှိခဲ့ဖူးတယ်ဆိုတာတော့ ဝန်ခံရမှာပဲ။ တကယ်တော့ ချစ်ခြင်းဟာ စကားလုံးတွေနဲ့ အဓိပ္ဗါယ်ဖွင့်ဆိုလို့ မစွမ်းနိုင်အောင် ဆန်းကြယ်လှပါတယ်။

လူတိုင်း လူတိုင်းဟာ ကိုယ်စီဘ၀တွေမှာ အပြစ်ကင်းစင်ပြီး လှပဆန်းကြယ်တဲ့၊ အစစအရာရာ ပြီးပြည့်စုံတဲ့ ချစ်ခြင်းမျိုးကိုသာ အလိုရှိကြ၊ တောင့်တတတ်ကြစမြဲ ဖြစ်ပေမယ့် တခါတရံမှာ ကိုယ်တိုင် ကြိုတင် မမြင်နိုင်တဲ့၊ ကိုယ်တိုင် မျှော်လင့်မထားတဲ့ တစ်ထောင့်တစ်နေရာကနေ သူ့အလိုလို ရောက်ရှိ ဖြစ်တည်လာတတ်တဲ့ နားလည်ဖို့လည်း သိပ်ခက်တဲ့ ချစ်ခြင်းမျိုးတွေ၊ လွယ်လင့်တကူ ကြိုဆို လက်ခံယူလို့မရပဲ ငဲ့ညှာထောက်ထားစရာ၊ သတိထား ထိန်းချုပ်စရာတွေနဲ့ ပြည့်နှက်နေတတ်တဲ့ ချစ်ခြင်းမျိုးတွေအပြင် တစ်ယောက်နဲ့ တစ်ယောက် ဖွင့်ဟစရာမလိုပဲ နားလည်ရင်း နှလုံးသားထဲမှာ (ထာဝစဉ်) နွေးထွေးစွာ အမြစ်တွယ် ရှင်သန်နေနိုင်တဲ့ လေးနက်တဲ့ ချစ်ခြင်းမျိုးတွေလည်း ရှိနေတတ်စမြဲပါ။

ဘယ်လို ချစ်ခြင်းမျိုးမဆို နာကျင်မှုကနေ (ဘယ်တော့မှ) မလွတ်မြောက်နိုင်တဲ့ ချစ်ခြင်းတွေလို့ ကိုယ်ကတော့ နာမည်တပ်ချင်တာပါပဲ…

သက်ဝေ
(၂၇ ဒီဇင်ဘာ ၂၀၁၇)

၂၀၁၈ ဖေဖေါ်ဝါရီ - Idea Magazine က Loving can hurt...? ဆိုတဲ့ မေးခွန်းအတွက် ရေးပါတယ်...

Friday, February 2, 2018

အသံမြည်နေတဲ့ တံခါး

တံခါးဟာ အသံမြည်နေတယ်။
ဟုတ်တယ်… တံခါးအများစုဟာ အဖွင့် အပိတ်လုပ်လိုက်တိုင်းမှာ အသံမြည်နေတတ်တယ်။ ဖြည်းဖြည်းပိတ်ရင် အသံတိုးတိုးမြည်သလို ကြမ်းကြမ်းပိတ်မိရင်တော့ အသံကျယ်ကျယ်မြည်တယ်။ တံခါးဂျက်ကို ဖြုတ်လိုက်ရင် ဒါမှမဟုတ် ဂျက်ကို ထိုးလိုက်ရင် ဂျောက်ကနဲ အသံမြည်တယ်။ တံခါးလက်ကိုင်ဘုလုံးလေးကို နှိပ်လိုက်ရင် ကလစ်ဆို အသံမြည်တယ်၊ တံခါးပတ္တာ ကြပ်နေရင် အသံမြည်သလို ပတ္တာချောင်နေရင်လည်း တကျွီကျွီနဲ့ မြည်ပြန်တယ်။ တံခါးရွက်နဲ့ ဘောင်နဲ့ ထိခတ်မိရင်လည်း အသံမြည်တယ်။ ဆိုတော့ တံခါးတစ်ချပ်ဟာ အချိန်မရွေး အသံတစ်မျိုး ဒါမှမဟုတ် တစ်မျိုးထက်ပိုတဲ့ အသံတွေ မြည်နိုင်တာပဲ။ ဒါ ဘာများ ထူးဆန်းသလဲ။ တံခါး အသံမြည်တဲ့ ကိစ္စကို ဘာလို့များ အရေးအရာ လုပ်ပြီး စကားထဲ ထည့်ပြောနေရတာလဲ။

ဒီလိုပါ။ ပြောရရင် အခုရောက်နေတဲ့ နေရာအသစ် အကြောင်းက စ ရလိမ့်မယ်။ ဟုတ်တယ် မကြာသေးခင် ရက်ပိုင်းမှာ အလုပ် နေရာအသစ်တစ်ခုကို ရွှေ့ပြောင်းဖို့ အကြောင်းဖန်လာခဲ့တယ်။ အဲဒီနေရာအသစ်ကိုရောက်ရောက်ချင်း အကြမ်းဖျဉ်း သတိထားမိ လေ့လာမိလိုက်တာကတော့ ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်းမှာ ခပ်တိုတို တဆစ်ချိုး အကွေ့တွေနဲ့အတူ ပြတင်းပေါက်တွေနဲ့ တံခါးတွေ အများကြီးရှိနေတယ် ဆိုတာပဲ။ ပတ်ပတ်လည်နံရံတွေပေါ်မှာ မှန်ပြတင်းတွေ၊ တံခါးချပ်တွေနဲ့ ပြည့်နှက်နေတယ်။ တနည်းပြောရရင် ထွက်ပေါက်တွေ များတယ် ဆိုပါတော့။ ထွက်ပေါက်… ဟုတ်တယ် ထွက်ပေါက်တွေ များတယ်။ ထားပါတော့ ထွက်ပေါက်တွေအကြောင်းကို မပြောခင် လောလောဆယ်တော့ တံခါးတွေ အကြောင်းပဲ ဆက်ပြောကြတာပေါ့။

တံခါးချပ်တွေဟာ နေရာ အနှံ့အပြားမှာ ရှိနေတယ်။ တံခါးချပ်တွေရဲ့အရွယ်အစား၊ အမျိုးအစား၊ အရောင်အဆင်းတွေကတော့ အမျိုးမျိုးပဲ။ သစ်သားတံခါး၊ မှန်တံခါး၊ မှန်အကြည်နဲ့ တံခါး၊ မှန်ချပ်အနက်ရောင် (မှန်အနောက်) တွေနဲ့ တံခါး၊ မှန်နဲ့ သံပြားတွေ ရောစပ်ပြီး လုပ်ထားတဲ့ တံခါး၊ သံပြားတစ်မျိုးတည်းနဲ့ လုပ်ထားတဲ့တံခါး၊ ကြိတ်သားလို့ခေါ်တဲ့ သစ်သားအတုတွေနဲ့ လုပ်ထားတဲ့တံခါး၊ ပလပ်စတစ်အသားလို ပြောင်ချောချောနဲ့တံခါး၊ သစ်သားထက် ထူထဲခိုင်ခံ့တဲ့ ထုထည်ကြီးကြီး ဘောင်ထူထူနဲ့ တံခါး… တကယ်ကိုပဲ ပြောမပြတတ်အောင် အမျိုးအမည်စုံလင်လှတယ်။ တံခါးတွေ အမျိုးစုံလင်သလို တံခါးလက်ကိုင်တွေကလည်း အစုံပဲ။ လက်ကိုင်ဘု အလုံးနဲ့၊ စက်ဝိုင်းခြမ်းပုံ လက်ကိုင်ကွင်း လှလှနဲ့၊ လက်ကိုင် ရှည်မျောမျောနဲ့၊ သစ်သားပွတ်လုံးနဲ့၊ သံတန်းလို အတန်းလေးနဲ့… အဲဒီလို တံခါးလက်ကိုင်မျိုးစုံကိုလည်း တွေ့ရတယ်။ ပြီးတော့ တံခါးချပ်တွေတိုင်းမှာ နာမည်ကိုယ်စီ ကပ်လျက်သား ရှိကြတယ်။ ဒီတံခါးကို ဖွင့်လိုက်ရင် အထဲမှာ ဘာရှိနိုင်တယ် ဆိုတာကို ကြိုတင်အသိပေးတဲ့သဘောနဲ့ ရေးထိုးထားတာမျိုး။ အဲဒီနေရာကို ပထမဆုံး ရောက်တဲ့နေ့မှာ တံခါးတွေကို တစ်ချပ်ချင်း လိုက်ကြည့်တယ်။ တံခါးချပ်တွေပေါ်မှာ ကပ်ထားတဲ့ စာတမ်းတွေကိုလည်း တစ်ခုချင်းစီ လိုက်ဖတ်တယ် မှတ်တယ်။ တံခါးတွေ ဘယ်လောက်တောင် များသလဲဆို လမ်းတလျှောက် နာမည်ရေးထားတဲ့ တံခါးတွေကို လိုက်ဖတ်လာရင်း တဖြည်းဖြည်းနဲ့ မှတ်လို့ မနိုင်အောင် ရောနှောလာတယ်။ တချို့တံခါးတွေ နာမည်ပေးပုံက ဝေ့လည်လည်နဲ့ ထူးဆန်းတယ်။ တချို့တံခါးတွေမှာတော့ နိုင်ငံ နာမည်တွေ ပေးထားတယ်၊ စင်္ကာပူ၊ ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်၊ မလေးရှား စသည်ဖြင့်။ တချို့တံခါးနာမည်တွေကတော့ ရှင်းတယ်။ အထဲမှာ ဘာရှိသလဲ၊ ဘာလုပ်တဲ့ အခန်းလဲ ဆိုတာကို တိတိကျကျ ဖေါ်ပြတဲ့ နာမည်မျိုးတွေ။ ဥပမာ အစည်းဝေးခန်း၊ သင်ကြားရေးအခန်း စသည်ဖြင့်။ တချို့အခန်းတွေဆို အထဲမှာ ပရိုဂျက်တာ ရှိသည် ဆိုတာမျိုးတောင် ရေးထားတာ တွေ့ရသေးတယ်။ အဲဒီလို…

လမ်းတလျှောက်တံခါးတွေကို ကြည့်ရင်း မှတ်လာလိုက်တာ လျှောက်စရာ လမ်းဆုံးပြီး အထွက်တံခါးကို ရောက်လာတဲ့အထိပဲ။ ဒါပေမဲ့ အခုနေပြန်မေးရင် ဘယ်အခန်းက ဘာလဲဆိုတာ ဘယ်လိုမှ သေသေချာချာ မမှတ်မိတော့ဘူး။ ပြီးတော့ အဲဒီတံခါးတွေဟာ ဘယ်တစ်ချပ်တလေလေးကမှ အလွယ်တကူ တွန်းဖွင့်လို့ မရနိုင်ဘူးလို့ ဒီနေရာကို အရင်ရောက်နေနှင့်သူတစ်ယောက်က ပြောပြတယ်။ ရပါတယ်… ကိုယ်ကလည်း တံခါးချပ်တွေကိုသာ စိတ်ဝင်တစားနဲ့ သဘောကျနှစ်သက်တာ၊ သူတို့ကို အလကားနေရင်း တွန်းဖွင့်ပြီး အထဲမှာ ဘာရှိသလဲ ဆိုတာ စပ်စပ်စုစု ကြည့်ဖို့ ဝါသနာပါသူတစ်ယောက်တော့ မဟုတ်ပေဘူး။ ဒီလိုနဲ့ အဲဒီတံခါးချပ်တွေ အများကြီးနဲ့ နေ့တဓူဝ လက်ပွန်းတတီး ထိတွေ့လာရရင်းက သူတို့တွေနဲ့ တစတစ ရင်းနှီး ကျွမ်းဝင်လာခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ အညိုရောင်ရင့်ရင့် သစ်သားတံခါးထူထူတစ်ချပ်ကို ဖွင့်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီတံခါးချပ်ဆီကိုရောက်ဖို့ တံခါးတွေ အများကြီးကို ကျော်ဖြတ်သွားရတယ်။ ပထမဆုံးတစ်ကြိမ် အသွားလမ်းမှာ ကိုယ်တိုင်ဖြတ်ကျော်ခဲ့ရတဲ့ တံခါးဘယ်နှစ်ချပ်ရှိတယ်ဆိုတာကို ရေတွက်ဖို့ စဉ်းစားပေမယ့် တကယ်တမ်း လျှောက်သွားတဲ့အချိန်မှာ တစ်ချပ်နဲ့ တစ်ချပ် ဘယ်လိုမှ မတူတဲ့ တံခါးတွေကို လေ့လာရင်း ရေတွက်ဖို့ မေ့လျော့နေခဲ့တယ်။ ဒီလိုနဲ့ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ်… အဲဒီ တတိယအကြိမ်မှာတော့ လမ်းတလျောက် ကျော်ဖြတ်ခဲ့ရတဲ့ တံခါးချပ်တွေကို သတိတရ ရေတွက်ပြီး မှတ်သားလာခဲ့တယ်။ စုစုပေါင်း ၁၂ ချပ်။ အော်… ဒါနဲ့ မေ့တော့မလို့။ အပေါ်မှာ ပြောခဲ့ဖူးသလို အဲဒီနေရာမှာ ဘယ်တံခါးကိုမှ လွယ်လင့်တကူ တွန်းဖွင့်လို့ မရဘူးဆိုတာလေ။ ဟုတ်တယ်… တံခါးချပ်တွေတိုင်းကို ကိုယ်ပေါ်မှာ ရှိတဲ့ ပစ္စည်း တစ်ခုမဟုတ် တစ်ခုကို အသုံးပြုပြီး ဖွင့်လှစ် ကျော်ဖြတ်ရတယ်။ တချို့နေရာတွေမှာ လက်မကို နှိပ်ရတယ်။ တချို့နေရာတွေမှာ မီးလုံးအနီရောင်လေးကို ဖိရတယ်။ တချို့နေရာတွေမှာ မျက်လုံးနဲ့ တည့်တည့်ကြည့်ရတယ်။ တချို့နေရာတွေမှာ လည်ပင်းမှ အသင့်ဆွဲထားတဲ့ ကဒ်ပြားကို ကပ်လိုက်ရတယ်။ ဖြစ်ပုံ ပြောပါတယ်… အဲဒီလို ဖိတန်တာ ဖိ၊ နှိပ်တန်တာနှိပ်၊ ကပ်တန်တာ ကပ်ပြီးမှ ကိုယ်သွားလိုရာ ခရီးကို ရောက်တယ်။ အခု အထူးပြုပြောပြမယ့် တံခါးကတော့ တံခါးဝက အမည်းရောင် ရှည်မျောမျော အတန်းလေးမှာ လည်ပင်းမှာ ချိတ်ဆွဲလာတဲ့ ကဒ်ပြားလေးကို ကပ်လိုက်ရတယ်။ ဒါဆို ထပ်ကနဲ အသံတမျိုးထွက်လာပြီး တံခါးဟာ လက်နဲ့အသင့် တွန်းဖွင့်လို့ရတဲ့ အနေအထားကို ရောက်တယ်။

ဟုတ်ပြီ… တံခါးဟာ လက်နဲ့ အသင့်တွန်းလို့ရတဲ့ အနေအာထားကို ရောက်ပြီဆိုရင် ကိုယ့်ကိစ္စ တစ်ဝက် အထမြောက် အောင်မြင်ပြီပေါ့။ ခက်နေတာက အဲဒီတံခါး အဖွင့်မှာ ကြားလိုက်ရတဲ့ အသံတစ်ခုပဲ။ ကြားကြားချင်းမှာ ဘေးကို လှည့်ကြည့်လိုက်မိတယ်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမနေဘူး။ အဲဒီအခန်းထဲမှာ ဆောင်ရွက်စရာ ကိစ္စဝိစ္စ ပြီးလို့ ပြန်ထွက်တော့ လေးထောင့်စပ်စပ် ခလုတ်အဖြူတစ်ခုကို နှိပ်ရပြန်တယ်။ အဲဒီတော့မှ တံခါးက ပြန်ပွင့်တယ်။ အဲဒီအချိန်မှာ ဟိုအသံကို ပြန်ကြားလိုက်ရတာပဲ။ စိတ်ထဲမှာတော့ တမျိုးပဲ… ဒါပေမယ့် အဲဒီအချိန်မှာ အခန်းရှေ့က ဖြတ်သွားတဲ့ လူတစ်စုကြောင့် သူတို့တစ်ယောက်ယောက်ဆီက အသံပဲ ဖြစ်မှာပါလေလို့ တွေးပြီး အခန်းထဲက ပြန်ထွက်လာခဲ့တယ်။ ဖြစ်ချင်တော့ နောက်တစ်နေ့မှာ အဲဒီအခန်းကို သွားရဖို့ အကြောင်ပေါ်လာပြန်တယ်။ အပေါ်မှာပြောခဲ့သလိုပဲ တံခါးကို ဖွင့်တယ်။ အဲ့ဒီအခါမှာ ဟိုအသံကို ခပ်တိုးတိုး ကြားလိုက်ရပြန်တာပဲ။ ဒါ မနေ့က အသံမျိုးပဲ။ အသာအယာ ပြန်စေ့ပိတ်သွားတဲ့ တံခါးကို လှည့်ကြည့် လှည့်ကြည့် လုပ်ရင်း အခန်းထဲမှာ လုပ်စရာရှိတာတွေ လုပ်ရတယ်။ ဘာကြာမှာလဲ ဆယ်မိနစ်ပေါ့။ ကိစ္စပြီးလို့ အပြင်ပြန်ထွက်ချိန်မှာ အခန်းထဲ ဝင်လာတဲ့ အမျိုးသမီး နှစ်ယောက်ရဲ့ ဟေး… မင်္ဂလာမနက်ခင်းပါ ဆိုတဲ့ နှုတ်ဆက်သံကြောင့် တံခါးဆီက အသံကို ကြားဖို့ အခွင့်မသာလိုက်ဘူး။ ဒီလိုနဲ့ အခန်းအပြင် ပြန်ရောက်လာတယ်။

တတိယနေ့ကတော့ ထူးခြားတယ်။ ပြောရရင် အလုပ်ပိတ်ရက်။ အဲဒီနေ့မှာ အလုပ်လာတဲ့သူ စုစုပေါင်းဟာ သုံး လေးယောက်ထက် မပိုဘူး။ ဖြစ်ချင်တော့ အဲဒီအခန်းမှာ ပစ္စည်းတစ်ခု သွားယူဖို့ လိုအပ်လာတယ်။ အခန်းရှေ့ရောက်ပြီး တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ အဲဒီအသံကို ပီပီသသကြားရတော့တာပဲ။ ကျောထဲက စိမ့်ကနဲဖြစ်သွားတာ ကိုယ့်ဟာကိုယ် သတိထားလိုက်မိတယ်။ ကျောချမ်းတယ် ဆိုတာ ဒါမျိုးလား လို့ တွေးရင်း ရယ်မောရင်း ကိုယ့်ဟာကိုယ် ရဲဆေးတင်ရတယ်။ လုပ်စရာရှိတာ မြန်မြန်လုပ်ပြီး အခန်းအပြင် ပြန်ထွက်လာခဲ့တယ်။ အထွက်မှာလည်း အသံကို သေသေချာချာ ကြားလိုက်ရပြန်တယ်။ နည်းနည်းခြောက်ခြားသွားတယ်ဆိုတာတော့ ဝန်ခံရမှာပဲ။ ဒီနေရာမှာ ဘာသံမို့ ခြောက်ခြားရတာလဲ လို့ မေးစရာရှိလာတယ်။ ခက်တာက အဲဒါ ဘာသံလို ပြောမပြခင် ကိုယ့်နားကို ကိုယ်တိုင် သေချာဖို့၊ ကိုယ်တိုင် အတည်ပြုဖို့ လိုအပ်နေတယ်။ ဒါနဲ့ အဲဒီအခန်းကို (အကြောင်းမရှိ အကြောင်းရှာပြီး) နောက်တစ်ခေါက် သွားလိုက်တယ်။ ထုံးစံအတိုင်း တံခါးတွေ အထပ်ထပ် ကျော်ဖြတ်ပြီး အဲဒီတံခါးချပ်အရှေ့ကို ရောက်လာခဲ့တယ်။ တံခါးအနားကို ရောက်တယ်၊ ကပ်စရာရှိတာကို ကပ်လိုက်တယ်။ အဲဒီအချိန်အထိ ဟိုအသံကို မကြားရသေးဘူး။ နောက်တဆင့်အနေနဲ့ တံခါးလက်ကိုင်ကို အသာလှည့်လိုက်တယ်။ ဒါလည်း ပုံမှန်အသံပါပဲ။ အိပ်ခန်းတံခါးတွေကို ဖွင့်ရင် ကြားရလေ့ရှိတဲ့ အသံမျိုးပဲ။ အခုအချိန်အထိ အရာရာဟာ ပုံမှန်ပါပဲ။

ဟုတ်ပြီ… တံခါးလက်ကိုင်ကို လှည့်ပြီး တံခါးချပ်ကို တွန်းအဖွင့် တံခါးဟာ လူတစ်ကိုယ်စာ သာသာ ဟ သွားချိန်မှာ အသံကို ကြားလိုက်ရတာပဲ။ အသံဟာ အမျိုးသမီးတစ်ယောက်ရဲ့ ခပ်ကြိတ်ကြိတ် ညည်းညူလိုက်တဲ့အသံမျိုး၊ နာမကျန်း အဖျားတက်နေလို့ ညည်းညူလိုက်တဲ့အသံမျိုး၊ ဝေဒနာတစ်ခုခုကြောင့် မခံမရပ်နိုင် ပွင့်အံထွက်လာတဲ့အသံမျိုး၊ အသံဟာ မထူးဆန်းပေမယ့် အသံထွက်လာပုံ အသံထွက်လာတဲ့ အခိုက်အတံ့နဲ့ အသံထွက်လာတဲ့ နေရာကတော့ ထူးဆန်းလှတယ်။

တံခါးချပ်ကို တွန်းဖွင့်ပြီး အဝင်မှာ အဲဒီအသံကို ကြားရပေမယ့် အဲဒီအခန်းထဲကို ဝင်လိုက်ပြီး တံခါးချပ် သူ့အလိုလို ပြန်ပိတ်သွားတဲ့အချိန်မှာတော့ အသံကို မကြားရတော့ပြန်ဘူး။ တံခါးဟာ သူ့ဟာသူပဲ အေးအေးချမ်းချမ်း ပြန်ပိတ်သွားခဲ့တယ်။ အခန်းထဲမှာ ဟိုလှည့် ဒီလှည့်နဲ့ ငါးမိနစ်လောက် အချိန်ဖြုန်းလိုက်တယ်။ အခန်းထဲက ပြန်ထွက်ခါနီးမှာ ထုံးစံအတိုင်း အဖြူရောင်ခလုတ်ကို နှိပ်ရတယ်။ ပြီးတော့ တံခါးကို တွန်းဖွင့်လိုက်တယ်။ ဟော… အသံကြားရပြန်ပြီ။ မခံမရပ်နိုင်တဲ့ ညည်းတွားသံပေပဲ။ ဒါပေမယ့် ခပ်တိုးတိုးနဲ့ ညင်သာတယ် ခေါ်ရမယ်။ တစ်ယောက်ယောက်က အိပ်နေရင်း ယောင်ယမ်း ညည်းညူမိတာမျိုးရော မဖြစ်နိုင်ဘူးလား လို့ တွေးမိတယ်။ ဒါပေမဲ့ ဒီနေရာဟာ လူတစ်ဦးတစ်ယောက် လာအိပ်နေလို့ရတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခန်းအပြင်ရောက်တော့ လူက နည်းနည်း မောဟိုက်စပြုနေတယ်။ တံခါးဟာ သူ့အလိုလို ပြန်ပိတ်သွားတယ်။ အသံအနည်းငယ် ကြားရတယ်။

နောက်တစ်နေ့မှာလည်း ဒီလိုပဲ သွားတယ် ဖွင့်တယ် ညည်းညူသံကို နားထောင်တယ်၊ သေသေချာချာ စေ့ငုတယ်။ ညည်းညူနေတုန်းပဲ… အနီးအနားမှာ တစ်ယောက်ယောက်များ ရှိနေသလားဆိုပြီး ဘေးဘီဝဲယာ အခန်းပတ်ပတ်လည် မြင်နိုင်သမျှ လျှောက်ကြည့်တယ်။ ဒီအခန်းနားမှာ တစ်ယောက်ယောက်များ ထိုင်နေသလား၊ လမ်းလျှောက်နေသလား၊ လဲပြိုကျနေသလား လိုက်ကြည့်တယ်၊ ဒါပေမဲ့ သံသယဖြစ်စရာ တစုံတရာ မတွေ့ရဘူး။ ဘာကို မြင်ရမယ်ထင်ပြီး လိုက်ကြည့်နေတာလဲ ဆိုတဲ့ မေးခွန်း၊ တုန်လှုပ်နေသလား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဟာ ကိုယ် ပြန်မေးမိတယ်။ အဖြေကတော့ ရေရေရာရာ မရှိဘူး။ သိချင်ရုံ သက်သက် တနည်းပြောရရင် စပ်စုချင်ရုံ သက်သက်ပဲ။

တစ်ရက်ပြီးတစ်ရက် အချိန်တွေ ရွေ့လျားလာခဲ့တာ ဒီနေ့ဆို ဒီအလုပ်ကို ပြောင်းလာတာ တစ်လပြည့်တယ်။ ခါတိုင်းလိုပဲ လုပ်စရာရှိတာတွေ လုပ်ရင်း ဟိုအခန်းကို သွားဖို့ အကြောင်းပေါ်လာပြန်တယ်။ နေ့တိုင်းနီးပါးရောက်နေတဲ့ အခန်း၊ ရောက်တိုင်းလည်း ကြားနေကျ ညည်းတွားသံသဲ့သဲ့… ဆိုတော့ ဘာမှ ထူးထူးခြားခြား မခံစားရတော့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ စိတ်ထဲမှာ တမျိုးပဲ။ မသွားချင်သလိုဖြစ်နေတယ်။ ဒါနဲ့ ဘေးကတစ်ယောက်ကို အဖေါ်လိုက်ခဲ့ပေးမလား မေးကြည့်တော့ ရှောရှောရှူရှူပဲ လိုက်မယ် သူလည်း အဲဒီအခန်းထဲမှာ ယူစရာတစ်ခုရှိတယ် တဲ့။ နှစ်ယောက်သား စကားလေးတပြောပြောနဲ့ အတူတူ လျှောက်သွားကြတယ်။ ခပ်လှမ်းလှမ်းကနေ မြင်နေရတဲ့ အဲဒီ အခန်းရှေ့မှာ လူသုံး လေးယောက်… ကုန်းကုန်းကွကွနဲ့။ သူတို့အားလုံးက တစ်ခုခုကို တညီတညွတ်တည်း ငုံ့ကြည့်နေကြတယ်။ အနားရောက်တော့ အတူပါလာတဲ့အဖေါ်က ခြေလှမ်းသွက်သွက်နဲ့ အဲဒီလူတွေကြားထဲကို တိုးဝင်သွားတယ်။ ကိုယ်ကတော့ နေရာမှာ ခြေစုံရပ်လျက်သား… စိတ်ထဲ ဘာကြောင့်မှန်းမသိ… အလိုလိုနေရင်း တစ်ခုခုတော့ မှားယွင်းနေသလို ခံစားရတယ်။

စက္ကန့်ပိုင်းလေးပဲ… သူပြန်ထွက်လာတယ်။ အိမ်မြှောင်အသေတစ်ကောင် ပြုတ်ကျနေတာတဲ့… ဖြစ်ရလေ အိမ်မြှောင်အသေများ ဘာဆန်းလို့ ဝိုင်းကြည့်နေကြသလဲ လို့ စိတ်ထဲက ပြောလိုက်မိတယ်။ အဲဒီအိမ်မြှောင်ဟာ အရွယ် အတော်ကြီးတယ် ပြောရရင် တောက်တဲ့နီးပါးရှိတယ် တဲ့၊ တံခါးကြားမှာထဲ ညပ်ပြီး အသက်ပျောက်ရဟန်တူတယ် တစ်ကိုယ်လုံး ပြားကပ်နေတာပဲတဲ့။ အဲဒီအထိလည်း စိတ်ထဲဘယ်လိုမှ မနေသေးဘူး။ အိမ်မြှောင်တွေရဲ့ဘဝမှာ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပဲ မဟုတ်လား။ ဒါပေမဲ့ သူက ဆက်ပြောတယ်… အဲဒီအိမ်မြှောင်ဟာ ခေါင်းပေါ်မှာ ဆံပင်တွေ ရှိနေတာက သိပ်ထူးဆန်းတယ်တဲ့။ ဒါကတော့ နည်းနည်း တစ်မျိုးပဲ။ ဖြစ်နိုင်ခြေရှိတာကို ရှင်းရှင်းလင်းလင်းတွေးပြီး အမှိုက်တွေ ဘာတွေနဲ့ လုံးထွေးပြီး တံခါးညပ်သွားတာမျိုး ဖြစ်မှာပေါ့ လို့ လှမ်းပြောလိုက်တယ်။ ပြီးတာနဲ့ ဖွင့်ထားလက်စ တံခါးကနေ အခန်းထဲကို ဝင်လာခဲ့တယ်။ အခန်းထဲမှာ လုပ်စရာရှိတာ လုပ်နေရင်းမှာ အတူပါလာတဲ့ အဖေါ်က ဖုန်းခေါ်စရာရှိလို့ သူပြန်နှင့်မယ်နော် ဆိုပြီး အရင်ပြန်သွားတယ်။ ကိုယ့်အလုပ်ပြီးလို့ ပြန်ထွက်လာတော့ အခန်းအပြင်မှာ ဘယ်သူမှ မရှိတော့ဘူး၊ ခုနက ပြောတဲ့ အိမ်မြှောင်အသေရော ဆံပင်ခြည်ဆိုတာတွေရော ဘာဆို ဘာမှ မရှိတော့ဘူး။ တစ်ယောက်ယောက်က ရှင်းလင်း သိမ်းဆည်းသွားဟန်တူတယ်။ ဒါပေမဲ့… အဲဒီအခန်းကနေ လေး ငါး ဆယ် လှမ်းလောက် လျှောက်လာအပြီးမှာတော့ စိတ်ထဲမှာ တစုံတခုကို ဖျတ်ကနဲ သတိရသွားတယ်။ အဲဒီတော့ ခုနက အခန်းဖက်ကို နောက်ပြန်လှည့်မိတယ်။ အသံမြည်တဲ့တံခါးကို ဖွင့်နေကျအတိုင်း ဖွင့်လိုက်တယ်။ အလို… ဘာသံမှ မကြားရပါလား။ ကိုယ့် နားကို ကိုယ်တိုင် မယုံနိုင်ဖြစ်ရတယ်။ ပြန်ပိတ်တယ် ပြန်ဖွင့်တယ်… ကြားနေကျအသံ - တိုးညှင်းပေမယ့် ပီသတဲ့ ညည်းညူသံ- ဘာအသံမှ မကြားရတော့ဘူး။ သေချာချင်တဲ့စိတ်နဲ့ တံခါးကို ခြောက်ခါထက်မနည်း အဖွင့်အပိတ်လုပ်ကြည့်တယ်။ ဘာသံမှ မကြားရတာ တကယ် သေချာပြီ ဆိုမှ အဲဒီနေရာကနေ ပြန်ထွက်လာခဲ့တယ်။

* * * * *

နောက်တနေ့မနက်မှာ တံခါးဟာ အသံမြည်သေးလား မမြည်တော့ဘူးလားဆိုတာ ပိုသေချာအောင် အဲဒီအခန်းကို သွားကြည့်ဦးမယ်ဆိုတဲ့ စိတ်နဲ့ အိမ်ကနေ ခါတိုင်းထက် စောပြီး ထွက်လာခဲ့တယ်။ အလုပ်ကိုရောက်တော့ စားပွဲပေါ်မှာ စာအိတ်ဖြူတစ်လုံး တင်ထားတာ တွေ့ရတယ်။ ထိုင်ခုံမှာ ဝင်မထိုင်သေးခင် မတ်တပ်ရပ်လျက်ကပဲ စာအိတ်ကို ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ စာရွက်ခေါက်တစ်ခုနဲ့အတူ ငွေစက္ကူ အနည်းငယ် ရှိနေတယ်။ စာရွက်ထဲမှာ ရေးထားတဲ့ အကြောင်းအရာကတော့ ဒီရုံးမှာ သန့်ရှင်းရေးလုပ်နေတဲ့ အန်တီ ပြီးခဲ့တဲ့ တစ်ပတ်က ကားတိုက်ခံရလို့ ဆေးရုံတင်ထားတာ၊ မနေ့ကပဲ ဆုံးပါးသွားလို့ တတ်နိုင်သလောက် ကူငွေထည့်ဖို့ အကြောင်းပဲ။ (ဒီကရုံးတွေမှာက သာရေး နာရေးဆို ဒီနည်းနဲ့ပဲ အလှူငွေ / ကူငွေ ကောက်လေ့ရှိတယ်။ ကိုယ်ထည့်ချင်သလောက်ငွေကို စာရွက်ပေါ်မှာ နာမည်နဲ့အတူရေးပြီး ပိုက်ဆံကို စာအိပ်ထဲထည့်၊ တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်းလိုက်ကြတာမျိုး။) ဖြစ်မှဖြစ်ရလေလို့ တွေးပြီး စာရွက်ပေါ် နာမည်ရေးနေရင်းမှာ အခန်းထဲကိုဝင်လာတဲ့ အမျိုးသားနှစ်ယောက် သူတို့အချင်းချင်း ပြောနေကြတဲ့ စကားသံတွေက - အာရုံမစိုက်ရပါပဲ - နားထဲကို တန်းတန်းမတ်မတ် ရောက်လာခဲ့တယ်။ သူတို့ပြောနေတာ တခြးတော့မဟုတ်… ဆုံးပါးသွားတဲ့ သန့်ရှင်းရေး အန်တီအကြောင်းပဲ။ အန်တီဟာ သန့်ရှင်းရေးအလုပ်သမား ဖြစ်သော်ငြားလည်း သူ့အလုပ်ကိုသူ အင်မတန်လေးစားတဲ့အကြောင်း၊ တော်ရုံနေမကောင်းဖြစ်ရင်တောင် အလုပ်နားရက် ယူလေ့မရှိတဲ့အကြောင်း၊ အဲဒီနေ့က အလုပ်ကို အလာ ရုံးရှေ့က ကားလမ်းကို ဖြတ်အကူးမှာ မူးလဲသွားပုံရပြီး ရုတ်တရက် အရှိန်မထိန်းနိုင်တဲ့ ကားက ဖြတ်ကြိတ်သွားတဲ့အကြောင်းနဲ့ သူ့ခေါင်းတစ်ခြမ်းဟာ လမ်းမပေါ်မှာ ပြားကပ်သွားတဲ့အကြောင်း၊ ပြီးတော့ ဒီလောက်ကြီးမားတဲ့ ဝေဒနာကြီးကို တစ်ပတ်လောက် ခံစားသွားရသေးတယ် ဆိုတဲ့ အကြောင်းတွေ…
သူတို့ပြောနေတဲ့ စကားတွေနားထောင်ရင်း လူက မူးရိပ်ရိပ်ဖြစ်လာတာမို့ နားထင်ကို လက်နဲ့ထောက်ပြီး နေရာမှာ ခပ်မြန်မြန်ထိုင်ချလိုက်ရတယ်။

သက်ဝေ
(၁၅ သြဂုတ် ၂၀၁၇)
 
- ၂၀၁၇ November လ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။